News @ M-Media

Author: Ko Lay

  • အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုအတွက် OIC က အရေးပေါ်အစည်းအဝေးခေါ် ဆွေးနွေးမည်

    အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုအတွက် OIC က အရေးပေါ်အစည်းအဝေးခေါ် ဆွေးနွေးမည်

    မတ် ၂၁၊ ၂၀၁၉
    M-Media

    နယူးဇီလန် အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ဆန္ဒထုတ်ဖော်နေသည့် တူရကီနိုင်ငံသားများ

    – ကမ္ဘာတစ်ဝှမ်း မြင့်တက်လာတဲ့ အစ္စလာမ်ကြောက်ရောဂါအခြေပြု အကြမ်းဖက်တိုကခိုက်မှုတွေကို ကာကွယ်တားဆီးရေး အရေးပေါ်အစည်းအဝေးခေါ်ကာ ဆွေးနွေးဖို့အတွက် အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကို တူရကီနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

    ဒီကနေ့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစည်းအဝေးကို မနက်ဖြန် အစ္စတန်ဘူလ်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဥက္ကဌအဖြစ် တာဝန်ယူမယ်လို့ ဖော်ပြထားပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက် ရောဂါတွေကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာ အထူးသဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့က နယူးဇီလန်က ဗလီတွေမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးခေါ် ဆွေးနွေးဖို့အတွက် OIC ဥက္ကဌဖြစ်တဲ့ တူရကီက ဆော်သြလိုက်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    အရေးပေါ်အစည်းအဝေးမှာ OIC အဖွဲ့ဝင်နိုင်ငံတွေအပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ဥရောပ လုံခြုံရေးအဖွဲ့ OSCE က ကိုယ်စားလှယ်တွေ တက်ရောက်ဖို့လည်း ဖိတ်ကြားထားပါတယ်။

    ယူကေ လေဘာပါတီဟာ အစ္စလာမ်ကြောက်ရောဂါနဲ့ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကို မနေ့မှာ ထုတ်ပြန်ခဲ့ပြီး ဒါဟာ အစ္စလာမ်ကြောက်ရောဂါရဲ့ အကြောင်း၊ အကျိုးတွေကို နားလည်စေဖို့၊ မွတ်စလင်လူ့အဖွဲ့အစည်းတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    အစ္စလာမ်ကြောက်ရောဂါကို လေဘာပါတီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ၏ ဇစ်မြစ်သည် လူမျိုးရေးခွဲခြားမှုဝါဒ၌တည်ပြီး အစ္စလာမ်ဘာသာဝင်ဖြစ်သူ သို့မဟုတ် အစ္စလာမ်ဘာသာဝင်ဟု ယူဆရသူများအပေါ် ပစ်မှတ်ထားသည့် လူမျိုးရေးခွဲခြားမှုတစ်မျိုးဖြစ်သည်”

    ပြီးခဲ့တဲ့သောကြာနေ့ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ လူဖြူအစွန်းရောက် သေနတ်သမားတစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ တူရကီနိုင်ငံသား ၃ ဦး ပါဝင်ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာတစ်ဝှမ်း အစွန်းရောက်အမျိုးသားရေးဝါဒကို တိုက်ဖျက်ရန် နယူးဇီလန်ဝန်ကြီးချုပ် ဆော်သြ

    ကမ္ဘာတစ်ဝှမ်း အစွန်းရောက်အမျိုးသားရေးဝါဒကို တိုက်ဖျက်ရန် နယူးဇီလန်ဝန်ကြီးချုပ် ဆော်သြ

    မတ် ၂၁၊ ၂၀၁၉
    M-Media

    အမေရိကန်ရှိ လူဖြူအစွန်းရောက်ဝါဒီတစ်ချို့

    – ကမ္ဘာတစ်ဝှမ်း မြင့်တက်လာတဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က တိုတွန်းလိုက်ပြီး နယူးဇီလန်မှာ ဒီဝါဒမျိုး ရှိနေတယ်ဆိုတာကိုလည်း ၀န်ခံခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက်ဝါဒီ ဘရန်တန် တားရန့်က သေနတ်နဲ့ ၀င်ရောက် အကြမ်းဖက်ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီအကြမ်းဖက်မှုဖြစ်ပွားပြီး ပထမဆုံးအကြိမ်အဖြစ် BBC သတင်းဌာနနဲ့ အင်တာဗျူးမျာ ၀န်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က လူဖြူအမျိုးသားရေးဝါဒကို ရှုတ်ချခဲ့ပြီး၊ ပြောင်းရွှေ့အခြေချမှုကြောင့် လူမျိုးရေးခွဲခြားမှု ဖြစ်လာတယ်ဆိုတဲ့ အယူအဆကိုလည်း ပယ်ချခဲ့ပါတယ်။

    “အခုလုပ်သွားတဲ့သူက သြစတေးလျနိုင်ငံသားဖြစ်ပါတယ်။ ဒါပေမယ့် နယူးဇီလန်မှာ ဒီလိုဝါဒမျိုး မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ရှိတယ်ဆိုပြန်ရင်လည်း နယူးဇီလန်နိုင်ငံသားအများစုကို စော်ကားသလို ဖြစ်သွားမှာပါ”

    အမျိုးသားရေးအစွန်းရောက်ဝါဒ ဘယ်နေရာမှာပဲရှိရှိ ဒါကိုအမြစ်ဖြတ်ဖို့၊ ဒီလိုဝါဒမျိုး ပေါက်ဖွားနိုင်တဲ့ ရေခံမြေခံမျိုး မဖန်တီးပေးဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တစ်ကမ္ဘာလုံးကို ကျွန်မ တိုက်တွန်းချင်ပါတယ်။ နယူးဇီလန်မှာ ဒီလိုအကြမ်းဖက်မှုမျိုး ဖြစ်လာတာဟာ တစ်ခြားတစ်နေရာမှာ မွေးဖွားကြီးပြင်းကာ ဒီအယူအဆကို ရရှိခဲ့သူကြောင့် ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းပြီး၊ သည်းခံခွင့်လွှတ်နိုင်တဲ့၊ အားလုံးပါဝင်နိုင်တဲ့ ကမ္ဘာကြီးကို လိုချင်တယ်ဆိုရင် ဒီကိစ္စကို ကိုယ်နဲ့မဆိုင်သလို နေလို့မရပါဘူး”

    ကမ္ဘာတစ်ဝှမ်းက ပြောင်းရွှေ့အခြေချသူတွေကို နယူးဇီလန်က စံချိန်တင် လက်ခံထားမှုနဲ့ပတ်သက်လို့လည်း ဂျာစင်ဒါက ကာကွယ်ခဲ့ပြီး၊ ဒီလိုလက်ခံတာကြောင့် အမျိုးသားရေးအစွန်းရောက်ဝါဒ မြင့်တက်လာတယ်ဆိုတဲ့ ပြောကြားမှုကိုလည်း ပယ်ချခဲ့ပါတယ်။

    အော်တိုသေနတ်များကို ပိတ်ပင်

    ခရိုက်ချက် ဗလီနှစ်လုံး အကြမ်းဖက်ခံရမှုအပြီး နယူးဇီလန်က သေနတ်ကိုင်ဆောင်မှု ဥပဒေကို တင်းကြပ်ဖို့ ဆော်သြမှုတွေ ရှိခဲ့ပြီး ဂျာစင်ဒါက ချေမှုန်းရေးရိုင်ဖယ်နဲ့ ဆီးမီးအော်တို သေနတ်တွေကို ရောင်းချခွင့် ပိတ်ပင်လိုက်တယ်လို့ ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။

    “ဒါဟာ ကျွန်မတို့လုပ်ဆောင်နေတဲ့ လုပ်ငန်းရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။ အမျိုးသားအကျိုးစီးပွားလည်းဖြစ်သလို၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်လည်း ဖြစ်ပါတယ်။ ကျွန်မတို့တိုင်းပြည်မှာ ဒီလိုအကြမ်းဖက်မှုမျိုး နောက်ထပ်မဖြစ်အောင် တားဆီးဖို့ပါ”

    ချေမှုန်းရေးရိုင်ဖယ်နဲ့ ဆီးမီးအော်တိုသေနတ်တွေ ပိတ်ပင်မှု ဥပဒေဟာ ဧပြီလ ၁၁ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဒီလက်နက်တွေ အရင်က ၀ယ်ဆောင်ထားသူတွေအနေနဲ့ လက်နက်အစားထိုး လဲလှယ်နိုင်မယ့် အစီအစဉ်ကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera, BBC

  • ၂၀၂၀ တိုကျိုအိုလံပစ်တွင် စက်ရုပ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုမည်

    ၂၀၂၀ တိုကျိုအိုလံပစ်တွင် စက်ရုပ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုမည်

    မတ် ၂၀၊ ၂၀၁၉
    M-Media

    – လာမယ့်နှစ် တိုကျိုမှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ် အားကစားပြိုင်ပွဲတွေမှာ ၀န်ဆောင်မှုအတွက် စက်ရုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။

    2020 Robot Project လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းမှာ အားကစားပြိုင်ပွဲကို လာရောက်ကြမယ့် မသန်စွမ်းသူတွေကို ကူညီရေးကနေ၊ လေးလံတဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်တာ၊ အမှိုက်ပစ်တာတွေအထိ လူသားအင်အားကို လျှော့ချကာ စက်ရုပ်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

    စက်ရုပ်တွဟာ မသန်စွမ်းသူတွေကို အားကစားပွဲဆိုင်ရာ သတင်းအချက်အလက်တွေပေးတာ၊ သူတို့အတွက် အစားအသောက် ၀န်ဆောင်မှုပေးတာတွေကို လုပ်ပေးမှာ ဖြစ်ပါတယ်။

    “ဒီစီမံကိန်းက စက်ရုပ်တွေကို ရှိုးပြဖို့သက်သက်မဟုတ်ဘဲ လက်တွေ့ဘ၀မှာ လူတွေကို ကူညီနိုင်တယ်ဆိုတာကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်မှာ အားကစားပြိုင်ပွဲတွေသာမက သိပ်ကိုကောင်းလွန်တဲ့ စက်ရုပ်တွေကိုပါ မြင်ရမှာ ဖြစ်ပါတယ်” လို့ စီမံကိန်းအကြီးအကဲ ဟီရိုဟီဆာ ဟီရူကာဝါက ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် ဘရာဇီးလ်အိုလံပစ်ပြိုင်ပွဲ ရုပ်သံရိုက်ကူးမှုတစ်ချို့နဲ့ အားကစားပြိုင်ပွဲတစ်ချို့မှာ စက်ရုပ်တွေကို အသုံးပြုခဲ့ဖူးပါတယ်။ ၂၀၁၂ ခုနှစ် လန်အိုလံပစ်မှာတော့ Robo World Cup အမည်နဲ့ စက်ရုပ်အားကစားပြိုင်ပွဲကိုပါ ကျင်းပခဲ့ပါတယ်။

    Ref: BBC

  • ဗလီအကြမ်းဖက်ခံရမှုအတွက် နိုင်ငံတော်အဆင့် အောက်မေ့ဖွယ့်အခမ်းအနား နယူးဇီလန် ပြုလုပ်မည်

    ဗလီအကြမ်းဖက်ခံရမှုအတွက် နိုင်ငံတော်အဆင့် အောက်မေ့ဖွယ့်အခမ်းအနား နယူးဇီလန် ပြုလုပ်မည်

    မတ် ၂၀၊ ၂၀၁၉
    M-Media

    နယူးဇီလန်ဝန်ကြီချုပ် ဂျာစင်ဒါ အာရ်ဒန်

    – ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ အကြမ်းဖက်ခံရမှု တစ်ပတ်ပြည့်တဲ့ လာမယ့်သောကြာနေ့မှာ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီး၊ သောကြာနေ့ အာဇန် နိဗ္ဗာန်ဆော်မှုကိုလည်း နိုင်ငံပိုင်မီဒီယာတွေကနေ တစ်နိုင်လုံးအတိုင်းအတာနဲ့ ထုတ်လွှင့်ပေးသွားမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

    လူဖြူအစွန်းရောက်သေနတ်သမားတစ်ဦးက ခရိုက်ချက်မြို့လယ်မှာရှိတဲ့ အလ်-နူရ် ဗလီဝတ်ကျောင်းတော်နဲ့ မြို့ပြင်က လင်ဝုဒ် ဗလီဝတ်ကျောင်းတော်အတွင်း ၀င်ရောက်ကာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    နယူးဇီလန် ၀န်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က အခုတစ်ပတ်သောကြာနေ့ ခရိုက်ချက်မြို့မှာ အောက်မေ့ဖွယ် အခမ်အနားတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားပြီး၊ သေဆုံးသူတွေအတွက် ၂ မိနစ် ငြိမ်သက် ဂုဏ်ပြူသွားမယ်လို့ အကြမ်းဖက်မှုဖြစ်ပွားရာ ဗလီတွေကို ဒီကနေ့ ဒုတိယအကြိမ်မြောက် သွားရောက်မှုအတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အဲဒီနေ့မှာ ၀တ်ပြုဖို့ နှိုးဆော်မှု ‘အာဇန်’ ကိုလည်း ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားဖို့ ရှိပါတယ်။

    “မွတ်စလင်တွေ ဗလီကို လာကြတဲ့အချိန် အထူးသဖြင့် သောကြာနေ့မှာ သူတို့ကို အားပေးနှစ်သိမ့်ဖို့ ဆန္ဒရှိတယ်။ ဒီအတွက် အဲဒီနေ့မှာ ကျွန်မတို့ ၂ မိနစ်တာ ငြိမ်သက်ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ အာဇန်သံကိုလည်း TVNZ နဲ့ RNZ တို့ကနေ တစ်နိုင်ငံလုံး တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုအပြီး ပထမဆုံးပြုလုပ်တဲ့ နယူးဇီလန် လွှတ်တော်အစည်းအဝေးကို ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ကာ ဖွင့်လှစ်ခဲ့ပါတယ်။

    နယူးဇီလန်ပြည်သူတွေကလည်း အကြမ်းဖက်မှုကို ရှုတ်ချမှုတွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသမှုတွေ၊ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားတွေကို နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်နေကြပါတယ်။

    Ref: Daily Times

  • IS အကြမ်းဖက်အဖွဲ့အပေါ် အောင်ပွဲရရန် သိပ်မကြာတော့ဟု SDF အဖွဲ့ ပြော

    IS အကြမ်းဖက်အဖွဲ့အပေါ် အောင်ပွဲရရန် သိပ်မကြာတော့ဟု SDF အဖွဲ့ ပြော

    မတ် ၁၉၊ ၂၀၁၉
    M-Media

    SDF တပ်ဖွဲ့ဝင်များ

    – IS အကြမ်းဖက်အဖွဲ့ရဲ့ ဆီးရီးယားနိုင်ငံက နောက်ဆုံးခြေကုပ်ဒေသ အစိတ်အပိုင်း တော်တော်များများကို သိမ်းယူထားနိုင်ပြီး မကြာခင်မှာ အပြီးသတ်ရှင်းလင်းနိုင်တော့မယ်လို့ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF က ပြောကြားလိုက်ပါတယ်။

    ကာ့ဒ်တပ်ဖွဲ့ YPG ဦးဆောင်ပြီး အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ SDF အဖွဲ့ဟာ ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီအက်ဇိုရ်ပြည်နယ်က IS သိမ်းပိုက်ထားတဲ့ ဘဂ်ဟုဇ်ဒေသကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ အရပ်သားတွေကို ကယ်ထုတ်မှု၊ IS အဖွဲ့ရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် နောက်ဆုံးအဆင့် စစ်ဆင်ရေးကို ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့ပါတယ်။

    လက်ရှိအချိန်မှာ ဘဂ်ဟုဇ်ဒေသရဲ့ အစိတ်အပိုင်း တော်တော်များများကို သိမ်းပိုက်ထားနိုင်တယ်လို့ SDF က ပြန်ကြားရေးတာဝန်ခံ မူစတာဖာ ဘာလီက ပြောပါတယ်။

    “အောင်ပွဲမရသေးပေမယ့် IS ကိုတိုက်ခိုက်မှုမှာ သိသိသာသာ တိုးတက်မှုတွေ ရှိတယ်ဆိုတာ ပြောကြားလိုပါတယ်” လို့ ဘာလီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အကြမ်းဖက်သမားတွေအားလုံး ရှင်းလင်းနိုင်ဖို့ ဘယ်လောက်ကြာမြင့်မလဲလို့ ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ ဘာလီက စစ်ဆင်ရေး မကြာခင် ပြီးဆုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “တိုက်ပွဲတွေ အဆုံးမသတ်သေးပါဘူး။ (ယူဖရေးတီး) မြစ်ဘေးမှာ တစ်ချို့တစ်လေ ပုန်းနေတာတွေ ရှိပါတယ်။ အကြမ်းဖက်သမား အချို့က ကလေးတွေကို ဖမ်းထားပြီး လူသားတံတိုင်း လုပ်ထားတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေက ဖြစ်လိုက်၊ ရပ်လိုက်ပါ”

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေရဲ့ ၃ ပုံတစ်ပုံကို သိမ်းယူနိုင်ခဲ့ပါတယ်။ အီရတ်နိုင်ငံက ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ IS အဖွဲ့ကို လုံးဝ ရှင်းလင်းနိုင်ခဲ့ပါတယ်။ လက်ရှိ ဆီးရီးယားနိုင်ငံ ဘဂ်ဟုဇ်ဒေသကို SDF အဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရင် အရှေ့အလယ်ပိုင်းမှာ IS အကြမ်းဖက်အဖွဲ့ လုံးဝ အမြစ်ပြတ်သွားမှာ ဖြစ်ပါတယ်။

    Ref: Reuters