News @ M-Media

Author: Ko Lay

  • ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလကိုယ်စားလှယ်ထံ တင်ပြခွင့်မရဟု ရခိုင်အရပ်ဖက်အဖွဲ့များပြော

    ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလကိုယ်စားလှယ်ထံ တင်ပြခွင့်မရဟု ရခိုင်အရပ်ဖက်အဖွဲ့များပြော

    မေ ၁၇၊ ၂၀၁၉
    M-Media

    ရခိုင်ပြည်နယ်ရှိ စစ်ရှောင်မိသားစု

    -ရခိုင်ပြည်နယ်က လတ်တလော တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေရဲ့ မြေပြင် ပကတိအခြေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလကိုယ်စားလှယ်ထံ တိုက်ရိုက်တင်ပြခွင့်မရခဲ့ဘူးလို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ အူရ်ဆူလာ မူလာဟာ မြန်မာနိုင်ငံကို မေလ ၉ ရက်နေ့ကစတင်ပြီး ၆ ရက်ကြာ လေ့လာရေးခရီး လာရောက်ခဲ့ပါတယ်။

    ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို သွားရောက်လေ့လာရာမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ ခရီးစဉ်ချောမွေ့ခဲ့ပေမယ့် တနင်္လာနေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်မှုအတွင်း စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ရခိုင်လူမျိုးတွေနေထိုင်ရာ စခန်းတွေကို ၀င်ရောက်ခွင့် မရခဲ့ပါဘူး။ မြန်မာအစိုးရအာဏာပိုင်တွေကတော့ သူမရဲ့ လုံခြုံရေးကြောင့် ၀င်ရောက်ခွင့်မပြုတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မူလာက ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလို၊ ရခိုင်ပြည်နယ်စစ်တွေက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာလည်း လွတ်လပ်စွာ သွားလာခွင့်မရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့်မရတာ တွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    စစ်တွေအခြေစိုက် ရခိုင်လူမှုကူညီရေးအသင်းတစ်ခုဖြစ်တဲ့ ‘၀ံလက်ဖောင်ဒေးရှင်း’ က ဦးခိုင်ကောင်းစံက သူတို့ဟာ မူလာနဲ့ တိုက်ရိုက်မတွေ့ရဘဲ ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံး UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က မူလာထံ တင်ပြပေးမယ်လို့ဆိုကာ အရပ်ဖက်အဖွဲ့အစည်း ၆ ခုထံကနေ အချက်အလက်တွေ တောင်းယူသွားတယ်လို့ ပြောကြားခဲ့ပါတယ်။

    သတင်းအချက်အလက်တွေကို စနစ်တကျ မှတ်တမ်းတင်ထားတဲ့ Rakhine Ethnic Congress (REC) အဖွဲ့က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့သူတွေအတွက် အကူအညီပေးပို့မှုတွေကို အစိုးရစစ်တပ်နဲ့ အစိုးရအာဏာပိုင်တွေက မကြာခဏ ပိတ်ပင်မှုတွေ
    ရှိနေကြောင်း ကမ္ဘ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့က အကူအညီအချို့ကလွဲရင် အခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသတွင်းက အရက်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီကိုလည်း ခွင့်မပြုကြောင်း UNOCHA ကို ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ Rakhine Coordination Group အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံကို တနင်္လာနေ့မှာ မူလာက Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပေမယ့် ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေကတော့
    တွေ့ဆုံပွဲမှာ ဒေသတွင်းက ကိုယ်စားလှယ်တွေမပါဝင်ဘဲ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက လူတွေပဲ ပါဝင်တယ်လို့ ဆိုပါတယ်။

    ပြည်နယ်အတွင်း လတ်တလောဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမိုနားလည်ဖို့ဆိုရင် ကုလကိုယ်စားလှယ်တွေအနေနဲ့ အောက်ခြေအုပ်စုတွေရဲ့ အသံကို နားထောင်သင့်ကြောင်း ဦးခိုင်ကောင်းစံက ပြောကြားခဲ့ပါတယ်။

    မူလာကို ရခိုင်ပြည်နယ်တစ်ဝှမ်းလုံး သွားခွင့်မပေးတဲ့ အစိုးရအာဏာပိုင်တွေကို ဦးခိုင်ကောင်းစံက ဝေဖန်ခဲ့ပြီး မြောက်ဦးမြို့က ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို သွားတွေ့ခွင့်ပေးသင့်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကစတင်ကာ ရခိုင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ ၄ သောင်းအထိ ရှိလာပြီး၊ အားကစားကွင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ လယ်ကွင်းတွေထဲက ယာယီတဲတွေမှာ ခိုလှုံနေရပါတယ်။

    Rakhine Ethnic Congress (REC) က တာဝန်ရှိသူ ကိုဇော်ဇော်ထွန်းက အစိုးရနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေဟာ ဒုက္ခသည်တွေနေထိုင်ဖို့ သင့်လျော်တဲ့ ရောထိုင်ခင်းမျိုး မဖန်တီးပေးဘူးလို့ ဝေဖန်ခဲ့ပြီး မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေဟာ အန္တရာယ်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Irrawaddy

    (Irrawaddy အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ပြန်ဆိုပါသည်)

  • အင်းစိန်ဆေးရုံတွင် ခွေးကိုက်ခံလူနာ တစ်ရက် ၂၀ ခန့်ရှိ

    အင်းစိန်ဆေးရုံတွင် ခွေးကိုက်ခံလူနာ တစ်ရက် ၂၀ ခန့်ရှိ

    ရန်ကုန်မြို့ရှိ ခွေးလေခွေးလွင့်များ (photo credit – mmtimes)

    မေ ၁၇၊ ၂၀၁၉
    M-Media

    -အင်းစိန် အထွေထွေရောဂါကုဆေးရုံမှာ လာရောက်ကုသတဲ့ ခွေးကိုက်လူနာဟာ တစ်နေ့ကို လူ ၂၀ လောက်ရှိတယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ခွေးကိုက်ခံရတဲ့လူနာ ၁၆၂၇ ဦး အင်းစိန်ဆေးရုံမှာ လာရောက် ကုသခဲ့ပြီး အင်းစိန်၊ လှိုင်၊ မြေနီကုန်းနဲ့ လှိုင်သာယာမြို့နယ်တွေက ဖြစ်တယ်လို့ဆိုပါတယ်။ ဆေးရုံမှာ ခွေးရူးရောဂါကြောင့် သေဆုံးသူဟာ အခုနှစ် ပထမ ၄ လအတွင်း တစ်ဦးသာ ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံး အင်းစိန်ဆေးရုံမှာ ခွေးကိုက်လူနာ ၅၀၀၀ လောက် လာရောက်ကုသခဲ့ပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခွေးကိုက်ခံရတဲ့ လူနာအရေအတွက် မြင့်တက်လာတဲ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ ရန်ကုန်ဆေးရုံကြီး၊ အင်းစိန်ဆေးရုံ၊ သင်္ကန်းကျွန်း စံပြဆေးရုံးနဲ့ မြောက်ဥက္ကလာပ ဆေးရုံတို့မှာ ခွေးကိုက်ခံရသူတွေကို ကုသပေးမယ့် စင်တာ ၄ ခု ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။

    ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ခွေးရူးရောဂါ ထိန်းချုပ်တားဆီးရေး စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်ဝေနွယ်က ဒီစင်တာတွေကို မြန်မြန်ဆန်ဆန် ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီစင်တာတွေဟာ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လမ်းညွှန်ချက်နဲ့အညီ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ခွေးကိုက်ခံရသူ ၁၉၁၆၁၉ ဦး ရှိခဲ့ပြီး အများစုက ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။ ခွေးရူးရောဂါကြောင့် သေဆုံးသူ အရေအတွက်က ၇၀ ရှိခဲ့ပါတယ်။

    မြန်မာနိုင်ငံ တရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းနဲ့ ယူကေအခြေစိုက် ကမ္ဘ္ဘာ့တိရစ္ဆာန်ဆေးကု ၀န်ဆောင်မှုအဖွဲ့ WVS တို့ဟာ ရန်ကုန်မြို့မှာရှိတဲ့ ခွေးလေခွေးလွင့်တွေ သားဆက်ခြားရေး အစီအစဉ်တစ်ခုကို ဗုဒ္ဓဟူးနေ့က ဆောင်ရွက်ခဲ့ပါတယ်။ တစ်ပတ်တာ ကြာမြင့်မယ့် ဒီအစီအစဉ်မှာ လှိုင်မြို့နယ်က ခွေးပေါင်း ၅၀၀ လောက်ကို သားဆက်ခြားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ထုတ်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ဆော်ဒီအာရေဗျ၏ ကမ္ဘ္ဘာတစ်ဝှမ်း အကူအညီပေးရေး လုပ်ငန်းများကို ကုလ ချီးကျူး

    ဆော်ဒီအာရေဗျ၏ ကမ္ဘ္ဘာတစ်ဝှမ်း အကူအညီပေးရေး လုပ်ငန်းများကို ကုလ ချီးကျူး

    ခါလီဖာနှင့် KSRelief အဖွဲ့ဝင်များ တွေ့ဆုံမှု

    မေ ၁၇၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာတစ်ဝှမ်းက အတိဒုက္ခရောက်နေသူတွေအတွက် ဆောင်ရွက်ပေးတဲ့ ဆော်ဒီအာရေဗျရဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ချီးကျူးလိုက်ပါတယ်။

    ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က UNHCR ရဲ့ ဌာနေကိုယ်စားလှယ် ခါလစ် ခါလီဖာနဲ့ ဆော်ဒီ နိုင်ငံတော်အဆင့် အကူအညီပေးရေးအဖွဲ့ KSRelief က အကြီးအကဲ ဒေါက်တာ အဘ်ဒူလာ အလ်-ရာဘီယဟ်တို့ ရီယာ့ဒ်မှာ တွေ့ဆုံမှုအတွင်း ခါလီဖာက ကမ္ဘ္ဘာတစ်ဝှမ်း သိန်းသန်းချီတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်ရေး ကုလနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    ယီမင်အပါအ၀င် ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ KSRelief အဖွဲ့က အကူအညီပေးနေမှု အခြေအနေတွေ၊ ယီမင်၊ ရိုဟင်ဂျာနဲ့ ဆီးရီးယား ဒုက္ခသည်တွေအတွက် UNHCR နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    အကူအညီပေးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကုလနဲ့ ဆော်ဒီတို့အကြား ရှိထားတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး ဆက်လက်ခိုင်မာစေဖို့ မျှော်လင့်ကြောင်း၊ ဆော်ဒီရဲ့ အကူအညီပေးမှုဟာ အစ္စလာမ့် တန်ုဖိုးနဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေကို ဆက်စပ်ပေးတဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ KSRelief အဖွဲ့ဟာ ကုလရဲ့ အရေးပါတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ခါလီဖာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ KSRelief အကူအညီပေးရေးအဖွဲ့ဟာ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားတို့ အပါအ၀င် နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်း၊ အကူအညီပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    Ref: Arab News

  • မလေးရှားတွင် အရက်အတုသောက်မှုကြောင့် မြန်မာနိုင်ငံသား ၇ ဦး သေဆုံး

    မလေးရှားတွင် အရက်အတုသောက်မှုကြောင့် မြန်မာနိုင်ငံသား ၇ ဦး သေဆုံး

    မေ ၁၇၊ ၂၀၁၉
    M-Media

    ကွယ်လွန်သူတစ်ဦး၏ ဈာပန (Photo credit – mmtimes)

    -ပြီးခဲ့တဲ့ ၃ ပတ်အတွင်း မလေးရှားနိုင်ငံမှာ အရက်အတုသောက်မိရာကနေ သေဆုံးတဲ့ မြန်မာအလုပ်သမား ၇ ဦးအထိ ရှိခဲ့ပြီး ၂ ဦးကို ဆေးရုံတင်ထားရတယ်လို့ ကွာလာလမ်ပူအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းက ပြောကြားခဲ့ပါတယ်။

    အရက်တုသောက်သုံးမှုကြောင့် ထိခိုက်မှု၊ သေဆုံးမှုတွေဟာ ပဲရက်ပြည်နယ်မှာ ဧပြီလ ၂၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    “၇ ဦးသေဆုံးတယ်လို့ သတင်းရတယ်။ ဒီမှာ သဂြိုဟ်တာ၊ မြန်မာနိုင်ငံ အလောင်းပြန်ပို့တာတွေကို ကျွန်တော်တို့အဖွဲ့က ကူညီပေးပါတယ်။ ထိခိုက်ခံစားရသူတွေထဲက အခြားသူတွေကိုလည်း မလေးရှားအခြေစိုက် အခြားအကူအညီပေးရေး အဖွဲ့တွေက ကူညီပေးကြပါတယ် ” လို့
    ကပုန်း နာရေးကူညီမှုအသင်းက ဦးဆန်းဝင်းက ပြောကြားခဲ့ပါတယ်။

    အရက်တုသောက်သုံးမှုကြောင့် ဆေးရုံတင်ထားရတဲ့ မြန်မာလုပ်သား ၂ ဦးရှိတယ်လို့လည်း သူက ပြောပါတယ်။

    မြန်မာအလုပ်သမား ၇ ဦးဟာ Kingpriests၊ Miludeer နဲ့ Marterns တံဆိပ် အရက်တုတွေကို သောက်သုံးပြီးတဲ့နောက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

    မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ ရွှေ့ပြောင်းလုပ်သား ကူညီရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးဆန်းဝင်းက အဲဒီအရက်တွေဟာ တစ်ခါတစ်ရံမှာ လူတွေ သောက်သုံးဖို့မသင့်တဲ့ ဈေးပေါပေါပစ္စည်းတွေနဲ့ ချက်လုပ်တာဖြစ်ကြောင်း၊ မလေးရှားမှာ မြန်မာနိုင်ငံသားတွေ ဖွင့်ထားတဲ့
    ဆိုင်တွေမှာ ဒီလို အရက်အတုတွေ ရောင်းချတတ်ကြောင်း၊ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေနဲ့ အရက်ထုတ်လုပ်ကာ ငွေလွယ်လွယ်ရအောင် ရှာကြကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “သောက်ချင်ရင်တောင် အမှန်အကန်တံဆိပ်တွေကို သောက်ကြဖို့ မလေးရှားက မြန်မာလုပ်သားတွေကို ကျွန်တော် တိုက်တွန်းပါတယ်”

    မလေးရှားမှာ အရက်တုကြောင့် သေဆုံးသူ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၂၀၁၂ ခုနှစ်က ၃၅ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ၂၇ ဦးအထိ သေဆုံးခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ပြန်ဆိုပါသည်)

  • တင်းမာမှုဖြစ်အောင် အမေရိကန်၏ဆောင်ရွက်မှု လက်မခံနိုင်စရာဟု အီရန်ပြော

    တင်းမာမှုဖြစ်အောင် အမေရိကန်၏ဆောင်ရွက်မှု လက်မခံနိုင်စရာဟု အီရန်ပြော

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်

    မေ ၁၇၊ ၂၀၁၉
    M-Media

    -အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုမြင့်တက်အောင် အမေရိကန်ရဲ့ ဆောင်ရွက်မှုဟာ လက်မခံနိုင်စရာဖြစ်ပြီး အမေရိကန်နဲ့ ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    ၂၀၁၈ ခုနှစ် မေလက ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီးတဲ့နောက် အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အရှေ့အလယ်ပိုင်းဒေသကို စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ကာ အီရန်အပေါ် ဖိအားပေးမှုတွေကို ပိုမို ပြုလုပ်လာခဲ့တာပါ။

    မနေ့က တိုကျိုမှာ ဂျပန်အာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ် ဂျာဗဒ်ဇာရစ်ဖ်က မိမိတို့အနေနဲ့ အမေရိကန်ရဲ့ ဒီဆောင်ရွက်ျက်တွေအတွက် ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်တဲ့မူကို ကျင့်သုံးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်က တင်းမာမှုတွေ မြင့်တက်အောင် လုပ်ဆောင်နေတာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး ဒီအတွက်လည်း ကန့်ကွက် ရှုတ်ချပါတယ်”

    အီရန်နဲ့ နယ်နမိတ်ချင်းထိပ်နေတဲ့ အီရတ်နိုင်ငံက မရှိမဖြစ် ၀န်ထမ်းတွေမှအပ အခြား အမေရိကန်ဝန်ထမ်းအားလုံးကို ပြန်လည်ခေါ်ယူသွားမယ်လို့ အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး၊ ခြိမ်းခြောက်မှုတွေ ရှိနေတာကြာင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီသတင်းကြောင့် အရင်က ရန်ဘက်ဖြစ်ခဲ့တဲ့ အီရတ်နဲ့ အီရန်တို့အကြား တစ်ကျော့ပြန် စစ်မီး တောက်လောင်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ နှစ်နိုင်ငံစလုံးကတော့ စစ်မဖြစ်လိုဘူးလို့ ပြောကြားထားပါတယ်။

    Ref : Aljazeera