News @ M-Media

Author: Ko Lay

  • နယ်သာလန်မှ တမန်တော်ကာတွန်းပြိုင်ပွဲကို ပါကစ္စတန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    နယ်သာလန်မှ တမန်တော်ကာတွန်းပြိုင်ပွဲကို ပါကစ္စတန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    သြဂုတ် ၃၀၊ ၂၀၁၈
    M-Media

    ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    – နယ်သာလန်နိုင်ငံမှာ လာမယ့်လအတွင်း ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းပြိုင်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပါကစ္စတန်ပြည်သူ ထောင်ပေါင်းများစွာဟာ မြို့တော် အစ္စလာမ်မာဘတ်မှာကို ချီတက်လာကြပြီး နယ်သာလန်နဲ့ သံအဆက်အသွယ်ဖြတ်ဖို့ အစိုးရကို တောင်းဆိုနေပါတယ်။

    အဲဒီ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲကို မွတ်စလင်ဆန့်ကျင်ရေး အတိုက်အခံလွှတ်တော်အမတ် ဂါ့တ်ဝိုင်းလ်ဒါးက စီစဉ်တာဖြစ်ပါတယ်။

    လာဟိုးရ်မြို့က Tehreek-e-Labbaik Pakistan (TLP) ပါတီဝင်တွေဟာ မနေ့ကစတင်ကာ မြို့တော်အစ္စလာမ်မာဘတ်ကို ချီတက်လာတာဖြစ်ပြီး တောင်းဆိုမှုတွေကို အစိုးရက မလုပ်ပေးဘူးဆိုရင် မြို့တော်ကို ပိတ်ဆို့ဖို့လည်း စီစဉ်ထားပါတယ်။

    အစိုးရကတော့ ချီတက်သူတွေမရောက်ခင် မြို့တော်မှာ လုံခြုံရေးကို တိုးမြှင့်ချထားပြီး အဓိကလမ်းမတွေကိုလည်း ပိတ်ဆို့ဖို့ ပြင်ဆင်နေပါတယ်။

    အစ္စလာမ်သာသနာမှာ တမန်တော်မိုဟာမက်ရဲ့ပုံ ရေးဆွဲထားကို တားမြစ်ထားပြီး ၀ိုင်းလ်ဒါးစီစဉ်တဲ့ ဒီပြိုင်ပွဲဟာ ဘာသာသာသနာတစ်ခုကို စော်ကားမှုဖြစ်တယ်လို့ TLP က ပြောကြားခဲ့ပါတယ်။

    နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် ရုတ်က ၀ိုင်းလ်ဒါးဟာ အစိုးရအဖွဲ့ဝင်မဟုတ်ဘူးလို့ဆိုကာ ဒီကိစ္စကို ကိုင်တွယ်တာမျိုး မလုပ်ပါဘူး။

    နိုင်ငံခြားရေးဝန်ကြီး စတက်ဖ်ဘလော့က သူတို့တိုင်းပြည်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို အလေးထားတာကြောင့် ဒီပြိုင်ပွဲကို တားဆီးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်အထက်လွှတ်တော်က ဒီကာတွန်းပြိုင်ပွဲကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို တနင်္လာနေ့က အတည်ပြုခဲ့ပြီး၊ ၀န်ကြီးချုပ် အင်မရန်းခန်းကလည်း အစ္စလာမ်သာသနာကို စော်ကားမှုကို တားဆီးဖို့အတွက် ပေါ်လစီတစ်ခုကို မွတ်စလင်တိုင်းပြည်တွေက မချမှတ်နိုင်ခဲ့ဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆွာချောင်းဆည် ရေပိုလွှဲကျိုးမှုအတွင်း အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံး

    ဆွာချောင်းဆည် ရေပိုလွှဲကျိုးမှုအတွင်း အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံး

    သြဂုတ် ၃၀၊ ၂၀၁၈
    M-Media

    photo credit – mmtimes

    – မနေ့က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှာရှိတဲ့ ဆွာချောင်းရေလှောင်တမံက ရေပိုလွှဲ ကျိုးမှုကြောင့် ရွာပေါင်း ၂၇ ရွာလောက် ရေမြုပ်ခဲ့ပြီး လူ ၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

    ရေကြီးမှုကြောင့် ပဲခူးရိုးမ အဝေးပြေးလမ်းအစိတ်အပိုင်းတစ်ချို့ ပျက်ဆီးခဲ့ပြီး လူပေါင်း ၅ သောင်းလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    မီးသတ်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးရဲမင်းသူက ဒေသခံတွေဟာ ရေ ရုတ်တရက်တက်လာမှုကြောင့် အံ့အားသင့်ခဲ့ရပြီး၊ သစ်ပင်တွေပေါ်က၊ ရထားလမ်းတံတားပေါ်ကနေ လူတွေကို ကယ်တင်ခဲ့ရတယ်လို့ ပြောပါတယ်။

    “မီးသတ်နဲ့ တပ်မတော်က ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး မီးသတ်က မော်တော်ဘုတ် ၆ စီး၊ တပ်မတော်က ၄ စီးကို အသုံးပြုခဲ့ပါတယ်”

    ရေကြီးမှုကြောင့် လူ ၅ ဦး၊ ၆ ဦးလောက် သေဆုံးတယ်ဆိုတဲ့ သတင်းတွေကို အတည်မပြုနိုင်သေးကြောင်း၊ ဒါပေမယ့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးဟာ မနက်ပိုင်းမှာ ရေနဲ့မျောပါသွားကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လက်ရှိ ကယ်ဆယ်ရေးစခန်းဖွင့်ထားရတဲ့ ဆွာချောင်းက စက်ရုံဘုန်းကြီးကျောင်းက ဆရာတော် ဦးတေဇောဘာသက သေဆုံးတာတွေ၊ ပျောက်ဆုံးတာတွေ ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာရှိတဲ့ တံတားတစ်ခုလည်း ပျက်ဆီးခဲ့ရပါတယ်။

    အခုလအစောပိုင်းမှာ နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း တစ်သိန်းခွဲလောက် အိုးအိမ်စွန့်ကာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

    Ref: mmtimes

  • ကြာသာပတေးနေ့ နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့ နိုင်ငံတကာသတင်းများ

    သြဂုတ် ၃၀၊ ၂၀၁၈
    M-Media

    ထရမ့်၏ အနီးကပ်အကြံပေး ဒွန် မက်ဂန်

    ဆီးရီးယားရှိ အီရန်စခန်းများကို ထပ်မံတိုက်ခိုက်မည်ဟု အစ္စရေးခြိမ်းခြောက်
    ===========
    အီရန်နဲ့ ဆီးရီးယားတို့ တနင်္လာနေ့မှာ ကာကွယ်ရေးသဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ပြီးတဲ့နောက် ဆီးရီးယားမှာရှိတဲ့ အီရန်စခန်းတွေကို ထပ်မံတိုက်ခိုက်သွားမယ်လို့ အစ္စရေးက မနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။ ဆီးရီးယားစစ်ပွဲမှာ အီရန်ဟာ အာဆတ်အစိုးရတပ်ဖက်ကနေ ကူတိုက်ပေးတာဖြစ်ပါတယ်။ အစ္စရေးကတော့ ဆီးရီးယားမှာ အီရန်က ခြေကုပ်ယူတာဟာ သူ့အတွက် ခြိမ်းခြောက်မှုလို့ ယူဆကာ ဆီးရီးယားထဲ ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

    အနီးကပ်အကြံပေးတစ်ဦးကို ထရမ့် ဖြုတ်မည်
    ==============
    သူကိုယ်တိုင်ခန့်ထားတဲ့ အိမ်ဖြူတော်ထိပ်တန်းအကြံပေး ဒွန် မက်ဂန်ဟာ လာမယ့်ဆောင်းဦးရာသီမှာ ရာထူးကနေ အနားယူတော့မယ်လို့ ထရမ့်က မနေ့မှာ ကြေငြာလိုက်ပါတယ်။ မက်ဂန်ဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခုလို မက်ဂန် ရာထူးကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းဟာ ထရမ့်ရဲ့အတွင်းစည်းမှာ သူ့ကို ဆန့်ကျင်တဲ့သူတွေ များလာတယ်ဆိုတဲ့ ကောလဟာလတွေကို ပိုမိုမြင့်တက်စေပါတယ်။

    BMW ရုံးချုပ်ကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်း
    ================
    နိုင်ငံအတွင်း BMW ကားတစ်ချို့ အသုံးပြုနေရင်းနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ ဆိုးလ်မြို့မှာရှိတဲ့ BMW ရုံးချုပ်ကို ဒီကနေ့မှာ ၀င်ရောက်စီးနင်းခဲ့ပါတယ်။ အခုနှစ်အတွင်း တောင်ကိုရီးယားမှာ BMW ကား ၄၀ ကျော်လောက် မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဆိုးလ်ရဲတပ်ဖွဲ့ကတော့ ကားတွေ ချို့ယွင်းချက်ရှိနေတာကို BMW က ဖုံးကွယ်ထားလားဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စီးနင်းမှုအတွင်း စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ BMW ကတော့ ဘာမှ မထုတ်ပြန်သေးပါဘူး။

    Ref: Aljazeera, CNA

  • မာဒေးကားနေ့မှစ၍ မလေးရှားက တရားမ၀င်နိုင်ငံခြားသားများကို အကြီးအကျယ် ဖမ်းဆီးမည်

    မာဒေးကားနေ့မှစ၍ မလေးရှားက တရားမ၀င်နိုင်ငံခြားသားများကို အကြီးအကျယ် ဖမ်းဆီးမည်

    သြဂုတ် ၃၀၊ ၂၀၁၈
    M-Media

    – သြဂုတ် ၃၁ ရက်နေ့ (မနက်ဖြန်) ကနေစပြီး နိုင်ငံတစ်ဝှမ်း တရားမ၀င်နေထိုင်သူတွေကို မလေးရှားက ပိုက်စိတ်တိုက် ဖမ်းဆီးတော့မယ်လို့ သိရပါတယ်။

    တရားမ၀င်နေထိုင်သူတွေအနေနဲ့ ဒဏ်ငွေ ရင်းဂစ် ၃၀၀၊ အထူးဖြတ်သန်းခွင့်အတွက် ၁၀၀ ပေးပြီး မူရင်းနိုင်ငံတွေကို ပြန်ခွင့်ပြုတဲ့ လွတ်ငြိမ်းချမ်းသာခွင့် 3+1 အစီအစဉ်ဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

    “လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကို ကျွန်တော်တို့ သက်တမ်းတိုးမှာ မဟုတ်ပါဘူး။ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့လုပ်ငန်းစဉ်ကို မနက်ဖြန်ကစပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်မှာ ပါဝင်ဖို့အတွက် ကျွန်တော်တို့ အချိန် လုံလုံလောက်လောက် ပေးထားပါတယ်။ ဒါ့ကြောင့် နောက်ထပ် သက်တမ်းတိုးမှာ မဟုတ်ပါဘူး။ တရားမ၀င်နေထိုင်သူတွေဟာ နိုင်ငံတစ်ဝှမ်းက ကျွန်တော်တို့ရုံးတွေကို လာရောက်ပြီး စာရင်းသွင်းကာ အိမ်ပြန်နိုင်ဖို့ လုပ်နေကြပါတယ်” လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ်ဆရီ မွတ်စ်တာဖာအလီက ပြောကြားခဲ့ပါတယ်။

    ဇန်န၀ါရီကနေ သြဂုတ်လ ၁၅ ရက်နေ့အထိ စီးနင်းဖမ်းဆီးမှုပေါင်း ၉၂၀၈ ကြိမ်လောက် လုပ်ဆောင်ခဲ့ပြီး တရာမ၀င် နိုင်ငံခြားသားပေါင်း ၂၈၀၆၃ ဦး၊ သူတို့ကို အလုပ်ပေးထားတဲ့ အလုပ်သမား ၇၉၉ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့လည်း အလီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တရားမ၀င် နိုင်ငံခြားသားကင်းစင်တဲ့ နိုင်ငံဖြစ်ရေး ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို မနက်ဖြန်ကနေစပြီး တင်းတင်းကြပ်ကြပ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်”

    မလေးရှားဟာ တရားမ၀င်နိုင်ငံခြားသားတွေ အလုပ်ပြန်ခန့်ရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ပါတယ်။

    Ref: The Star

  • မွေးစာရင်း၊ သေစာရင်း ဖုန်းဖြင့်သွင်းနိုင်မည့် စနစ်တစ်ခုကို မွန်ပြည်နယ်တွင် စတင်စမ်းသပ်

    မွေးစာရင်း၊ သေစာရင်း ဖုန်းဖြင့်သွင်းနိုင်မည့် စနစ်တစ်ခုကို မွန်ပြည်နယ်တွင် စတင်စမ်းသပ်

    သြဂုတ် ၂၉၊ ၂၀၁၈
    M-Media

    အိန္ဒိယရှိ အွန်လိုင်းမှ မွေးစာရင်းသွင်းနိုင်သည့် ၀ဘ်ဆိုက်

    – မွေးစာရင်းနဲ့ သေစာရင်းတွေကို အွန်လိုင်းကနေတစ်ဆင့် သွင်းနိုင်မယ့် စနစ်တစ်ခုကို အစိုးရက မွန်ပြည်နယ်မှာ စတင်စမ်းသပ်နေပါတယ်။

    ဒီအစီအစဉ်ကို ကျန်းမာရေး၊ အားကစား၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ UNICEF နဲ့ တယ်လီနောတို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    “စမ်းသပ်မှုမှာ ရရှိလာမယ့် အချက်အလက်တွေက နိုင်ငံတစ်ဝှမ်း မွေးစာရင်းနဲ့ သေစာရင်းကို အွန်လိုင်းကနေတစ်ဆင့် သွင်းနိုင်ရေး ပေါ်လစီတွေ ချမှတ်ရာမှာ အထောက်အကူပြုပါလိမ့်မယ်” လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့ပါတယ်။

    လက်ရှိ မွေးစာရင်းနဲ့ သေစာရင်းသွင်းတာကို စာရွက်နေတဲ့ ဆောင်ရွက်နေရတာဖြစ်ပြီး အခုအစီအစဉ်ကြောင့် နိုင်ငံတကာစံနှုန်းနဲ့အညီ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။

    “မိုဘိုင်းကနေ မွေးစာရင်း၊ သေစာရင်းသွင်းတဲ့ ရှေးပြေးစမ်းသပ်မှုကို မြန်မာနိုင်ငံမှာ ဒီကနေ အကောင်အထည်ဖော်နိုင်တာဟာ ထူးခြားပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တဲ့ မွေးစာရင်း၊ သေစာရင်းသွင်းခြင်း လမ်းညွှန်စာအုပ်နဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ‘ကမ္ဘာလုံးဆိုင်ရာ မွေးစာရင်းသွင်းခြင်းစနစ်’ ဖော်ဆောင်ရေး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုကို အရှိန်မြင့်စေမှာလည်း ဖြစ်ပါတယ်” လို့ ဦးဆက်အောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: mmtimes