News @ M-Media

Author: Ko Lay

  • 737 Max အမျိုးအစားလေယာဉ်၏ ချို့ယွင်းမှုကို ဖြေရှင်းပြီးဟု ဘိုးအင်းထုတ်ပြန်

    737 Max အမျိုးအစားလေယာဉ်၏ ချို့ယွင်းမှုကို ဖြေရှင်းပြီးဟု ဘိုးအင်းထုတ်ပြန်

    မတ် ၂၈၊ ၂၀၁၉
    M-Media

    ဘိုးအင်း 737 Max လေယာဉ်

    – ၅ လအတွင်း 737 Max လေယာဉ် ၂ စီး ပျက်ကျမှုမှာ သံသယဖြစ်စရာရှိနေတဲ့ အငြင်းပွားဖွယ် ထိန်းချုပ်ရေးစနစ်ကို ပြင်ဆင်ပြီးပြီလို့ ဘိုးအင်းကုမ္ပဏီက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ၂၀၁၈ ခုနှစ် အောက်တိုဘာလက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air နဲ့ အခုလအစောပိုင်း Ethiopian လေကြောင်းလိုင်းတို့က ဘိုးအင်း 737 Max လေယာဉ်နှစ်စီးဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

    ပျက်ကျမှုနှစ်ခုစလုံးဟာ MCAS လို့ခေါ်တဲ့ အလိုအလျောက် လေယာဉ်ထိန်းချုပ်မှုစနစ် ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပေမယ့် စုံစမ်းစစ်ဆေးမှု တရားဝင်ကောက်ချက်တော့ ထွက်မလာသေးပါဘူး။

    မနေ့က ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ဘိုးအင်းက MCAS စနစ်အပါအ၀င် 737 Max ရဲ့ ထိန်းချုပ်မှုဆော့ဖ်ဝဲတွေကို အဆင့်မြှင့်တင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် သတိပေးချက်စနစ်တစ်ခုကိုလည်း ဘိုးအင်းက 737 Max လေယာဉ်တွေမှာ တပ်ဆင်ပေးမှာဖြစ်ပါတယ်။ အရင်က အဲဒီသတိပေးချက်စနစ်ကို ၀ယ်ယူတဲ့ လေကြောင်းလိုင်းရဲ့ ဆန္ဒအတိုင်း မတပ်လည်းရပေမယ့် အခုအချိန်မှာတော့ 737 Max လေယာဉ်အားလုံးကို တပ်ပေးသွားမှာဖြစ်ကြောင်း ဒီအတွက် အပိုငွေ မယူကြောင်း ဘိုးအင်းက ပြောကြားခဲ့ပါတယ်။

    ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈၉ ဦးစလုံး သေဆုံးခဲ့တဲ့ Lion Air လေကြောင်းလိုင်းက လေယာဉ်ပျက်ကျမှုဟာ MCAS စနစ် ချို့ယွင်းမှုကြောင့်ဖြစ်ပြီး လေယာဉ်ဟာ အကြိမ် ၂၀ ကျော်လောက် ခေါင်းထိုးစိုက်ဆင်းခဲ့ကာ နောက်ဆုံးအကြိမ်မှာတော့ ပင်လယ်ထဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ FAA က Ethiopian လေကြောင်းလိုင်းကလေယာဉ် ပျက်ကျမှုမှာ ဒီလိုတူညီမှုတွေ ရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဘိုးအင်းက ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှုကြောင့် ဆင်ဆာတွေက အချက်အလက်ဖတ်ရှုမှု မတူညီတာမျိုးဖြစ်လာရင် MCAS စနစ်က အလိုအလျောက် ပိတ်သွားမှာဖြစ်ပါတယ်။

    Ethiopian လေကြောင်းလိုင်းက လေယာဉ် ပျက်ကျပြီးနောက်ပိုင်း ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ 737 Max အမျိုးအစားအားလုံးကို ပျံသန်းမှု ရပ်ဆိုင်းခဲ့ပါတယ်။ ဘိုးအင်းက ပြင်ဆင်မှုလုပ်ပေမယ့် ရပ်ဆိုင်းထားတဲ့လေယာဉ်တွေ ဘယ်တော့လောက်မှ အသုံးပြုမလဲဆိုတာကို မသိရသေးပါဘူး။

    Ref: BBC

  • ဂိုလန်ကုန်းမြင့်ဒေသကိစ္စအတွက် လုံခြုံရေးကောင်စီတွင် အမေရိကန် ရှုတ်ချခံရ

    ဂိုလန်ကုန်းမြင့်ဒေသကိစ္စအတွက် လုံခြုံရေးကောင်စီတွင် အမေရိကန် ရှုတ်ချခံရ

    မတ် ၂၈၊ ၂၀၁၉
    M-Media

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့်အတူ တွေ့ရသည့် ဒေါ်နယ်ထရမ့်

    – ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေး အချုပ်အခြာပိုင်အဖြစ် သတ်မှတ်မှုအတွက် အမေရိကန်ဟာ မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

    အစ္စရေးဟာ ဂိုလန်ကုန်းမြင့်ဒေသကို ၁၉၆၇ ခုနှစ်က ကျူးကျော်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၁၉၈၁ ခုနှစ်မှာ သူ့ရဲ့ပိုင်နက်ထဲ ထည့်သွင်းခဲ့ပါတယ်။ အမေရိကန်ဟာ အရင်က ကမ္ဘာနိုင်ငံတွေနည်းတူ ဒီကိစ္စကို လက်မခံခဲ့ပေမယ့် တနင်္လာနေ့မှာ သမ္မထရမ့်က ဂိုလန်ဒေသကို အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ အဖွဲ့ဝင် ၁၄ နိုင်ငံစလုံးက အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဂိုလန်ဒေသဟာ ဆီးရီးယားပိုင်သာဖြစ်တယ်လို့ ထပ်မံ အတည်ပြု ပြောကြားခဲ့ပါတယ်။

    “ဒီလိုတစ်ဖက်သက် ဆောင်ရွက်မှုဟာ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေအတွက် ရေရှည်တည်တံ့တဲ့အဖြေမျိုးထွက်ရေး ဘာအထောက်အပံ့မှ မဖြစ်ပါဘူး” လို့ ကုလဆိုင်ရာ တောင်အာဖရိက သံအမတ် ဂျယ်ရီ မက်ဂျီလာက ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားကလည်း အမေရိကန်အနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြင်သစ်ကလည်း နိုင်ငံတကာဥပဒေတွေကို လစ်လျူရှုတဲ့ လုပ်ဆောင်ချက်တွေဟာ အောင်မြင်မှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

    ဂိုလန်ဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ဆီးရီးယားပိုင်နက်သာဖြစ်တယ်ဆိုတဲ့ ကုလရဲ့ဆုံးဖြတ်ချက်တွေကို တရုတ်သံအမတ်က ထောက်ပြခဲ့ပြီး ဒီအချက်နဲ့ဆန့်ကျင်တဲ့ တစ်ဖက်သတ်လုပ်ရပ်ကို တရုတ်ဖက်က ဆန့်ကျင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကတော့ အခုလိုအသိအမှတ်ပြုလိုက်တာဟာ အစ္စရေးရဲ့ လုံခြုံရေးအတွက်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး လုံခြုံရေးအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ကာကွယ် ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လူဖြူအစွန်းရောက် အမျိုးသားရေးဝါဒ ရေးသားပြောဆိုမှုကို Facebook က လုံးဝ ဖယ်ရှားမည်

    လူဖြူအစွန်းရောက် အမျိုးသားရေးဝါဒ ရေးသားပြောဆိုမှုကို Facebook က လုံးဝ ဖယ်ရှားမည်

    မတ် ၂၈၊ ၂၀၁၉
    M-Media

    အစွန်းရောက်အမျိုးသားရေးဝါဒကို ဖယ်ရှားမည်ဟု Facebook Blog တွင် ရေးသားထုတ်ပြန်ထားမှု

    – မိမိတို့ပလက်ဖောင်းပေါ်ကနေ လူဖြူအစွန်းရောက် အမျိုးသားရေးဝါဒ၊ ခွဲထွက်ရေးဝါဒကို ချီးကျူးမှု၊ ကိုယ်စားပြုမှုနဲ့ ထောက်ခံအားပေးတဲ့ ရေးသားမှုတွေအားလုံးကို ပယ်ဖျက်သွားမယ်လို့ Facebook က မနေ့မှာ ကြေငြာလိုက်ပြီး နယူးဇီလန်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဝေဖန်ခံခဲ့ရတဲ့နောက်ပိုင်း ဒီလိုဆောင်ရွက်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    Facebook ဟာ American pride ၀ါဒနဲ့ Basque separatism ၀ါဒတို့လို လူမျိုးစုအမှတ်သညာကို ဖော်ထုတ်တဲ့ လူဖြူအမျိုးသားရေးဝါဒ၊ လူမျိုးကိုအခြေခံတဲ့တိုင်းပြည် ထူထောင်ဖို့ ရေးသားဆော်သြမှုတွေကို အရင်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

    အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ၃ လတာ ဆွေးနွေးအဖြေရှာမှုနောက်ပိုင်း အမျိုးသားရေးဝါဒဟာ အစွန်းရောက်ဝါဒ၊ အမုန်းဝါဒတွေနဲ့ သိသိသာသာ ကွဲပြားခြားမှု မရှိဘူးဆိုတာ တွေ့ခဲ့ရကြောင်း မနေ့က သူတို့ရဲ့ ဘလော့စာမျက်နှာမှာ Facebook က ရေးသားခဲ့ပါတယ်။

    ပလက်ဖောင်းမှာ အကြမ်းဖက်အဖွဲ့တွေ ရှိနေမှု၊ သူတို့ရဲ့ဝါဒဖြန့်မှုတွေကို တားဆီးဟန့်တားရေး ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်လို့လည်း Facebook က ကတိပြု ပြောဆိုခဲ့ပါတယ်။ လူဖြူအစွန်းရောက် အမျိုးသားရေးဝါဒနဲ့ ပတ်သက်တဲ့ စာလုံးတွေကို အသုံးပြုသူတွေက ရေးသားတာ၊ ရှာဖွေတာတွေဟာ လက်ယာစွန်းရောက်ဝါဒကို စောင့်ကြည့်နေတဲ့အဖွဲ့ထံ ချက်ခြင်း ရောက်ရှိသွားမယ်လို့လည်း Facebook က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မတ် ၁၅ ရက်နေ့ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော်နှစ်လုံးကို လူဖြူအစွန်းရောက်တစ်ဦးက သေနတ်နဲ့ ၀င်ရောက်အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုကို အချိန်မီ ဖြုတ်မချနိုင်ခဲ့တဲ့အတွက် Facebook ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဝေဖန်ခံခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်း ကမ္ဘာ့ခေါင်းဆောင်တွေက အစွန်းရောက်ရေးအဖွဲ့တွေရဲ့ လွှင့်တင်မှုတွေကို တာဝန်ယူမှုရှိရှိ ကိုယ်တွယ်ဆောင်ရွက်သွားဖို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို တိုက်တွန်းခဲ့ပါတယ်။

    လူ ၅၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ခရိုက်ချက်အကြမ်းဖက်မှုကို ကျူးလွန်သူ သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက် ဘရန်တန် တားရန့်ဟာ ဥရောပက လူဖြူအမျိုးသားရေး အစွန်းရောက်အုပ်စုတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာ့မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

    တားရန့် ပိုက်ဆံလှူခဲ့တဲ့ သြစတြီးယားက လူဖြူအမျိုးသားရေးအဖွဲ့ ခေါင်းဆောင်ရဲ့အိမ်ကို သြစတြီးယား အာဏာပိုင်တွေက အခုတစ်ပတ်အစောပိုင်းမှာ ၀င်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

    Ref: BBC

  • လူတိုင်းဝယ်စီးနိုင်မည့် ပြည်တွင်းဖြစ်ကားပျံ နမူနာပုံစံကို မလေးရှားထုတ်ပြ

    လူတိုင်းဝယ်စီးနိုင်မည့် ပြည်တွင်းဖြစ်ကားပျံ နမူနာပုံစံကို မလေးရှားထုတ်ပြ

    မတ် ၂၇၊ ၂၀၁၉
    M-Media

    – မလေးရှားဟာ ပြည်တွင်းထုတ် ကားပျံ နမူနာဒီဇိုင်းကို ဒီကနေ့မှာ ထုတ်ပြလိုက်ပြီး အခုနှစ်ဇွန်လအတွင်း အသုံးပြုနိုင်တော့မယ်လို့ ပြောကြားလိုက်ပါတယ်။

    Vector လို့အမည်ပေးထားတဲ့ အဲဒီကားပျံကို လန်ကာဝီမှာလုပ်တဲ့ နိုင်ငံတကာ ရေကြောင်းနှင့် လေကြောင်းပြပွဲ International Maritime and Aerospace 2019 မှာ ထုတ်ပြလိုက်တာဖြစ်ပါတယ်။

    ကားပျံကို ဒရုန်းနည်းပညာအခြေပြုကာ တည်ဆောက်ထားပြီး ခရီးသည်နဲ့ ပစ္စည်းတွေ ပို့ဆောင်ဖို့၊ ထောက်လှမ်း စောင့်ကြည့်ဖို့ စတဲ့ လုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ ဒီဇိုင်းဆွဲဖန်းတီးတဲ့ ကုမ္ပဏီရဲ့ တာဝန်ရှိသူ အင်မ်ယဇ် မိုဟာမက်က ပြောကြားခဲ့ပါတယ်။

    “Vector ကို မော်တာ ၄ လုံး၊ လစ်သီယံ-အိုင်းယွန်း ဘတ္ထရီနဲ့ တည်ဆောက်ထားပြီး ကောင်းကင်မှာ ပျံနိုင်မှာ ဖြစ်ပါတယ်။ ပစ္စည်းတွေကိုလည်း ၁၅၀ ကီလိုဂရမ်ကနေ ၂၀၀ ကီလိုဂရမ်အထိ သယ်နိုင်မှာပါ။ မြေပြင်အထက် မီတာ ၅၀လောက်မှာ တစ်နာရီကို ၆၀ ကီလိုမီတာနဲ့ နာရီဝက်ကနေ တစ်နာရီခွဲအထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်”

    ပထမဆုံး နမူနာကားပျံကို အစောဆုံး ဇွန်လလောက်မှာ စတင်ပျံသန်းနိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးကြောင်း အင်မ်ယဇ်က ပြောကြားခဲ့သလို မလေးရှားအစိုးရရဲ့ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ကုမ္ပဏီသက်တမ်းဟာ ၄ နှစ်သာရှိသေးပေမယ့် ဒရုန်နည်းပညာနဲ့ပတ်သက်ပြီး အတွေ့အကြုံအများအပြား ရှိနေပါတယ်။

    စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၀န်ကြီး မိုဟာမက် ရဒ်ဇူအန် မိုဟာမက် ယူစွဖ်က အန္တရာယ်ကင်းကင်းနဲ့ အနိမ့်ပျံသန်းနိုင်မယ့် မလေးရှားနိုင်ငံရဲ့
    ပထမဆုံးကားပျံ နမူနာကို မကြာခင် ထုတ်ပြမယ်လို့ ပြောဆိုပြီး တစ်လအကြားမှာ Vector ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    လန်ကာဝီမှာပြုလုပ်တဲ့ International Maritime and Aerospace 2019 ပြပွဲမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံက ကုမ္ပဏီ ၂၀၀ လောက်ဟာ ကာကွယ်ရေးနဲ့ဆက်စပ်တဲ့ တီထွင်မှုပေါင်း ၄၀၆ ခုကို ၀င်ရောက်ပြသခဲ့ကြပါတယ်။

    Ref: CNA

  • အာကာသယာဉ်ပစ် ဒုံးခွင်းစနစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ဟု အိန္ဒိယကြေငြာ

    အာကာသယာဉ်ပစ် ဒုံးခွင်းစနစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ဟု အိန္ဒိယကြေငြာ

    မတ် ၂၇၊ ၂၀၁၉
    M-Media

    ဂြိုဟ်တုခွင်းဒုံးကျည် စမ်းသပ်အောင်မြင်ကြောင်း မိုဒီ ကြေငြာနေစဉ်

    – မိမိတို့နိုင်ငံဟာ အာကာသယာဉ်ပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဒီကနေ့မှာ ကြေငြာလိုက်ပြီး၊ အာကာသ စူပါပါဝါနိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပြီလို့ ဆိုပါတယ်။

    အိန္ဒိယဟာ သူတို့ရဲ့ ကိုယ်ပိုင် အာကာသယာဉ်တစ်ခုကို ပစ်ချကာ ဒုံးကျည်ကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုကြောင့် ကမ္ဘာပေါ်မှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးရင် အာကာသယာဉ် ဒုံးခွင်းစနစ်ကို ပိုင်ဆိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။ နိုင်ငံအရှေ့ပိုင်း ကျွန်းတစ်ခုက ဒီဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီလက်နက်ဟာ ပြည်ပရန်တွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

    “အာကာသထဲက ကီလိုမီတာ ၃၀၀ အကွာ ကမ္ဘာဂြိုဟ်အနိမ့်ပိတ်လမ်းမှာရှိတဲ့ အာကာယာဉ်ကို ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေက အောင်မြင်စွာ ပစ်ချနိုင်ခဲ့ပါတယ်။ ဒီကနေ့မှာ အိန္ဒိယဟာ မကြုံစဖူးအောင်မြင်မှုတစ်ခုကို ရရှိခဲ့ပါပြီ။ အာကာသ အင်အားကြီးနိုင်ငံတွေစာရင်းမှာ အိန္ဒိယလည်း ပါဝင်သွားပါပြီ” လို့ ရုပ်သံမိန့်ခွန်းမှာ မိုဒီက ပြောကြားခဲ့ပါတယ်။

    ဂြိုဟ်တုဒုံးခွင်းစနစ်ဟာ ရန်သူတွေရဲ့ ထောက်လှမ်းရေးဂြိုဟ်တုတွေ၊ တိုက်ချင်းပစ်ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ရေး နည်းပညာအကူအညီပေးတဲ့ ဂြိုဟ်တုတွေကို ပစ်ချနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေဟာ အင်အားကြီး နိုင်ငံတွေအကြား အာကာသလက်နက် ပြိုင်ဆိုင်မှု မြင့်တက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

    အိန္ဒိယက ဒီသတင်းကို ထုတ်ပြန်အပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတိုင်းဟာ “အာကာသမှာ ထာဝရ ငြိမ်ဝပ်ပိပြားရေးကို ကာကွယ်ဖို့ စိတ်အားထက်သန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း” မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

    အိမ်နီးချင်းပြိုင်ဘက် ပါကစ္စတန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အာကာသဟာ လူသားတွေရဲ့ ဘုံအမွေအနှစ်ဖြစ်တာကြောင့် စစ်ဖက်ဇုန်ဖြစ်အောင်
    ဆောင်ရွက်တာမျိုးကို နိုင်ငံတိုင်းက ရှောင်ရှားသင့်တယ်လို့ ဖော်ပြထားပါတယ်။

    အိန္ဒိယဟာ အာကာသစီမံကိန်းကို နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာဂြိုဟ်ကို ဓာတ်ပုံရိုက်ကူးနိုင်တဲ့ ဂြိုဟ်တုတွေကို ဖန်တီးထုတ်လုပ်နိုင်တဲ့နိုင်ငံ၊ အာကာသယာဉ်တွေကို ဈေးသက်သက်သာသာနဲ့ လွှတ်တင်နိုင်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဈေးသက်သာတဲ့ အင်္ဂါဂြိုဟ်စူးစမ်းရေးယာဉ်ကို လွှတ်တင်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အာကာသကို ပထမဆုံး လူလွှတ်နိုင်ဖို့ စီစဉ်နေပါတယ်။

    တရုတ်နိုင်ငံဟာ ၂၀၀၇ ခုနှစ်မှာ အာကာသယာဉ်ဖျက် ဒုံးခွင်းစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး၊ ရုရှားက ၁၉၆၀ ပြည့်နှစ်နဲ့ ၁၉၇၀ ပြည့်နှစ်တွေ၊ အမေရိကန်က ၁၉၅၉ ခုနှစ်မှာ စမ်းသပ်အောင်မြင်ခဲ့ပါတယ်။

    Ref: Reuters