News @ M-Media

Author: Ko Lay

  • တရုတ်အတွက် သူလျှိုလုပ်ပေးသည့် CIA အရာရှိဟောင်း ထောင်နှစ် ၂၀ ကျ

    တရုတ်အတွက် သူလျှိုလုပ်ပေးသည့် CIA အရာရှိဟောင်း ထောင်နှစ် ၂၀ ကျ

    မေ ၁၉၊ ၂၀၁၉
    M-Media

    -တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးခဲ့တဲ့ CIA အရာရှိဟောင်းကို အမေရိကန်က သောကြာနေ့မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပြီး၊ ဒီကိစ္စဟာ အမေရိကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်းမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ထောင်ဒဏ် ချမှတ်ခံရသူဟာ အသက် ၆၂ နှစ်အရွယ် ကီဗင် မာလိုရီဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လနဲ့ ဧပြီလတွေတုန်းက ရှန်ဟိုင်းမြို့ကို သွားရောက်မှုအတွင်း အမေရိကန် ကာကွယ်ရေးအချက်အလက်တွေကို တရုတ်ထောက်လှမ်းရေးအေးဂျင့်ထံ ဒေါ်လာ ၂ သောင်းခွဲနဲ့ ရောင်းစားမှုအတွက် သူလျှိုအက်ဥပဒေနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

    တရုတ်စကား ကောင်းကောင်းပြောတတ်တဲ့ မာလိုရီဟာ အရင်က အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အဲဒီနောက် အမေရိကန်အစိုးရ ထောက်လှမ်းရေးအေးဂျင့်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ အသွင်ယူအေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

    တရုတ်ထောက်လှမ်းရေးနဲ့ ပတ်သက်ဆယ်နွယ်မှုအတွက် ဖမ်းဆီးခံရတဲ့ အရာရှိတွေဟာ မာလိုရီတစ်ဦးတည်း မဟုတ်ပါဘူး။

    ဧပြီလတုန်းကလည်း သံတမန်ဟောင်း မာရီ ကလိုင်ဘိုနီဟာ အမေရိကန်အစိုးရ စာရွက်စာတမ်းတွေအတွက် တရုတ်ထောက်လှမ်းရေးထံကနေ ငွေကြေးရယူခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ဖွင့်မပြောခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

    တရုတ်အတွက် သူလျှိုလုပ်ပေးမှုမှာ ထင်ရှားတဲ့ အဖြစ်အပျက်ကတော့ CIA အရာရှိဟောင်း ဂျယ်ရီ ချွန် ရှင်းလီက တရုတ်အတွက် သူလျှိုလုပ်ပေးခဲ့ကြောင်း မေလ ၁ ရက်နေ့မှာ ၀န်ခံခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၅၄ နှစ်အရွယ် လီဟာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အတွင်း တရုတ်မှာရှိတဲ့ CIA သတင်းပေး ကွန်ယက်ကို ဖြိုခွဲဖို့ လိုအပ်တဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ပေးအပ်ခဲ့မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ် ရှိနေပါတယ်။

    အမေရိကန် ဒုတိယရှေ့နေချုပ် ဂျွန် ဒီမာရ်က မာလိုရီရဲ့ အမှုဟာ အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: CNA

  • အဆင့်မြင့် S-500 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟု တူရကီပြော

    အဆင့်မြင့် S-500 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟု တူရကီပြော

    မေ ၁၉၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူပြီးသွားရင် ဒီထက်မြင့်တဲ့ S-500 ဒုံးခွင်းစနစ်ကို ရုရှားနဲ့ ပူးပေါင်းထုတ်လုပ်သွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    တူရကီရဲ့ S-400 ၀ယ်ယူမှုကို အမေရိကန်အပါအ၀င် နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ကန့်ကွက်မှုတွေ ရှိနေတာကြောင့် လိပ်ခဲတည်းလည်း ဖြစ်နေတာပါ။ အမေရိကန်က တူရကီအနေနဲ့ ရှေ့ဆက်တိုးမယ်ဆိုရင် F-35 ကိုယ်ပျောက် တိုက်လေယာဉ်ဝယ်ယူမယ့် သဘောတူညီချက်ကို ထိခိုက်
    နိုင်သလို၊ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးထားပါတယ်။

    အာဒိုဂန်ကတော့ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စမှာ တူရကီက နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ဒီကနေ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ နှစ်ဖက်သဘောတူညီပြီးသားကိစ္စ ဖြစ်ပါတယ်။ S-400 ပြီးရင် S-500 ဒုံးခွင်းစနစ်ကို ပူးတွဲ ထုတ်လုပ်သွားမှာပါ”

    ဆီးရီးယားက ကာ့ဒ်လက်နက်ကိုင်တွေကို အမေရိကန်က ထောက်ခံအားပေးမှုနဲ့ ပတ်သက်ပြီး တူရကီနဲ့ အမေရိကန်တို့အကြား တင်းမာနေတဲ့အချိန် S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်ကိစ္စကြောင့် ဆက်ဆံရေးက ပိုမိုဆိုးရွားလာခဲ့ပါတယ်။

    S-400 နဲ့ F-35 တိုက်လေယာဉ်တွေဟာ သဟဇာတဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အမေရိကန်မှာ ရှိနေပြီး အာဒိုဂန်က သူ့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပြီး ပြဿနာမတွေ့ရကြောင်း မကြာခင် အချိန်အတွင်း F-35 တိုက်လေယာဉ်တွေကိုလည်း ရရှိတော့မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရုရှားဟာ S-400 ဒုံးခွင်းစနစ်တွေကို အစောဆုံး ဇူလိုင်လမှာ တူရကီထံ ပို့ဆောင်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • Google က ဂုဏ်ပြုတဲ့ ပါရှန်သိပ္ပံပညာရှင် အိုမာရ်ခေယမ်ဆိုတာ ဘယ်သူလဲ

    Google က ဂုဏ်ပြုတဲ့ ပါရှန်သိပ္ပံပညာရှင် အိုမာရ်ခေယမ်ဆိုတာ ဘယ်သူလဲ

    မေ ၁၉၊ ၂၀၁၉
    M-Media

    -Google ဟာ မနေ့က သူ့ရဲ့ Home page စွယ်စုံရ ပညာရှင်ကြီးတစ်ယောက်ရဲ့ ပုံကို လွှင့်တင်ပြီး သူ့ရဲ့ အောင်မြင် ကျော်ကြားမှုကို ဂုဏ်ပြုခဲ့ပါတယ်။

    ပါရှန်းပညာရှင်ကြီး အိုမာရ် ခေယမ်ရဲ့ ပုံဖြစ်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံက Home page တွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ခေယမ်ရဲ့ပုံ အပါအ၀င် သူ့ရဲ့ အောင်မြင်မှုတွေကိုလည်း Google က တစ်ပါတည်း ဖော်ပြခဲ့ပါတယ်။ Google ဟာ ခေယမ်မွေးဖွားမှု ၉၇၁ နှစ် ပြည့်မြောက်မှုကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

    အိုမာရ်ခေယမ်ကို ခရစ်သက္ကရာဇ် ၁၀၄၈ ခုနှစ်မှာ ယနေ့ အီရန်နိုင်ငံလို့ခေါ်တဲ့ဒေသက ကုန်သွယ်ရေးမြို့ နရှီပူးရ်မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က ကြွယ်ဝတဲ့ ဆေးဆရာတစ်ယောက်ဖြစ်ပြီး ခေယမ်ဟာ နီရှာပူးရ်မြို့က ဗလီရှေ့ဆောင်အီမာမ် မိုဝက်ဖက် နီရှာပူရီ၊ ရှိခ်မိုဟာမက် မန်ဆူရီတို့အပါအ၀င် ပါရှန်နဲ့ အာရပ် ပညာရှင်တွေဆီမှာ သိပ္ပံ၊ ဒဿနနဲ့ သင်္ချာပညာရပ်တွေကို လေ့လာဆည်းပူးကာ ထူးထူးချွန်ချွန် တတ်မြောက်ခဲ့ပါတယ်။

    အသက် ၁၈ နှစ်မှာ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ ခေယမ်ဟာ ကုန်သည်တွေနဲ့ ခရီးထွက်ရာကနေ သိပ္ပံနဲ့ ဂဏန်းသင်္ချာမှာ ထူးချွန်တာကြောင့် ပါရှန်ဘုရင် ရှမ် အလ်-မွတ်လ်က သူ့အနားမှာ ခေါ်ထားကာ ချီးမြှင့်မြှောက်စားခဲ့ပါတယ်။

    အသက် ၂၂ နှစ်အရွယ်မှာပဲ သင်္ချာဆိုင်ရာကျမ်းကြီး Treatise on Demonstration of Problems of Algebra and Balancing ကို ရေးသားပြီးစီးခဲ့ကာ နာမည်ကျော်ကြားခဲ့ပါတယ်။ အဲဒီကျမ်းကြီးထဲမှာ ခေယမ်ဟာ cubic equation၊ quadratic equation နဲ့
    သင်္ချာဆိုင်ရာ ပြဿနာတွေကို အသေအချာ ရှင်းပြခဲ့ပါတယ်။

    ခေယမ်ဟာ သင်္ချာ၊ နက္ခတဗေဒနဲ့ ဒဿနဆိုင်ရာ အခြား စာအုပ်တွေကိုလည်း ရေးသားခဲ့ပြီး သူ့ရဲ့ သင်္ချာကျမ်း တော်တော်များများဟာ ဂရိပညာရှင်ကြီး ယူကလစ်ရဲ့ သင်္ချာဆိုင်ရာ အတွေးအခေါ်ကနေ ဖောက်ထွက်ကာ ခေတ်သစ် သင်္ချာပညာရပ် ဖြစ်လာဖို့အတွက် လမ်းခင်းပေးခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ်မှာပဲ ခေယမ်ဟာ အလ်-မွတ်လ် အကူအညီနဲ့ အစ္စဖာဟန်မြို့မှာ သုတေသနဌာနတစ်ခု တည်ဆောက်ခဲ့ပြီး ပါရှန်ပြက္ခဒိန်ကိုလည်း ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

    အနောက်တိုင်းမှာ ကျော်ကြားခဲ့တဲ့ ခေယမ်ရဲ့ လက်ရာကတော့ Rubáiyát လို့ခေါ်ဆဲ့ လေးကြောင်းကဗျာစာအုပ်ကြီး ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ၁၈၀၀ ပြည့်နှစ်တွေမှာ အဒ်ဝပ် ဖစ်ဂျာရဲလ်က အင်္ဂလိပ်ဘာသာကို ပြန်ဆိုကာ Rubáiyát of Omar Khayyám ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။

    အိုမာရ်ခေယမ်ဟာ အသက် ၈၃ နှစ်အရွယ် ၁၁၃၁ ခုနှစ်မှာ နီရှာပူးရ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ ရှားဘုရင်ဟာ ခေယမ်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ပြန်လည်တူးဖော်ကာ နီရှာပူးရ်မြို့က အထိမ်းအမှတ်ဂူဗိမာန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ခေယမ်ရဲ့ ဂူဗိမာန်က ကမ္ဘ္ဘာ့လှည့်ခရီးသွားတွေ စိတ်ဝင်စားရာနေရာတစ်ခု ဖြစ်နေပါတယ်။

    ခေမ်ယမ်ရဲ့ မိသားစုအကြောင်းကို အသေးစိတ်မသိရဘဲ ဇနီးနဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

    Google ဟာ ၂၀၁၂ ခုနှစ်ကလည်း သူ့ရဲ့ Home page မှာ ခေယမ်ကို အခုလို ဂုဏ်ပြု ဖော်ပြခဲ့ဖူးပါတယ်။

    Ref: Economic Times

  • နယ်သာလန်ဘုရင် ဝီလီယံ မွတ်စလင်များနှင့်အတူ စုပေါင်းဝါဖြေ

    နယ်သာလန်ဘုရင် ဝီလီယံ မွတ်စလင်များနှင့်အတူ စုပေါင်းဝါဖြေ

    မေ ၁၈၊ ၂၀၁၉
    M-Media

    နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါး (ရွှေရောင်ဆံပင်ဖြင့်)

    – နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါးဟာ မနေ့က သည်ဟေ့ဂ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ စုပေါင်းဝါဖြေခဲ့တယ်လို့ သိရပါတယ်။

    ဘုရင် ဝီလီယံဟာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝါဖြေတဲ့ Mandelaplein စင်တာကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲနဲ့ ရုတ်တရက် လာရောက်ခဲ့တာဖြစ်ပြီး ပြည်သူတွေက အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘုရင်ကတော့ ပြည်သူတွေ ၀န်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတဲ့အတွက် ကြိုတင်အကြောင်းမကြားတာလို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ အစ်ဖ်သာရ်ဝါဖြေပွဲမှာ အခြားသော ဘာသာဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

    ဘုရင်ဝီလီယံဟာ စင်တာအတွင်းက စားပွဲတွေကို လှည့်လည်စားသောက်ခဲ့ပြီး ဝါဖြေသူတွေ၊ စင်တာလုပ်သားတွေနဲ့လည်း စကားစမြည် ပြောဆိုခဲ့ပါတယ်။ Mandelaplein စင်တာရဲ့အကြောင်း၊ စင်တာမှာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေအကြောင်းကိုလည်း ဘုရင်က မေးမြန်းခဲ့ပါတယ်။

    စင်တာမှာ လုပ်အားပေးတဲ့ နီဒီးရ် အဘ်ဒဲလ် မူမင်က ဘုရင်ကြီးကို ရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ ပြောစရာစကား ရှာမတွေ့ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

    “ဘာအကြောင်း ပြောရမလဲ၊ နိုင်ငံရေးအကြောင်းပဲ ပြောရမလားပေါ့။ ဘုရင်ကြီးက မော်ရိုကိုရောက်တုန်း သူ သွားလည်ခဲ့တဲ့ဒေသအကြောင်းတွေ ပြောတော့မှပဲ အဆင်ပြေသွားတယ်။ ဒီဝါဖြေပွဲဟာ သူ့အတွက် ပထမဆုံး ဝါဖြေပွဲဖြစ်တယ်လို့ ဘုရင်ကြီးက ပြောခဲ့ပြီး ကျွန်တော်တို့ကလည်း လိုလေသေးမရှိ ပြုစုခဲ့ပါတယ်”

    Ref: NL Times

  • ဒုက္ခရောက်နေသည့် ပါလက်စတိုင်းပြည်သူများအတွက် ရော်နယ်ဒိုက ဒ်ါလာ ၁.၅ သန်း လှူဒါန်း

    ဒုက္ခရောက်နေသည့် ပါလက်စတိုင်းပြည်သူများအတွက် ရော်နယ်ဒိုက ဒ်ါလာ ၁.၅ သန်း လှူဒါန်း

    ဂျူဗင်တက်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို

    မေ ၁၈၊ ၂၀၁၉
    M-Media

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာကမ်းမြှောင်က ပြည်သူတွေအတွက် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ကန်ဒေါ်လာ ၁.၅ သန်း လှူဒါန်းခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်ဟာ အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့မှုကို ခံနေရတဲ့အတွက် ပြည်သူတွေဟာ ဆင်းရဲဒုက္ခရောက်နေကြပြီး၊ စာသင်ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတားတို့လို အခြေခံအဆောက်အဦးတွေကလည်း အစ္စရေးရဲ့ အကြိမ်ပေါင်းများစွာ ကျူးကျော် တိုက်ခိုက်မှုတွေကြောင့် ပျက်ဆီးနေပါတယ်။

    ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ညှင်းပမ်းမှုတွေကို လူသိရှင်ကြား ထုတ်ဖော်ဝေဖန်လေ့ရှိတဲ့ ရော်နယ်ဒိုဟာ အရင်ကလည်း ပါလက်စတိုင်းအတွက် ငွေကြေး လှူဒါန်းဖူးပါတယ်။

    ၂၀၁၂ ခုနှစ်က ရော်နယ်ဒိုဟာ သူ့ရဲ့ ဥရောပရွှေဖိနပ်ဆုကို လေလံတင်ရောင်းချကာ ရရှိခဲ့တဲ့ ကန်ဒေါ်လာ ၁.၅ သန်းကို ဂါဇာကမ်းမြှောင်မှာ စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့အတွက် လှူဒါန်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ကမ္ဘ္ဘာ့ဖလားခြေစစ်ပွဲ အစ္စရေးနဲု့ ပေါ်တူဂီ ကစားတဲ့ပွဲမှာ အစ္စရေး ကစားသမားတစ်ဦးက သူ့နဲ့ ဂျာစီလဲဖို့ ကမ်းလှမ်းမှုကို ပယ်ချကာ ပါလက်စတိုင်းတွေနဲ့အတူ
    ရပ်တည်ကြောင်း ရော်နယ်ဒိုက ပြသခဲ့ပါတယ်။

    ပါလက်စတိုင်း ပိုင်နက်တွေမှာ ကျူးကျော် အခြေချနေထိုင်တဲ့ ဂျူးတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အသက်ဘေးကနေ သီသီလေး လွတ်မြောက်လာခဲ့တဲ့ အသက် ၅ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်တစ်ဦးကိုလည်း ရော်နယ်ဒိုက ၂၀၁၆ ခုနှစ်မှာ တွေ့ဆုံအားပေးကာ သီးသန့် ဂျာစီတစ်ထည် ပေးခဲ့ဖူးပါတယ်။

    ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ အလှူဒါနအလုပ်ဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ Make-A-Wish ဖောင်ဒေးရှင်း၊ ကြက်ခြေနီအဖွဲ့လို အဖွဲ့မျိုးတွေကို ပုံမှန် လှူဒါန်းလေ့ရှိသလို ကုလအဖွဲ့အစည်းတွေဖြစ်တဲ့ Save The Children၊ Unicef နဲ့ World Vision အဖွဲ့တွေရဲ့ သံတမန်လည်း ဖြစ်ပါတယ်။

    Ref: RT