News @ M-Media
Author: Ko Lay
  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၂၉၊ ၂၀၁၈
    M-Media
    ပျက်ကျသွားသည့် အင်ဒိုလေယာဉ်၏ လမ်းကြောင်း
    အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်တစ်စင်း ဂျာဗားပင်လယ်ထဲပျက်ကျ
    ==============
    မြို့တော်ဂျကာတာကနေ ဆူမားတြားကျွန်းကို ဒီနေ့မနက်ပိုင်းက ပျံသန်းသွားတဲ့ အင်ဒိုနီးရှား ပြည်တွင်းလေကြောင်း Lion Air က ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပင်လယ်ထဲမှာ ပျက်ကျသွားတယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ Boeing 737 MAX 8 အမျိုးအစား လေယာဉ်ဟာ ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။ လိုက်ပါသွားသူဦးရေ၊ သေဆုံးသူ၊ ပျောက်ဆုံးသူဦးရေတို့ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သြဂုတ်လအတွင်းကလည်း နိုင်ငံအရှေ့ပိုင်း တောတောင်ထူထပ်တဲ့ဒေသမှာ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ၈ ဦးသေဆုံးကာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ပါတယ်။
    ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အသင်းပိုင်ရှင် သေဆုံးသွားကြောင်း လက်စတာ အတည်ပြု
    ===============
    စနေနေ့က ကွင်းရဲ့ ကားပါကင်မှာ ရဟတ်ယာဉ် ပျက်ကျပေါက်ကွဲမှုအတွင်း လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးသွားခဲ့ပြီး အသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်းလည်း ပါဝင်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းက မနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ ဗီချိုင်းဟာ လက်စတာကို ပထမတန်းမှာ ကစားနေတဲ့အချိန် ၂၀၁၀ ခုနှစ်က ပေါင် ၃၉ သန်းနဲ့  ၀ယ်ယူခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ လက်စတာအသင်းက အသက် ၆၀ အရွယ် ဗီချိုင်း ကွယ်လွန်တာကို အတည်ပြုခဲ့ပေမယ့် ကျန်တဲ့ သေဆုံးသူ ၄ ဦးဟာ ဘယ်သူဘယ်ဝါ ဖြစ်လဲဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး။ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ ဗီချိုင်းရဲ့ ရဟတ်ယာဉ်ဖြစ်ပြီး သူ့သမီးဖြစ်သူလည်း လိုက်ပါသွားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
    သီရိလင်္ကာတွင် နိုင်ငံရေး မငြိမ်သက်မှုကြောင့် လူ ၁ ဦးသေဆုံး
    ====================
    သောကြာနေ့မှာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ သီရိလင်္ကာ ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီမီဆင်ဟီအစိုးရက ရေနံဝန်ကြီးရဲ့ သက်တော်စောင့်ဟာ မနေ့က မြို့တော်ကိုလံဘိုမှာရှိတဲ့ ဆန္ဒပြလူအုပ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတ ဆရီဆီနာက စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ သူ့ကို လုပ်ကြံဖို့ ကြိုးစားမှုတွေကြောင့် ရာနီးလ်ကို ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ဆိုပေမယ့် အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ရာနီးလ်ဟာ ရာထူးကနေဆင်းပေးဖို့ ငြင်းဆိုထားပြီး မနေ့က သူ့လက်အောက်မှာရှိတဲ့ ရေနံဝန်ကြီးဟာ ၀န်ကြီးဌာန ရုံးခန်းကို ၀င်ရောက်ဖို့ ကြိုးစားစဉ်အတွင်း ဆရီဆီနာကို ထောက်ခံတဲ့ လူအုပ်ရဲ့တားဆီးမှုကို ကြုံတွေ့ခဲ့ရပြီး ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
    ကာရှိုဂျီအသတ်ခံရမှု အထောက်အထားများအားလုံးကို တူရကီက ဆော်ဒီကို ပြမည်
    =================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှု ကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ တူရကီ တာဝန်ရှိသူတွေဟာ နိုင်ငံမှာ ရောက်ရှိနေတဲ့ ဆော်ဒီ ရှေ့နေချုပ်ထံ သူတို့ရဲ့ တွေ့ရှိချက်တွေ ပြသသွားမှာဖြစ်ပြီး ကောင်စစ်ဝန်ရဲ့နေအိမ်ကိုလည်း နှစ်နိုင်ငံပူးပေါင်းကာ ထပ်မံရှာဖွေသွားဖို့ ရှိနေပါတယ်။ ကောင်စစ်ဝန်ရဲ့အိမ်ကို အခုလအလယ်ပိုင်းက ၀င်ရောက် ရှာဖွေခဲ့ပေမယ့် အခန်း ၃ ခန်း၊ ပန်းခြံထဲက ပေ ၆၀ နက်တဲ့ ရေတွင်းတွေကို ဆော်ဒီဝန်ထမ်းတွေက ရှာခွင့် မပြုခဲ့ပါဘူး။ တူရကီရဲ့ စုံစမ်းဆေးမှုမှာ ဆော်ဒီဟာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေတဲ့အချိန် ဆော်ဒီ ရှေ့နေချုပ် တူရကီကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
    Ref: Aljazeera
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၂၈၊ ၂၀၁၈
    M-Media
    လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်
    သီရိလင်္ကာဝန်ကြီးချုပ် အိမ်တော်မှဆင်းပေးရန် ရာဇသံပေးခံရ
    ============
    သောကြာနေ့က အထုတ်ခံလိုက်ရတဲ့ သိရိလင်္ကာ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီအနေနဲ့ ၀န်ကြီးချုပ်အိမ်တော်ကနေ ဒီကနေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့အတွက် နိုင်ငံရေးအတိုက်အခံတွေက တောင်းဆိုလိုက်ပြီး နိုင်ငံအတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာလည်း ပိုမို နက်ရှိုင်းလာပါတယ်။ သမ္မတ ဆရီဆီနာဟာ ရာနီလ်ကို သောကြာနေ့က ထုတ်ပယ်ခဲ့ပြီး သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာပါ။ ဒါပေမယ့် ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ရာ ရောက်တယ်ဆိုပြီး ရာနီလ်က ရာထူးကနေဆင်းပေးဖို့ ငြင်းဆိုထားပါတယ်။ ဆရီဆီနာဟာ တိုင်းပြည်ရဲ့ လွှတ်တော်ကိုလည်း ရပ်ဆိုင်းထားပါတယ်။
    လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေး၏ ရဟတ်ယာဉ် ကွင်းအနီးပျက်ကျ
    =================
    အင်္ဂလိပ်ပရီးမီးယားလိဂ် လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်းပိုင်ဆိုင်တဲ့ ရဟတ်ယာဉ်ဟာ မနေ့က ၀က်စ်ဟမ်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲအပြီး ကွင်းကနေ အပြန် ကွင်းရဲ့ကားပါကင်မှာ ပျက်ကျမီးလောင်ခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ဗီချိုင်း လိုက်ပါသွားတယ်လို့ သတင်းတွေထွက်နေပေမယ့် စုစုပေါင်း ဘယ်နှစ်ယောက် လိုက်ပါသွားလဲ၊ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ ကွင်းကနေ ပျံတက်ပြီးတဲ့နောက် ရဟတ်ယာဉ်အမြီးပိုင်းက စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားတာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ချို့က ပြောကြားခဲ့ပါတယ်။
    နာဂျစ်ဆီရောက်နေသည့် ဒေါ်လာ သန်း ၆၀၀ ကျော်ကိစ္စ မိမိတို့နှင့် မပတ်သက်ဟု ဆော်ဒီငြင်း
    ==================
    Ref: Aljazerea, CNA
  • အမေရိကန်ရှိ ဂျူးဘုရားကျောင်းကို လူဖြူအစွန်းရောက်က အကြမ်းဖက်တိုက်ခိုက်၊ ၁၁ ဦးသေဆုံး
    အမေရိကန်ရှိ ဂျူးဘုရားကျောင်းကို လူဖြူအစွန်းရောက်က အကြမ်းဖက်တိုက်ခိုက်၊ ၁၁ ဦးသေဆုံး
    အောက်တိုဘာ ၂၈၊ ၂၀၁၈
    M-Media
    ဘုရားကျောင်းတစ်ဝိုက် မြင်ကွင်း
    – အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းတစ်ခုမှာ မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
    Tree of Life ဘုရားကျောင်းဖြစ်ပြီး ဥပုသ်နေ့ ၀တ်ပြုဆုတောင်းစဉ်အတွင်း လူဖြူအမျိုးသားတစ်ယောက်က ‘ဂျူးတွေကို အကုန်သတ်ပစ်’ လို့ ဟစ်အော်ကာ ၀င်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
    FBI က သေနတ်သမားဟာ အသက် ၄၀ ကျော်အရွယ် ရောဘတ်ဘောင်ဝါဆိုသူ ဖြစ်ပြီး ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ ပစ္စတို သုံးလက်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့ကာ လက်ရှိမှာ ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    ပင်ဆဲလ်ဗားနီးယားပြည်နယ်အတွင်း အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာ Gab က အကောင့်မှာ ဘောင်ဝါက ‘( Hebrew Immigrant Aid Society ဆိုတဲ့ ဂျူးဒုက္ခသည်အဖွဲ့ဟာ) ငါတို့ပြည်သူတွေကို သတ်နေတဲ့ ကျူးကျော်သူတွေကို နိုင်ငံထဲ သွင်းနေတယ်။ ငါ့လူမျိုးတွေ အသတ်ခံနေရတာကို ဒီအတိုင်း ထိုင်မကြည့်နေနိုင်ဘူး။ မင်းတို့မျက်လုံးတွေ ပိတ်ရင်ပိတ်ထားကြ။ ငါ ရင်ဆိုင်မယ်’ လို့ မကြာသေးမီက ရေးသားခဲ့ပါတယ်။
    ဒါ့အပြင် ပစ္စတိုတွေ၊ ကျည်ဆံတွေနဲ့ ပစ်မှတ်ပုံတွေကိုလည်း ဘောင်ဝါက ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ဖူးပြီး Gab ကုမ္ပဏီက လွှင့်တင်ထားတဲ့ စာမျက်နှာဟာ ဘောင်ဝါရဲ့ စာမျက်နှာအစစ်ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒါဟာ အမုန်းတရားကိုအခြေခံတဲ့ တိုက်ခိုက်မှုဖြစ်ပြီး တစ်ခုခု လုပ်ရမှာဖြစ်ကြောင်း၊ ဒီလို ကျူးလွန်သူကို သေဒဏ်ပေးသင့်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ရေငန်ဝင်သည့်နေရာတွင် စိုက်နိုင်မည့် စပါးမျိုးကို တရုတ်က အောင်မြင်စွာ ရိတ်သိမ်းနိုင်
    ရေငန်ဝင်သည့်နေရာတွင် စိုက်နိုင်မည့် စပါးမျိုးကို တရုတ်က အောင်မြင်စွာ ရိတ်သိမ်းနိုင်
    အောက်တိုဘာ ၂၇၊ ၂၀၁၈
    M-Media
    – ရေငန်ဝင်တဲ့နေရာတွေမှာ စိုက်နိုင်မယ့် စပါးမျိုးကို တရုတ်သိပ္ပံပညာရှင်တွေက အောင်မြင်စွာ စမ်းသပ် စိုက်ပျိုးနိုင်ခဲ့ပြီး ဒီနည်းလမ်းကနေ နိုင်ငံတစ်ဝှမ်းက လူပေါင်း သန်း ၈၀ လောက်အတွက် စာနပ်ရိက္ခာ ဖူလှုံလာနိုင်မှာ ဖြစ်ပါတယ်။
    စပါးမျိုးတွေကို မျိုးစပ်ကာ ရေငန်စပါးမျိုးကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ် ကျင်းဒေါင်မြို့မှာ လွန်ခဲ့တဲ့တစ်နှစ်က စတင် စမ်းသပ်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။
    “နိုင်ငံက လူဦးရေများတာကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်လာရင် နိုင်ငံရပ်ခြားက အစားအစာ တင်ပို့တာကိုပဲ အားကိုးလို့ မရပါဘူး။ တင်ပို့ရတာလည်း မလွယ်ဘူးလေ။ သဘာဝဘေးကြောင့် ကောက်ပဲသီးနှံတွေ ပျက်ဆီးရင် ပြည်သူတွေ ငတ်လာမယ်။ အဲဒီအခါ ဆူပူမှုတွေ၊ ကမ္ဘာကြီးအတွက် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်” လို့ သုတေသနအဖွဲ့ Sea Rice R&D Centre ရဲ့ ဒုတိယဒါရိုက်တာ ဂူဒုန်ကျန်းက ပြောကြားခဲ့ပါတယ်။
    တရုတ်နိုင်ငံမှာ ဆန်နဲ့ ဂျုံဟာ အဓိကအစားအစာဖြစ်ပြီး ဆန်ကို တရုတ်ပြည်သူ ၆၀ ရာခိုင်နှုန်းလောက်က စားသုံးကြပါတယ်။
    ဂူဒုန်ကျန်းက ရေငန်ဝင်တဲ့ဒေသ စကွဲယားကီလိုမီတာ ၆၅၀၀၀ လောက်မှာ သူတို့ရဲ့ ဒီနည်းသစ်နဲ့ စပါး စိုက်ပျိုးနိုင်ကာ ခန့်မှန်းချေ ဆန်ကီလိုဂရမ် ဘီလီယံ ၃၀ လောက် ထုတ်လုပ်နိုင်မှာဖြစ်ပြီး လူ သန်း ၈၀ လောက်အတွက် စားနပ်ရိကာ လုံလောက်လိမ့်မယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အခုနှစ်အစောပိုင်းက Sea Rice R&D Centre ဟာ ဒူဘိုင်းက သဲကန္တာရမှာ ရေငန်ဆန်စပါးကို အောင်မြင်စွာ စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့ပါတယ်။
    Ref: RT
  • ဆီးရီးယားအရေး အင်အားကြီး ၄ နိုင်ငံ ဆွေးနွေးမှု စတင်
    ဆီးရီးယားအရေး အင်အားကြီး ၄ နိုင်ငံ ဆွေးနွေးမှု စတင်
    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media
    ရုရှားသမ္မတ ပူတင်နှင့် တူရကီသမ္မတ အာဒိုဂန်
    – ဆီးရီးယားပြည်တွင်းစစ်ပြဿနာ ဖြေရှင်းရေးအတွက် တူရကီ၊ ရုရှား၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့က ခေါင်းဆောင်တွေဟာ ဒီကနေ့ နေ့လည်ပိုင်းက စတင်ပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေကြပါတယ်။
    တူရကီသမ္မတ အာဒိုဂန်ဦးဆောင် အဲဒီဆွေးနွေးမှုကို ရုရှားသမ္မတပူတင်၊ ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်၊ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်တို့အပြင် ဆီးရီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတာဖန် ဒီ မစ်တူရာလည်း တက်ရောက်နေပါတယ်။
    ခေါင်းဆောင်တွေဟာ မြေပြင်အခြေအအနေ၊ အရင်ကရခဲ့တဲ့ အီဒလစ် သဘောတူညီချက်၊ နိုင်ငံရေးအခြေအနေ စတာတွေကို ထည့်သွင်းကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြမှာပါ။
    ဆီးရီးယား အနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်မှာ စစ်မဲ့ဇုန်တစ်ခု ဖန်တီးရေးအတွက် စက်တင်ဘာ ၁၇ ရက်နေ့က ရုရှားနဲ့ တူရကီတို့  သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး၊ ဂျာမနီကလည်း ဒီသဘောတူညီချက်ကို ထောက်ခံထားပါတယ်။ ဒီကနေ့ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုမှာ ဒီသဘောတူညီချက် အကြောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။
    Ref: Aljazeera