News @ M-Media

Author: Ko Lay

  • ဆီးရီးယားပိုင် ဂိုလန်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က သတ်မှတ်မှု ကမ္ဘာက ရှုတ်ချ

    ဆီးရီးယားပိုင် ဂိုလန်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က သတ်မှတ်မှု ကမ္ဘာက ရှုတ်ချ

    မတ် ၂၆၊ ၂၀၁၉
    M-Media

    ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်၏ ထုတ်ပြန်ချက်

    – ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုအတွက် မဟာမိတ်နိုင်ငံတွေအပါအ၀င် ကမ္ဘာတစ်ဝှမ်းက အမေရိကန်အပေါ် ဝေဖန်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ဒေသကို ကျူးကျော်သိမ်းပိုက်ထားတာပါ။ ကုလနဲ့ ကမ္ဘာ့နိုင်ငံတွေဟာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားပိုင်အဖြစ် သတ်မှတ်ထားကြပြီး အစ္စရေးကို ကျူးကျော်သူအဖြစ်နဲ့သာ ပြောဆိုသုံးနှုန်းကြပါတယ်။

    အရင်က အမေရိကန်ရဲ့ရပ်တည်ချက်ဟာ ဒီအတိုင်းဖြစ်ခဲ့ပေမယ့် သမ္မထရမ့်က ဂိုလန်ကို အစ္စရေးရဲ့ အချုပ်အခြာပိုင်ဒေသအဖြစ် သတ်မှတ်ဖို့ အချိန်ကျပြီလို့ ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေဆုံစဉ်မှာ အမေရိကန်က ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်က တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    နေတန်ယာဟုက ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပြီး အမေရိကန်လောက် မိတ်ဆွေပီသတဲ့နိုင်ငံမျိုး အစ္စရေးမှာ မရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။ နေတန်ယာဟုဟာ ဂိုလန်ဒေသကို အစ္စရေးပိုင်ဖြစ်ရေး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဆော်သြခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့နိုင်ငံများ ရှုတ်ချ

    ဒီလုပ်ရပ်ကို ဆီးရီးယားနိုင်ငံက လျင်လျင်မြန်မြန်ပဲ ရှုတ်ချခဲ့ပြီး မိမိတို့ရဲ့ အချုပ်အခြာအာဏာ၊ မိမိတို့ရဲ့ပိုင်နက်ကို “ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှု” ဖြစ်ကြောင်း၊ ဂိုလန်ဒေသကိုပြန်ယူဖို့ မိမိတို့မှာ အခွင့်အရေးအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံခြားရေ၀န်ကြီး ၀ါလစ် အလ်-မူအာလင်က ဂိုလန်ဟာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ဆီးရီးယားပိုင်နက်ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ အချိန်ဘယ်လောက်ကြာကြာ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ ဂါဇာအခြေစိုက် ဟားမက်စ်အဖွဲ့တို့ကလည်း အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတရုံးရဲ့ ထုတ်ပြတ်ကြေငြာချက်မှာ ဂိုလန်ဟာ ဆီးရီးယားပိုင်နက်သာဖြစ်တယ်ဆိုတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်တွေကို ကျော်လွန်လုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာ ဘယ်သူ့ဆီမှာမှ မရှိဘူးလို့ ဖော်ပြထားပါတယ်။

    ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ဂိုလန်ကုန်းမြင့်ဒေသဟာ “ထာဝရ ဆီးရီးယားပိုင်နက် ဖြစ်နေမယ်” လို့ ပြောကြားခဲ့ပါတယ်။

    ကုလအထွေထွေအတွင်းရးမှူး အန်တိုနီယို ဂူတာရက်စ်က  ‘ဂိုလန်ကုန်းမြင့်ဒေသရဲ့ လက်ရှိအနေအထားဟာ လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး’ လို့ ပြောကြာခဲ့ပါတယ်။

    “ဂိုလန်ဒေသနဲ့ပတ်သက်တဲ့ ကုလရဲ့ ပေါ်လစီဟာ လုံခြုံရေးကာင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းသားဖြစ်ပြီး၊ ဒီမူဝါဒ ပြောင်းလဲမှာ မဟုတ်ပါဘူး” လို့ ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က ပြောဆိုခဲ့ပါတယ်။

    နေတိုးအဖွဲ့ဝင်နိုင်ငံ တူရကီက အမေရိကန်ရဲ့ ဒီအသိအမှတ်ပြုမှုဟာ လက်မခံနိုင်စရာဖြစ်ပြီး ကုလအပါအ၀င် နေရာတိုင်းမှာ ဆန့်ကျင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    အာရပ်လိဂ်ကတော့ ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ ဂိုလန်ဒေသရဲ့ လက်ရှိအနေအထားကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ အီဂျစ်၊ ရုရှား၊ ဗင်နီဇွဲလားနဲ့ ဘိုလီဗီးယားနိုင်ငံတို့ကလည်း အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို
    ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • ထိုင်းရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုရှိနေ

    ထိုင်းရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုရှိနေ

    မတ် ၂၅၊ ၂၀၁၉
    M-Media

    – တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေရှိနေပြီး အဓိကနိုင်ငံရေးပါတီတွေကြားထဲမှာလည်း ရလဒ်နဲ့ပတ်သက်လို့ အခြေအတင်ဖြစ်နေပါတယ်။

    ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ ရလဒ်ထုတ်ပြန်မယ့်အချိန်ကို တနင်္ဂနွေနေ့ ညနေကနေ တနင်္လာနေ့မနက်၊ နောက်ပိုင်းမှာ တနင်္လာနေ့ နေ့လည်အထိ ရွှေ့ပြောင်းခဲ့ပေမယ့် ညနေအထိ ရလဒ်အပြည့်အစုံကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

    တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ အမတ် ၃၅၀ စာရင်းကို ထုတ်ပြန်ထားရမှာ Pheu Thai ပါတီက ၁၃၈ နေရာနိုင်ကာ၊ စစ်တပ်ကျောထောက်နောက်ခံပြု Palang Pracharat ပါတီက ၉၆ နေရာ နိုင်ထားပါတယ်။ Pheu Thai ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ ပါတီဖြစ်ပြီး Palang Pracharat ပါတီကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို သစ္စာခံတဲ့ပါတီ ဖြစ်ပါတယ်။

    နိုင်ငံရေးပါတီတွေ အချိုးကျ ၀င်ပြိုင်ရတဲ့ အမတ်နေရာ ၁၅၀ ရဲ့ ရလဒ်စာရင်းတွေကိုတော့ ထုတ်ပြန် နိုင်ခြင်း မရှိသေးပါဘူး။

    Pheu Thai ပါတီခေါင်းဆောင် ဆူဒါရတ် ကီယူရာဖန်က သူတို့အနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ဆွေးနွေးနေတယ်လို့ ဒီကနေ့မနက်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ Pheu Thai ပါတီဟာ ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။

    ထိုင်းရွေးကောက်ပွဲကော်မရှင်က ရလဒ်တွေ ရှုပ်ထွေးမှုဖြစ်နေတာဟာ မီဒီယာတွေက ကိုယ့်သဘောနဲ့ကိုယ် မဲရုံတွေမှာ မေးမြန်းဖော်ပြမှုတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Palang Pracharat ပါတီကလည်း သူတို့ဟာ အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာကို ရရှိခဲ့တယ်လို့ မဲဆန္ဒနယ်တွေမှာ သတင်းတွေ ဖြန့်နေကြပါတယ်။

    တနင်္ဂနွေနေ့က ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမကျင်းပခင်မှာ အာဏာသိမ်းအစိုးရက အခြေခံဥပဒေကို ပြင်ဆင်ကာ အဓိက နိုင်ငံရေးပါတီတွေ အာဏာအားနည်းသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ၂၀၁၆ ရွေးကောက်ပွဲအရှုပ်တော်ပုံအတွက် ထရမ့် အပြစ်လွတ်

    ၂၀၁၆ ရွေးကောက်ပွဲအရှုပ်တော်ပုံအတွက် ထရမ့် အပြစ်လွတ်

    မတ် ၂၅၊ ၂၀၁၉
    M-Media

    – ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ၊ ထရမ့်ကို တရားရေးမှာ ၀င်ရောက်နှောက်ယှက်မှုနဲ့ တရားစွဲဆိုနိုင်တဲ့ အထောက်အထားလည်း မရှိဘူးလို့ အမေရိကန်က အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာက သုံးသပ်ထားပါတယ်။

    ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် မူလာဟာ ၂ နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် နောက်ဆုံးအစီရင်ခံစာကို ရှေ့နေချုပ် ရောဘတ် ဘားထံ သောကြာနေ့က တင်သွင်းခဲ့ပါတယ်။ ဘားက ဒါကို သုံးသပ်ပြီး အစီရင်ခံစာ အနှစ်ချုပ်ကို ရေးသားကာ လွှတ်တော်အမတ်တွေဆီ ပေးပို့ခဲ့ပါတယ်။

    “၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်ရေး ရုရှားရဲ့ ကြိုးပမ်းမှုမှာ ထရမ့်မဲဆွယ်ရေးအဖွဲ့ ဒါမှမဟုတ် အဖွဲ့နဲ့ဆက်နွယ်တဲ့ တစ်ယောက်ယောက်က ပူးပေါင်းဆောင်ရွက်တာ၊ လျှို့ဝှက်ဆက်သွယ်တာတွေ ရှိတယ်လို့ စစ်ဆေးရေးမှုရဲ့ စုံစမ်းမှုမှာ မတွေ့ခဲ့ရပါဘူး။ ‘သမ္မတဟာ ရာဇ၀တ်မှုကျူးလွန်တယ်လို့ ဒီအစီရင်ခံစာက ကောက်ချက်မချပေမယ့် သမ္မတဟာ အပြစ် လုံးဝလွတ်ကင်းသူ မဟုတ်ပါဘူး’ လို့ စုံစမ်းစစ်ဆေးရေးမှူးက ဖော်ပြထားပါတယ် ” လို့
    ဘားက ရေးသားထားပါတယ်။

    ဘားရဲ့ အနှစ်ချုပ် ထွက်လာခဲ့ပြီးတဲ့နောက်မှာ ထရမ့်က ‘ပူးပေါင်းကြံစည်မှု မရှိ။ နှောက်ယှက်မှုမရှိ။ လုံးဝအပြစ်လွတ်သည်။ အမေရိကန်ကို ကြီးကျယ်အောင် ဆက်လုပ်ကြစို့’ လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးမှုကို ထရမ့်က နှောက်မှု ရှိခဲ့လားဆိုတာနဲ့ပတ်သက်လို့ မူလာက ရှင်းရှင်းလင်းလင်း သုံးသပ်တင်ပြထားခြင်း မရှိပေမယ့် ရှေ့နေချုပ်ဘားက ပူးပေါင်းကြံစည်မှုမှာ ပါဝင်တဲ့အထောက်အထား မတွေ့ရတာကြောင့်၊ တရားရေးကို နှောက်ယှက်တယ်လို့ သတ်မှတ်ဖို့ မခိုင်လုံဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ရွေးကောက်ပွဲကို စွက်ဖက်ရေး ရုရှားအစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ ထရမ့်မဲဆွယ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တာ၊ လျှို့ဝှက် ဆက်သွယ်တာတွေ ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုမှာ မတွေ့ခဲ့ရပါဘူး” လို့ မူလာရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ကို ကူညီဖို့အတွက် ရုရှားအစိုးရနဲ့နွယ်တဲ့သူတွေ အကြိမ်များစွာ ကမ်းလှမ်းတာမျိုး ရှိတယ်လို့ မူလာက သုံးသပ်ထားပါတယ်။

    ဘားနဲ့ ဒုတိယရှေ့နေချုပ် ရော့ဒ် ရိုဆန်စတိုင်တို့က အထူးစုံစမ်းစစ်ဆေးရေးမှူးရဲ့ စုံစမ်းစစ်မှုအတွင်း ရရှိခဲ့တဲ့ အထောက်အထားတွေဟာ ထရမ့်အနေနဲ့ တရားရေးကို နှောက်ယှက်မှုရှိတယ်လို့ ယူဆဖို့ မခိုင်လုံဘူးလို့ သုံးသပ်ပါတယ်။

    လွှတ်တော်အမတ်တစ်ချို့က ဒီကိစ္စမှာ ရှေ့နေချုပ် ဘားရဲ့ ကိုင်တွယ်မှုဟာ သံသယတွေ ရှိနေတဲ့အတွက် မူလာရဲ့ အစီရင်ခံစာ အပြည့်အစုံကို ထုတ်ပြန်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

    မူလာရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ရှေ့နေ ၁၉ ဦး၊ FBI အေးဂျင့် ၄၀၊ ထောက်လှမ်းရေးကျွမ်းကျင်သူတွေ၊ မှူခင်းဆရာဝန်တွေ၊ နယ်ပယ်အသီးအသီးက ကျွမ်းကျင်သူတွေ ပါဝင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျောင်းဆရာဆုကို ကင်ညာနိုင်ငံမှ သိပ္ပံဆရာတစ်ဦး ရရှိ

    ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျောင်းဆရာဆုကို ကင်ညာနိုင်ငံမှ သိပ္ပံဆရာတစ်ဦး ရရှိ

    မတ် ၂၅၊ ၂၀၁၉
    M-Media

    ဆုယူအပြီး တွေ့ရသည့် တာဘီချီ (လယ်)

    – ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ကျောင်းဆရာဆု (Global Teacher Prize) ကို ကင်ညာနိုင်ငံ ကျေးလက်ဒေသက သိပ္ပံဆရာ ပီတာ တာဘီချီက ရရှိသွားပါတယ်။

    တာဘီချီဟာ ကင်ညာနိုင်ငံရဲ့ ဝေးလဲခေါင်ဖျားတဲ့ ရစ်ဖ်တောင်ကြားက အလယ်တန်းကျောင်းဆရာတစ်ယောက်ဖြစ်ပြီး သူ့လစာရဲ့ ၈၀ ရာခိုင်နှုန်းကို ချို့တဲ့တဲ့ ကျောင်းသားတွေကို ထောက်ပံ့နေသူလည်း ဖြစ်ပါတယ်။

    စာအသင်အပြကောင်းမှု၊ ကျောင်းသားတွေအတွက် အနစ်နာခံမှုတွေကြောင့် တာဘီချီဟာ နာမည်ကျော်ပြီး၊ ကျောင်းသားတွေကို သိပ္ပံဆိုင်ရာမှာ ထူးချွန်စေချင်သူလည်း ဖြစ်ပါတယ်။ တာဘီချီရဲ့ ကျောင်းသားတွေဟာ ပြည်တွင်းနဲ့ ပြည်ပက သိပ္ပံပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရရှိကြပြီး ယူကေ Royal Society of Chemistry အဖွဲ့က ချီးမြှင့်တဲ့ သိပ္ပံဆိုင်ရာဆု ရရှိခဲ့သူတွေတောင် ရှိပါတယ်။

    အခုရရှိတဲ့ဆုကြောင့် သူ့ရဲ့လုပ်ဆောင်မှုတွေအပေါ် အားကျတာတွေ၊ ကင်ညာနိုင်ငံသာမကဘဲ အာဖရိကတစ်တိုက်လုံးမှာ သိပ္ပံနယ်ပယ်ကို မြှင့်တင်လုပ်ဆောင်တာတွေ ဖြစ်လာဖို့ တာဘီချီက မျှော်လင့်နေပါတယ်။ အာဖရိကလူငယ်တွေဟာ အလားအလာရှိတဲ့သူတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    “အောက်ခြေမှာလုပ်ရတဲ့ ဆရာတစ်ယောက် ဖြစ်တဲ့အတွက် ကလေးငယ်တွေရဲ့ စူးစမ်းလိုစိတ်၊ ပါရမီ၊ အတွေးအခေါ်နဲ့ ယုံကြည်မှုတွေကို တွေ့မြင်ရပါတယ်။ အာဖရိက လူငယ်တွေဟာ နောက်ထပ် အထင်အမြင်သေးခံရတော့မှာ မဟုတ်ပါဘူး။ အာဖရိကဟာ သိပ္ပံပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေကို မွေးထုတ်ပေးနိုင်တော့မှာဖြစ်ပြီး တစ်နေ့ကြရင် ကမ္ဘာကြီးရဲ့ နယ်ပယ်တိုင်းမှာ သူတို့ရဲ့အမည်ကို ကြားရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုအောင်မြင်မှုမှာ မိန်းကလေးငယ်တွေလည်း အဓိကကျတဲ့ အစိတ်အပိုင်းကနေ ပါဝင်လာမှာ ဖြစ်ပါတယ်”

    Global Teacher Prize ဆုကို Varkey Foundation က ဒူဘိုင်းမှာ မနေ့က ချီးမြှင့်ခဲ့တာဖြစ်ပြီး တာဘီချီဟာ နိုင်ငံပေါင်း ၁၇၉ နိုင်ငံက ကျောင်းဆရာတစ်သောင်းကို ကျော်ဖြတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုကြေးငွေက အမေရိကန်ဒေါ်လာ တစ်သန်း ဖြစ်ပါတယ်။

    သူသင်ကြားပေးနေတဲ့ကျောင်းမှာ စာအုပ်တွေ၊ ဆရာတွေ မလုံလောက်ဘဲ၊ သိပ္ပံသင်ခန်းစာအတွင် လိုအပ်တာတွေကို Download ဆွဲဖို့ အင်တာနက်ဆိုင်ကို တကူးတက သွားရောက်ရတယ်လို့လည်း တာဘီချီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ကင်ညာနိုင်ငံရဲ့ ရစ်ဖ်တောင်ကြားဒေသမှာ ကျောင်းသားတွေဟာ ကျောင်းတက်ဖို့အတွက် ၄ မိုင်ကျော်လောက် လမ်းလျှောက်ရပါတယ်။

    တာဘီချီကတော့ အခက်အခဲ အကျပ်အတည်းတွေ ရှိပေမယ့် ကျောင်းတွေကို သိပ္ပံပညာရပ် သင်ပေးကာ အနာဂတ်တွေလှပအောင် ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ဂါဇာမှပစ်လွှတ်သည့် ဒုံးကျည်တစ်စင်း အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ထိမှန်

    ဂါဇာမှပစ်လွှတ်သည့် ဒုံးကျည်တစ်စင်း အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ထိမှန်

    မတ် ၂၅၊ ၂၀၁၉
    M-Media

    ဒုံးကျည်ထိမှန်မှု မြင်ကွင်း

    – အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့မှုကို ခံထားရတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တစ်စင်းပစ်လွှတ်မှု ဒီကနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ဒဏ်ရာရခဲ့ပြီး အစ္စရေးကတော့ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုံးကျည်ဟာ မြို့တော် တလ်အဗီးမြောက်ဖက်က လူနေအိမ်တစ်လုံးကို ထိမှန်ခဲ့ပါတယ်။

    အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်ခိုက်မှုကို ဟားမက်စ်အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဂါဇာတောင်ပိုင်းကို တပ်မဟာနှစ်ခုနဲ့ ခြေမြန်တပ်တွေ စေလွှတ်ဖို့ ပြင်ဆင်နေကြောင်း၊ အရန်တပ်တွေကိုလည်း အဆင်သင့် ပြင်ခိုင်းထားကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကို ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ သူ့ရဲ့ခရီးစဉ်ကို ချုံ့ပြီး အစ္စရေးကိုပြန်လာဖို့ စီစဉ်နေပါတယ်။

    “အစ္စရေးနိုင်ငံကို ရာဇ၀တ်မြောက်တဲ့ တိုက်ခိုက်မှုပါ။ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမှာပါ” လို့ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

    ဒီကနေ့မနက် တိုက်ခိုက်မှုအတွက် ဂါဇာက ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ဟားမက်စ်ဟာ တာဝန်ရှိသူတွေကို အစိုးရအဆောက်အဦးတွေကနေ ကယ်ထုတ်တာတွေလုပ်ကာ အစ္စရေးရဲ့ တိုက်ခိုက်လာနိုင်မှုကို ရင်ဆိုင်ဖို့ စီစဉ်နေတယ်လို့ ဂါဇာဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဟားမက်စ်အဖွဲ့ဟာ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက်ပိုင်း ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    အစ္စရေးဟာ ၂၀၀၈ ခုနှစ်ကစလို့ ဂါဇာကို ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ၅၂ ရက်တာကြာမြင့်တဲ့ တိုက်ခိုက်မှုမှာ အရပ်သားအများစုအပါအ၀င် လူ ၂၀၀၀ ကျော် သေဆုံးခဲ့သလို၊ အခြေခံအဆောက်အဦး တော်တော်များများလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

    Ref: Aljazeera