News @ M-Media

Author: Ko Lay

  • ခရစ်ယာန် ကက်သလစ်ဘုန်းကြီးများက သီလရှင်များအပေါ် လိင်ကျွန်ပြုမှုကိစ္စကို ပုပ်ရဟန်းမင်း ၀န်ခံ

    ခရစ်ယာန် ကက်သလစ်ဘုန်းကြီးများက သီလရှင်များအပေါ် လိင်ကျွန်ပြုမှုကိစ္စကို ပုပ်ရဟန်းမင်း ၀န်ခံ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၉
    M-Media

    – ခရစ်ယာန်ကက်သလစ်အသင်းတော်မှာ ဘုန်းကြီးတွေဟာ သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိပြီး၊ လိင်ကျွန်ပြုတာတွေတောင် ရှိတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၀န်ခံပြောကြားလိုက်ပါတယ်။

    သီလရှင်တွေအပေါ် ဘုန်းကြီးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပထမဆုံး ၀န်ခံလိုက်တာလည်း ဖြစ်ပါတယ်။

    လိင်ကျွန်ပြုမှုကိစ္စတစ်ခုအတွက် ယခင် ပုပ်ဘင်နီဒစ်ဟာ သီလရှင်ကျောင်းတစ်ခုလုံးကို ပိတ်ပစ်ခိုင်းရကြောင်း၊ ဒီပြဿနာကို ဖြေရှင်းဖို့ ကက်သလစ်အသင်းတော်က ကြိုးစားနေပေမယ့် အခုအချိန်အထိ ဆက်ရှိနေကြောင်း ဖရန်စစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လိင်ပြဿနာကြောင့် ပုပ်ဘန်နီဒစ် ၂၀၀၅ ခုနှစ်က ပိတ်ခိုင်းခဲ့ရတဲ့ သီလရှင်ကျောင်းဟာ ပြင်သစ်က Community of St Jean ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Community of St Jean သီလရှင်ကျောင်းက ဒီကိစ္စကို ၀န်ခံခဲ့ပါတယ်။

    ကက်သလစ်အသင်းတော်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သီလရှင်များအဖွဲ့က သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အတားအဆီးတွေ ရှိနေမှုကို ရှုတ်ချကြောင်း ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ပြဿနာရှိနေ

    ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဘုန်းကြီးတွေဟာ ကလေးငယ်တွေနဲ့ သီလရှင်တွေကို လိင်ပိုင်ဆိုင်ရာ စော်ကားမှုသတင်းတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

    အင်္ဂါနေ့က သတင်းထောက်တွေနဲ့တွေ့ဆုံမှုအတွင်း ပုပ်ရဟန်းမင်းကြီးက ကက်သလစ်အသင်တော်မှာ ပြဿနာရှိနေကြောင်း ၀န်ခံခဲ့ပြီး အကြောင်းအရင်းက လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို ဒုတိယတန်းစားအဖြစ် မှတ်ယူထားတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘုန်းကြီးတွေ၊ ဂိုဏ်းအုပ်ဘုန်းကြီးတွေဟာ သီလရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု ရှိနေတယ်ဆိုတာကို အသင်းတော်က သိရှိပြီး ဖြေရှင်းနေကာ၊ ကျူးလွန်တဲ့ဘုန်းကြီးတော်တော်များများကို သာသနာ့ဘောင်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဖရန်စစ်က ပြောပါတယ်။

    ကက်သလစ်ဘုန်းကြီးတွေ သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ အိန္ဒိယ၊ ချီလီ၊ အီတလီနဲ့ အာဖရိကတို့မှာလည်း ဖြစ်ပွားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံက ကက်သလစ် ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သီလရှင်တစ်ဦးကို ၁၃ ကြိမ် အဓမ္မကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ချီလီနိုင်ငံမှာလည်း ဘုန်းကြီးတွေက သီလရှင်တွေကို လိင်စော်ကားမှု ကိစ္စအတွက် ဗာတီကန်က ပြီးခဲ့တဲ့နှစ်မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သီလရှင်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စတွေဟာ ကက်သလစ်သာသနာက တစ်ချို့သာသနာ့နယ်မြေတွေ၊ အထူးသဖြင့် အသစ်ပေါ်ထွက်လာတဲ့ နေရာတွေမှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • လေယာဉ်ပျက်ကျသေဆုံးသွားသည့် ကာဒစ်ဖ်တိုက်စစ်မှူးအလောင်းကို ဆယ်ယူနိုင်

    လေယာဉ်ပျက်ကျသေဆုံးသွားသည့် ကာဒစ်ဖ်တိုက်စစ်မှူးအလောင်းကို ဆယ်ယူနိုင်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၉
    M-Media

    ကာဒစ်ဖ်တိုက်စစ်မှူးဆာလာ (၀ဲ) နှင့် လေယာဉ်မှူး (ယာ)

    – ဇန်န၀ါရီ ၂၁ ရက်နေ့က လေယာဉ်ပျက်မှုမှာ ပါဝင်ခဲ့တဲ့ ကာဒစ်ဖ်စီးတီးအသင်း တိုက်စစ်မှူးသစ် အီမီလီယာနို ဆာလာရဲ့ ရုပ်အလောင်းကို ဆယ်ယူနိုင်ပြီလို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

    အသက် ၂၈ နှစ်အရွယ် ဆာလာဟာ ကာဒစ်ဖ်စီးတီးနဲ့ ပေါင် ၁၅ သန်းတန် အပြောင်းအရွှေ့စာချုပ် ချုပ်ဆိုပြီး ၂ ရက်အကြာ ပြင်သစ်က မိခင်ကလပ် နန်တီစ်ကို အလည်သွားရာကနေ ပြန်အလာမှာ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    ဆာလာနဲ့ အသက် ၅၉ နှစ်အတွက် လေယာဉ်မှူး ဒေးဗစ် အီဘော့တ်ဆန်တို့ စီးနင်းလာတဲ့ Piper Malibu N264DB လေယာဉ်ငယ်ဟာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပျံနေစဉ် ဆက်သွယ်မှု ပြတ်တောက်သွားတာပါ။ အာဏာပိုင်တွေက ပျက်ကျသွားတဲ့လေယာဉ် ရှာဖွေမှုကို ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ရပ်ဆိုင်းခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူတွေ အသက်ရှင်သန်နိုင်မယ့် အခွင့်အလမ်း အလွန်နည်းသွားပြီလို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ပုဂ္ဂလိက ရှာဖွေရေးအဖွဲ့က ဆက်လက်ရှာဖွေခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တွေ့ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ လေယာဉ်တစ်ခုလုံးကို ပြန်လည်ဆယ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် အလောင်းတွေကိုသာ ဆယ်ခဲ့တယ်လို့ ရှာဖွေရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    အလောင်းတွေကို တတ်နိုင်သမျှ လူ့ဂုဏ်သိက္ခာနဲ့လျော်ညီစွာ ဆယ်ယူခဲ့ပြီး ကျန်ရစ်သူမိသားစုတွေကို အသေးစိတ် အသိပေးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရုပ်အလောင်းတွေကို သေမှုသေခင်းစစ်ဆေးသွားမှာဖြစ်ကာ နောက်ပိုင်းမှာ မိသားစုထံ လွှဲပြောင်းပေးလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    ကာဒစ်ဖ်အသင်းဟာ ဆာလာကို အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

    Ref: BBC

  • တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ထွက်ပြေးရသည့် ရခိုင်နှင့် ချင်းလူမျိုးများ အကူအညီလိုအပ်

    တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ထွက်ပြေးရသည့် ရခိုင်နှင့် ချင်းလူမျိုးများ အကူအညီလိုအပ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၉
    M-Media

    တိုက်ပွဲကြောင့်ထွက်ပြေးရသည့် ပြည်သူများ (Photo Credit – ဧရာဝတီ) 

    – ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တွေ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ရခိုင်နဲ့ ချင်းလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ၀င်ရောက်ခိုလှုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းသိန်းက ရီမက္ကရီ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်စခန်းနဲ့ ၁၁ ကီလိုမီတာအကွာ သူအီဆာရွာငယ်လေးမှာ မြန်မာဖက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

    ပလက်ဝဒေသ အထက်ပိုင်း ခမောင်းဝကျေးရွာနဲ့ ကင်းသလင်းရွာက နေအိမ်တွေကို မြန်မာစစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒုက္ခသည်တွေ ဦးဝင်းသိန်းကို ပြောကြားခဲ့ပါတယ်။ ဘန်ဒါဘန်ခရိုင်က ရူမာမြို့နယ်ကို တနင်္ဂနွေနေ့က ချင်းလူမျိုး ၁၂၄ ဦးရောက်ရှိလာခဲ့ပြီး တနင်္လာနေ့မှာ ရခိုင်လူမျိုး ၁၂၆ ဦး ရောက်လာခဲ့ပါတယ်။
    ဒုက္ခသည်တွေ နေထိုင်ရတဲ့နေရာဟာ သွားရေးလာရေးခက်ခဲပြီး စားနပ်ရိက္ခာ၊ တာပေါ်လင်နဲ့ စောင်တွေ လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

    ဦးဝင်းသိန်းက ထွက်ပြေးလာရသူတွေထဲမှာ မွေးကင်းစတွေအပါအ၀င် ကလေးငယ် ၆၀ လောက် ရှိနေကြောင်း၊ နွေးထွေးတဲ့ အ၀တ်အစားတွေ မရှိတဲ့အတွက် နမိုးနီးယားရောဂါအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး တနင်္လာနေ့မှာ ကလေးငယ် ၅ ဦး သတိလစ် မေ့မြောသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    “သူတို့နေထိုင်နေတဲ့ဒေသဟာ ဖုန်းကွန်ယက်မရှိတဲ့ဒေသ ဖြစ်တာကြောင့် အခု အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို မသိရသေးပါဘူး”

    ရူမာမြို့က တက်ကြွလှုပ်ရှားသူ ဦးအေးထွန်းက ရီမက္ကရီဒေသမှာရှိတဲ့ ရခိုင်နဲ့ ချင်းဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး တာပေါ်လင်စတွေ ပို့ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်က မရမာလူမျိုးတွေဟာ ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ကူညီပေးနေပြီး၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့အထိ ထောက်ပံ့မှုမရှိသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ဒုက္ခသည်တွေကို နေထိုင်ခွင့်ပေးထားကြောင်း ဦးအေးထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တောထူတဲ့ဒီဒေသမှာ လူကြီးတွေတောင် အနွေးထည်မရှိရင် မခံနိုင်တာ ကလေးတွေ မြေကြီးပေါ်မှာ စောင်မရှိ၊ ဘာမရှိနဲ့ အိပ်ရတယ်ဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ”

    ဘန်ဒါဘန်ခရိုင် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးအေးသိန်းက မိသားစု ၄၀ လောက်နေထိုင်တဲ့ ကင်းသလင်းရွာနဲ့ မိသားစု ၆၀ လောက်နေထိုင်တဲ့ ခမောင်းဝရွာက အိမ်တွေကို မြန်မာစစ်တပ်က မီးရှို့ခဲ့ကြောင်း ဒုက္ခသည်တွေက ဖွင့်ဟခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက မြန်မာစစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်းစွန့်ခွာ ထွက်ပြေးနေရပါတယ်။

    AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ လူ ၁၂၀ လောက်ကို စောင့်ရှောက်ပေးထားတယ်လို့ ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    လတ်တလောကာလအတွင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မြန်မာသံအမတ်ကို ၂ ကြိမ်တိုင်တိုင် ဆင့်ခေါ်ခဲ့ပြီး ဒုက္ခသည်တွေ ထပ်ရောက်လာမှုကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဦးအေးသိန်းက ပြောကြားခဲ့ပါတယ်။

    “ဘင်္ဂလားဒေ့ရှ်ဖက်ကို ဒုက္ခပေးနေတယ်ဆိုပြီး မြန်မာစစ်တပ်ကို ဘင်္ဂလားဒေ့ရှ်ဘာဏာပိုင်တွေက တော်တော်လေး မကျေမချမ်းဖြစ်နေပါတယ်”

    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာ ၈ သိန်းကို ခိုလှုံခွင့်ပေးထားရပြီး သူတို့တွေနေရပ်ပြန်နိုင်ရေးကိစ္စ မြန်မာအစိုးရနဲ့ သဘောတူထားပေမယ့် အကောင်အထည်မဖော်နိုင်သေးပါဘူး။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ပြန်ဆိုပါသည်)

  • ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်ကာ ဘေးအန္တရာယ် ပိုကြုံနိုင်သည်ဟု ကုလ သတိပေး

    ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်ကာ ဘေးအန္တရာယ် ပိုကြုံနိုင်သည်ဟု ကုလ သတိပေး

    ဖေဖော်ဝါရီ ၇၊ ၂၀၁၉
    M-Media

    – ကမ္ဘာ့ရာသီဥတုကို စောင့်ကြည့်လေ့လာခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ပြီးခဲ့တဲ့ ၄ နှစ်ဟာ ရာသီဥတုအပူဆုံးနှစ်တွေ ဖြစ်ခဲ့ပြီး ရှေ့ဆက် အပူချိန်မြင့်မားမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ကြုံတွေ့ရမယ်လို့ ကုလ ကမ္ဘာ့ဇလဗေဒအဖွဲ့ WMO ရဲ့ မနေ့ကကြေငြာချက်မှာ သတိပေးလိုက်ပါတယ်။

    အလ်နီညိုဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရတဲ့ ၂၀၁၆ ခုနှစ်ဟာ သမိုင်းတစ်လျှောက် အပူချိန်အမြင့်ဆုံးနှစ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အကုန်မှာ ကမ္ဘာကြီးရဲ့အပူချိန်ဟာ စက်မှုခေတ်မတိုင်ခင် ကာလကထက် ၁ ဒီဂရီဆဲလ်စီးယက်စ် မြင့်တက်ခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    WMO ဟာ နိုဝင်ဘာလကလည်း ရာသီဥတုဆိုင်ရာ အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ်ဟာ စတုတ္ထမြောက် အပူဆုံးနှစ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၂ နှစ်မှာ နှစ် ၂၀ ဟာ သမိုင်းတစ်လျှောက် အပူဆုံးနှစ်တွေ ဖြစ်ပါတယ်။

    WMO အတွင်းရေးမှူး ပက်တာရီ တာအာလက်စ်က နှစ်တစ်နှစ်စီ အပူချိန်တွေထက် ရေရှည်ဖြစ်လာမယ့် အပူချိန်တွေက ပိုမိုအရေးကြီးပြီး၊ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ကုန်းမြေနဲ့ ပင်လယ်သမုဒ္ဒရာတွေပေါ်က အပူချိန်တွေ မကြုံစဖူး မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘေးအန္တရာယ် ပိုကြုံလာနိုင်

    အပူချိန် ဆက်လက်မြင့်တက်လာမယ့်အတွက် ကမ္ဘာကြီးဟာ ဟာရီကိန်းမုန်တိုင်း၊ မိုးခေါင်ရေရှားမှု၊ ရေကြီးမှုဒဏ်တွေကို ပိုမိုကြုံတွေ့ရမယ်လို့ WMO က သတိပေးခဲ့ပါတယ်။

    “ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးဝါးတဲ့ ရာသီဥတုတွေကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ရမယ့် တကယ့် အမှန်တရားပါပဲ” လို့ တာအာလက်စ်က ပြောပါတယ်။

    ၂၀၁၈ ခုနှစ်ရဲ့ ရာသီဥတုဆိုးရွားမှုဒဏ်ကို ၂၀၁၉ ခုနှစ်မှာ ဆက်လက်ခံစားနေရတယ်လို့ WMO က ကြေငြာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သြစတေးလျမှာ အခုနှစ်ဇန်န၀ါရီလအတွင်း အပူချိန် စံချိန်တင်မြင့်မားမှုကို ကြုံတွေခဲ့ရပြီး အမေရိကန်ရဲ့ အနောက်အလယ်ပိုင်း ဒေသတွေမှာလည်း အပူချိန် စံချိန်တင်ကျဆင်းမှု ဖြစ်ပွားခဲ့ပါတယ်။

    အမေရိကန် အာသာသအေဂျင်စီ နာဆာနဲ့ အမေရိကန် ပင်လယ်သမုဒ္ဒရာ စောင့်ကြည့်ရေးအဖွဲ့ NOAA တို့က ထုတ်ပြန်တဲ့ အစီရင်ခံစားတွေမှာလည်း ၂၀၁၈ ခုနှစ်ဟာ သမိုင်းတစ်လျှောက် စတုတ္ထမြောက် အပူချိန်အမြင့်ဆုံးနှစ်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အာတိတ်နဲ့ အန္တာတိကတွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ စံချိန်တင် ကျဆင်းခဲ့ကြောင်း၊ နိုင်ငံအတွင်း သဘာဝဘေး ၁၄ ခုကြောင့် အနည်းဆုံး ၂၄၇ ဦးသေဆုံးကာ ကန်ဒေါ်လာ ၉၁ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ NOAA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: CNA

  • ဆီးရီးယားကို အစ္စရေးက ထပ်တိုက်လျှင် ထိထိရောက်ရောက် တုန့်ပြန်မည်ဟု အီရန်ပြော

    ဆီးရီးယားကို အစ္စရေးက ထပ်တိုက်လျှင် ထိထိရောက်ရောက် တုန့်ပြန်မည်ဟု အီရန်ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၉
    M-Media

    ဖေဖော်ဝါရီ ၂ ရက်နေ့က တီဟီရန်တွင် ပြုလုပ်ခဲ့သည့် လက်နက်ပြပွဲ

    – အစ္စရေးအနေနဲ့ ဆီးရီးယားကို ကျူးကျော်တိုက်ခိုက်မှု ဆက်လုပ်နေမယ်ဆိုရင် ထိထိရောက်ရောက်တုန့်ပြန်သွားမယ်လို့ အီရန်က ပြောကြားလိုက်ပါတယ်။

    ၈ နှစ်တာ ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲမှာ အစ္စရေးက တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိပေမယ့် လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ဆီးရီးယားအစိုးရပစ်မှတ်နဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးဟာ အီရန်ကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားတာ ဖြစ်ပါတယ်။

    ပြည်တွင်းစစ်တစ်လျှောက်လုံးမှာ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်ကို အီရန်က ကျောထောက်နောက်ခံပေးနေတာပါ။

    မနေ့က တီဟီရန်မှာ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်အတွင်း အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ ရှက်ခါနီက ဆီးရီးယားရဲ့ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကာကွယ်ရေးအတွက် စီစဉ်ထားတာတစ်ချို့ကို ထုတ်သုံးပြီး အစ္စရေးက ရာဇ၀တ်ကောင် လူလိမ်ခေါင်းဆောင်တွေကို မှတ်လောက်သားလောက်အောင် ပညာပေးသွားမှာ ဖြစ်ပါတယ်”

    လက်ဘနွန်နယ်စပ်မှာ အခြေစိုက်ထားတဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို အီရန်က အဆင့်မြင့်လက်နက်တွေ ထောက်ပံ့နေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဆီးရီးယားက အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့လမှာ ပြောကြားထားပါတယ်။

    Ref: Aljazeera