News @ M-Media

Author: Ko Lay

  • နှစ်နိုင်ငံ အကျိုးမျှော်သည့်ဆက်ဆံရေး ရှေ့ဆက်မည်ဟု မလေးနှင့် စကာပူတို့ ထပ်လောင်းကတိပြု

    နှစ်နိုင်ငံ အကျိုးမျှော်သည့်ဆက်ဆံရေး ရှေ့ဆက်မည်ဟု မလေးနှင့် စကာပူတို့ ထပ်လောင်းကတိပြု

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    – နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကတိက၀တ်တွေနဲ့ နှစ်ဖက် အကျိုးမျှော်တဲ့ ဆက်ဆံရေးကို ရှေ့ဆက် ထိန်းသိမ်းသွားမယ်လို့ မလေးရှားနဲ့ စင်ကာပူဝန်ကြီးချုပ်တို့က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၉ ကြိမ်မြောက် နှစ်နိုင်ငံ အလွတ်သဘောတွေ့ဆုံပွဲအဖြစ် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်နဲ့ တွေ့ဆုံခဲ့တာပါ။

    စင်ကာပူဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ ရှိလာနိုင်တာကို သိရှိထားပြီး ဒါတွေကို အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံဟာ မိသားစုနဲ့ စီးပွားရေးဆိုင်ရာ ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိနေကြောင်း မဟာသီနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “မလေးရှားအစိုးရသစ်လက်ထက်မှာ ဒီဆက်ဆံရေးတွေကို မပြောင်းလဲအောင် ထိန်းသိမ်းသွားမှာပါ”

    အခုဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ရေပိုင်နက်နဲ့ လေပိုင်နက် အချင်းများမှုအကြောင်းကို ဆွေးနွေးခဲ့ကြပြီး တင်းမှာမှုတွေကို လျှော့ချဖို့အတွက် သဘောတူခဲ့ကြပါတယ်။ ၀န်ကြီးချုပ်နှစ်ဦးအပြင် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေလည်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက သြဂုတ်လ ၉ ရက်နေ့မှာကျရောက်မယ့် စင်ကာပူအမျိုးသားနေ့ကို တက်ရောက်ဖို့အတွက် မလေးရှားဝန်ကြီးချုပ် မဟာသီကို ဖိတ်ကြားခဲ့ပြီး မဟာသီကလည်း လက်ခံခဲ့ပါတယ်။

    Ref: CNA

  • ကျေးရွာ ၂၈၈ ရွာ မီးလင်းရေး မန္တလေးတိုင်းအစိုးရက ငွေကျပ် ၁၂ ဘီလီယံကျော် အသုံးပြုမည်

    ကျေးရွာ ၂၈၈ ရွာ မီးလင်းရေး မန္တလေးတိုင်းအစိုးရက ငွေကျပ် ၁၂ ဘီလီယံကျော် အသုံးပြုမည်

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    – သာစည်၊ မြင်းခြံ၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ မိတ္ထီလာမြို့တွေက ကျေးရွာပေါင်း ၂၈၈ ရွာ မီးလင်းရေး စီမံကိန်းအတွက် ငွေကျပ် ၁၂ ဘီလီယံကျော် (ကန်ဒေါ်လာ ၇.၉၆ သန်း) သုံးစွဲဖို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    အဲဒီစနစ်ကို ပုဂ္ဂလိကဘဏ္ဍာရေးထောက်ပံ့မှုစနစ် (PFI) နဲ့ စတင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    “အစပိုင်းမှာ ပုဂ္ဂလိကက စီမံကိန်းအတွက် ငွေကြေးထောက်ပံ့သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရကို လွှဲပေးသွားမှာပါ။ ကုန်ကျစားရိတ်ကိုတော့ သတ်မှတ်ထားတဲ့ နှစ်အပိုင်းအခြားအလိုက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကို ပြန်ပေးသွားရမှာ ဖြစ်ပါတယ်” လို့ မြစ်သားမဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးမင်းအောင်က ပြောကြားခဲ့ပါတယ်။

    အစိုးရအနေနဲ့ ၂၀၁၈-၁၉ မှာ ငွေကျပ် ၄ ဘီလီယံ၊ ၂၀၁၉-၂၀ မှာ ၇.၃ ဘီလီယံ၊ ၂၀၂၀-၂၁ ခုနှစ်မှာ ၁.၂ ဘီလီယံ ပြန်ခွဲသွင်းရမှာ ဖြစ်ပါတယ်။

    မန္တလေးတိုင်းဒေသကြီးအစိုးရက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးအတွင်းက ရွာပေါင်း ၄၇၀၀ ကျော်ကို လျှပ်စစ်မီးပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။

    Ref: mmtimes

  • ဘုန်းကြီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စ ဂျပန်ကက်သလစ်အသင်းတော် စုံစမ်းစစ်ဆေးမည်

    ဘုန်းကြီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စ ဂျပန်ကက်သလစ်အသင်းတော် စုံစမ်းစစ်ဆေးမည်

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    နာဂါဆာကီမြို့မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခု

    – ဘုန်းကြီးတစ်ချို့ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဂျပန် ခရစ်ယာန်ကက်သလစ်အသင်းတော်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအသင်းရဲ့ ညီလာခံမှာ ကက်သလစ်သာသနာ့နယ် ၁၆ ခုစလုံးမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဘုန်းတော်ကြီးများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဂျပန်နိုင်ငံမှာ ခရစ်ယာန်ကက်သလစ်သာသနာဝင်တွေဟာ လူနည်းစုဖြစ်ပြီး အရေအတွက်အားဖြင့် ၄ သိန်း ၅ သောင်းလောက်သာ ရှိပါတယ်။

    သာသနာ့ဘောင်ဝင်သူတွေ အိမ်ထောင်မပြုရစည်းမျဉ်းရှိတဲ့ ခရစ်ယာန် ကက်သလစ်သာသနာက ဘုန်းကြီးတစ်ချို့ဟာ သီလရှင်တွေ၊ ဒကာမတွေ၊ ယောက်ျားလေး၊ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကမ္ဘာ့နိုင်ငံတစ်ချို့မှာ သတင်းထွက်ခဲ့ပြီး သြစတေးလျ၊ ချီလီနဲ့ အမေရိကန်အစိုးရတွေကတော့ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

    ဒီကိစ္စကို တိုက်ဖျက်ဖို့ ကမ္ဘာတစ်ဝှမ်းက ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို ဆင့်ခေါ်ကာ ပုပ်ရဟန်မင်းကြီးက ဖေဖော်ဝါရီလမှာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    ဂျပန်နိုင်ငံက ကက်သလစ်အာဏာပိုင်တွေဟာ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်က သာသနာ့နယ်အားလုံးမှာ စစ်တမ်းကောက်ခဲ့ပြီး ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုတဲ့ တိုင်ကြားမှုပေါင်း အနည်းဆုံး ၅ ခု ရရှိခဲ့ပါတယ်။

    ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက စုံစမ်းဖော်ထုတ်မှုရဲ့ ပထမအဆင့်အဖြစ် တိုင်ကြားခံထားရတဲ့ အမှု ၅ ခုကို စစ်ဆေးဖော်ထုတ်ကာ ကျူးလွန်သူတွေကို အရေးယူမှာဖြစ်ပြီး အသေးစိတ်အချက်အလက်ကို အများပြည်သူထံ ထုတ်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒုတိယအဆင့်မှာတော့ တိုင်ကြားမှုမရှိသေးတဲ့ ကျူးလွန်မှုတွေကို စုံစမ်းဖော်ထုတ်မှာဖြစ်ပါတယ်။

    ဘုန်းတော်ကြီးများအသင်းရဲ့ တာဝန်ရှိသူတွေဟာ တနင်္ဂနွေနေ့က ကျူးလွန်ခံရတယ်လို့ တိုင်ကြားထားတဲ့ လူတွေနဲ့ တိုကျိုမှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအထဲက အသက် ၆၂ နှစ်အရွယ် အဖိုးအိုတစ်ဦးက ကလေးဘ၀ ကက်သလစ် တိုကျိုမြို့အနောက်ပိုင်း ကက်သလစ် ယောက်ျားလေးကျောင်းမှာ တက်နေစဉ် ဘုန်းကြီးတစ်ပါးရဲ့ လိင်စော်ကားမှုကို ခံစားခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ နာဂါဆာကီဒေသ ဂိုဏ်းအုပ်ဘုန်းတော်ကြီး မိုင်နီချီ ရှင်ဘွန်က ‘ကျူးလွန်မှုကို ဖော်ထုတ်ဖြေရှင်းဖို့ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့အတွက် ၀မ်းနည်းမိတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဂျပန်နိုင်ငံမှာ ကက်သလစ်အသင်းတော်က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ဘုန်းကြီးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ဂျပန်မီဒီယာတွေက ယခင်က ဖော်ပြခဲ့ဖူးပါတယ်။ နိုင်ငံတစ်ဝှမ်း ဘယ်လောက်များများ ရှိနေလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လာမယ့် နိုဝင်ဘာလမှာ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ရှိနေပြီး ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ နောက်ပိုင်း နှစ် ၄၀ အတွင်း ပထမဆုံးလာရောက်တဲ့ ပုပ်လည်း ဖြစ်ပါတယ်။

    Ref: CNA

  • နှစ် ၂၀ အတွင်း လုပ်သားအင်အားတိုးတက်လာနိုင်မှုကို ဖွံ့ဖြိုးရေးအတွက်အသုံးချရန် ကုလက မြန်မာကို တိုက်တွန်း

    နှစ် ၂၀ အတွင်း လုပ်သားအင်အားတိုးတက်လာနိုင်မှုကို ဖွံ့ဖြိုးရေးအတွက်အသုံးချရန် ကုလက မြန်မာကို တိုက်တွန်း

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    Photo credit – Myanmar Water Portal

    – လာမယ့် ဆယ်စုနှစ်နှစ်ခု နီးပါးအတွင်း အလုပ်လုပ်နိုင်မယ့် အရေအတွက် မြင့်တက်လာဖို့ ရှိနေမှုကို တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံး အသုံးချဖို့ ကုလလူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံ လူဦးရေက ၆၇ ရာခိုင်နှုန်းဟာ လာမယ့် နှစ် ၂၀ အတွင်း အလုပ်လုပ်ကိုင်နိုင်တဲ့အရွယ်ကို ရောက်ရှိလာမှာ ဖြစ်တာကြောင့် နိုင်ငံရဲ့ လုပ်သားလုပ်အားအင်အား မြင့်တက်လာမှာ ဖြစ်ပါတယ်။ မှီခိုသူအရေအတွက်ကတော့ ၂၀၃၅ ခုနှစ်မှာ ၃၃ ရာခိုင်နှုန်းသာ ရှိမှာဖြစ်တယ်လို့ ကုလက ဆိုပါတယ်။

    UNFPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ရာမာနာသန် ဘာလက်ကရစ်ရှ်နန်က အဲဒီလို လုပ်သားအင်အား မြင့်တက်လာမှုဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိထိရောက်ရောက် အသုံးချနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    လုပ်သားအင်အား တိုးတက်မှုကို အသုံးချနိုင်ဖို့အတွက် အစိုးရအနေနဲ့ လူငယ်တွေရဲ့ အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ပေးတာ၊ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မြှင့်တင်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာတွေလုပ်ဖို့ လိုအပ်တယ်လို့ UNFPA က ပြောပါတယ်။ ဘာလက် ကရစ်ရှ်နန်က မြန်မာအစိုးရဟာ ဒီအတွက် အစီအစဉ်ဆွဲဖို့ အချိန်ရှိသေးတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လမ်းတွေဖောက်လုပ်တာ၊ နည်းပညာ၊ ဘဏ်လုပ်ငန်းတွေလို အခြေခံအအဆောက်အဦးတွေ ခိုင်ခိုင်မာမာ ဖြစ်လာဖို့၊ အရည်အသွေးမြင့် ပညာရေးနဲ့ ကျန်းမာရေးစနစ်၊ အလုပ်အကိုင် ဖန်တီးမှုတွေကို ပိုမိုလုပ်ဆောင်ဖို့လည်း ကရစ်ရှ်နန်က တိုက်တွန်းပါတယ်။

    “လူငယ်တွေအတွက် ပိုမိုပြီး ရင်းနှီးမြှုပ်နှံပါ။ တော်တော်များများ လုပ်ထားပြီးဖြစ်ပေမယ့် လူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေပါသေးတယ်”

    ၁၉၉၄ ခုနှစ်က ‘လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်’ ကို ရေးထိုးပြီးနောက်ပိုင်း ၂၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ လိင်ပိုင်းဆိုင်ရာ၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးနဲ့ အခွင့်အရေးတွေမှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ အဲဒီအထဲက အောင်မြင်မှုတစ်ခုဟာ အမျိုးသမီးတစ်ဦးရဲ့ ပျှမ်းမျှမွေးနှုန်းကို ၆ ဦးကနေ ၂.၅ ဦးအထိ လျှော့ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: mmtimes

  • အမေရိကန်နှင့် အီရန်တို့က စစ်တပ်များကို အကြမ်းဖက်အဖွဲ့အဖြစ် အပြန်အလှန် သတ်မှတ်

    အမေရိကန်နှင့် အီရန်တို့က စစ်တပ်များကို အကြမ်းဖက်အဖွဲ့အဖြစ် အပြန်အလှန် သတ်မှတ်

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    IRGC တပ်ဖွဲ့ဝင်များ

    – နိုင်ငံရဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာကို တုန့်ပြန်တဲ့အနေနဲ့ အီရန်က အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခဲ့ပြီး အမေရိကန်အစိုးရဟာ ‘အကြမ်းဖက်အားပေးအစိုးရ’ ဖြစ်တယ်လို့ သမုတ်လိုက်ပါတယ်။

    အီရန်နိုင်ငံရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ် IRGC ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က အီရန်နဲ့ ရရှိထားတဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်အစိုးရက ပြီးခဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အီရန်အပေါ် စီးပွားအရေးအရ ပိတ်ဆို့မှုတွေ ပိုမိုပြုလုပ်ခဲ့တာပါ။

    အရင်က IRGC နဲ့ ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး မနေ့ကတော့ တပ်ဖွဲ့တစ်ခုလုံးကို ပစ်မှတ်ထားခဲ့ပါတယ်။

    အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက IRGC တပ်ဖွဲ့ဟာ အီရန်နိုင်ငံကို ကာကွယ်သူတွေဖြစ်ပြီး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်က အမှားတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်ရဲ့ ဒီအမှားက အီရန်ပြည်သူတွေကို စုစည်းစေကာ အစောင့်တပ်ဖွဲ့ကိုလည်း အီရန်မှာ ပိုပြီး လူကြိုက်များလာမှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဒေသတွင်းမှာ အကြမ်းဖက်သမားတွေကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေပြီး အစောင့်တပ်ဖွဲ့က ဆီးရီးယားကနေ အီရတ်အထိ အဲဒီအကြမ်းဖက်သမားတွေကို တိုက်ထုတ်နေရပါတယ်”

    ထရမ့်ရဲ့ ဒီလုပ်ရပ်ကို တုန့်ပြန်တဲ့အနေနဲ့ အီရန်အစိုးရက အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် CENTCOM ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာကာ၊ အမေရိကန်အစိုးရကိုလည်း အကြမ်းဖက်အားပေးအစိုးရအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က အမေရိကန်အနေနဲ့ အီရန်အပေါ် ထပ်ပြီး ဖိအားပေးနေမယ်ဆိုရင် ၂၀၁၅ စာချုပ်အရ ရပ်ဆိုင်းထားတဲ့ ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် နှုတ်ထွက်သွားပေမယ့် စာချုပ်မှာပါဝင်တဲ့ အခြား အင်အားကြီး ၅ နိုင်ငံကတော့ နှုတ်ထွက်ခြင်း မရှိသေးပါဘူး။ နိုင်ငံက ပိုင်ဆိုင်ထားတဲ့ ဒုံးကျည်တွေဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ပစ်ခတ်နိုင်တဲ့ အတိုင်းအတာအထိ ရောက်နေပြီလို့ အီရန်တာဝန်ရှိသူတွေဟာ ယခင်တုန်းက ပြောကြားထားဖူးပြီး၊ ဖိအားအလွန်အကျွံပေးလာရင် ရေနံတင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရလိမ့်မယ်လို့လည်း ပြောကြားဖူးပါတယ်။

    Ref: Aljazeera