News @ M-Media

Author: Ko Lay

  • ရေဘေးသင့် အီရန်ပြည်သူများအတွက် ဆော်ဒီနှင့် ယူအေအီးတို့က အကူအညီများ ပေးပို့

    ရေဘေးသင့် အီရန်ပြည်သူများအတွက် ဆော်ဒီနှင့် ယူအေအီးတို့က အကူအညီများ ပေးပို့

    ဧပြီ ၁၉၊ ၂၀၁၉
    M-Media

    အီရန်တွင် ရေကြီးမှုမြင်ကွင်း

    – ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အီရန်နိုင်ငံမှာ အကြီးအကျယ် ရေကြီးရေလျှံမှုကြောင့် အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ဆော်ဒီနဲ့ ယူအေအီးနိုင်ငံတွေက အကူအညီတွေ ပေးပို့တယ်လို့ သိရပါတယ်။

    ဆော်ဒီကပို့တဲ့ အကူအညီ ၉၅ တန်မှာ အစားအသောက်နဲ့ နေထိုင်စရာ ပစ္စည်းတွေ ပါဝင်ပြီး ဆော်ဒီဘုရင် ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ရဲ့ ညွှန်ကြားချက်နဲ့ ဆော်ဒီလခြမ်းနီအဖွဲ့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

    ယူအေအီး အာဏာပိုင်တွေကလည်း အီရန်က ရေကြီးရေလျှံတဲ့ဒေသတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ ယူအေအီး လခြမ်းနီအဖွဲ့ ပါဝင်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အီရန်ကတော့ ဒီသတင်းတွေအတွက် ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

    အီရန်နိုင်ငံတစ်ဝှမ်းမှာ မတ်လ ၁၉ ရက်နေ့ကစလို့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး ၇၆ ဦးသေဆုံးကာ ထောင်သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်အထိ ရေကြီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိလာခဲ့ပြီဖြစ်ပါတယ်။

    အီရန်အစိုးရက အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောကြားထားပြီး အီရန်အဓိပတိ ရူဟာနီက နိုင်ငံပြင်ပက အလှူငွေတွေကို လက်ခံနိုင်ရေး အမေရိကန်အနေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုတွေကို တစ်နှစ်လောက် ရပ်ဆိုင်းပေးသင့်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ အီရန်ဟာ ပါကစ္စတန်၊ ကူဝိတ်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဂျပန်တို့အပါအ၀င် နိုင်ငံတော်တော်များများက အကူအညီတွေကို လက်ခံရရှိထားပါတယ်။ ဆော်ဒီနဲ့ ယူအေအီးတို့ဟာ အီရန်ရဲ့ အဓိက ရန်ဖက်တွေဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသတွင်း ပဋိပက္ခတွေမှာလည်း ဆန့်ကျင်ဖက်အုပ်စုတွေဖက်ကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

    ဆော်ဒီမှာ ထိပ်တန်း ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်ခဲ့တာကို မကျေနပ်တဲ့အတွက် အီရန်ပြည်သူတွေ ဆန္ဒပြခဲ့ပြီး ဆော်ဒီသံရုံးကို မီးရှို့ခဲ့တာကြောင့် ၂၀၁၆ ခုနှစ်မှာ ဆော်ဒီဟာ အီရန်နဲ့ သံအဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။

    Ref: Aljazeera

  • အကြမ်းဖက်ဝါဒကြောင့် ပျက်စီးခဲ့ရသည့် မြို့များအကြောင်း ဆော်ဒီတွင် ပြသ

    အကြမ်းဖက်ဝါဒကြောင့် ပျက်စီးခဲ့ရသည့် မြို့များအကြောင်း ဆော်ဒီတွင် ပြသ

    ဧပြီ ၁၉၊ ၂၀၁၉
    M-Media

    ပြပွဲမှ ပြခန်းတစ်ခု

    – အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတွေကြောင့် ပျက်ဆီးသွားတဲ့ မြို့တွေရဲ့ လက်ရှိပုံရိပ်တွေ၊ ဖျက်ဆီးမခံရခင် မူရင်းပုံစံတွေကို နည်းပညာအသုံးပြု  ပြသတဲ့ ပြပွဲတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံမြို့တော် ရီယာ့ဒ်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပြီး သမိုင်းကို သင်ခန်းစာယူနိုင်ဖို့ ဖြစ်ပါတယ်။

    Cities Destroyed by Terrorism (အကြမ်းဖက်ဝါဒကြောင့် ပျက်ဆီးသွားသည့် မြို့ကြီးများ) ဆိုတဲ့ အဲဒီပြပွဲကို ဗုဒ္ဓဟူးနေ့က ဆော်ဒီအမျိုးသားပြတိုက်မှာ
    ပြသခဲ့တာဖြစ်ပြီး ဆော်ဒီယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပြင်သစ်က Arab World Institute အဖွဲ့တို့က ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။ ပြပွဲကို မေလ ၁၈ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး ညနေ ၄ နာရီကနေ ည ၁၀ နာရီအတွင်း ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    ပြပွဲမှာ အကြမ်းဖက်အဖွဲ့တွေ၊ အစွန်းရောက်အဖွဲ့တွေကြောင့် ပျက်ဆီးသွားတဲ့မြို့တွေ၊ ဒီအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့မြို့တွေ၊ သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုနေရာတွေကို virtual reality နည်းပညာနဲ့ ပြသထားပါတယ်။ ဒါဟာ အာရပ်ဒေသရဲ့ သမိုင်းဝင်နေရာတွေကို ထိန်းသိမ်းဖို့၊ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ပြည်သူလူထုကို သတင်းစကားပေးဖို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။

    ပြပွဲကို အီရန်ဝန်ကြီးချုပ် အဘ်ဒူလ် မဟ်ဒီအပါအ၀င် နိုင်ငံခြားတိုင်းပြည်တွေက သံတမန်တွေ၊ တတ်သိပညာရှင်တွေ၊ ဆော်ဒီအစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့လက်အောက် ကျရောက်ခဲ့ပြီး ဖျက်ဆီးခံခဲ့ရ အီရတ်နိုင်ငံက မူဆိုးလ်မြို့နဲ့ နိုင်နီဗာဟ်ဒေသ၊ ဆီးရီးယားက အဲလစ်ပိုနဲ့ ပါလ်မိုင်ရာ ဒေသတွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း ပြသထားပါတယ်။ ဒါ့အပြင် အဲဒီမြို့တွေ ဖျက်ဆီးမခံရခင်က အခြေအနေတွေကိုလည်း နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ပြသထားပါတယ်။

    “ဒီလိုအခြေအနေမျိုးဟာ သူတို့အတွက် အန္တရာယ်များတဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် ဒီနေရာတွေ ဖျက်ဆီးမခံရခင်နဲ့ ဖျက်ဆီးခံရပြီး နောက်ပိုင်းက အခြေအနေတွေကို သိရှိဖို့တော့ အရေးကြီးပါတယ်။ မူဆိုးလ်လို့ မြို့က ဗိသုကာလက်ရာတွေ၊ သမိုင်းအမွေအနှစ်တွေလို အမှတ်တရတွေကို ကမ္ဘာကြီးကို ပြသတာလည်း ဖြစ်ပါတယ်။ ဒါတွေဟာ အာရပ်ဒေသတစ်ခုတည်းရဲ့ အမွေအနှစ်မဟုတ်ဘဲ ကမ္ဘာ့လူသားတိုင်းရဲ့ အမွေအနှစ်ပါ။ ဒါကိုနားလည်ဖို့ အရေးကြီးပါတယ်” လို့ ပြပွဲကို စီစဉ်သူ အော်ရယ်လီ ကလီမန်တီ ရူအစ်ဇ်က ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • မဲဝယ်မည့်ငွေများတွေ့၍ အိန္ဒိယတောင်ပိုင်း ဒေသတစ်ခုတွင် ရွေးကောက်ပွဲ ဖျက်သိမ်း

    မဲဝယ်မည့်ငွေများတွေ့၍ အိန္ဒိယတောင်ပိုင်း ဒေသတစ်ခုတွင် ရွေးကောက်ပွဲ ဖျက်သိမ်း

    ဧပြီ ၁၇၊ ၂၀၁၉
    M-Media

    – မဲဝယ်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ရူပီး သန်း ၁၁၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံတောင်ပိုင်း ဒေသတစ်ခုမှာ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အာဏာပိုင်တွေက ဒီကနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။

    တမီလ်နာဒူးပြည်နယ်က ဗဲလ်လိုရီဆိုတဲ့ မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့အိမ်မှာ ဒီငွေတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက မဲဆန္ဒရှင်တွေအပေါ် လွှမ်းမိုးဖို့ အသုံးပြုမယ့်ငွေတွေကို ပြောကြားခဲ့ကြပါတယ်။ မဲဝယ်ဖို့ကြိုးစားမှုနဲ့ ဆက်စပ်ပြီး အထွေထွေရွေးကောက်ပွဲကို ဖျက်သိမ်းရတာဟာ အိန္ဒိယနိုင်ငံသမိုင်းမှာ ဒီတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

    အိန္ဒိယဟာ အထွေထွေရွေးကောက်ပွဲကို ဧပြီလ ၁၁ ရက်နေ့က စတင်ကျင်းပခဲ့ပြီး မေလ ၂၃ နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ မဲပေးသူ သန်း ၉၀၀ လောက်ရှိတာကြောင့် ရွေးကောက်ပွဲကို ၇ ကြိမ်ခွဲကာ ကျင်းပတာဖြစ်ပါတယ်။

    အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်က ဗဲလ်လိုရီမဲဆန္ဒနယ်က အခြေအနေဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေမယ့် အနေအထားမျိုး မဟုတ်တော့ဘူးလို့ ယူဆကြောင်း မနေ့က ညနေ့ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ရပ်ဆိုင်းခဲ့တဲ့ ရွေးကောက်ပွဲကို ဘယ်တော့ ပြန်လည်ကျင်းပမယ်ဆိုတာကို ကော်မရှင်က ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ရွေးကောက်ပွဲမှာ မဲထည့်ရင် ငွေသား၊ အရက်၊ လျှပ်စစ်ပစ္စည်းတွေ၊ ဆိတ်တွေပေးမယ်လို့ မဲဆွယ်မှုတွေ တမီလ်နာဒူးပြည်နယ်မှာရှိနေတယ်လို့ သတင်းထွက်နေတာပါ။ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မတ်လ ၁၀ ရက်နေ့က ကြေငြာပြီးနောက်ပိုင်း တမီလ်နာဒူးပြည်နယ်အတွင်း မဲဝယ်ဖို့ အသုံးပြုမယ့် ရူပီး ၃ ဘီလီယံတန် ရွှေတစ်တန်၊ ငွေသား ရူပီး ၁.၃ ဘီလီယံကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

    နိုင်ငံအရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာလည်း လုံခြုံရေးစိုးရိမ်ရမှုကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ၅ ရက် နောက်ရွှေ့ခဲ့ပါတယ်။

    Ref : CNA

  • မြန်မာနိုင်ငံမှဆန်များကို စားသုံးရန်မသင့်သောကြောင့် အိုက်ဗရီကို့စ်က ဖျက်ဆီးပစ်

    မြန်မာနိုင်ငံမှဆန်များကို စားသုံးရန်မသင့်သောကြောင့် အိုက်ဗရီကို့စ်က ဖျက်ဆီးပစ်

    ဧပြီ ၁၇၊ ၂၀၁၉
    M-Media

    – မြန်မာနိုင်ငံက လာတယ်ဆိုတဲ့ ဆန်တန်ချိန်ပေါင်းများစွာကို လူတွေ စားသုံးဖို့ မသင့်တာကြောင့် အိုက်ဗရီကို့စ်နိုင်ငံက ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

    ဆန်တန်ချိန်ပေါင်း ၁၈၀၀၀ လောက်ကို အိုက်ဗရီကို့စ်က မြေမြှုပ်ပစ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီဆန်တွေဟာ အနောက်အာဖရိက နိုင်ငံတွေဖြစ်တဲ့ ဂါနာ၊ ဂီနီနဲ့ တိုဂိုနိုင်ငံတို့က အရည်အသွေးမကောင်းတာကြောင့် လက်မခံဘဲ နောက်ဆုံးမှာ အိုက်ဗရီကို့စ်နိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက် အရည်အသွေးဆန်းစစ်ခဲ့ရာမှာ လူတွေစားသုံးဖို့ မသင့်ဘူးဆိုတာကို တွေ့ခဲ့ရပါတယ်။

    ဆန်ဟာ အာဖရိကတိုက်က နိုင်ငံတော်တော်များများရဲ့ အခြေခံစားသောက်ကုန်ဖြစ်ပေမယ့် ဒေသတွင်း လယ်သမားတွေဟာ ၀ယ်လိုအားပြည့်မီအောင် မစိုက်နိုင်တဲ့အတွက် ပြည်ပကနေ အများအပြား တင်သွင်းနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရ၀န်ထမ်းတွေ လာဘ်စားတာ၊ ဆန်နဲ့အတူ မူးယစ်ဆေးဝါးတွေ တင်သွင်းတာတွေလို ပြဿနာတွေလည်း ရှိနေပါတယ်။

    မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ နှစ် ၅၀ အတွင်း အမြင့်ဆုံးပမာဏကို ရောက်ခဲ့ပါတယ်။ ဒါဟာ အာဖရိကတိုက်က နိုင်ငံတွေက ၀ယ်လိုအား မြင့်တက်လာတာကြောင့်ဖြစ်ပြီး သိရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုလည်း အစိုးရအချင်းအချင်း သဘောတူညီချက်နဲ့ တင်ပို့နေပါတယ်။

    Ref: Africa News

  • ‘၀’ ငြိမ်းချမ်းရေးအခမ်းအနားသို့ မြန်မာအစိုးရနှင့် စစ်တပ်အကြီးအကဲတို့ တက်ရောက်မည်မဟုတ်

    ‘၀’ ငြိမ်းချမ်းရေးအခမ်းအနားသို့ မြန်မာအစိုးရနှင့် စစ်တပ်အကြီးအကဲတို့ တက်ရောက်မည်မဟုတ်

    ဧပြီ ၁၆၊ ၂၀၁၉
    M-Media

    UWSA အကြီးအကဲ ပေါက်ယူချန် (Photo Credit – Irrawaddy)

    – ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန့်ဆန်းမြို့မှာ မနက်ဖြန် ကျင်းပပြုလုပ်ဖို့ရှိတဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

    ကြီးကျယ်တဲ့စစ်ရေးပြမှု ပါဝင်မယ့် အဲဒီအခမ်းအနားကို တက်ရောက်ဖို့အတွက် မြန်မာအစိုးရခေါင်းဆောင်နဲ့ စစ်တပ်ခေါင်းဆောင်တို့ကို ‘၀’ အာဏာပိုင်တွေက ဖိတ်ကြားခဲ့ပါတယ်။ အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ၊ တရုတ်အစိုးရရဲ့ အာရှဆိုင်ရာ ကိုယ်စားလှယ် ဆွန်ကော့ရှန်၊ မြန်မာနဲ့ကပ်နေတဲ့ ယူနန်ပြည်နယ်က အစိုးရတာဝန်ရှိသူတွေအပါအ၀င် လူပေါင်း ၃၀၀၀ လောက် တက်ရောက်ဖို့ ရှိနေပါတယ်။

    ‘၀’ သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ကို ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီအချိန်က စစ်အစိုးရဖြစ်တဲ့ ‘နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့’ နဲ့ အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း UWSA ဟာ တစ်ဖြည်းဖြည်း အင်အားကြီးထွားလာပြီး လက်ရှိမှာ အမြဲတမ်းတပ်ဖွဲ့ဝင်အင်အား ၃ သောင်း၊ အရံတပ်ဖွဲ့ဝင်အင်အား တစ်သောင်းနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်နေပါတယ်။

    UWSA ဟာ ဒီမိုကရေစီအစိုးရလက်ထက်မှာ ပေါ်ထွက်လာတဲ့ ‘တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးစာချုပ်’ NCA မှာ လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။။ ‘ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ’ FPNCC ရဲ့ ဥက္ကဌအဖြစ် UWSA က တာဝန်ယူထားသလို၊ အဖွဲ့ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အချို့ဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ အချို့ကတော့ NCA စာချုပ်ပါ တစ်ချို့ အချက်တွေကို ပြင်ချင်နေပါတယ်။

    UWSA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းက နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးအခမ်းအနားကို တက်ရောက်ဖို့အတွက် မြန်မာအစိုးရဟာ အဖွဲ့ဝင် ၈ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး အဲဒီအထဲမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်နဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ တက်ရောက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ် တက်ရောက်မှာမဟုတ်ဘဲ တပ်မတော်ဖက်က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့လည်း မသေချာသေးဘူးလို့ ဧရာဝတီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဦးညီရမ်းကတော့ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး အခမ်းအနားကို တက်ရောက်မယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်တွေ အထူးသဖြင့် NCA မထိုးရသေးတဲ့အဖွဲ့တွေက ဖိတ်ကြားတဲ့ အခမ်းအနားမျိုးကို မြန်မာအစိုးရနဲ့ စစ်တပ် ထိပ်ပေါင်းခေါင်းဆောင်တွေ တက်ရောက်လေ့ မရှိပါဘူး။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မတက်ရောက်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ‘၀’ ခေါင်းဆောင်တစ်ချို့က ပြောကြားခဲ့ပါတယ်။ အခြားတိုင်းရင်းသားဒေသတွေကို သွားရောက်တာမျိုး ရှိတဲ့အတွက် ဒီပွဲကိုလည်း လာရောက်မယ်လို့ ‘၀’ ခေါင်းဆောင်တွေက မျှော်လင့်ထားပြီး နေရေးထိုင်ရေး အထူးပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရေ ‘၀’ ဒေသကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပေမယ့် UWSA အာဏာပိုင်တွေက ပြည်နယ်အဆင့်အထိပေးဖို့ တောင်းဆိုနေပါတယ်။

    Ref: Irrawaddy

    ( Irrawaddy သတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ်ပြန်ဆိုပါသည်)