News @ M-Media

Author: Ko Lay

  • သီရိလင်္ကာတွင် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်

    သီရိလင်္ကာတွင် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်

    ဧပြီ ၂၂၊ ၂၀၁၉
    M-Media

    – ကိုလံဘိုမြို့မှာ မနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ စိန့်အန်ထော်နီ ကက်သလစ်ဘုရားကျောင်းအနီး ဒီကနေ့ ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ဗန်ကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်တွေက ရှင်းလင်းစဉ် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အတွင်း သေဆုံးဒဏ်ရာရသူ ရှိလားဆိုတာ သီရိလင်္ကာအစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကိုလံဘိုမြို့က ကားဂိတ်တစ်ခုမှာလည်း ဗုံးစနက်တံ ၈၇ ခု တွေ့ရှိခဲ့ရတာကြောင့် ရဲတပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ရှင်းလင်းခဲ့ပါတယ်။

    သမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီး ဒီကနေ့ည သန်းခေါင်ယံအချိန်ကနေ စတင်ကာ အကြုံးဝင်မှာ ဖြစ်ပါတယ်။

    သီရိလင်္ကာမှာ မနေ့က ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၂၉၀ သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိ ရဲတပ်ဖွဲ့က သံသယရှိသူ ၂၀ ကျော်ဖမ်းဆီးထားပြီး ပြည်တွင်းအခြေစိုက် အစွန်းရောက်အဖွဲ့ National Thowheeth Jama က ဆောင်ရွက်တာဖြစ်တယ်လို့ သီရိလင်္ကာအစိုးရက ထုတ်ပြန် ပြောကြားထားပါတယ်။

    Ref : Aljazeera

  • ပါလက်စတိုင်းအစိုးရကို ဒေါ်လာ သန်း ၁၀၀ ကူညီမည်ဟု အာရပ်လိဂ် ကတိပြု

    ပါလက်စတိုင်းအစိုးရကို ဒေါ်လာ သန်း ၁၀၀ ကူညီမည်ဟု အာရပ်လိဂ် ကတိပြု

    ဧပြီ ၂၂၊ ၂၀၁၉
    M-Media

    – အစ္စရေးက အခွန်ငွေတွေမပေးတာကြောင့် ငွေကြေးအကြပ်အတည်းဖြစ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA အတွက် ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်သွားမယ်လို့ အာရပ်လိဂ်အဖွဲ့က ကတိပြု ပြောဆိုလိုက်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ PA အတွက် အစ္စရေးက အခွန်ကောက်ပေးကာ ဒီငွေတွေကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဆီ လွှဲပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလအတွင်းမှာပေးရမယ့် ကန်ဒေါ်လာ ၁၃၈ သန်းကို အစ္စရေးက PA ကို လွှဲမပေးခဲ့ပါဘူး။

    အစ္စရေးကဖမ်းဆီးထားတဲ့ ပါလက်စတိုင်းနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို PA က ထောက်ပံ့တာကြောင့် အခွန်တွေကို လွှဲမပေးတာဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ပါလက်စတိုင်းကတော့ အိမ်ထောင်ဦးစီးတွေ ဖမ်းဆီးခံရတာကြောင့် အခက်အခဲဖြစ်နေသူတွေ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေ ပေးရတာဖြစ်တယ်လို့ PA က တုန့်ပြန် ပြောဆိုထားပါတယ်။

    “ပါလက်စတိုင်းက ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဖိအားတွေကို ကျော်လွှားနိုင်ရေး ဘက်ဂျက်ပြည့်မီဖို့ အာရပ်တိုင်းပြည်တွေက ထောက်ပံ့ပေးသွားမယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုပါတယ်။ “လို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာပြုလုပ်တဲ့ မနေ့ကအစည်းအဝေးမှာ အာရပ်လိဂ်က ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပါလက်စတိုင်းတွေကို ကူညီနေတဲ့ ကုလအဖွဲ့အစည်းတွေအပေါ် ထောက်ပံ့မှုကို အမေရိကန်က မနှစ်မှာ လျှော့ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းပြည်သူတွေဟာ ပိုမိုကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အစ္စရေးက အခွန်ငွေတွေကို ပါလက်စတိုင်းအာဏာပိုင်တွေထံ လွှဲမပေးမှုကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

    ဒေါ်နယ်ထရမ့်အစိုးရဟာ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေး အဆိုပြုချက်တစ်ခုကို မကြာခင် ထုတ်ပြန်ဖို့ ရှိနေပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး အာမခံချက်မျိုး ပါဝင်ဖို့ မရှိဘူးလို့ သတင်းတွေလည်း ထွက်နေပါတယ်။

    ဂျေရုစလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် သတ်မှတ်မှုအပါအ၀င် ထရမ့်အစိုးရရဲ့ အစ္စရေးကို မျက်နှာသာပေးတဲ့ လုပ်ရပ်တစ်ချို့ကြောင့် အမေရိကန်ဟာ ယုံကြည်ရလောက်တဲ့ စေ့စပ်ညှိနှိုင်းသူ မဟုတ်တော့ဘူးလို့ ပါလက်စတိုင်း ခေါင်းဆောင်တွေက ပြောကြားထားပါတယ်။

    Ref: Aljazeera

  • ဗုံးခွဲတိုက်ခိုက်မှုသတင်း ကြိုရသော်လည်း သီရိလင်္ကာအစိုးရက တားဆီးမှုမရှိဟု သတင်းထွက်

    ဗုံးခွဲတိုက်ခိုက်မှုသတင်း ကြိုရသော်လည်း သီရိလင်္ကာအစိုးရက တားဆီးမှုမရှိဟု သတင်းထွက်

    ဧပြီ ၂၂၊ ၂၀၁၉
    M-Media

    တိုက်ခိုက်ခံရသည့် ဘုရားကျောင်းအတွင်းပိုင်း မြင်ကွင်း

    – မနေ့က သိရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၉၀ အထိ မြင့်တက်လာခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အနည်းဆုံး ၂၄ ဦးကို ဖမ်းဆီးထားတယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် စုစုပေါင်း နေရာ ၈ ခုမှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ အီစတာပွဲတော်အထိမ်းအမှတ် ၀တ်ပြုဆုတောင်းဖို့ လာရောက်ကြသူတွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူအရေအတွက်ဟာ ၅၀၀ နီးပါးအထိ ရှိတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီကနေ့မှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ အတိအကျ မသိရသေးပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းက ပေါ်ပေါက်လာခဲ့တဲ့ မွတ်စလင်အစွန်းရောက်အဖွဲ့ National Thowheeth Jama’ath (NTJ) က နိုင်ငံအတွင်း ထင်ရှားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကို သီရိလင်္ကာရဲတပ်ဖွဲ့က ကြိုတင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    သီရိလင်္ကာနိုင်ငံမှာ အရင်က ခရစ်ယာန်လူ့အဖွဲ့အစည်းတွေကို မွတ်စလင်အစွန်းရောက်အဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိခဲ့ဘဲ ဗုဒ္ဓဘာသာဘုန်းကြီးတွေဦးဆောင်တဲ့ အစွန်းရောက် BBS အဖွဲ့က တိုက်ခိုက်တာမျိုးပဲ ရှိခဲ့ပါတယ်။ ခရစ်ယာန်အုပ်စုတွေက သူတို့ဟာ BBS အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့နှစ်တွေမှာ ပိုမိုခံစားလာရပြီး ပြီးခဲ့တဲ့နှစ်အတွင်း ခရစ်ယာန်တွေကို ဦးတည်တဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ ခွဲခြားဆက်ဆံမှု စုစုပေါင်း ၈၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရိလင်္ကာ ဧ၀ံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ NCEASL က ပြောပါတယ်။

    သီရိလင်္ကာ ကျန်းမာရေးဝန်ကြီး ရာဂျစ်ဟာ ဆီနာရတ္တနီက အီစတာပွဲတော်နေ့မှာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆာင်နိုင်တယ်ဆိုတဲ့သတင်းကို ရဲတပ်ဖွဲ့ဝင်တွေက ကြိုတင်ရရှိခဲ့ပြီး ရဲချုပ်က ဧပြီလ ၉ ရက်နေ့မှာ အစိုးရတာဝန်ရှိသူတွေထံ အစီရင်ခံခဲ့တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

    “အီစတာပွဲတော်နေ့မှာ ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားတယ်။ တိုက်ခိုက်ခံရနိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ကမ္ဘာလှည့်ခရီးသွားများတဲ့ နေရာတွေကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်”

    ဒါပေမယ့် ဒီအစီရင်ခံစာဟာ ၀န်ကြီးတွေထံ ရောက်ရှိခြင်းမရှိခဲ့ပါဘူး။ ဖောက်ခွဲမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် တရားရုံးချုပ်က အငြိမ်းစား တရားသူကြီးဟောင်းတစ်ဦး ဦးဆောင်တဲ့ ၃ ဦးပါ အဖွဲ့တစ်ခုကို သမ္မတ မိုင်သရီပါလာ ဆရီဆီနာက ဖွဲ့စည်းပေးခဲ့ပြီး ထောက်လှမ်းရေးအစီရင်ခံစာဟာ အစိုးရအဖွဲ့ထံ ဘာ့ကြောင့် မရောက်ခဲ့လဲဆိုတာကိုပါ ထည့်သွင်း စစ်ဆေးမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ သီရိင်္လာအစိုးရဟာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်သစ်ကို ထပ်မံထုတ်ပြန်ထားပြီး နိုင်ငံတစ်ဝှမ်း လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။ အမေရိကန်အစိုးရက မနေ့မှာ ထုတ်ပြန်တဲ့ ခရီးသွားအကြံပြုချက်မှာ သီရိလင်္ကာနိုင်ငံအတွင်း ဗုံးခွဲမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

    မနေ့က ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို အသေခံဗုံးခွဲသမား ၇ ဦးက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပြီး အားလုံးဟာ သီရိလင်္ကာ နိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီ ၂၃ ရက် (မနက်ဖြန်) ကို နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း သမ္မတရုံးက ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်ထောက်လှမ်းရေးက ဟွာဝေးကို ထောက်ပံ့နေသည်ဟု အမေရိကန် စွပ်စွဲ

    တရုတ်ထောက်လှမ်းရေးက ဟွာဝေးကို ထောက်ပံ့နေသည်ဟု အမေရိကန် စွပ်စွဲ

    ဧပြီ ၂၁၊ ၂၀၁၉
    M-Media

    – တရုတ် ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Huawei ဟာ တရုတ်အစိုးရ ထောက်လှမ်းရေးရဲ့ အထောက်အပံ့ကို ရယူထားတယ်လို့ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA က စွပ်စွဲခဲ့ကြောင်း Times သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    တရုတ် အမျိုးသား လုံခြုံရေးကော်မရှင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ တရုတ်အစိုးရထောက်လှမ်းရေးရဲ့ အခြားဌာတစ်ခု စုစုပေါင်း အဖွဲ့ ၃ ဖွဲ့ထံကနေ Huawei က ငွေကြေး အထောက်အပံ့ ရယူနေတယ်လို့ CIA က ပြောပါတယ်။ Huawei ကို တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားတယ်ဆိုတဲ့ သတင်းကို အခုနှစ်အစောပိုင်းတုန်းကလည်း CIA က ဗြိတိန်၊ သြစတေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့အပါအ၀င် Five-Eyes ထောက်လှမ်းရေးသတင်းဖလှယ်တဲ့ အဖွဲ့ကို မျှဝေခဲ့ပါတယ်။

    Huawei ကတော့ ဒီစွပ်စွဲတွေကို ငြင်းဆိုထားပါတယ်။

    “အထောက်အထားမဲ့ တရားလက်လွတ်စွပ်စွဲချက်တွေအတွက် Huawei က မှတ်ချက်မပေးချင်ပါဘူး” လို့ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Huawei ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းတွေကို တရုတ်အစိုးရ ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်တယ်လို့ အမေရိကန်အစိုးရက စိုးရိမ်နေတာပါ။ အမေရိကန် အာဏာပိုင်တွေက Huawei ဟာ ပိတ်ဆို့မှုတွေကို ချိုးဖောက်နေလားဆိုတာကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ကုမ္ပဏီကို တည်ထောင်သူရဲ့သမီးဖြစ်ပြီး လက်ရှိမှာ ဘဏ္ဍာရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မန်ဝမ်ကျိုးကို ကနေဒါက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး ဘဏ်လုပ်ငန်း မသမာမှု၊ ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ အီရန်နဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေအတွက် တရားစွဲဆိုထားပါတယ်။

    သူမက စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ဖခင်ဖြစ်သူကလည်း ဒီဖမ်းဆီးမှုမှာ နိုင်ငံရေးလှုံ့ဆော်မှု ပါဝင်တယ်လို့ ပြောကြားထားပါတယ်။

    Ref : Reuters

  • ဆူဒန်အာဏာရှင်ဟောင်း ဘရှီးရ်၏အိမ်တွင် ငွေသား သန်းချီ တွေ့ရှိ

    ဆူဒန်အာဏာရှင်ဟောင်း ဘရှီးရ်၏အိမ်တွင် ငွေသား သန်းချီ တွေ့ရှိ

    ဧပြီ ၂၁၊ ၂၀၁၉
    M-Media

    ဆူဒန်အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ်

    – ပြီးခဲ့တဲ့တစ်ပတ်မှာ စစ်တပ်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရတဲ့ ဆူဒန်အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ်ရဲ့ နေအိမ်မှာ ငွေသားမျိုးစုံ ကန်ဒေါ်လာ ၇ သန်းဖိုးလောက် တွေ့ရှိခဲ့ရပြီး ငွေကြေးခ၀ါချမှုနဲ့ တရားစွဲဆို ခံထားရပါတယ်။

    မြို့တော်ခါတွန်က ဘရှီးရ်ရဲ့နေအိမ်ကို စစ်ထောက်လှမ်းရေး တာဝန်ရှိသူတွေ ၀င်ရောက်ရှာဖွေရာမှာ ငွေသား ယူရို ၆ သန်း၊ ကန်ဒေါ်လာ ၃၅၁၀၀၀ နဲ့ ဆူဒန်ပေါင် ၅ သန်း ကို တွေ့ခဲ့ရပြီး စုစုပေါင်းတန်ဖိုးဟာ ကန်ဒေါ်လာ ၇ သန်းဖိုး ရှိပါတယ်။

    တရားရေးဌာန ရင်းမြစ်တစ်ခုက ဘရှီးရ်ကို ငွေကြေးခ၀ါချမှု၊ နိုင်ငံခြားငွေ တရားမ၀င်ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဆိုထားပြီး ရှေ့နေချုပ်ကလည်း ဒီကိစ္စကို အလျင်အမြန် စစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆူဒန်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်စိုးလာခဲ့တဲ့ အာဏာရှင်ဘရှီးရ် ဆင်းပေးဖို့ လူထုက လနဲ့ချီ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဧပြီလ ၁၁ ရက်နေ့မှာ ဆူဒန်စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အသစ်တက်လာတဲ့ စစ်ကောင်စီကို ပြည်သူက မနှစ်မြို့တဲ့အတွက် စစ်ကောင်စီခေါင်းဆောင်က လူထုနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

    ဧပြီ ၁ ရက်နေ့နောက်ပိုင်းမှာ တိုင်းပြည်အတွင်း ပြုလုပ်ခဲ့တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စစ်ဆေးကာ သံသယရှိတဲ့ ငွေကြေးတွေကို သိမ်းဆည်းထားဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့တစ်ပတ်မှာ ဗဟိုဘဏ်ကို အမိန့်ပေးခဲ့ပါတယ်။

    Ref: Arab News