News @ M-Media

Author: Ko Lay

  • ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒဟို ဆော်ဒီတွင် ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်မည်

    ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒဟို ဆော်ဒီတွင် ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်မည်

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    ဖိုရမ်တွင်တွေ့ရသည့် ရော်နယ်ဒင်ဟို

    – လာမယ့်နှစ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ဘရာဇီးလ်အသင်းရဲ့ ဂန္တ၀င်ဘောလုံးကစားသမား ရော်နယ်ဒင်ဟိုက Arab News သတင်းဌာနနဲ့ မနေ့က အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    “ဆော်ဒီပြည်သူတွေထံကနေရရှိတဲ့ နွေးထွေးတဲ့ကြိုဆိုမှု၊ ဖော်ရွေမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘောလုံးကစားသမားတစ်ယောက် ဖြစ်ချင်တဲ့ ဆော်ဒီကလေးငယ်တွေအတွက် သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ”

    ရော်နယ်ဒင်ဟိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အတည်ထောင်ထားတဲ့ Misk Foundation က ကျင်းပတဲ့ Misk Global Forum ကို တက်ရောက်ဖို့ ဆော်ဒီအာရေဗျကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

    ဖိုရမ်မှာ ဒင်ဟိုက ဘုရားသခင်ဟာ သူ့ကို ဘောလုံးပါရမီပေးထားပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေမှာ ကမ္ဘာကျော် ကစားသမာတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့တာ ကံကောင်းမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုယ့်ကိုယ်ကိုပြင်ဆင်ပါ။ လုပ်ဖောင်ကိုင်ဖက်တွေ၊ အသင်းဖော်တွေကို ကူညီပါ။ မာန်မတက်ဖို့က အရေးကြီးပါတယ်။ မိမိကိုယ်ကို နှိမ့်ချပါ” လို့ ရော်နယ်ဒင်ဟိုက ပရိတ်သတ်တွေကို အကြံပြုခဲ့ပါတယ်။

    ပြင်းပြင်းထန်ထန်ကြိုးစားဖို့၊ စာများများဖတ်ဖို့ အရှုံးကိုမကြောက်ရွံ့ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်ဆို အကြိမ်ပေါင်းများစွာ ကျရှုံးဖူးပါတယ်။ ဘောလုံးမှာက ဒီလိုပါပဲ။ အမြဲတမ်း အနိုင်ကြီးပဲမဟုတ်ဘူး။ အရှုံးကနေလည်း သင်ခန်းစာယူတတ်ရတယ်။ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့”

    ဘောလုံးကစားမှုကနေ အနားယူခဲ့ပြီးတဲ့နောက် မိမိအနေနဲ့ လူငယ်မျိုးဆက်သစ်တွေကို ပြန်လည်ပေးဆပ်ဖို့ ကြိုးစားနေတယ်လို့လည်း ရော်နယ်ဒင်ဟိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Arab News

  • တရုတ်သိပ္ပံပညာရှင်များ ‘နေ’ အတုကို ဖန်တီးတည်ဆောက်နေ

    တရုတ်သိပ္ပံပညာရှင်များ ‘နေ’ အတုကို ဖန်တီးတည်ဆောက်နေ

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – နေထက် အပူချိန် ပိုမိုထုတ်လွှတ်ပေးနိုင်မယ့် နေအတုတစ်ခုကို တီထွင်ဖန်တီးနေတယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက အင်္ဂါနေ့မှာ ကြေငြာလိုက်ပါတယ်။

    Institute of Plasma Physics နဲ့ တရုတ်သိပ္ပံအကယ်ဒမီတို့ ပူးပေါင်းတီထွင်နေတဲ့ အဲဒီ အနေအတုကို Experimental Advanced Superconducting Tokamak (EAST) လို့ အမည်ပေးထားပြီး အပူချိန် သန်း ၁၀၀ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ နေဟာ အပူချိန် ၁၅ သန်း ဒီဂရီ ဆဲလ်စီးယက်စ်သာ ထုတ်ပေးနိုင်ပါတယ်။

    အဲဒီနေအတုကို တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွီမြို့မှာ တည်ဆောက်နေတာဖြစ်ပြီး နျူကလီးယား ပေါင်းစည်းမှု သဘောတရားကို နားလည်အောင်နဲ့ တစ်ချိန်မှာ နေအစားထိုး သန့်ရှင်းတဲ့ စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် အသုံးပြုနိုင်အောင် ရည်ရွယ်ဖန်တီးနေတာ ဖြစ်ပါတယ်။ နေ့အတု တစ်နေ့တာလည်ပတ်ဖို့အတွက် ဒေါ်လာ ၁၅၀၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

    တရုတ်ဟာ မြို့ကြီးတွေမှာ ညဖက် အလင်းပေးနိုင်ဖို့နဲ့ စွမ်းအင်ချွေတာနိုင်ဖို့အတွက် လအတုကို ဖန်တီးနေတယ်လို့ ပြီးခဲ့တဲ့လမှာ သတင်းထွက်ခဲ့ပါတယ်။

    Ref: RT

  • ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    ဖိလစ်ပိုင်မှသိမ်းထားသည့် ခေါင်းလောင်း ၂ လုံး

    အစ္စရေးကာကွယ်ရေးဝန်ကြီးနှုတ်ထွက်မှု မိမိတို့အောင်ပွဲဟု ဟားမက်စ်ပြော
    =================
    အစ္စရေးကာကွယ်ရေးဝန်ကြီး အာဗစ်ဒေါရ် လီဘာမန် နှုတ်ထွက်သွားမှုဟာ မိမိတို့ရဲ့ နိုင်ငံရေးအောင်ပွဲဖြစ်တယ်လို့ ဂါဇာကမ်းမြှောင်အခြေစိုက် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က ပြောကြားလိုက်ပါတယ်။ အခုသီတင်းပတ်အစောပိုင်း အစ္စရေးက ဂါဇာကမ်းမြှောင်မှာ အရပ်သားအသွင်ယူ ကွန်မန်ဒိုတွေစေလွှတ်ကာ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဟားမက်စ်နဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်ရဲ့ကြားဝင်ပေးမှုနဲ့ အင်္ဂါနေ့မှာ အစ္စရေး-ဟားမက်စ် အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ လီဘာမန်က အဲဒီသဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာမီ အဘူဇူဟ်ရီက လီဘာမန်နှုတ်ထွက်မှုဟာ ပါလက်စတိုင်းတော်လှန်ရေးကို ရင်မဆိုင်နိုင်ကြောင်း ၀န်ခံမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ပွဲတွင်သိမ်းထားသည့် ခေါင်းလောင်း ၃ လုံးကို အမေရိကန်က ဖိလစ်ပိုင်ကို ပြန်ပေးမည်
    ===============
    အမေရိကန်-ဖိလစ်ပိုင်စစ်ပွဲအတွင်း ၁၉၀၁ ခုနှစ် တိုက်ပွဲက သိမ်းယူခဲ့တဲ့ ဘုရားကျောင်းသုံး ခေါင်းလောင်း ၃ ခုကို လာမယ့် ဒီဇင်ဘာလ အစောဆုံးထားပြီး
    ဖိလစ်ပိုင်ကို ပြန်ပေးတော့မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဟာ အဲဒီခေါင်းလောင်းတွေကို စစ်ပွဲလက်ရပစ္စည်းတစ်ခု သတ်မှတ်ထားပြီး ယိုမင်းပြည်နယ်မှာ ၂ လုံး၊ တောင်ကိုရိးယားက အမေရိကန်စစ်သမိုင်းပြတိုက်မှာတစ်ခု ပြသထားတာပါ။ ဖိလစ်ပိုင်ဘက်ကလည်း ခေါင်းလောင်းပြန်ရရေးအတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ တောင်းဆိုခဲ့ပါတယ်။ ဒါတွေကိုပြန်ပေးဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စစ်ပြန်တစ်ချို့က ကန့်ကွက်နေကြပါတယ်။

    မဟာမိတ်များမှာ ငွေဝယ်ကျွန်မဟုတ်ဟု ထရမ့်ကို ပြင်သစ်သမ္မတပြော
    ================
    မဟာမိတ်ဖြစ်တဲ့ မိမိတို့ကို အမေရိကန်က လေးလေးစားစား ဆက်ဆံသင့်ပြီး မိမိတို့ဟာ ငွေဝယ်ကျွန်မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပထမကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားအတွက် ပြင်သစ်ကို ရောက်လာတဲ့ထရမ့်ကို မာခရွန်က ဥရောပတပ်ပေါင်းစုဖွဲ့ရေး ပြောဆိုခဲ့ပြီးတဲ့နောက် ထရမ့်က ပြင်သစ်ဟာ ကမ္ဘာစစ်နှစ်ခုမှာ ဂျာမနီကို ရှုံးနိမ့်မယ်ဆဲဆဲ မိမိတို့က ကယ်တင်ခဲ့တာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ စကားနာထိုးခဲ့ပါတယ်။ မာခရွန်က ထရမ့်ဟာ ပြည်တွင်းမှာ နိုင်ငံရေးကစားဖို့ ဒီလိုတွေ ပြောဆိုနေတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ မာခရွန်ဟာ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ကို ရင်ဆိုင်နိုင်ရေး ဥရောပတပ်ပေါင်းစုဖွဲ့စည်းဖို့ အားထုတ်ကြိုးပမ်းနေပါတယ်။

    Ref: Aljazeera

  • ကိုယ့်နိုင်ငံအကြောင်း ကိုယ်သာပိုသိဟု ကန်ဒုသမ္မတကို ဒေါ်အောင်ဆန်းစုကြည်ပြော

    ကိုယ့်နိုင်ငံအကြောင်း ကိုယ်သာပိုသိဟု ကန်ဒုသမ္မတကို ဒေါ်အောင်ဆန်းစုကြည်ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၈
    M-Media

    – မိမိတို့နိုင်ငံအကြောင်းကို မိမိတို့သာ ပိုသိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ကို ပြောကြားလိုက်ပြီး ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်တဲ့ ပန့်စ်ရဲ့ မှတ်ချက်တွေကို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    အာဆီယံထိပ်သီးအစည်းအဝေးအတွက် စင်ကာပူကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ မိုက်ပန့်စ်နဲ့ တွေ့ဆုံခဲ့တာပါ။ မိုက်ပန့်စ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုကိစ္စအတွက် ဘယ်လိုဆင်ခြေမျိုးမှ ပေးလို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

    “ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားအောင် စစ်တပ်နဲ့ တုတ်ဓားကိုင်လူအုပ်ရဲ့ အကြမ်းဖက်မှု၊ ညှင်းပမ်းမှုတွေအတွက် ဆင်ခြေပေးလို့ မရပါဘူး။ လူသိန်းချီထွက်ပြေးအောင် အကြမ်းဖက်ခဲ့တဲ့သူတွေ၊ သတ်ဖြတ်မှုအပါအ၀င် ထိခိုက်ခံစားရအောင် လုပ်တဲ့သူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်နေတာမျိုးကို ခင်ဗျားဆီက ကျွန်တော်တို့ ကြားချင်ပါတယ်”

    ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ မိမိတို့ သဘောဆန္ဒအလျောက် နေရပ်ပြန်တာမျိုးကိုပဲ အမေရိကန်က မြင်ချင်တယ်လို့ မိုက်ပန့်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်လို့ ကုလက ပြောကြားထားပြီး၊ အမေရိကန်က ဒီလုပ်ရပ်တွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လူတွေမှာ အမြင်ခြင်းမတူတာတွေ ရှိနိုင်ပြီး၊ မိမိတို့တိုင်းပြည်အကြောင်း မိမိတို့သာပိုသိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “လူတွေရဲ့အမြင်တွေ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုတာက ဓမ္မတာပါပဲ။ အရေးကြီးတာက အမြင်ချင်းဖလှယ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်လာအောင် ကြိုးစားဖို့ပါ။ ကိုယ့်တိုင်းပြည်အကြောင်းကို တစ်ခြားသူတွေထက် ကိုယ်က ပိုသိတယ်လို့ ကျွန်မတို့ ပြောလို့ရတယ်။ ကျုပ်တို့တိုင်းပြည်အကြောင်းကို တစ်ခြားသူတွေထက် ကျုပ်တို့က ပိုသိတယ်လို့ ရှင်တို့လည်း ပြောမှာပဲလေ”

    မိုက်ပန့်စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပြီး ဒုသမ္မတက ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးရေး အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

    Ref: CNA

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၄၊ ၂၀၁၈
    M-Media

    ကယ်လီဖိုးနီးယား မီးလောင်မှုမြင်ကွင်း

    သမ္မတခန့်အပ်သည့် ၀န်ကြီးချုပ်နှင့် အစိုးရသစ်ကို သီရိလင်္ကာလွှတ်တော် လက်မခံ
    ====================
    သမ္မတ မိုင်သရီပါလာ ဆရီဆီနာ အောက်တိုဘာ ၂၆ ရက်နေ့က ခန့်အပ်ခဲ့တဲ့ ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာနဲ့ သူ့အစိုးရကို အယုံအကြည်မရှိဘူးလို့ သီရိလင်္ကာလွှတ်တော်က ဒီကနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဆရီဆီနာဟာ ၀န်ကြီးချုပ် ရာနီးလ်ဝစ္စကီမီဆင်ဟီနေရာကို ရာဂျာပက်ဆာနဲ့ အစားထိုးခဲ့တာဖြစ်ပြီး အခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာခဲ့ပေမယ့် တရားရုံးချုပ်က ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပါတယ်။ လွှတ်တော်မှာ ရာနီးလ်ရဲ့ပါတီက အများစုဖြစ်ပေမယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်နိုင်တဲ့ အာဏာဟာ သမ္မတ ဆရီဆီနာမှာ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအနေအထားကြောင့် သီရိလင်္ကာရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ ပိုမို ပြင်းထန်လာဖွယ် ရှိနေပါတယ်။

    ကယ်လီဖိုးနီးယားမီးလောင်မှုကြောင့် သေဆုံးသူ ၅၀ နိးပါးရှိလာ
    ====================
    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှုကြောင့် သေဆုံးအရေအတွက်ဟာ မနေ့ကအထိ ၄၈ ဦး ရှိလာခဲ့ပြီး ပြည်နယ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး တောမီးလောင်မှုလည်း ဖြစ်ပါတယ်။ တောမီးလောင်မှုဟာ ၆ ရက်တာ ကြာမြင့်လာပြီဖြစ်ပြီး လူပေါင်း ၂၇၀၀၀ ထောင်လောက်နေထိုင်တဲ့ ပါရာဒိုက်စ်မြို့က နေအိမ်အများအပြားအပါအ၀င် အဆောက်အဦးပေါင်း ၇၀၀၀ ကျော်လောက် မီးလောင်ပျက်ဆီးခဲ့ပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သိန်းနဲ့ချီ ရှိနေပြီး ပျောက်ဆုံးတယ်လို့ စာရင်းပေးထားသူအရေအတွက် ၂၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်နယ်သစ်တောရေးရာဌာနရဲ့ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် ဒီလိုဖြစ်ရတာလို့ အပြစ်တင်ထားပါတယ်။

    ဒီဘောက်တီဆိပ်ကမ်းတစ်ခုကို တရုတ်သိမ်းမည့်အရေး ကန်လွှတ်တော်အမတ်များ သတိပေး
    ===============
    အာဖရိက ဒီဘောက်တီနိုင်ငံက Doraleh Container Terminal ဆိပ်ကမ်းကို တရုတ်က ထိန်းချုပ်ခွင့်ရသွားရင် အရှေ့အာဖရိကမှာ တရုတ်က နိုင်ငံရေးနဲ့ စစ်ရေးလွှမ်းမိုးမှု ပိုမိုအားကောင်းလာနိုင်တယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်နှစ်ဦးက နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့ ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်တို့ကို ပေးပို့တဲ့စာမှာ သတိပေးလိုက်ပါတယ်။ အဲဒီဆိပ်ကမ်းကို အရင်က ယူအေအီးနိုင်ငံက လုပ်ကိုင်နေတာဖြစ်ပြီး ဖေဖော်ဝါရီမှာ ဒီဘောက်တီက စာချုပ်ဖျက်သိမ်းကာ၊ စက်တင်ဘာမှာ ပြည်သူပိုင်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဒီဘောက်တီနိုင်ငံဟာ တရုတ်ရဲ့ အကြွေးနွံထဲ နစ်နေတဲ့အတွက် ဒီဆိပ်ကမ်းကို တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုထံ ထိုးအပ်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီဘောက်တီမှာ တရုတ်ရဲ့ ပထမဆုံး နိုင်ငံခြား စစ်အခြေစိုက်စခန်းကို ပြီးခဲ့တဲ့နှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    Ref: Aljazeera