News @ M-Media

Author: Ko Lay

  • နည်းပြမော်ရင်ဟိုကို မန်ယူထုတ်ပယ်၊ နည်းပြသစ်ကို အသေအချာ စီစစ်မည်ဟု ပြော

    နည်းပြမော်ရင်ဟိုကို မန်ယူထုတ်ပယ်၊ နည်းပြသစ်ကို အသေအချာ စီစစ်မည်ဟု ပြော

    ဒီဇင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – မန်ချက်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့အသင်းနည်းပြ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ယာယီနည်းပြတစ်ဦးကို ရာသီကုန်အထိ ခန့်အပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အသက် ၅၅ နှစ်အရွယ် မော်ရင်ဟိုဟာ မန်ယူကို ၂ နှစ်ခွဲကြာ တာာဝန်ယူခဲ့ပြီး လိဂ်ဖလားတစ်လုံး၊ ယူရိုပါဖလားတစ်လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် အခုရာသီ ပရီးမီးယားလိဂ်မှာ မန်ယူဟာ ဇယားကိုဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ၁၉ မှတ် ကွာဟကာ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

    အသင်း ထုတ်ပြန်တဲ့ကြေငြာချက်မှာ ရာသီကုန်အထိ ယာယီနည်းပြတစ်ဦးကို တာဝန်ပေးအပ်သွားမှာဖြစ်ပြီး အမြဲတမ်းနည်းပြတစ်ဦး ခန့်အပ်ဖို့အတွက် သေသေချာချာ စီစစ်ရွေးချယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    “တာဝန်ယူစဉ်အတွင်း ဟိုးဆေးရဲ့ စွမ်းဆောင်ပေးမှုတွေအတွက် အသင်းက ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး အနာဂတ်မှာ အောင်မြင်ပါစေကြောင့် မန်ချက်စတာယူနိုင်တက်က ဆုတောင်းပေးလိုက်ပါတယ်”

    အမြဲတမ်းနည်းပြကို အသင်းပြင်ပကနေ ရွေးချယ်သွားမှာဖြစ်ပေမယ့် အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါး မဟုတ်ဘူးလို့လည်း မန်ယူအသင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC

  • အီရတ်တွင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီဗလီကို အကြီးစားပြင်ဆင်မှုလုပ်

    အီရတ်တွင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီဗလီကို အကြီးစားပြင်ဆင်မှုလုပ်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    ပျက်ဆီးပြိုကျနေသည့် အလ်-နူရီ ဗလီဝတ်ကျောင်းတော်

    – IS အကြမ်းဖက်အဖွဲ့ရဲ့ ဖောက်ခွဲမှုကြောင့် ပျက်ဆီးခဲ့ရတဲ့ အီရတ်က ရှေးဟောင်းသမိုင်းဝင် နာမည်ကျော် အလ်-နူရီ ဗလီဝတ်ကျောင်းတော် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို မနေ့က စတင်လိုက်ပြီး ၅ နှစ်တာကြာမြင့်မယ့် အဲဒီစီမံကိန်းဟာ ကန်ဒေါ်လာ ၅၀.၄ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။

    နီနီဗာဟ်ပြည်နယ်က စွန်နီမွတ်စလင်ရေးရာအကြီးအကဲ အဘူ ဘာကာရ် ကီနန်က ဗလီဝတ်ကျောင်းတော်နဲ့ နာမည်ကျော် မင်နာရတ်မျှော်စင်တို့ရဲ့ အကြွင်းအကျန်တွေကို ဒီအတိုင်း ဆက်လက်ထားရှိမှာဖြစ်ပြီး ပျက်ဆီးနေတဲ့ အစိတ်အပိုင်းတွေကို အသစ် ပြန်လည်ဆောက်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းကြောင်းကို ဖော်ပြမယ့် ပြတိုက်တစ်ခု ဆောက်လုပ်ဖို့လည်း စီမံကိန်းမှာ ပါဝင်ပါတယ်။

    မနေ့က အုတ်မြစ်ချပွဲ အခမ်းအနားကို အီရတ်အစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကုလနဲ့ ဥရောပနိုင်ငံတွေက သံတမန်တွေ တက်ရောက်ခဲ့ပါတယ်။

    စီမံကိန်းပထမနှစ်မှာ အပျက်အစည်းတွေရှင်းလင်းတာ၊ မှတ်တမ်း ပြန်လည်စုဆောင်းတာတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်တဲ့လေးနှစ်မှာ ဗလီအဆောက်အဦးကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ယူနက်စကိုအဖွဲ့က ပြောကြားခဲ့ပါတယ်။

    “ဒီဗလီဝတ်ကျောင်းတော်ကို ဖြိုဖျက်မှုဟာ တုန်လှုပ်ဖွယ်ရာကိစ္စ ဖြစ်ပါတယ်။ ဒီကနေ့ အလ်နူရီ ဗလီဝတ်ကျောင်းတော်ကို ကျွန်မတို့ အုတ်မြစ်ပြန်ချခဲ့ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စတင်သွားမှာ ဖြစ်ပါတယ်” လို့ ယူနက်စက်ကိုရဲ့ အီရတ်ဆိုင်ရာ ကိုစားလှယ် Louise Haxthausen က ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားနဲ့ အီရတ်မြောက်ပိုင်းတို့ကို စုစည်းနိုင်ခဲ့တဲ့ ဘုရင် နူရက်ဒင် အလ်-ဇင်ကီဟာ အလ်-နူရီဗလီဝတ်ကျောင်းတော်ကို ၁၁၇၂ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ဆစ်ခ်လူမျိုးများအား အကြမ်းဖက်မှုတွင်ပါဝင်သည့် အိန္ဒိယနိုင်ငံရေးသမားဟောင်း ထောင်တစ်သက် ချမှတ်ခံရ

    ဆစ်ခ်လူမျိုးများအား အကြမ်းဖက်မှုတွင်ပါဝင်သည့် အိန္ဒိယနိုင်ငံရေးသမားဟောင်း ထောင်တစ်သက် ချမှတ်ခံရ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည့် ဆာဂျင်ကူးမားရ် (လယ်)

    – ၁၉၈၄ ခုနှစ် ဆစ်ခ်လူမျိုးတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုမှာ ပါဝင်တဲ့ အိန္ဒိယနိုင်ငံရေးသမားဟောင်းကို ဒေလီအထက်တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။

    အဲဒီတုန်းက ၀န်ကြီးချုပ်ဖြစ်တဲ့ အင်ဒရာဂန္ဒီကို ဆစ်ခ်သက်တော်စောင့်နှစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆစ်ခ်တွေကိုပစ်မှတ်ထားတဲ့ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆစ်ခ်လူမျိုး ၈ ထောင်ကနေ တစ်သောင်းခွဲကြား အသတ်ခံခဲ့ရပါတယ်။

    အကြမ်းဖက်မှုအတွင်း ဆစ်ခ်အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ဆစ်ခ်တွေပိုင်ဆိုင်တဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

    ဆစ်ခ်လက်နက်ကိုင်ခေါင်းဆောင်ကို ဖမ်းဆီးဖို့အတွက် ပန်ဂျပ်ပြည်နယ်က နာမည်ကျော် ဆစ်ခ်ဘုရားကျောင်းကို စီနင်းဖို့ အင်ဒရာဂန္ဒီက အမိန့်ပေးခဲ့တာကို မကျေနပ်တဲ့အတွက် သက်တော်စောင့်နှစ်ဦးက ပြန်လည် လက်စားချေခဲ့တာ ဖြစ်ပါတယ်။

    ဆစ်ခ်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အဲဒီတုန်းက အာဏာရ ကွန်ဂရက်ပါတီ နိုင်ငံရေးသမားတွေ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။

    အကြမ်းဖက်မှုဖြစ်ပွားစဉ်က လွှတ်တော်အမတ်တစ်ဦးဖြစ်ခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် ဆာဂျင် ကူးရ်မားဟာ ဆစ်ခ်တွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တာကို တွေ့ရှိရတာကြောင့် တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

    ကူးမားရ်ဟာ ဒီအမှုအတွက် ၂၀၁၃ ခုနှစ်မှာ တရားသေ လွတ်မြောက်ခဲ့ပေမယ့် တရားရုံးချုပ်က ဒီလိုလွှတ်ပေးမှုကို ပယ်ချကာ စုံစမ်းစစ်ဆေးမှု ပြန်လုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

    ဒေလီက ဆစ်ခ်မိသားစုဝင် ၅ ဦးကို သတ်ဖြတ်မှုမှာ ကူးမားရ် ပါဝင်ခဲ့တာဖြစ်ပြီး ပူးပေါင်းကြံစည်မှု၊ ရန်ညိုးဖြစ်အောင် လှုံ့ဆော်မှု၊ လူ့အဖွဲ့အစည်း သွေးကွဲအောင်လုပ်ဆောင်မှုတွေနဲ့ အပြစ်ရှိတယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။

    “စိန်ခေါ်မှုတွေ ရှိနေပေမယ့် အမှန်တရား ပေါ်ထွက်လာဖို့ အရေးကြီးပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေရဲ့ နောက်ဆက်တွဲရလဒ်တွေကို အခုအချိန်အထိ ခံစားနေရတုန်းပါ” လို့က တရားရုံးက ပြောကြားခဲ့ပါတယ်။

    ဟိန္ဒူအများစုရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ၁.၂၅ ဘီလီယံသော လူဦးရေမှာ ဆစ်ခ်လူမျိုးတွေက ၂ ရာခိုင်နှုန်း ရှိပါတယ်။

    Ref: Arab News

  • လာမည့်နှစ် ပါလက်စတိုင်းအကူအညီပေးရေးအတွက် ကန်ဒေါ်လာ သန်း ၃၅၀ လိုအပ်နေ

    လာမည့်နှစ် ပါလက်စတိုင်းအကူအညီပေးရေးအတွက် ကန်ဒေါ်လာ သန်း ၃၅၀ လိုအပ်နေ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    – အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကန်ဒေါ်လာ သန်း ၃၅၀ ကူညီဖို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ ကုလကတို့က ဒီကနေ့မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုလိုက်ပါတယ်။

    ပါလက်စတိုင်းတွေကိုကူညီဖို့ အမေရိကန်ကပေးအပ်နေတဲ့ ငွေကြေးဟာ ပြီးခဲ့တဲ့နှစ်က စတင်ကာ ရပ်ဆိုင်းသွားခဲ့တဲ့အတွက် ကုလအပါအ၀င် ပါလက်စတိုင်းပိုင်နက်တွေမှာ အကူအညီပေးရေး လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ အခက်တွေ့လာတာ ဖြစ်ပါတယ်။

    ဒီကနေ့ထုတ်ပြန်တဲ့ အကူအညီပေးရေး အစီအစဉ် 2019 Humanitarian Response Plan မှာ ကုလနဲ့ NGO တွေ အပါအ၀င် အဖွဲ့ပေါင်း ၈၈ ဖွဲ့က ဆောင်ရွက်မယ့် စီမံကိန်း ၂၀၃ ခုကို ဖော်ပြထားပြီး အကူအညီ အလွန်အမင်း လိုအပ်နေတဲ့ ပါလက်စတိုင်းပြည်သူ ၁.၄ သန်းကို အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေ၊ နေထိုင်စရာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အကူအညီတွေ ပေးဖို့ ဖြစ်ပါတယ်။

    ပါလက်စတိုင်းဆိုင်ရာ ကုလ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး မက်ဂိုလ်ဒရစ်က အကူအညီပေးသူတွေဟာ ရန်ပုံငွေ လျော့နည်းတာအပါအ၀င် မကြံစဖူးစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၉ အကူအညီပေးရေး စီမံကိန်းက တောင်းခံထားတဲ့ ရန်ပုံငွေ ၇၇ ရာခိုင်နှုန်းဟာ အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့မှုတွေကြောင့် အတိဒုက္ခရောက်နေတဲ့ ဂါဇာကမ်းမြှောင်က ပြည်သူတွေအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    “အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးရဲ့ ကျူးလွန်မှုတွေ၊ အရင်းအမြစ်ရှားပါးမှုတွေ၊ အကူအညီပေးရေးကို နိုင်ငံရေးအမြတ်ထုတ်ပြီး ရန်ပုံငွေလျှော့ချတာတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြအနေက ဆိုးရွားလာပါတယ်” လို့ ပါလက်စတိုင်း လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အီဘရာဟင် အလ်-ရှာအီရ်က ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • မြန်မာနိုင်ငံရှိ အဖိုးအဖွားများ ခက်ခဲစွာ ဘ၀ရပ်တည်နေရဟု ကန် NGO တစ်ခု ထောက်ပြ

    မြန်မာနိုင်ငံရှိ အဖိုးအဖွားများ ခက်ခဲစွာ ဘ၀ရပ်တည်နေရဟု ကန် NGO တစ်ခု ထောက်ပြ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံက အငြိမ်းစားတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အခြေခံဝန်ဆောင်မှုတွေ ရရှိခြင်းမရှိဘဲ ဘ၀ကို ခက်ခက်ခဲခဲ ဖြန်သန်းနေရတယ်လို့ ကမ္ဘာ့ထိပ်တန်း အကူအညီပေးရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

    အမေရိကန်အခြေစိုက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ HelpAge International and the AARP က ထုတ်ပြန်တဲ့ Global AgeWatch Insights 2018 အစီရင်ခံစာမှာ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေဟာ ဆင်းရဲမွဲတေမှု၊ ဆေးဝါးစားရိတ် ကြီးမားမှု၊ ကျန်းမာရေးအသိပညာ နိမ့်ပါးမှု၊ ကျန်းမာရေးသတင်းအချက်အလက် မရမှုနဲ့ လူ့အဖွဲ့အစည်းရဲ့ ဂရုစိုက်မခံရမှုတို့ကို ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ၂၀၁၅ ခုနှစ်ကနေ ၂၀၅၀ အတွင်း မြန်မာနိုင်ငံမှာ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အို အရေအတွက်ဟာ ၂.၆ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ အထူးသဖြင့် ကျန်းမာရေးမကောင်းသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စနစ်တကျ စုဆောင်းထားမှုမရှိတာကြောင့် အစိုးရအနေနဲ့ ဒီသက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

    သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးအစီအစဉ်တွေကို ရေးဆွဲရာမှာ အချက်အလက်တွေက အရေးပါပြီး ဒါတွေမရှိတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံမှု ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံက နောက်မှာ ကျန်ရစ်နေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေအရ အသက်ကြီးပိုင်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုရှည်တာကို တွေ့ရပြီး၊ မှတ်ဉာဏ်ချို့ယွင်းမှု၊ စိတ်ကျရောဂါဒဏ်တွေကို ခံစားရတဲ့ အဖိုးအဖွားတွေမှာလည်း အဖွားတွေက အဖိုးတွေထက် အသက်ပိုရှည်တာကို တွေ့ရပါတယ်။

    မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးအဖွဲ့ဥက္ကဌ ဦးတင်ဦးက အစီရင်ခံစာမှာပါဝင်တဲ့ အချက်အလက်တွေကနေပြီး သင်ခန်းစာယူကာ ပြည်သူတွေရဲ့အသံတွေ၊ အတွေ့အကြုံတွေနဲ့ အသိပညာတွေကို ပိုမို အာရုံစိုက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)