News @ M-Media

Author: Ko Lay

  • သီလရှင်တစ်ပါးကို အကြိမ်ကြိမ်အဓမ္မကျင့်သည့် ကက်သလစ်ဘုန်းကြီးကို အိန္ဒိယက တရားစွဲ

    သီလရှင်တစ်ပါးကို အကြိမ်ကြိမ်အဓမ္မကျင့်သည့် ကက်သလစ်ဘုန်းကြီးကို အိန္ဒိယက တရားစွဲ

    ဧပြီ ၁၀၊ ၂၀၁၉
    M-Media

    မူလက်ကာလ်ကိစ္စအတွက် ပြည်သူများ ဆန္ဒပြမှု

    – သီလရှင်တစ်ပါးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တယ်လို့ သတင်းတွေထွက်နေတဲ့ ခရစ်ယာန်ကက်သလစ် ဂိုဏ်းအုပ် ဘုန်းတော်ကြီး တစ်ပါးကို အိန္ဒိယအာဏာပိုင်တွေက တရားစွဲဆိုလိုက်ပါတယ်။

    ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖရန်ကို မူလက်ကာလ်ဟာ နိုင်ငံ အနောက်တောင်ပိုင်း ကီရာလာပြည်နယ်က ဘုရားကျောင်းရဲ့ ဧည့်ဆောင်မှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သီလရှင်တစ်ပါးကို ၁၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က မူလက်ကာလ်ကို တရားစွဲဖို့အတွက် ကာဒီနယ်တစ်ပါး၊ ဂိုဏ်အုပ်ဘုန်းကြီး ၃ ပါး၊ ဘုန်းကြီး ၁၁ ပါးနဲ့ သီလရှင် ၂၅ ပါး အပါအ၀င် မျက်မြင်သက်သေ ၈၈ ဦးထံက ထွက်ချက်တွေ ယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆေးစစ်ချက်အရလည်း အဲဒီသီလရှင်ဟာ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

    ဒီကျူးလွန်မှုကို ရဲတွေက ဖုံးကွယ်ပေးထားတယ်လို့ဆိုကာ ပြည်သူလူထုက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ မူလက်ကာလ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်လအကြာမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

    မူလက်ကာလ်ဟာ နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က ဂျာလန်ဟာက ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်ပြီး သာသနာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် ကီရာလာပြည်နယ်ကို မကြခဏ သွားရတယ်လို့ သူ့သာသနာ့နယ်ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    အိန္ဒိယာမှာ ခရစ်ယာန်ဘာသာဝင်ဟာ လူနည်းစုဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၂.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကီရာလာပြည်နယ်က ခရစ်ယာန်ဘာသာဝင် အများစုရှိရာဒေသ ဖြစ်ပါတယ်။

    Ref: CNN

  • စင်ကာပူ၌ ယခုနှစ်အတွင်း မိုးပျံတက္ကဆီ စတင်စမ်းသပ် အသုံးပြုမည်

    စင်ကာပူ၌ ယခုနှစ်အတွင်း မိုးပျံတက္ကဆီ စတင်စမ်းသပ် အသုံးပြုမည်

    ဧပြီ ၁၀၊ ၂၀၁၉
    M-Media

    အသုံးပြုမည့်ယာဉ် (Photo Credit – CNA)

    – ပထမဆုံး မိုးပျံတက္ကှဆီကို အခုနှစ်အတွင်း စမ်းသပ်ပြေးဆွဲသွားမယ်လို့ စင်ကာပူ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ CAAS က မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ဂျာမနီကုမ္ပဏီ Volocopter နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဲဒီ စမ်းသပ်မှုကို နိုင်ငံတောင်ပိုင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ CAAS ဒုတိယညွှန်ကြားရေးမှူး တန်ချွန်ဝေက ပြောကြားခဲ့ပါတယ်။

    “ပထမဆုံးအဆင့်အနေနဲ့ စမ်းသပ်မှုလောက်ပဲ ဖြစ်မှာပါ။ ရေပေါ်မှာလည်း ဖြတ်ပျံဖို့ရှိပြီး အဲဒီလို ပျံတဲ့နေရာမှာ အများပြည်သူအတွက် အန္တရာယ်မဖြစ်စေဖို့ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကို Volocopter နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်”

    Volocopter စီအီးအို ဖလော်ရီရန် ရောက်တာက စမ်းသပ်မှုကို အခုနှစ် ဒုတိယနှစ်ဝက်အစမှာ ပြုလုပ်မယ်လို့ ပြောပါတယ်။ အသုံးပြုမယ့်ယာဉ်တွေ၊ စက်ပြင်အဖွဲ့ကိုတွေကို စင်ကာပူ ပို့ဆောင်တာ၊ ယာဉ်တွေထားဖို့နေရာ စီမံတာတွေဟာ အချိန်ယူရမှာ ဖြစ်တာကြောင့် အများပြည်သူ အမှန်တကယ်အသုံးပြုနိုင်ဖို့အတွက် နောက်ထပ် လအနည်းငယ်လောက် စောင့်ရဖို့ ရှိနေပါတယ်။

    Volocopter မိုးပျံတက္ကဆီဟာ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း သာမန် ကားငှားစီးတဲ့ စားရိတ်လောက်အထိ သက်သာသွားမယ်လို့ မျှော်လင့်ကြောင်း ရောက်တာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အဲဒီယာဉ်ကို ဖိုက်ဘာအသားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလေးချိန် ၄၅၀ ကီလိုဂရမ်ရှိပါတယ်။ ဒေါင်လိုက်ပျံတက်တာ၊ ဆင်းသက်တာ လုပ်နိုင်မှာဖြစ်သလို ခရီးသည် ၂ ယောက်တင်ဆောင်ကာ ကီလိုမီတာ ၃၀ အကွာအဝေးအထိ ပျံသန်းနိုင်မှာပါ။ Volocopter ဟာ ရဟတ်ယာဉ်နဲ့ ဆင်တူပေမယ့် ဒရုန်းနည်းပညာကို အခြေခံထားပါတယ်။ လေယာဉ်မှူးနဲ့ မောင်းနိုင်သလို အဝေးထိန်းစနစ်နဲ့လည်း မောင်းနှင်နိုင်ပါတယ်။

    ရောက်တာက စင်ကာပူမှာ Volocopter ယာဉ်တွေကို ခရီးသည်ပို့ဆောင်ရေးအတွက်သာ မကဘဲ အခြားကိစ္စတွေအတွက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ဘန်ကောက်ရှိ နာမည်ကြီးရှော့ပင်းစင်တာတွင် မီးလောင်မှုကြောင့် အနည်းဆုံး ၂ ဦးသေဆုံး

    ဘန်ကောက်ရှိ နာမည်ကြီးရှော့ပင်းစင်တာတွင် မီးလောင်မှုကြောင့် အနည်းဆုံး ၂ ဦးသေဆုံး

    ဧပြီ ၁၀၊ ၂၀၁၉
    M-Media

    မီးလောင်မှုပုံရိပ်

    – ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ကောင်က နာမည်ကြီး ဈေးဝယ်စင်တာ Central World မှာ ဒီကနေ့ ညနေပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ တော်တော်များများ ရှိနေပါတယ်။

    Central World ဟာ ဈေးဝယ်စင်တာအပြင် လူနေအိမ်တွေ၊ ဟိုတယ်တွေရှိတဲ့ အဆောက်အဦးဖြစ်ပြီး ၈ လွှာက စာရွက်စာတမ်း ထားတဲ့အခန်းကနေ ညနေ ၆ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းတာလို့ ထိုင်းမီဒီယာတစ်ချို့က ဖော်ပြကြပါတယ်။

    ဘန်ကောက်မြို့တော်ဝန် အက်စ်ဝင် ကွမ်မူအန်က မီးလောင်မှုအတွင်း အနည်းဆုံး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ်လို့ ပြောကြားခဲ့ပါတယ်။ မီးဘေးကနေ လွတ်မြောက်ဖို့အတွက် ပြတင်းပေါက်ကနေ ခုန်ချရင်း သေဆုံးသွားသူတွေလည်း ရှိနေပါတယ်။ ဈေးဝယ်စင်တာက လူအများအပြားကို ဘေးလွတ်ရာကို အလျင်အမြန် ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။

    ဘန်ကောက်မြိုရဲ့ အချက်အခြာနေရာမှာ တည်ရှိတဲ့ Central World ဈေးဝယ်စင်တာဟာ ၂၀၁၀ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုမှာ မီးရှို့ခံခဲ့ရဖူးပါတယ်။

    Ref: CNA

  • နောက်ဆုံးပေါ်အမေရိကန်တိုက်လေယာဉ် ဂျပန်တွင်ပျက်ကျ

    နောက်ဆုံးပေါ်အမေရိကန်တိုက်လေယာဉ် ဂျပန်တွင်ပျက်ကျ

    ဧပြီ ၁၀၊ ၂၀၁၉
    M-Media

    F-35 တိုက်လေယာဉ်

    – အမေရိကန်လုပ် နောက်ဆုံးပေါ် တိုက်လေယာဉ် F-35 တစ်စင်းဟာ မနေ့က ဂျပန်နိုင်ငံမှာ လေ့ကျင့်ပျံသန်းရင်း ပျက်ကျခဲ့ပြီး အာဏာပိုင်တွေက လေယာဉ်မှူးနဲ့ လေယာဉ် အစိတ်အပိုင်း ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

    နိုင်ငံမြောက်ပိုင်း Misawa လေတပ်စခန်းကနေ ပျံသန်းပြီး သိပ်မကြာခင်မှာ ရေဒါကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး မပျောက်ခင် လေယာဉ်မှူးက လေ့ကျင့်မယ့်အစီအစဉ်ကို ဖျက်သိမ်းဖို့ သတင်းပေးပို့ခဲ့တယ်လို့ ဂျပန်စစ်ဖက် တာဝန်ရှိသူတွေက ပြောပါတယ်။

    ကာကွယ်ရေးဝန်ကြီး တာကာရှီ အီဝါယာက ပျောက်ဆုံးသွားတဲ့ F-35 လေယာဉ်က အစိတ်အပိုင်းတစ်ချို့ကို ဒီကနေ့မနက်ပိုင်းမှာ တွေ့ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    လေယာဉ်မှူးဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး လေယာဉ်မောင်းချိန် နာရီ ၃၂၀၀ ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် အမည်ဖော်ပြခြင်း မရှိပါဘူး။ လက်ရှိမှာတော့ လေယာဉ်မှူးနဲ့ လေယာဉ်အစိတ်အပိုင်းတွေကို ရှာဖွေနေပါတယ်။

    အမေရိကန်ကုမ္ပဏီ Lockheed Martin က ထုတ်လုပ်တဲ့ F-35 တိုက်လေယာဉ်ဟာ ကမ္ဘာ့ အဆန်းသစ်ဆုံး အင်ဂျင်၊ လေကြောင်းဆိုင်ရာ နည်းပညာတွေနဲ့ လက်နက်စနစ်တွေ တပ်ဆင်ထားတဲ့ ကိုယ်ပျောက်လေယာဉ် ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်က ဒီလေယာဉ်ဟာ ထုတ်ခဲ့သမျှ တိုက်လေယာဉ်အားလုံးမှာ အကြမ်းခံဆုံး၊ စိတ်ချရဆုံးဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

    ၂၀၁၈ ခုနှစ် သြဂုတ်လအထိ Lockheed Martin ဟာ F-35 တိုက်လေယာဉ် စုစုပေါင်း အစင်း ၃၁၀ ကျော်ကို ကမ္ဘာတစ်ဝှမ်းက စစ်တပ်တွေဆီ ရောင်းချထားပါတယ်။ ကန်ဒေါ်လာ သန်း ၁၀၀ တန် အဲဒီတိုက်လေယာဉ်ကို ဂျပန်က ပြီးခဲ့တဲ့ ၁၁ ရက်ကမှ စတင်အသုံးပြုတာဖြစ်ပြီး Misawa လေတပ်စခန်းမှာ စုစုပေါင်း ၁၃ စင်း ထားရှိထားပါတယ်။

    အီဝါယာက မနေ့က F-35 လေယာဉ် ပျက်ကျမှုအတွက် စုံစမ်းစစ်းဆေးမှု ပြီးတဲ့အချိန်အထိ ကျန်တဲ့ ၁၂ စင်းကို ပျံသန်းမှု ရပ်ဆိုင်းထားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပျက်ကျမှုဟာ လေယာဉ်ထုတ်လုပ်မှု လုပ်ငန်းမှာ မှားယွင်းချွတ်ချော်မှုတွေ ရှိခဲ့လို့ဖြစ်တယ်လို့ အမေရိကန် စစ်ရေးကျွမ်းကျင်သူတစ်ချို့က သုံးသပ်ထားပါတယ်။

    Ref: CNN

  • ဒူဘိုင်းမှ ‘ကုရ်အာန်ပန်းခြံ’ ကို ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်

    ဒူဘိုင်းမှ ‘ကုရ်အာန်ပန်းခြံ’ ကို ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    – ကုန်အာန်ကျမ်းတော်မြတ်ထဲက အကြောင်းအရာတွေ၊ ဗဟုသုတရစရာတွေကို သရုပ်ဖော် ရှင်းလင်းပြသထားတဲ့ ‘ကုရ်အာန်ပန်းခြံ’ (Quranic Park) တစ်ခုကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ဖွင့်လှစ်လိုက်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြတယ်လို့ သိရပါတယ်။

    စတင်ဖွင့်လှစ်ခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ ပြည်တွင်း၊ ပြည်ပက လူပေါင်း ၁ သိန်းလောက် လာရောက်ကြည့်ရှုခဲ့ပြီး အဘူဒါဘီက ရှိခ်ဇေယာဒ်ဗလီဝတ်ကျောင်းတော်ပြီးတဲ့နောက် ယူအေအီးမှာ ခရီးသွားတွေ စိတ်ဝင်စားတဲ့ နောက်ထပ်နေရတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ဖော်ပြထားတဲ့ သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာအချို့နဲ့ နေရာတွေကို Quranic Park ပန်းခြံထဲမှာ သရုပ်ဖော် တည်ဆောက်ထားသလို၊ ပန်ခြံပေါင်း ၁၂ ခု ရှိပါတယ်။

    စပျစ်သီးပင်၊ သဖန်းသီးပင်၊ သလဲသီးပင်နဲ့ သံလွင်ပင်တွေလို ကုရ်အာန်နဲ့ တမန်တော် မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တွေမှာ ပါရှိတဲ့ ဆေးဖက်ဝင်အတွေကို ပန်းခြံတွေထဲမှာ စိုက်ပျိုးထားပြီး၊ အဲဒီအပင်တွေရဲ့ အာနိသင်တွေကို ရှင်းလင်းပြသထားတဲ့ ပြခန်းတွေလည်း ပါဝင်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေက တမန်တော် အီဆာလို့သိကြတဲ့ ယေရှုခရစ်တော်အကြောင်း အပါအ၀င် ကုရ်အာန်ကျမ်းစာထဲမှာ ပါဝင်တဲ့ ရှေးတမန်တော်တွေအကြောင်း 3D ပုံရိပ်တွေနဲ့ ရှင်းပြပေးတဲ့ အစီအစဉ်ကိုလည်း Quranic Park ထဲမှာ ပြသပေးပါတယ်။

    “ဒါက သိပ်ကောင်းတဲ့အစီအစဉ်ဗျ။ ကျွန်တော်တို့သာသနာရဲ့ တကယ့်အဆုံးအမတွေကို ဒီမှာ ပြသထားတာ။ တစ်ချိန်ထဲမှာပဲ အပန်းလည်း ဖြေလို့ရတယ်လေ။ စိမ်းစိမ်းစိုစို သစ်ပင်လေးတွေနဲ့ သာယာတဲ့ ဥယာဉ်ခြံလေးပေါ့” လို့ လာရောက်လည်ပတ်သူတစ်ဦးဖြစ်တဲ့ အေနန် အလ်-ဟူရာနီက ပြောကြားခဲ့ပါတယ်။

    Ref: Reuters