News @ M-Media

Author: Ko Lay

  • ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့အားလုံး မကြာမီ ဆုတ်ခွာမည်

    ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့အားလုံး မကြာမီ ဆုတ်ခွာမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – ဆီးရီးယားမှာရှိတဲ့ မိမိတို့တပ်ဖွဲ့တွေ ဆုတ်ခွာတော့မယ်လို့ အိမ်ဖြူတော်က မနေ့မှာ ကြေငြာလိုက်ပြီး IS ကို ချေမှုန်းနိုင်ခဲ့ပြီလို့ ထရမ့်က ပြောကြားပြီးတဲ့နောက် ဒီသတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ခံ ဆာရာ ဆန်းဒါးစ်က ဆီးရီးယားမှာ IS ကို ချေမှုန်းနိုင်တာဟာ ကမ္ဘာတစ်ဝှမ်းချေမှုန်းရေးကို အဆုံးသတ်တာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ချေမှုန်းရေး အဆင့်တစ်ခုကို ကူးပြောင်းနေတဲ့အချိန်မှာ အမေရိကန်တပ်ဖွဲ့တွေကို စတင် ဆုတ်ခွာမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တဲ့ ဘယ်အချိန်မဆို အမေရိကန်နဲ့ မဟာမိတ်တွေဟာ ပြန်လည်ပူးပေါင်းဖို့ အသင့်ရှိနေပြီး အစွန်းရောက် အစ္စလာမ့်မစ်အကြမ်းဖက်တွေရဲ့ နယ်မြေစိုးမိုးမှု၊ ပံ့ပိုးမှု၊ ငွေကြေးထောက်ပံ့မှု၊ ကျွန်မတို့ရဲ့ နယ်မြေတွေကို ထိုးဖောက်ဝင်ရောက်မှု ဘယ်လိုနည်းလမ်းမျိုးကိုမဆို ဆန့်ကျင်ရေး အတူတကွ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

    ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂ ထောင်လောက်ရှိပြီး အများစုဟာ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF လို့ခေါ်တဲ့ ကာ့ဒ်-အာရပ် မဟာမိတ်တပ်ဖွဲ့နဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ အထူးတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အဲဒီတပ်ဖွဲ့တွေကို အိမ်ပြန်ခေါ်ဖို့ ဆန္ဒရှိကြောင်း အရင်က ပြောကြားခဲ့ဖူးပြီး ဆန်းဒါးစ် သတင်းမထုတ်ပြန်ခင် မနေ့က မိမိတို့အနေနဲ့ ဆီးရီးယားမှာ IS ကို ချေမှုန်းနိုင်ခဲ့ပြီလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဆီးရီးယားက အမေရိကန်တပ်ဖွဲ့တွေအားလုံး အိမ်ပြန်မယ့် အချိန်ကာလကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးက အမေရိကန်အစိုးရ၀န်ထမ်းတွေအားလုံးကို ၂၄ နာရီအတွင်း ဆီးရီးယားကနေ ခေါ်ယူသွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်သားတွေကိုတော့ IS ကို နောက်ဆုံးစစ်ဆင်ရေးပြီးဆုံးမှ ပြန်ခေါ်မှာဖြစ်ပြီး ရက်ပေါင်း ၆၀ ကနေ ၁၀၀ လောက်အထိ ကြာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ၂၀၁၈ ခုနှစ်အတွင်း ဂျာနယ်လစ်များအပေါ် ဖိနှိပ်မှု သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးဖြစ်

    ၂၀၁၈ ခုနှစ်အတွင်း ဂျာနယ်လစ်များအပေါ် ဖိနှိပ်မှု သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးဖြစ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဂျာနယ်လစ်တွေ သတ်ဖြတ်ခံရမှု၊ ညှင်းပမ်းခံရမှု၊ အကြမ်းဖက်ခံရမှု၊ ရန်လိုမှုကို ရင်ဆိုင်ရတဲ့ အခြေအနေတွေဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဖြစ်ခဲ့တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မနှစ်ကနဲ့ နှိုင်းယှဉ်ရင် အခုနှစ်အတွင်း ဂျာနယ်လစ်တွေ၊ သတ်ဖြတ်ခံရမှု၊ အကျဉ်းချခံရမှုနဲ့ ပြန်ပေးဆွဲခံရမှု အရေအတွက်ဟာ ပိုမိုမြင့်တက်လာခဲ့ပြီး နိုင်ငံရေးသမားတွေနဲ့ လူသိများထင်ရှားတဲ့သူတွေဟာ သတင်းမီဒီယာတွေအပေါ် မကောင်းမြင်လာကြတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ၂၀၁၈ ခုနှစ်တွင်း ဂျာနယ်လစ် စုစုပေါင်း ၈၀ လောက် အသတ်ခံရပြီး အဲဒီအထဲမှာ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့၊ ဂျာနယ်လစ်တွေ မီဒီယာလုပ်သားတွေလည်း ပါဝင်ပါတယ်။ အသတ်ခံရတဲ့ ၆၁ ရာခိုင်နှုန်းဟာ တမင်ရည်ရွယ် ပစ်မှတ်ထားခံရတာဖြစ်ပြီး ၃၉ ရာခိုင်နှုန်းက သတင်းယူနေရင်း အသတ်ခံရတာ ဖြစ်ပါတယ်။

    ဖမ်းဆီးခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၃၄၈ ယောက်ရှိပြီး၊ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူက ၆၀ လောက်ရှိတယ်လို့ RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ၁၂ လအတွင်း ကမ္ဘာတစ်ဝှမ်းမှာ ထင်ရှားတဲ့ ဂျာနယ်လစ်တွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက မီဒီယာအပေါ် ဝေဖန်တိုက်ခိုက်တာ စတဲ့အဖြစ်အပျက်တွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။

    “ဂျာနယ်လစ်တွေအပေါ် အကြမ်းဖက်မှုဟာ အခုနှစ်အတွင်း မကြုံစဖူးအနေအထားအထိ မြင့်တက်လာခဲ့ပြီး အခြေအနေက ဆိုးရွားတဲ့အဆင့်ကို ရောက်နေပါတယ်” လို့ RSF ရဲ့ အထွေထွေအတွင်းရေးမှူး ခရစ္စတိုဖီ ဒီလိုရီက အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    အောက်တိုဘာလက ဆော်ဒီဂျာနယ်လစ် ဂျမားလ်ကာရှိုဂျီ တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံလိုက်ရမှု၊ ဆလိုဗက်ကီးယားက ဂျာနယ်လစ် ဂျန်ကူစီယက် သတ်ဖြတ်ခံရမှု၊ မြန်မာနိုင်ငံက ရိုက်တာသတင်းထောက် ကျော်စိုးဦးနဲ့ ၀လုံးတို့ ဖမ်းဆီးထောင်ချခံရမှုတွေဟာ ဂျာနယ်လစ်တွေရဲ့အသံကို တိတ်စေဖို့ တစ်ချို့တွေက ကြိုးပမ်းနေတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဂျာနယ်လစ်တွေအတွက် အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံစာရင်းမှာ အမေရိကန်က ပထမဆုံးအကြိမ် ပါလာခဲ့ပါတယ်။

    ဂျာနယ်လစ် သေဆုံးမှုအများဆုံးနိုင်ငံက အာဖဂန်နစ္စတန်ဖြစ်ပြီး အခုနှစ်အတွင်း ၁၅ ဦးအထိ အသတ်ခံရကာ၊ ၁၀ ဦးက ဧပြီလ ကဘူးလ်မြို့မှာဖြစ်ပွားတဲ့ IS ရဲ့ ဗုံးခွဲမှုအတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    ဆီးရီးယား၊ မက္ကဆီကိုနဲ့ ယီမင်တို့ဟာ အာဖဂန်နစ္စတန်နောက်မှာ အစဉ်လိုက်ရှိနေပြီး တရုတ်နိုင်ငံဟာ ဂျာနယ်လစ်တွေကို ဖမ်းဆီးမှု အများဆုံးနိုင်ငံဖြစ်ပြီး ၆၀ လောက်ကို ထိန်းသိမ်းထားပါတယ်။

    Ref: CNN

  • ရင်သွေးအား ဟစ်တလာအမည်ပေးသည့် ဇနီးမောင်နှံကို ဗြိတိန်က ထောင်ဒဏ်များ ချမှတ်

    ရင်သွေးအား ဟစ်တလာအမည်ပေးသည့် ဇနီးမောင်နှံကို ဗြိတိန်က ထောင်ဒဏ်များ ချမှတ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – မွေးထားတဲ့ ကလေးငယ်ကို နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာရဲ့အမည်ပေးခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးကို ဗြိတိန်က စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ချမှတ်လိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် အဒမ်သောမတ်စ်နဲ့ သူရဲ့ဇနီး အသက် ၃၈ နှစ်အရွယ် ကလော်ဒီယာ ပါတာတက်စ်တို့ဖြစ်ပြီး ဘာမင်ဂမ်ခရောင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်ခွဲနဲ့ ၅ နှစ် အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ မှာ ဗြိတိန်က ပိတ်ပင်ခဲ့တဲ့ နာဇီလက်သစ်အဖွဲ့ National Action ရဲ့ အဖွဲ့ဝင်ဖြစ်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

    ဒီဇနီးမောင်နှံနဲ့အတူ အခြား ၄ လူဦးကိုလည်း တရားရုံးက အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်မှုအတွက် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ယောက်ဟာ သောမတ်စ်နဲ့ ကလော်ဒီယာတို့ရဲ့ သူငယ်ချင်း ဒါရန် ဖလက်ချာ ဆိုသူဖြစ်ပြီး သူ့ရဲ့သမီးကို နာဇီအလေးပြုနည်း သင်ပေးခဲ့သူပါ။

    ဇနီးမောင်နှံ ၂ ယောက်ဟာ သူတို့ကလေးရဲ့အမည်မှာ ‘အဒေါ့ဖ်’ လို့ ထည့်သွင်းမှည့်ခေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး သောမတ်စ်ဟာ လူဖြူအစွန်းရောက်အဖွဲ့ KKK ၀တ်စုံဝတ်ကာ ကလေးငယ်ကို ချော့သိပ်နေတဲ့ ဓာတ်ပုံကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။

    ကလော်ဒီဟာဟာ ‘ဂျူးတွေအားလုံးကို သတ်ပစ်ရမယ်’ လို့ National Action က အဖွဲ့ဝင်တစ်ဦးကို ပြောကြားခဲ့ကြောင်းလည်း တရားရင်ဆိုင်မှုမှာ ပေါ်ထွက်ခဲ့ပါတယ်။

    Ref: CNN

  • တိုက်စစ်မှူးဟောင်း ဆိုလ်းရှားကို ယာယီနည်းပြအဖြစ် မန်ယူခန့်အပ်

    တိုက်စစ်မှူးဟောင်း ဆိုလ်းရှားကို ယာယီနည်းပြအဖြစ် မန်ယူခန့်အပ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – တိုက်စစ်မှူး အိုလီဂူနာ ဆိုးလ်ရှားကို ရာသီကုန်အထိ အသင်းကို ကိုင်တွယ်ဖို့ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တယ်လို့ မန်ယူအသင်းက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဆိုးလ်ရှားဟာ မန်ယူမှာ ၁၁ ရာသီကစားခဲ့ပြီး ၁၉၉၉ ခုနှစ် မန်ယူ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်တဲ့ပွဲမှာ အနိုင်ဂိုး သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

    “မန်ချက်စတာယူနိုက်တက်ဟာ ကျွန်တော့်ရဲ့ အသည်းနှလုံးပါ။ ဒီရာထူးနဲ့ အသင်းကို ပြန်လာရတာ အင်မတန် ပျှော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အခွင့်အလမ်းတစ်ခုပါ။ အင်မတန်ပါရမီရှိတဲ့ အသင်းသားတွေ၊ ၀န်ထမ်းတွေ၊ အသင်းကရှိတဲ့လူတွေနဲ့ အလုပ်တွဲလုပ်ဖို့အတွက် ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်” လို့ အသက် ၄၅ နှစ်အရွယ် ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

    ဆိုးလ်ရှားဟာ အခုလအစောပိုင်းမှာ နော်ဝေကလပ် Molde နည်းပြအဖြစ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဖာဂူဆန်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မိုက်ဖီလန်နဲ့အတူ မန်ယူကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့မှာ ပါဝင်တဲ့ မိုက်ကယ်ကာရစ်၊ ရီကန် မက်ကန်နာတို့ဟာလည်း ဆိုးလ်ရှားလက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

    မန်ယူကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ ယူရိုပါဖလားတစ်လုံး၊ လိဂ်ဖလားတစ်လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အခုရာသီမှာ ရလဒ်ကောင်းမွန်အောင် မဆောင်ရွက်နိုင်တာကြောင့် မနေ့က ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

    Ref: BBC

  • အာကာစစ်တပ် ဖွဲ့စည်းနိုင်မည့် အမိန့်တစ်ခုကို အမေရိကန်သမ္မတ လက်မှတ်ထိုး ထုတ်ပြန်

    အာကာစစ်တပ် ဖွဲ့စည်းနိုင်မည့် အမိန့်တစ်ခုကို အမေရိကန်သမ္မတ လက်မှတ်ထိုး ထုတ်ပြန်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို အာကာသ စစ်ဌာနချုပ်တစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ အခွင့်အာဏာပေးတဲ့ စာချွန်လွှာတစ်ခုကို သမ္မတထရမ့်က မနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိမယ့် အဲဒီ အာကာသ စစ်ဌာနချုပ်ဟာ နည်းပညာဆိုင်ရာ အားသာမှုတွေ ရရှိအောင် ဆောင်ရွက်မှာဖြစ်ပြီး၊ ရေကြောင်းသွားလာမှု၊ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ရေးတို့အတွက် အသုံးပြုနေတဲ့ အမေရိကန်ရဲ့ ဂြိုဟ်တုတွေကို ထိထိရောက်ရောက် ကာကွယ်ရေး နည်းလမ်းတွေ ရှာဖွေသွားမှာလည်း ဖြစ်ပါတယ်။

    ကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်စစ်တပ်တစ်ခုလုံးမှာရှိတဲ့ အမျိုးမျိုးသော အာကာသဆိုင်ရာ တပ်ဖွဲ့တွေ၊ အေဂျင်စီတွေကို စုပေါင်းကာ လွတ်လပ်ပြီး၊ ပိုမို ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ အဖွဲ့တစ်ခုဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အာကာသတပ်ဖွဲ့ ဖွဲ့စည်းရေးဟာ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    လက်ရှိ အာကာသတပ်ဖွဲ့ရှိတဲ့ အမေရိကန်လေတပ်ဟာ အသစ်ဖွဲ့စည်းမယ့် စစ်ဌာနချုပ်မှာ အဓိက အစိတ်အပိုင်း ၉/၁၁  တိုက်ခိုက်မှုပြီးတဲ့နောက် ဖျက်သိမ်းခဲ့တ့ အမေရိန်ကန်ဆိုက်ဘာစစ်ဌာနချုပ်ပုံစံမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့ ဒီဆောင်ရွက်မှုကို ဝေဖန်မှုတွေလည်း ရှိနေပြီး အာကာသမှာကုန်မယ့် ငွေကြေးကို ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍလိုမျိုး မြေပြင်ကိစ္စတွေမှာ အသုံးပြုသင့်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    Ref: Aljazeera