News @ M-Media

Author: Ko Lay

  • ဘာလီကျွန်းတွင် အင်ဒိုက မြေအောက်ရထားလိုင်း တည်ဆောက်မည်

    ဘာလီကျွန်းတွင် အင်ဒိုက မြေအောက်ရထားလိုင်း တည်ဆောက်မည်

    စက်တင်ဘာ ၃၀၊ ၂၀၂၃

    M-Media 

    -ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ဘာလီကျွန်းမှာ LRT ရထားလိုင်းဆောက်လုပ်ဖို့ အင်ဒိုနီးရှားက စီစဥ်နေပါတယ်။ 

    မြို့အတွင်း ကားအလွန်အကျွံပိတ်မှုကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ 

    မြေအောက်ရထားလမ်းကို ဘာလီလေဆိပ်၊ လူစည်ကားတဲ့ ကျန်ဂူ၊ ဆမီညက် မြို့နယ်တွေနဲ့ ဆက်သွယ်ထားမှာပါ။ 

    “LRT က မြေအောက်ကနေ သွားမှာဖြစ်တဲ့အတွက်ကြောင့် ၂၀၂၅၊ ၂၀၂၆ လောက်မှာ ဘာလီလေဆိပ်အ၀င်အထွက် ကားပိတ်မှုကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမလုပ်ရင် ၂၀၂၆ ရောက်တဲ့အခါ လေဆိပ်မှာတင် ၃ နာရီလောက် ကြာနေမှာ ဖြစ်ပါတယ်” လို့ အစိုးရ တာ၀န်ရှိသူ လူဟွတ် ပန်ဂျိုင်တန်က ပြောပါတယ်။ 

    စီမံကိန်းကို တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့က လုပ်ကိုင်ဖို့ စိတ်၀င်စားနေကြပါတယ်။

    အင်ဒိုနီးရှားဟာ မြို့တော် ဂျကာတာမှာ LRT ရထားလိုင်းကို မကြာသေးခင်က ဖွင့်လှစ်ခဲ့ပါတယ်။ 

    မြို့တော် ဂျကာတာကနေ ဂျာဗားကျွန်းမြို့တော် ဘန်ဒုန်းကို ဆက်သွယ်မယ့် အမြန်ရထားလိုင်းတစ်ခုကိုလည်း အင်ဒိုနီးရှားက လာမယ့်တစ်ပတ်မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ 

    ဒီရထားလိုင်းအတွက် တရုတ်က ငွေကြေးပံ့ပိုးပေးတာပါ။ 

    Ref: CNA

  • ပါကစ္စတန်က တမန်တော်နေ့အခမ်းအနား ဗုံးခွဲခံရ

    ပါကစ္စတန်က တမန်တော်နေ့အခမ်းအနား ဗုံးခွဲခံရ

    စက်တင်ဘာ ၃၀၊ ၂၀၂၃ 

    M-Media 


    -ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက တမန်တော်နေ့အခမ်းအနားတစ်ခုမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နည်းဆုံး ၅၂ ဦး သေဆုံးခဲ့ပါတယ်။ 

    ဘာလိုချစ္စတန်ပြည်နယ်က မက်စ်တွန်မြို့မှာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အကြီးတန်း ရဲတပ်ဖွဲ့၀င်တစ်ဦးလည်း ပါ၀င်ပါတယ်။ 

    ဒေသခံတွေက တမန်တော်နေ့ စီတန်းလှည့်လည်မှု လုပ်နေတဲ့အချိန် အသေခံဗုံးခွဲသမားက ဗုံး၀င်ခွဲခဲ့တာလို့ အစိုးရတာ၀န်ရှိသူတွေက ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၁၀၀ ကျော်လောက်ရှိပါတယ်။ 

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာ မသိရပါဘူး။ ဘာလိုချစ္စတန်မှာ တိုက်ခိုက်မှုတွေ ပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ တာလီဘန်ရဲ့ ပါကစ္စတန်အဖွဲ့ခွဲ (TTP) က သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းပါတယ်။ 

    IS အကြမ်းဖက်အဖွဲ့ကလည်း ပါကစ္စတန်က ဘာသာရေးအခမ်းအနားတွေ၊ လူနည်းစုတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။ 

    နိုင်ငံမြောက်ပိုင်း ခိုင်ဘာ ပက်ရှ်သွန်၀ါပြည်နယ် ဟန်ဂူမြို့က ဗလီ၀တ်ကျောင်းတော်တစ်လုံးမှာလည်း မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဥ် အသေခံတိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    Ref: Arab News 

  • ဆားဘီးယားစနက်ကြောင့် မတည်မငြိမ်ပြန်ဖြစ်လာသည့် ကိုဆိုဗို

    ဆားဘီးယားစနက်ကြောင့် မတည်မငြိမ်ပြန်ဖြစ်လာသည့် ကိုဆိုဗို

    စက်တင်ဘာ ၃၀၊ ၂၀၂၃

    M-Media


    -ဥရောပနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ကိုဆိုဗိုမှာ မငြိမ်မသက်မှုတွေ ပြန်ဖြစ်လာတာကြောင့် နေတိုးအဖွဲ့က စစ်တပ်တွေကို ထပ်တိုးချလိုက်ပါတယ်။ 

    ကိုဆိုဗိုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့နေရာပါ။ 

    ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ထူထောင်ဖို့ ကြိုးစားတဲ့ ကိုဆိုဗိုကို ဆားဘီးယားနိုင်ငံက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အလ်ဘေးနီးယားတွေ၊ ခရိုအက်တွေနဲ့ အခြား ဆားဘီးယားလူမျိုး မဟုတ်တဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ 

    ၂၀၀၈ ခုနှစ်မှာ ကိုဆိုဗိုဟာ လွတ်လပ်ရေး ကြေငြာနိုင်ခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့လတွေအတွင်း ဆားဘီးယားလူမျိုးအများစုရှိတဲ့ ကိုဆိုဗိုက ဒေသတွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပါတယ်။ 

    ကိုဆိုဗို၀န်ကြီးချုပ် အလ်ဘင် ကူရ်တီက အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ဆားဘီးယားအစိုးရ ပါ၀င်ပတ်သက်နေတယ်လို့ ပြောကြားထားပါတယ်။ 

    ဆားဘီးယားကလည်း ကိုဆိုဗိုနဲ့ကပ်နေတဲ့ နယ်စပ်မှာ စစ်ပြင်ဆင်မှုတွေ လုပ်လာပါတယ်။ 

    နယ်စပ်မှာ ထပ်တိုးချထားတဲ့ စစ်အင်အားကို ရုပ်သိမ်းပေးဖို့ အမေရိကန်က ဆားဘီးယားကို တောင်းဆိုထားပါတယ်။ 

    ကိုဆိုဗိုကို ကာကွယ်ပေးရေး တာ၀န်ယူထားထဲ့ နေတိုးအဖွဲ့က တပ်တွေ ထပ်တိုးချထားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

    ၀န်ကြီးချုပ် ကူရ်တီက နေတိုးအဖွဲ့ရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဆားဘီးယားဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အခြေအနေကို ပြန်သွားချင်နေပြီး ဒီလို ထပ်မဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ကူရ်တီက ဆိုပါတယ်။ 

    Ref: BBC

  • E Sport ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့်အတွက် တောင်ကိုရီးယား ဂိမ်မာများ စစ်မှုမထမ်းရတော့

    E Sport ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့်အတွက် တောင်ကိုရီးယား ဂိမ်မာများ စစ်မှုမထမ်းရတော့

    စက်တင်ဘာ ၃၀၊ ၂၀၂၃

    M-Media 


    -အာရှအားကစားပြိုင်ပွဲက League of Legends မှာ ဗိုလ်စွဲခဲ့တဲ့ တောင်ကိုရီးယား ဂိမ်မာတွေဟာ စစ်မှုမထမ်းမနေရ အမိန့်ကနေ ကင်းလွတ်ခွင့် ရရှိသွားပါတယ်။ 

    တောင်ကိုရီးယားအသင်းဟာ မနေ့က ဗိုလ်လုပွဲမှာ ထိုင်၀မ်ကို အနိုင်ရပြီး ရွှေတံဆိပ်ဆု ရရှိခဲ့တာပါ။ 

    တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အရွယ် အမျိုးသားတိုင်း စစ်မှုမထမ်းမနေရအမိန့် ပြဌာန်းထားပြီး အားကစားသမားတွေ၊ အနုပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ် အကသမားတွေဟာ ထင်ရှားတဲ့ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိရင် စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရမယ်လို့ သတ်မှတ်ထားပါတယ်။ 

    E Sport ကစားသမားတွေ ဒီကင်းလွတ်ခွင့်မှာ ပါ၀င်လားဆိုတာ အရင်က တိတိကျကျ မထုတ်ပြန်ထားပါဘူး။ League of Legends  အောင်ပွဲအပြီးမှာတော့ ရှင်းရှင်းလင်းလင်း သိရှိခဲ့ရပြီ ဖြစ်ပါတယ်။ 

    တောင်ကိုရီးယား E Sport အသင်းဟာ အာရှအားကစားပြိုင်ပွဲမှာ ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့တာပါ။ အိမ်ရှင်တရုတ်ကိုပါ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

     Ref: AFP

  • အသင်းနဲ့ ပြဿနာတက်နေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆိုင်မန်

    အသင်းနဲ့ ပြဿနာတက်နေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆိုင်မန်

    စက်တင်ဘာ ၂၈၊ ၂၀၂၃

    M-Media 


    -Tiktok မှာ လှောင်ပြောင်တဲ့ ဗီဒီယို တင်တာကြောင့် အသင်းကို တရားစွဲသွားမယ်လို့ တိုက်စစ်မှူး ဗစ်တာ အိုဆိုင်မန်က ခြိမ်းခြောက်လိုက်ပါတယ်။ 

    မနှစ်က စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီအသင်းမှာ အိုဆိုင်မန်ဟာ အရေးပါတဲ့နေရာကနေ ပါ၀င်ခဲ့တာပါ။ 

    ပြီးခဲ့တဲ့စနေနေ့ ဘိုလော့နာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ အကွဲအပြဲဇာတ်လမ်းတစ်ခု စခဲ့ပါတယ်။

    ပွဲမှာ ပင်နယ်တီမ၀င်တဲ့ အိုဆိုင်မန်ကို လှောင်ပြောင်တဲ့ ဗီဒီယိုတစ်ခု Tiktok မှာ အသင်းက တင်ခဲ့တာပါ။ နောက်ပိုင်းမှ ၀ေဖန်မှုတွေကြောင့် ပြန်ဖျက်သွားခဲ့ပါတယ်။ 

    အိုဆိုင်မန်ရဲ့ အေးဂျင့်ဖြစ်သူ ရော်ဘတ်တို ကလင်ဒါက ဒီလုပ်ရပ်ဟာ လက်သင့်မခံနိုင်စရာ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောပါတယ်။ 

    ကစားသမားကို ကာကွယ်ဖို့အတွက် မိမိတို့မှာ ဥပဒေလမ်းကြောင်းအရ အခွင့်အရေးရှိတယ်လို့လည်း ကလင်ဒါက ဆိုပါတယ်။ 

    ဘိုလော့နာနဲ့ပွဲမှာ အိုဆိုင်မန်ဟာ နည်းပြ ရူဒီ ဂါစီယာနဲ့လည်း မကျေမလည်ဖြစ်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၄ မိနစ်အလိုမှာ လူစားလဲခဲ့မှုအတွက် အိုဆိုင်မန်က ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။ 

    နာပိုလီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိတဲ့ အိုဆိုင်မန်ဟာ သက်တမ်းထပ်တိုးဖို့ကိစ္စ ပျက်ပြယ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။ 

    Ref: Sky News