News @ M-Media

Author: Ko Lay

  • ကာတာကမ္ဘ္ဘာ့ဖလားတွင် ၄၈ သင်းပါဝင်နိုင်ရန် စီစဉ်မှုကို ဖီဖာဖျက်သိမ်း

    ကာတာကမ္ဘ္ဘာ့ဖလားတွင် ၄၈ သင်းပါဝင်နိုင်ရန် စီစဉ်မှုကို ဖီဖာဖျက်သိမ်း

    မေ ၂၃၊ ၂၀၁၉
    M-Media

    -၂၀၂၂ ကမ္ဘ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ၄၈ သင်းအထိ တိုးချဲ့ယှဉ်ပြိုင်နိုင်ရေး စီစဉ်ထားမှုကို ပယ်ဖျက်လိုက်တယ်လို့ ကမ္ဘ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောကြားလိုက်ပြီး ပင်လယ်ကွေ့ဒေသမှာ နောက်ထပ် အိမ်ရှင်နိုင်ငံတစ်ခု မရှာဖွေနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကို မူလက သတ်မှတ်ထားတဲ့ ၃၂ သင်းအစား ၄၈ သင်းအထိ တိုးချဲ့နိုင်ဖို့အတွက် ဖီဖာက အခုနှစ်အစောပိုင်းမှာ စီစဉ်ခဲ့တာပါ။ မတ်လက ပြုလုပ်ခဲ့တဲ့ ဖီဖာအစည်းအဝေးမှာ ထပ်တိုးလာမယ့် ၁၆ ပွဲအတွက် ပင်လယ်ကွေ့မှာ နောက်ထပ် အိမ်ရှင်နိုင်ငံတစ်ခု ရှာဖွေကာ ဇွန်လ အစည်းအဝေးအမှီ တင်ပြဖို့ ဥက္ကဌ အအင် ဂီယန်နီ အင်ဖန်တီနိုကို တာဝန်ပေးခဲ့ပါတယ်။

    အင်ဖန်တီနိုဟာ ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ယူအေအီး၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့ကို သွားရောက်ကမ်းလှမ်းခဲ့ပေမယ့် ဒီ ၃ နိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်အရင်ကတည်းက ကာတာနိုင်ငံနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတဲ့အတွက် ပူးပေါင်းကျင်းပနိုင်မှာ မဟုတ်ဘူးဆိုတာကို ဖီဖာက တွေ့ခဲ့ပါတယ်။

    နောက်ပိုင်းမှာ အိုမန်နဲ့ ကူဝိတ်နိုင်ငံတို့ကိုလည်း အင်ဖန်တီနိုက သွားရောက်ခဲ့ပြီး အိုမန်က ကမ္ဘ္ဘာ့ဖလား အိမ်ရှင်အဖြစ် ဆောင်ရွက်ရေးကိစ္စကို ငြင်းဆန်ခဲ့ကာ ကူဝိတ်နိုင်ငံကလည်း လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေကို အချိန်မီ မပြင်ဆင်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မနေ့က ထုတ်ပြန်တဲ့ ဖီဖာရဲ့ ကြေငြာချက်ထဲမှာ သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး အဆိုပြုချက်ကို ဇွန်လမှာ တင်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

    ဒါ့ကြောင့် ၄၈ သင်း တိုးချဲ့မယ့် အစီအစဉ်ကို မူလအစီအစဉ်အတိုင်း အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲမှသာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    ကာတာဟာ ၂၀၂၂ ကမ္ဘ္ဘာ့ဖလား အိမ်ရှင်အဖြစ် ၂၀၁၀ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတာပါ။ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်အားဖြင့် ဇွန်၊ ဇူလိုင်လတွေမှာ ကျင်းပလေ့ရှိပေမယ့် ကာတာနိုင်ငံရဲ့ ပြင်းထန်တဲ့ အပူချိန်ကြောင့် နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။

    Ref: Aljazeera

  • စွမ်းရည်မြင့်မားသည့် စောင့်ကြည့်ရေးဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယ လွှတ်တင်

    စွမ်းရည်မြင့်မားသည့် စောင့်ကြည့်ရေးဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယ လွှတ်တင်

    မေ ၂၃၊ ၂၀၁၉
    M-Media

    -ထူထဲတဲ့ တိမ်တွေကိုပါ ဖောက်ပြီး ရုပ်ပုံတွေ ရိုက်ကူးနိုင်မယ့် ကမ္ဘ္ဘာဂြိုဟ်စောင့်ကြည့်ရေး ဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်က ဒီဂြိုဟ်တုကို အသုံးပြုသွာဖို့ ရှိနေပါတယ်။

    RISAT-2B လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုဟာ အိန္ဒိယရဲ့ ပြည်တွင်းဖြစ် Vikram ပရော်ဆက်ဆာကို ပထမဆုံး အသုံးပြုထားပြီး နိုင်ငံအရှေ့တောင်ပိုင်း စရီဟာရီကိုတာကျွန်းကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လွှတ်တင်ခဲ့တာပါ။ အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ISRO အကြီးအကဲ ကိုင်လာဆာဗာဒီဗိုက ဒီဂြိုဟ်တုဟာ ပုံရိပ်ဖမ်းယူနိုင်စွမ်းမှာ ထူးခြားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေရှိပြီး ရာသီဥတု စောင့်ကြည့်ရေးလည်း လုပ်ဆောင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ISRO က ထုတ်ပြန်ခြင်း မရှိတာကြောင့် စစ်တပ်အတွက် အသုံးပြုမယ်လို့ ယူဆရပါတယ်။ ဂြိုဟ်တုရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ဖမ်းယူနိုင်စွမ်းကြောင့် အိန္ဒိယစစ်တပ်ဟာ နယ်စပ်ဒေသက လှုပ်ရှားမှုတွေကို ပိုမို တိတိကျကျ စောင့်ကြည့်နိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

    အိန္ဒိယကာကွယ်ရေးဝန်ကြီး ချိုကီဒါ နီရ်မာလာက ဒီဂြိုဟ်တုဟာ ‘ကောင်းကင်ပေါ်က မိမိတို့ရဲ့မျက်လုံး’ ဖြစ်လာမယ်လို့ ညွှန်းဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီလအတွင်း ကက်ရှ်မီးယားအရေး တင်းမာမှုမှာ ပါကစ္စတန်ကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအထိ ၀င်ရောက် အိန္ဒိယက ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ စခန်းကို ဗုံးကြဲတာလို့ အိန္ဒိယဖက်က ထုတ်ပြန်ပြောကြားခဲ့ပေမယ့် ခိုင်လုံတဲ့ ဂြိုဟ်တုပုံရိပ်တွေကို ထုတ်ပြနိုင်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေက အိန္ဒိယ လက်ရှိသုံးနေတဲ့ ဂြိုဟ်တုတွေဟာ တိမ်ထူထူတွေကို ဖောက်ထွက်ကာ မရိုက်ကူးနိုင်မှုကြောင့်
    ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ဂျကတာတွင် ဆန္ဒပြမှုဖြစ်၊ ၆ ဦးသေဆုံး

    ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ဂျကတာတွင် ဆန္ဒပြမှုဖြစ်၊ ၆ ဦးသေဆုံး

    မေ ၂၃၊ ၂၀၁၉
    M-Media

    ဆန္ဒပြမှုမြင်ကွင်းတစ်ခု

    -သမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့အတွက် အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုဟာ ၂ ရက် ရှိလာပြီဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ နှိမ်နှင်းမှုအတွင်း သေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေက ခဲလုံးတွေ၊ မီးရှူးမီးပန်းတွေနဲ့ ပစ်ဖောက်မှုရှိသလို၊ ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပြန်လည်ပစ်ခတ်တာ၊ မီးသတ်ပိုက်တွေနဲ့ ထိုးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဂျကာတာရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂို ယူဝိုနိုက ဆန္ဒပြပွဲကို ငွေကြေးပေး လုပ်ခိုင်တာဖြစ်ပြီး ဖမ်းဆီးထားသူ ၂၅၇ ဦးက တစ်ချို့မှာ ပိုက်ဆံအပြည့်ပါတဲ့ စာအိတ်တွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ကို ဆန္ဒပြဖို့ ခိုင်းစေခဲ့တာဖြစ်ပြီး အစီအစဉ်ချ လုပ်ဆောင်ခဲ့ကြောင်း သံသယရှိသူတွေက စစ်ကြောမှုမှာ ဖြေကြားခဲ့ပါတယ်။ ငွေကြေးပေးပြီး လုပ်ခိုင်းတဲ့လူကို ကျွန်တော်တို့ စုံစမ်း ရှာဖွေနေပါတယ်”

    ဂျကာတာမြို့တော်ဝန် အနီစ် ဘက်စ်ဝီဒန်က ဆန္ဒပြမှု ပထမရက်အတွင်း လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှား မီဒီယာတွေကတော့ ဒဏ်ရာရသူ ၃၅၀ ကျော်လောက် ရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုက ပြိုင်ဘက် ပရာဘိုဝို ဆူဘီယန်တိုကို အနိုင်ရရှိခဲ့တယ်လို့ အင်္ဂါနေ့မှာ အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဆူဘီယန်တိုက ဒီရလဒ်ကို လက်မခံနိုင်ဘဲ တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲ ရလဒ်အတွက် တရားရုံးတက်ခဲ့ပေမယ့် ဂျိုကိုဝီကို ရှုံးနိမ့်ခဲ့ပါတယ်။

    ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့ ဆူဘီယန်တိုကို ထောက်ခံသူတွေက ပြောကြားခဲ့ပေမယ့် အင်ဒို ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ဒီပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • မန္တလေးတွင် အထည်ချုပ် စက်မှုဇုန်သစ် တည်ဆောက်မည်

    မန္တလေးတွင် အထည်ချုပ် စက်မှုဇုန်သစ် တည်ဆောက်မည်

    မေ ၂၂၊ ၂၀၁၉
    M-Media

    Photo Credit – hotels-myanmar.com

    -မန္တလေးမြို့မှာ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ ပူးပေါင်းပြီး အ
    ထည်ချုပ် စက်မှုဇုန်တစ်ခု တည်ထောင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်
    ဦးဇော်မြင့်မောင်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံမြောက်ပိုင်းက စီးပွားရေး အခြေအနေနဲ့ပတ်သက်ပြီး EU က ကမကထပြု ကျင်းပတဲ့ ဖိုရမ်မှာ ၀န်ကြီးချုပ်က ဒီလို ပြောဆိုခဲ့တာပါ။

    “အဲဒီ အထည်ချုပ် စက်မှုဇုန်ဟာ လူပေါင်း ၅ သောင်းလောက်ကို အလုပ်ပေးနိုင်မှာဖြစ်ပြီး အချို့စီးပွားရေးလုပ်ငန်းတွေကလည်း ဒီစက်မှုဇုန်မှာ လာရောက်လုပ်ကိုင်ဖို့ စာရင်းပေးထားကြပါပြီ။ JICA နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”

    စိုက်ပျိုးရေး၊ အထည်ချုပ်နဲ့ အခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို မန္တလေးတိုင်းဒေသကြီးက ကြိုဆိုကြောင်း၊ လက်ရှိမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံဖိုးရှိပြီး၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏက ကျပ် ၅.၀၇ ထရီလီယံရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ နိုင်ငံသား၊ နိုင်ငံခြားသားတွေကို တန်းတူအခွင့်အရေး ပေးထားကြောင်း ၀န်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိ မန္တလေးတိုင်းဒေသကြီးမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အဓိကဖြစ်နေပေမယ့် ဥရောပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်မှုတွေလည်း ရှိနေကာ မန္တလေးဟာ နိုင်ငံရဲ့ စီးပွားရေး ဒုတိယမောင်းနှင်းအားဖြစ်လာဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

    ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ကရစ္စတီယန် ရှမစ်က မန္တလေးရဲ့ စီးပွားရေးဟာ တိုးတက်မှု မြန်ဆန်နေပြီး ဥရောပတိုင်းပြည်တွေအတွက် အခွင့်အလမ်းကောင်းတွေ တော်တော်များများ ရှိတယ်လို့ ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • အမေရိကန်မှာ အန္တရာယ်ရှိသော ကစားပွဲကို ကစားနေသည်ဟု အီရန် သတိပေး

    အမေရိကန်မှာ အန္တရာယ်ရှိသော ကစားပွဲကို ကစားနေသည်ဟု အီရန် သတိပေး

    မေ ၂၂၊ ၂၀၁၉
    M-Media

    အမေရိကန်ဗုံးကြဲလေယာဉ် ဆီဖြည့်စဉ်

    – ပင်လယ်ကွေ့ဒေသမှာ စစ်အင်အား ဖြည့်တင်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ အန္တရာယ်ရှိတဲ့ ကစားပွဲတစ်ခုကို ကစားနေတာ ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သတိပေးလိုက်ပါတယ်။

    အမေရိကန်ဟာ အခုလအစောပိုင်းမှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဗုံးကြဲလေယာဉ်နဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေကို ပင်လယ်ကွေ့ဒေသမှာ ထပ်မံချထားခဲ့ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    ဇာရစ်ဖ်က ဒီလို ဒေသသေးသေးလေးမှာ စစ်လက်နက်ပစ္စည်းတွေ စုပြုံထားခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေမျိုးအထိ ဖြစ်သွားနိုင်တယ်လို့ မနေ့က CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “သိပ်ကို သတိထားဖို့ လိုပါတယ်။ အမေရိကန်ဟာ အရမ်းအန္တရာယ်ရှိတဲ့ ကစားပွဲကို ကစားနေတာပါ”

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့သလို၊ အခုလမှာတော့ ပင်လယ်ကွေ့ဒေသမှာ တပ်အင်အား တိုးချဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

    ဇာရစ်ဖ်က အီရန်ဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နဲ့ပတ်သက်လို့ မျှော်လင့်ချက်ကောင်း ထားရှိပြီး ထရမ့်အစိုးရက အီရန်အပေါ် စီးပွားရေးစစ်ပွဲ ဆင်နွှဲနေကြောင်း၊ မိမိတို့တိုင်းပြည်ကို အကျပ်ကိုင် ခြိမ်းခြောက်လို့ မရကြောင်း အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အီရန်သမ္မတ ရူဟာနီကလည်း အမေရိကန်ဟာ အီရန်ကို ခြိမ်းခြောက်တဲ့အချိန်တိုင်း နိုင်ငံတကာနဲ့ ပြည်တွင်းက ဖိအားကြောင့် ၂ နာရီမပြည့်ခင်မှာပဲ နောင်တရသွားတတ်ကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အီရန်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီက အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေကို ဖြေရှင်းပေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့နှစ်ခု စေလွှတ်မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera