News @ M-Media

Author: Ko Lay

  • ဓာတုဗေဒနိုဘယ်ဆုကို ဆွတ်ခူးခဲ့သည့် တူနီးရှားနွယ်ဖွား ပညာရှင် မွန်ဂီ ဘာ၀မ်ဒီ

    ဓာတုဗေဒနိုဘယ်ဆုကို ဆွတ်ခူးခဲ့သည့် တူနီးရှားနွယ်ဖွား ပညာရှင် မွန်ဂီ ဘာ၀မ်ဒီ

    အောက်တိုဘာ ၇၊ ၂၀၂၃

    M-Media 


    -၂၀၂၃ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန် သိပ္ပံပညာရှင် ၃ ဦးက ရရှိသွားပါတယ်။ 

    မွန်ဂီ ဘာ၀မ်ဒီ၊ လူး၀စ်ဘရုစ်နဲ့ အလက်စီ အီကီမော့ဗ်တို့ဖြစ်ပြီး ကွမ်တမ်အမှုန်တွေရဲ့ ဆက်စပ်ပေါင်းစည်းမှု သဘောသဘာ၀ကို ဖော်ထုတ်နိုင်ခဲ့တာကြောင့် ဆုရခဲ့တာဖြစ်ပါတယ်။ 

    သူတို့ ၃ ဦးရဲ့ တွေ့ရှိမှုဟာ အလွန်သေးငယ်တဲ့ အာရုံခံစနစ်တွေ၊ ဆိုလာဆဲတွေတည်ဆောက်မှု၊ ပုံဖျက်ထားနိုင်တဲ့ ကွမ်တမ်ဆက်သွယ်ရေးစနစ် ဖွံ့ဖြိုးလာမှုမှာ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ 

    မွန်ဂီ ဘာ၀မ်ဒီဟာ တူနီးရှားနွယ်ဖွား ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှာ ဖရော်ဖက်ဆာအဖြစ် ဆောင်ရွက်နေပါတယ်။ 

    ဖခင် မိုဟာမက် ဆာလာ ဘာ၀မ်ဒီက သင်္ချာပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မွန်ဂီကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မွေးဖွားပါတယ်။ 

    မွန်ဂီ ငယ်ငယ်ကတည်းကပဲ သူတို့မိသားစုဟာ အမေရိကန်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဟားဗတ်တက္ကသိုလ်ကနေ ၁၉၈၂ ခုနှစ်မှာ ၀ိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်မှာ မဟာဘွဲ့ ရရှိခဲ့ပြီး ၁၉၈၈ မှာတော့ ချီကာဂိုတက္ကသိုလ်ကနေ ဓာတုဗေဒဆိုင်ရာ ဒေါက်တာဘွဲ့ ရရှိခဲ့ပါတယ်။ 

    ဓာတုဗေဒ သုတေသနနယ်ပယ်မှာ မွန်ဂီဟာ အလွန်ကျော်ကြားပါတယ်။ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ဓာတုဗေဒနဲ့ သက်ဆိုင်တဲ့ စာအုပ်၊ စာတမ်းတွေ အများစုမှာ သူ့ရဲ့ တွေ့ရှိချက်တွေကို အဓိကထား ကိုးကားဖော်ပြခဲ့ရပါတယ်။ 

    နိုဘယ်ဆုရရှိစေခဲ့တဲ့ ကွမ်တမ်အမှုန်ဆိုင်ရာ သုတေသနကိုလည်း မွန်ဂီက အဓိက ဦးဆောင်တာဖြစ်ပါတယ်။ 

    Ref: NY Times  

  • ဂျူးအခြေချသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံး

    ဂျူးအခြေချသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံး

    အောက်တိုဘာ ၇၊ ၂၀၂၃

    M-Media 


    ဒူမိုင်ဒီ၏ စျာပနကို အစ္စရေးတပ်ဖွဲ့များ၏ နှောက်ယှက်မှု မြင်ကွင်း

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းက ဟူ၀ါရာမြို့မှာ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။ 

    မနေ့က ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်မှာ အသက် ၁၉ နှစ်အရွယ် လာဘစ် ဒူမိုင်ဒီဟာ ရင်ဘတ်ကို သေနတ်နဲ့ ပစ်ခံလိုက်ရတာပါ။ 

    ဂျူးလူအုပ်က အကြမ်းဖက်တိုက်ခိုက်နေမှုကို ရှောင်ရှားဖို့အတွက် နေအိမ်အမိုးပေါ် ရှောင်နေစဥ်မှာ ဒီလို သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒူမိုင်ဒီဟာ တက္ကသိုလ်ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ 

    ကြာသာပတေးနေ့က သန်းခေါင်ကျော်အချိန်မှာ လူ ၂၀၀ ကျော်လောက်ပါ၀င်တဲ့ ဂျူးလူအုပ်ဟာ ဟူ၀ါရာမြို့မှာ စု၀ေးတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။ 

    ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေကို ဖျက်ဆီးခဲ့ကြပြီး အစ္စရေးစစ်သားတွေက ဒီအကြမ်းဖက်မှုကို ရပ်ကြည့်နေခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

    အနောက်ဖက်ကမ်းကို အစ္စရေးက ပိတ်ဆို့ထိန်းချုပ်ထားတာ ဆယ်စုနှစ်ချီ ရှိနေပါပြီ။ ပါလက်စတိုင်းပိုင်နက်အတွင်း တရားမ၀င် အခြေချအိမ်ယာတွေကို ဆောက်လုပ်ကာ ဂျူးတွေကို ထားရှိပါတယ်။ 

    ပြီးခဲ့တဲ့နှစ်အတွေအတွင်း အဲဒီအခြေချအိမ်ယာမှာ နေထိုင်တဲ့ ဂျူးတွေက ပါလက်စတိုင်းတွေကို အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်တာမျိုး မကြာခဏ ဖြစ်လာပါတယ်။ 

    ဟူ၀ါရာမှာ ဒီလိုတိုက်ခိုက်မှုဖြစ်တာ အနည်းဆုံး ၃ ကြိမ်ရှိပါပြီ။ 

    ဒူမိုင်ဒီရဲ့ စျာပနမှာ လိုက်ပို့တဲ့လူတွေကို အစ္စရေးစစ်သားတွေက ရာဘာကျည်တွေ၊ ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လို့ အနည်းဆုံး ပါလက်စတိုင်း ၅၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    ၂၀၂၃ ခုနှစ် ပထမ ၈ လအတွင်း ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုဟာ ပျမ်းမျှ တစ်ရက်ကို ၃ ခုလောက် ဖြစ်တယ်လို့ ကုလရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

    Ref: Aljazeera 

  • ခရိုင်းမီးယားကနေ ထွက်ပြေးရပြီဖြစ်တဲ့ ရုရှားရဲ့ ပင်လယ်နက်ရေတပ်

    ခရိုင်းမီးယားကနေ ထွက်ပြေးရပြီဖြစ်တဲ့ ရုရှားရဲ့ ပင်လယ်နက်ရေတပ်

    အောက်တိုဘာ ၇၊ ၂၀၂၃

    M-Media 


    -ခရိုင်းမီးယားမှာ အခြေစိုက်တဲ့ ရုရှားရဲ့ ပင်လယ်နက်ရေတပ်ဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို မခံနိုင်တဲ့အတွက် ပြောင်းရွှေ့ခဲ့ရပါတယ်။

    ၂၀၁၄ ခုနှစ် ခရိုင်းမီးယားကို ရုရှားက ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားရဲ့ ပင်လယ်နက်ရေတပ်ဟာ ဆီဗက်စတိုပိုမြို့မှာ အဓိက အခြေစိုက်ပါတယ်။ 

    နောက်ဆုံးပေါ် တိုက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ အခြား စစ်ရေယာဥ် အများအပြား ချထားခဲ့သလို၊ အရေးပါတဲ့ သင်္ဘောကျင်းတစ်ခုလည်း ဆီဗက်စတိုပိုမှာ ရှိပါတယ်။ 

    ၂၀၂၁ ခုနှစ် ယူကရိန်းကုန်းတွင်းပိုင်းကို ရုရှားက ထပ်မံကျူးကျော်တဲ့ အချိန်မှာ ခရိုင်းမီးယားက ရုရှားရေတပ်ဟာ ပင်လယ်နက်နဲ့ အဇော့ဗ်ပင်လယ်က ယူကရိန်းရဲ့ ရေပိုင်နက်တွေကို အပြီးတိုင် ပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

    ယူကရိန်းရဲ့ အဓိကဆိပ်ကမ်းမြို့ အိုဒက်ဆာနဲ့ တောင်ပိုင်းက မြို့တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်တဲ့ ရုရှားရဲ့ စစ်ဆင်ရေးမှာ ဆီဗက်စတိုပိုအခြေစိုက် စစ်သင်္ဘောတွေက အခရာကျခဲ့ပါတယ်။

    ယူကရိန်းကထွက်လာတဲ့ ဂျုံစေ့၊ နေကြာဆီတင်သင်္ဘောတွေကို ခရိုင်းမီးယားက ရုရှားစစ်သင်္ဘောတွေက ဟန့်တားစစ်ဆေးခဲ့ကြပြီး ယူကရိန်းရဲ့ ငွေရလမ်းကို နှောက်ယှက်ခဲ့ကြပါတယ်။ 

    စစ်ရေးနဲ့ စီးပွားရေးမှာ ယူကရိန်းကို ဒုက္ခလှလှပေးခဲ့တဲ့ ပင်လယ်နက် ရေတပ်ဟာ အခုအချိန်မှာတော့ ခရိုင်းမီးယားကို စွန့်ခွာကာ ရုရှားရေပိုင်နက်ထဲကို ပြောင်းရွှေ့သွားကြပါပြီ။ 

    အောင်မြင်မှု 

    ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ ဖရီးဂိတ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ အပါအ၀င် ရုရှားရဲ့ စစ်သင်္ဘော အနည်းဆုံး တစ်ဒါဇင်လောက် ဆီဗက်စတိုပို ဆိပ်ကမ်းကနေ ပြောင်းရွှေ့သွားခဲ့ကြတာကို ဂြိုဟ်တုဓာတ်ပုံအသစ်မှာ တွေ့ရပါတယ်။ 

    အများစုဟာ ဆီဗက်စတိုပို အရှေ့ဖက် ၁၈၆ မိုင်၀ေးတဲ့ ရုရှား ဆိပ်ကမ်း နိုဗိုရိုစီအစ်နဲ့ ရုရှားဖက်က ပင်လယ်နက်ဆိပ်ကမ်းတွေကို ရောက်သွားကြပါတယ်။ 

    ယူကရိန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်တဲ့ အကွာအ၀ေးမှာ ဒီသင်္ဘောတွေ မရှိကြတော့ပါဘူး။ 

    တန်ပြန်ထိုးစစ် 

    ယူကရိန်းဟာ မတ်လကစတင်ပြီး ရုရှားကို တန်ပြန်ထိုးစစ် ဆင်နွှဲလာတာပါ။  

    အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ ခရုဇ်ဒုံးကျည်တွေ၊ ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တဲ့ ဒရုန်းတွေဟာ ခရိုင်းမီးယားက ရုရှားရေတပ်ကို အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ 

    ရုရှားရဲ့ နောက်ဆုံးပေါ်တိုက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ စစ်သင်္ဘောငယ်တွေကို ယူကရိန်းက ဖျက်ဆီးနိုင်ခဲ့ပြီး ခရိုင်းမီးယားမှာ ချထားတဲ့ S400 ဒုံးခွင်းစနစ် နှစ်ခုလည်း ယူကရိန်းရဲ့တိုက်ခိုက်မှုအတွင်း ပျက်ဆီးသွားပါတယ်။ 

    S400 ဒုံးခွင်းစနစ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး လေကြောင်းရန် ကာကွယ်ရေးစနစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ 

    ခရိုင်းမီးယားက ရုရှားရဲ့ အဓိကရေတပ်သင်္ဘောကျင်းနဲ့ ရေတပ် ရုံးချုပ်တို့ကိုလည်း ယူကရိန်းက ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

    ၂၀၁၅ ခုနှစ်ကတည်းက ရုရှားသိမ်းထားတဲ့ ပင်လယ််နက် ရေနံ၊ သဘာ၀ဓာတ်ငွေ့တူးစင်တစ်ခုကို ယူးကရိန်းတပ်ဖွဲ့တွေက မကြာခင်ကပဲ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ 

    ခရိုင်းမီးယားမှာ ယူကရိန်းရဲ့ အောင်မြင်မှုတွေက ရုရှားကို အထိနာစေခဲ့ပါတယ်။ အိုဒက်ဆာလို အရေးပါတဲ့ ဆိပ်ကမ်းကို ရုရှားဖက်က တိုက်ခိုက်မှု မလုပ်နိုင်တော့သလို၊ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှားတပ်တွေကို လက်နက်ခဲယမ်းနဲ့ ရိက္ခာထောက်ပံ့ပေးမှုတွေလည်း အားနည်းသွားပြီဖြစ်ပါတယ်။ 

    ယူကရိန်းရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ဂျုံနဲ့ နေကြာဆီတင် သင်္ဘောတွေ၊ နိုင်ငံတကာက သင်္ဘောတွေလည်း ပင်လယ်နက်မှာ ရုရှားရဲ့ နှောက်ယှက်စစ်ဆေးမှုရန်ကနေ ကင်းသွားပါပြီ။ 

    ဒီလိုအောင်မြင်မှုတွေနဲ့အတူ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားလက်ကနေ ယူကရိန်းက အပြီးတိုင် ပြန်လည်သိမ်းပိုက်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

    https://www.aljazeera.com/news/2023/10/6/they-miscalculated-ukraine-turns-the-tables-on-russias-black-sea-fleet
  • နိုဘယ်ငြိမ်းချမ်ရေးဆုကို အီရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရရှိ

    အောက်တိုဘာ ၆၊ ၂၀၂၃
    M-Media

     

    -၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အီရန်အမျိုးသမီး နာဂက်စ် မိုဟာမာဒီက ရရှိသွားပါတယ်။

    အသက် ၅၁ နှစ်အရွယ် နာဂက်စ်ရဲ့ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်တိုက်ဖျက်ခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို နိုဘယ်ငြိမ်းချမ်းဆု ချီးမြှင့်ရတာဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ 

    အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး  လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နာဂက်စ်ဟာ လက်ရှိ အီရန်မှာ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် ၃၁ နှစ် ချခံထားရပါတယ်။

    အော်စလိုမြို့က ဆုကြေငြာပွဲအခမ်းအနားမှာ ကော်မတီအကြီးအကဲ ဘရစ် ရက်စ် အန်ဒါဆန်က နာဂက်စ်ဟာ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်ခဲ့သလို လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အားလုံးတန်းတူ ရရှိရေး ကြိုးပမ်းပေးခဲ့တယ်လို့ ပြောပါတယ်။ 

    ဒီဆုဟာ အီရန်အစိုးရရဲ့ ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကို အသိအမှတ် ပြုလိုက်တာလို့လည်း အန်ဒါဆန်က ဆိုပါတယ်။ 

    ဒီဇင်ဘာမှာပြုလုပ်မယ့် ဆုပေးပွဲအခမ်းအနားကို တက်ရောက်နိုင်ရေးအတွက် နာဂက်စ်ကို လွှတ်ပေးဖို့လည်း အီရန်အစိုးရကို အန်ဒါဆန်က တောင်းဆိုခဲ့ပါတယ်။ 

    Ref: BBC

  • မဏိပူရက လူမျိုးရေးအဓိကရုဏ်း ချုပ်ငြိမ်းအောင် ကြိုးပမ်းနေကြသည့် မွတ်စလင်များ

    မဏိပူရက လူမျိုးရေးအဓိကရုဏ်း ချုပ်ငြိမ်းအောင် ကြိုးပမ်းနေကြသည့် မွတ်စလင်များ

    အောက်တိုဘာ ၂၊ ၂၀၂၃
    M-Media

    -မဏိပူရမှာ ဟိန္ဒူလူမျိုးစု ကသည်းတွေနဲ့ ခရစ်ယာန်လူမျိုးစု ကူကီးတို့အကြား ဖြစ်ပွားနေတဲ့ လူမျိုးရေး အဓိကရုဏ်း ပြေလည်စေဖို့အတွက် မွတ်စလင်လူ့အဖွဲ့အစည်းက ကြိုးပမ်းပေးနေပါတယ်။

    မဏိပူရက အစ္စလာမ်ဘာသာ၀င်ကို ပန်ဂါလ်လို့ ခေါ်ပါတယ်။

    ကသည်းတွေနဲ့ ကူကီးတွေရဲ့ လူမျိုးရေးအဓိကရုဏ်းဟာ မေလကတည်းက စတင်ခဲ့တာပါ။ လက်ရှိမှာ အဲဒီ လူ့အဖွဲ့အစည်းနှစ်ခုဟာ ပြည်နယ်အတွင်း သီးခြားစီဖြစ်သွားပြီး တစ်ဖက်နဲ့တစ်ဖက် ရန်စောင်နေကြပါတယ်။

    ပန်ဂါလ်မွတစ်လင်တွေက ဒီအဓိကရုဏ်း အမြန်ချုပ်ငြိမ်းအောင် တတ်နိုင်သမျှ ဆောင်ရွက်နေကြပါတယ်။ အထူးသဖြင့် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ခေါ်ယူ စောင့်ရှောက်ကျွေးမွေးပြုစုထားတာမျိုး ဖြစ်ပါတယ်။

    မငြိမ်သက်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ မေလအစောပိုင်းမှာ ကူကီးလူမျိုး ၃ ထောင်လောက်ဟာ ပြည်နယ်မြို့တော် အင်ဖာက မွတ်စလင်ရပ်ကွက်ထဲ ပြေး၀င်ခိုလှုံခဲ့ရပါတယ်။ ပန်ဂါလ်မွတ်စလင်တွေက ကူကီးတွေကို နေရာထိုင်ခင်း ပေးခဲ့ပြီး၊ ချက်ပြုတ်ကျွေးမွေးခဲ့ကြပါတယ်။

    နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ခေါ်ယူပြီး ကူကီးတွေကိုအပ်ကာ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

    ကသည်းနဲ့ ကူကီးတွေ အတွေ့ခံလို့မရတဲ့ လက်ရှိအခြေအနေမှာ မွတ်စလင်တွေက နှစ်ဖက်လူ့အဖွဲ့အစည်းကြား ပေါင်းကူးပေးသူတွေ ဖြစ်လာပါတယ်။

    ကသည်းရပ်ကွက် ကူကီးမ၀င်ရ၊ ကူကီးရပ်ကွက် ကသည်းမ၀င်ရလို့ ရန်ငါ စည်းခြားထားပေမယ့် နှစ်ဖက်စလုံးက မွတ်စလင်တွေကို ယုံယုံကြည်ကြည်နဲ့ ဆက်ဆံကြပါတယ်။

    “လက်ရှိတိုက်ခိုက်မှုတွေမှာ ကျွန်တော်တို့က ဘယ်ဘက်မှ မပါဘူး။ အဲဒီ လူမျိုး ၂ မျိုးစလုံးက ကျွန်တော်တို့ ရန်သူတွေမှမဟုတ်ဘဲ။ ဒါ့ကြောင့် နှစ်ဖက်စလုံးကို ကျွန်တော်တို့ သွားလာလို့ ရပါတယ်” လို့ ပန်ဂါလ်မွတ်စလင် တက္ကဆီယာဥ်မောင်းတစ်ယောက်က ပြောပါတယ်။

    လူများစု ဟိန္ဒူဘာသာ၀င် ကသည်းလူမျိုးတွေက မဏိပူရဌာနေ ကူကီးလူမျိုးတွေလို သီးခြားအခွင့်အရေး တောင်းရာကနေ လူမျိုးရေး အဓိကရုဏ်း စတင်ခဲ့တာဖြစ်ပါတယ်။ ကသည်းတွေသာ သီးခြားအခွင့်အရေး ရသွားရင် သူတို့ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးသွားမှာကို ကူကီးတွေက ကြောက်ရွံ့နေကြတာပါ။

    ရန်စောင်နေကြတဲ့ နှစ်ဖက်အသိုင်းအ၀ိုင်းကို ကူညီရတဲ့ မွတ်စလင်တွေရဲ့ အနေအထားကလည်း မလွယ်ပါဘူး။ စိတ်သဘောထားပြင်းထန်တဲ့ ကူကီးနဲ့ ကသည်းအချို့ရဲ့ ရန်လိုမှုနဲ့လည်း ကြုံတွေ့ရပါတယ်။

    မဏိပူရမွတ်စလင်တွေကတော့ သူ့တို့ရဲ့ ရပ်တည်ချက်အတိုင်း နှစ်ဖက်လူ့အဖွဲ့အစည်းကြား ပေါင်းကူးတံတားအဖြစ် ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

    Ref: Siasat

    (ဓာတ်ပုံ – အင်ဖာမြို့မှ ဆာဒါ ဘဇားရ် ဂျာမေဗလီ)