News @ M-Media

Author: Ko Lay

  • ယူရေနီယံ သန့်စင်မှုကို အီရန်က တိုးလုပ်နေဟု IAEA ပြော

    ယူရေနီယံ သန့်စင်မှုကို အီရန်က တိုးလုပ်နေဟု IAEA ပြော

    ဇွန် ၁၁၊ ၂၀၁၉
    M-Media

    -အီရန်ဟာ ယူရေနီယံ သန့်စင်မှုကို တိုးမြှင့် လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲက မနေ့မှာ ပြောကြားလိုက်ပြီး အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေအတွက်လည်း သတိပေးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပြီးတဲ့နောက် အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့သလို မေလမှာတော့ ပယ်လယ်ကွေ့ဒေသအတွင်း စစ်အင်အားကိုပါ အမေရိကန်က တိုးချဲ့ခဲ့ပါတယ်။

    အီရန်ကလည်း အမေရိကန်ဟာ စာချုပ်ပါ စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက် ယူရေနီယံ သန့်စင်မှုကို တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပြီး စာချုပ်မှာပါဝင်တဲ့ ဥရောပနိုင်ငံတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    စာချုပ်ပါ သတ်မှတ်ချက်တွေကို အီရန်က လိုက်နာခြင်း ရှိ၊ မရှိ စောင့်ကြည့်နေတဲ့ IAEA အကြီးအကဲ ယူကီယာ အေမာနိုက အီရန်ဟာ လက်ရှိမှာ အရင်ကထက်ပိုပြီး ယူရေနီယံသန့်စင်မှုကို လုပ်ဆောင်နေကြောင်း၊ ဒါပေမယ့် စာချုပ်မှာ ကန့်သတ်ထားတဲ့ ၃၀၀ ကီလိုဂရမ်ထက် ကျော်ပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မလေ ၂၀ ရက်နေ့အထိ အေမာနိုရဲ့ ထုတ်ပြန်ချက်တွေထဲမှာ အီရန်ဟာ စာချုပ်ကို လိုက်နာနေတုန်းပဲလို့ ဖော်ပြထားပါတယ်။

    အမေရိကန်နဲ့ အီရန်အကြား လတ်တလောဖြစ်ပွားနေတဲ့ တင်းမာမှုတွေအတွက် စိုးရိမ်တယ်လို့လည်း အေမာနိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရန်ရဲ့ ပြီးခဲ့တဲ့လ ထုတ်ပြန်မှုမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကြောင့် ယူရေနီယံသန့်စင်မှု အါအ၀င်စာချုပ်ပါ အချက်တစ်ချို့ကို မလိုက်နာတော့ပေမယ့် အခြားအချက် တော်တော်များများကို ဆက်လက်လိုက်နာသွားမယ်လို့ ဖော်ပြထားပါတယ်။

    Ref : Aljazeera

  • ကမ္ဘ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားကို ဆော်ဒီအိမ်ရှေ့မင်းသား၏ ဇိမ်ခံလှေပေါ်တွင် ချိတ်ဆွဲထားဟု သတင်းထွက်

    ကမ္ဘ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားကို ဆော်ဒီအိမ်ရှေ့မင်းသား၏ ဇိမ်ခံလှေပေါ်တွင် ချိတ်ဆွဲထားဟု သတင်းထွက်

    ဇွန် ၁၁၊ ၂၀၁၉
    M-Media


    Salvator Mundi ပန်းချီကား

    -ကမ္ဘ္ဘာကျော် အီတလီအနုပညာရှင် လီယိုနာဒို ဒါဗင်ချီရဲ့ လက်ရာဖြစ်တဲ့ ကမ္ဘ္ဘာ့ ဈေးအကြီးဆုံး ပန်ချီးကားဟာ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ ဇိမ်ခံရွက်လှေပေါ်မှာ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

    Salvator Mundi လို့ အမည်ပေးထားတဲ့ အဲဒီပန်းချီကားဟာ ယေရှုခရစ်တော်ရဲ့ပုံကို ရေးဆွဲထားတာဖြစ်ပြီး နှစ်ပေါင်း ၅၀၀ သက်တမ်းရှိပြီ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက လေလံပွဲတစ်ခုမှာ ဒီပန်းချီကားကို ဘင် ဆလ်မန်နဲ့ နီးစပ်တဲ့ ဆော်ဒီတော်ဝင်မင်းသား ဘဒရ် ဘင် အဘ်ဒူလာ ဘင် မိုဟာမက် ဘင် ဖာရ်ဟန် အလ်-ဆာအွဒ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၀ နဲ့ ၀ယ်ယူသွားတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ သမိုင်းဝင် ပန်းချီကား ရောင်းချမှုတွေထဲမှာ အများဆုံး ငွေပမာဏလည်း ဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်းမှာ ပန်းချီကားရဲ့ သတင်းအစအနလည်း ပျောက်သွားခဲ့ပါတယ်။

    အနုပညာ ၀ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Artnet က Salvator Mundi ပန်းချီကားကို ဘင် ဆလ်မန်ရဲ့ ကန်ဒေါ်လာ သန်း ၅၀၀ တန် Serene ဇိမ်ခံသင်္ဘောမှာ ချိတ်ဆွဲထားတယ်လို့ မနေ့မှာ ဖော်ပြခဲ့ပါတယ်။ လေလံအောင်ခဲ့ပြီးတဲ့နောက် ပန်းချီကားကို ညသန်းခေါင်ယံမှာ ဘင် ဆလ်မန်ရဲ့ လေယာဉ်ပေါ် တင်ဆောင်ကာ Serene သင်္ဘောပေါ် ပို့ဆောင်ခဲ့တာလို့ ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးခဲ့သူ ၂ ဦးက Artnet ရဲ့ သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။

    Salvator Mundi ပန်းချီကားကို ဒါဗင်ချီကိုယ်တိုင် ဆွဲခဲ့တာမဟုတ်ဘဲ သူ့ရဲ့ လက်ထောက်တစ်ယောက်က ရေးဆွဲခဲ့တာ ဖြစ်တယ်ဆိုတဲ့ သမိုင်းဆိုင်ရာ ငြင်းခုံမှုတွေလည်း ရှိခဲ့ပါတယ်။ ပန်းချီကားကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဒူဘိုင်း Louvre ပြတိုက်မှာ ပြဖို့ စီစဉ်ခဲ့ပေမယ့် မပြဖြစ်ခဲ့ပါဘူး။

    Ref: Daily Mail

  • မြောက်ကိုရီးယားခေါင်းဆောင်၏အစ်ကိုမှာ CIA သတင်းပေးဟု Wall Street ဂျာနယ် ဖော်ပြ

    မြောက်ကိုရီးယားခေါင်းဆောင်၏အစ်ကိုမှာ CIA သတင်းပေးဟု Wall Street ဂျာနယ် ဖော်ပြ

    ဇွန် ၁၁၊ ၂၀၁၉
    M-Media

    ၂၀၁၇ ခုနှစ်က လုပ်ကြံခံခဲ့ရသည့် ကင်ဂျုံနမ်

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ဖအေတူ အမေကွဲ အစ်ကိုဖြစ်ပြီး ၂၀၁၇ ခုနှစ်က မလေးရှားမှာ လုပ်ကြံခံခဲ့ရတဲ့ ကင်ဂျုံနမ်ဟာ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA ရဲ့ သတင်းပေးအဖြစ် လုပ်ဆောင်ပေးခဲ့ဖူးတယ်လို့ Wall Street ဂျာနယ်က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဒီကိစ္စကို သိရှိနေတဲ့ အမည်မဖော်လိုသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားကာ ဒီလို ဖော်ပြခဲ့တာဖြစ်ပြီး ကင်ဂျုံနမ်နဲ့ CIA တို့အကြား ဆက်သွယ်မှုက မရှင်းလင်းဘူးလို့လည်း ဆိုပါတယ်။

    ဒီသတင်းအတွက် CIA ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ကင်ဂျုံနမ်ဟာ နိုင်ငံခြားမှာ အနေများပြီး မြောက်ကိုရီးယားရဲ့ အာဏာရှိအသိုင်းအဝိုင်းနဲ့ ဝေးကွာနေတဲ့တွက် တိုင်းပြည်က လျှို့ဝှက် သတင်းအချက်အလက်တွေကို CIA ထံ ပေးပို့နိုင်ဖွယ်မရှိဘူးလို့ အမေရိကန်က အစိုးရ အရာရှိဟောင်းတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။

    ကင်ဂျုံနမ်ဟာ အမေရိကန်အပြင် အခြားနိုင်ငံတွေ အထူးသဖြင့် တရုတ်နိုင်ငံက ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ဆက်သွယ်မှု မုချ ရှိနိုင်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ကင်ဂျုံနမ်ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ VX ဓာတုအဆိပ်နဲ့ လုပ်ကြံခံခဲ့ရပါတယ်။ ဒီကိစ္စအတွက် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အမျိုးသမီး ၂ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် အထောက်အထား မခိုင်လုံဘူးလို့ဆိုကာ အခုနှစ်အစောပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

    တောင်ကိုရီးယား အာဏာပိုင်တွေက ဒီလုပ်ကြံမှုကို မြောက်ကိုရီးယားအစိုးရက အမိန့်ပေးခိုင်းစေတာလို့ စွပ်စွဲပြောကြားခဲ့ပြီး မြောက်ကိုရီးယားဖက်က ဒီပြောကြားမှုကို ငြင်းဆိုထားပါတယ်။

    Washington Post သတင်းစာရဲ့ သတင်းထောက် အန်နာ ဖီဖီလ်ရေးသားပြီး ဇွန်လ ၁၁ ရက်နေ့မှာ ထွက်ဖို့ရှိတဲ့ ကင်ဂျုံအွန်အကြောင်း စာအုပ် The Great Successor မှာ ကင်ဂျုံနမ်ဟာ စင်ကာပူနဲ့ မလေးရှားနိုင်ငံမှာ သူ့အကြံပေးတွေနဲ့ ပုံမှန်တွေ့ဆုံလေ့ရှိတယ်လို့ ထောက်လှမ်းရေး ရင်းမြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြထားပါတယ်။

    မလေးရှားကို နောက်ဆုံးတစ်ခေါက်သွားရောက်မှုအတွင်း ဟိုတယ်ဓာတ်လှေကားမှာ အာရှသားပုံစံ လူတစ်ယောက်နဲ့အတူ ကင်ဂျုံနမ်ကို တွေ့ရပြီး အဲဒီလူဟာ အမေရိကန်ထောက်လှမ်းရေးအေးဂျင့် ဖြစ်နိုင်ကြောင်း၊ ကင်ဂျုံနမ်ရဲ့ ကျောပိုးအိတ်ထဲမှာ ကန်ဒေါ်လာ ၁ သိန်း ၂ သောင်း ပါဝင်ပြီး ဒါဟာ ထောက်လှမ်းရေးလုပ်ငန်းတွေအတွက် ရရှိတဲ့ငွေ ဒါမှမဟုတ် သူ့ရဲ့ ကာစီနို လုပ်ငန်းက ရရှိတဲ့ငွေ ဖြစ်နိုင်ကြောင်း စာအုပ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Reuters

  • ဘာသာရေးမုန်းတီးမှုကို အခြေခံသည့် ကက်ရှ်မီးယားမှ အဓမ္မကျင့် လူသတ်မှုကို အိန္ဒိယတရားရုံး အမိန့်ချမည်

    ဘာသာရေးမုန်းတီးမှုကို အခြေခံသည့် ကက်ရှ်မီးယားမှ အဓမ္မကျင့် လူသတ်မှုကို အိန္ဒိယတရားရုံး အမိန့်ချမည်

    ဇွန် ၁၀၊ ၂၀၁၉
    M-Media

    -အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မကျင့်သတ်ဖြတ်မှုအတွက် သံသယရှိသူ ၆ ဦးကို တရားရုံးက အပြစ်ရှိကြောင်း ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပြီး၊ အမြင့်ဆုံး သေဒဏ်အထိ ကျခံရဖွယ် ရှိနေပါတယ်။

    အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့ ဘာကာဝါလ် လူမျိုးစုက အသက် ၈ နှစ်အရွယ် သမီးငယ်ကို ဟိန္ဒူအမျိုးသား ၈ ဦးက ပြန်ပေးဆွဲကာ ဟိန္ဒူဘုရားကျောင်းထဲမှာ အိပ်ဆးခတ်ပြီး အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

    ပန်ဂျပ်ပြည်နယ် ပန်သာကော့တ်မြို့ အထူးတရားရုံးက ဖမ်းဆီးထားသူ ၈ ဦးထဲက ၆ ဦးကို အဓ္မကျင့်မှု၊ သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ဦးကို တရားသေလွှတ်ပေးခဲ့ပြီး၊ အမှုမှာ ပါဝင်တဲ့ အသက်မပြည့်သေးသူ တစ်ဦးကတော့ တရားရုံးချုပ်ကို အသနားခံစာ တင်ထားပါတယ်။

    ပြစ်ဒဏ်တွေကို တနင်္လာနေ့ နှောင်းပိုင်းမှာ ချမှတ်ဖို့ရှိနေပြီး အမြင့်ဆုံး ထောင်ဒဏ် တစ်သက်နဲ့ သေဒဏ်တွေ ချမှတ်ခံရဖွယ် ရှိနေပါတယ်။

    ဘာသာရေးမုန်းတီးမှု

    အမှုနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဂျာမူး-ကက်ရှ်မီးယား ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဧပြီလမှာ တရားရုံးကို တင်သွင်းခဲ့ပါတယ်။

    အသက် ၈ နှစ်အရွယ် သမီးငယ်ကို ပြန်ပေးဆွဲ အဓမ္မကျင့် သတ်ဖြတ်မှုကို ဆန်ဂျီရာမလို့ခေါ်တဲ့ ဟိန္ဒူအမျိုးသား ဦးဆောင်တဲ့ အဖွဲ့က စနစ်တကျ အစီစဉ်ဆွဲကျူးလွန်ခဲ့တာဖြစ်ပြီး ဘာသာရေးမုန်းတီးမှုကို အခြေခံတယ်လို့ စုံစမ်းစစ်ဆေးမှုမှာတွေ့ရကြောင်း ၁၆ မျက်နှာပါ ရဲတပ်ဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီလိုကျူးလွန်တာဟာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ဘာကာဝါလ်လူမျိုးစုတွေ ကြောက်ရွံ့အောင် နဲ့ ဒေသကနေ ထွက်သွားအောင် ရည်ရွယ်တာဖြစ်ကြောင်း၊ အမှုသဲလွန်စတွေကို ဖျောက်ဖျက်ပစ်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

    ဟိန္ဒူအမျိုးသားရေးဝါဒီများက ကာကွယ်ပေး

    သတ်ဖြတ်မှုဖြစ်ပွားပြီးတဲ့နောက် ကျူးလွန်သူတွေဘက်က ကာကွယ်ပေးတဲ့ လှုပ်ရှားမှုတွေ ကက်ရှ်မီးယားဒေသမှာ ပေါ်ပေါက်ခဲ့ပြီး အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ပြည်နယ်ဝန်ကြီး ၂ ဦးလည်း ကျူးလွန်သူတွေကို အားပေးတဲ့ ချီတက်ဆန္ဒပြမှုမှာ ပါဝင်ခဲ့ပါတယ်။

    အဓမ္မကျင့်သတ်ဖြတ်မှုရဲ့ အကြောင်းအရင်း ပြန့်နှံ့သွားပြီးတဲ့နောက် ကက်ရှ်မီးယားနဲ့ အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေဟာ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးရေး လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြပါတယ်။

    ဒီအဖြစ်အပျက်နောက်ပိုင်း အိန္ဒိယလွှတ်တော်ဟာ အသက် ၁၂ နှစ်အောက် မိန်းကလေးငယ်တွေအပေါ် ကျူးလွန်သူတွေကို အမြင့်ဆုံး သေဒဏ်အထိပေးနိုင်မယ့် ဥပဒေပြင်ဆင်ချက်တစ်ခုကို အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အီရန်က ထုတ်ပြ

    ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အီရန်က ထုတ်ပြ

    ဇွန် ၁၀၊ ၂၀၁၉
    M-Media

    -ပစ်မှတ် ၆ ခုကို တစ်ပြိုင်နက် ပစ်ခတ်ဖျက်ဆီးနိုင်တဲ့ ပြည်တွင်းဖြစ် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က မနေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

    Khordad 15 လို့ အမည်ပေးထားတဲ့ အဲဒီဒုံးခွင်းစနစ်ဟာ ကီလိုမီတာ ၁၅၀ အတွင်း ရှိနေတဲ့ တိုက်လေယာဉ်တွေ၊ တိုက်ပွဲဝင် ဒရုန်းတွေကို သိရှိနိုင်ပြီး ကီလိုမီတာ ၁၂၀ အတွင်းမှာ ပစ်ချနိုင်ပါတယ်။ ၈၅ ကီလိုမီတာအတွင်းမှာတော့ ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ထောက်လှမ်းနိုင်ကာ ၄၅ ကီလိုမီတာအတွင်း ပစ်ချနိုင်ပါတယ်။

    အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် အမီရ် ဟာတာမီက Khordad 15 ဒုံးခွင်းစနစ်မှာ Sayyad 3 ဒုံးကျည်ကို အသုံးပြုပြီး တစ်ပြိုင်နက်တည်းမှာ ပစ်မှတ် ၆ ခုကို ပစ်ချနိုင်ကာ ဒုံးခွင်းစနစ် အဆင်သင့်အသုံးပြုနိုင်ဖို့အတွက် အချိန် ၅ မိနစ်သာ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Khordad 15 ကို အီရန်က ပြည်တွင်းမှာတင် ဒီဇိုင်းဆွဲပြီး ဖန်တီးတည်ဆောက်တာ ဖြစ်ပါတယ်။

    ဟာတာမီက အီရန်နိုင်ငံ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ ဒုံးကျည်တွေ၊ လေကြောင်းခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့အတွက် ဒီစနစ်ကို တည်ဆောက်ထားတာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အနောက်နိုင်ငံတွေက စီးပွားရေး၊ စစ်ရေး ပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမယ့် အီရန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာကွယ်ရေးကဏ္ဍနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ပိုမို ကြိုးစားလာခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

    Ref: Press TV