News @ M-Media

Author: Ko Lay

  • လမ်ယာ အလ်-နဟ်ဒီ (သို့) ဘက်စ်ကတ်ဘောသမိုင်းတွင် ဆော်ဒီကို ဂုဏ်တက်စေခဲ့သူ

    လမ်ယာ အလ်-နဟ်ဒီ (သို့) ဘက်စ်ကတ်ဘောသမိုင်းတွင် ဆော်ဒီကို ဂုဏ်တက်စေခဲ့သူ

    သြဂုတ် ၁၉၊ ၂၀၂၃

    M-Media 


    – ကမ္ဘာ့ ဘတ်စ်ကတ်ဘောသမိုင်းမှာ ဆော်ဒီအာရေဗျရဲ့ဂုဏ်ကို ဆောင်နိုင်သူ အမျိုးသမီးတစ်ဦး ရှိပါတယ်။ 

    သူက အလမ်ဘာ အလ်-နဟ်ဒီဖြစ်ပြီး နိုင်ငံတကာ ဘတ်စ်ကတ်ဘောနယ်ပယ်မှာ လိုင်စရ ပထမဆုံး ဆော်ဒီဒိုင်လူကြီး ဖြစ်ပါတယ်။ 

    နဟ်ဒီဟာ ငယ်ငယ်က အားကစားနည်းတစ်ချို့ကို စမ်းကစားကြည့်ခဲ့ဖူးပြီး ဘတ်စ်ကတ်ဘောကို နှစ်ခြိုက်သွားခဲ့တာပါ။

    “အသက် ၁၃ နှစ်အရွယ်ကတည်းက ကျွန်မ ဘတ်စ်ကတ်ဘော ကစားခဲ့တာပါ။ လျင်မြန်မှု၊ ဖြတ်ထိုးဉာဏ်နဲ့ အသင်းလိုက်ကစားပုံ အဲဒီ ၃ ခုကို ပေါင်းစပ်ထားတဲ့ အားကစားနည်းကောင်းတစ်ခု ဖြစ်ပြီး ဒါ့ကြောင့်ပဲ ဒီကစားနည်းကို ကျွမ် စွဲလမ်းခဲ့ပါတယ်”

    “ဘတ်စ်ကတ်ဘောဟာ ကျန်းမာရေးကောင်းတယ်၊ ပြိုင်ဆိုင်လိုစိတ် ဖြစ်လာစေတယ်ဆိုတာထက်ကို ပိုပါတယ်။ အသင်းလိုက် ပူးပေါင်း ဆောင်ရွက်မှုရဲ့ တန်ဖိုးတွေအများကြီးကို တွေ့နိုင်တယ်။ ကွင်းထဲမှာ ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ရတဲ့အခါမှာ အားကစားနည်းတစ်ခုထက် ပိုတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်”

    ဘတ်စ်ကတ်ဘောလစားနည်းမှာ ၁၀ နှစ်ကျော်လောက် ကျင်လည်ခဲ့ပြီးနောက်ပိုင်း နဟ်ဒီဟာ ကမ္ဘာ့ ဘတ်စ်ကတ်ဘော အဖွဲ့ချုပ် FIBA ရဲ့ ဒိုင်လူကြီးလိုင်စင် စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ 

    “ကွင်းထဲကကိစ္စတွေအတွက် ပြင်ဆင်လေ့ကျင့်မှု အများကြီး လုပ်ခဲ့ရသလို၊ ဥပဒေတွေ၊ စည်းမျဥ်းစည်းကမ်းတွေကိုလည်း လေ့လာခဲ့ရပါတယ်”

    ဒိုင်လူကြီးတစ်ဦး ဖြစ်လာတာနဲ့အတူ တာ၀န်ယူမှု၊ တာ၀န်ခံမှုလည်း ပိုလာတယ်လို့ နဟ်ဒီက ဆိုပါတယ်။

    “ကိုယ့်ကိုယ်ကိုတင်မကဘဲ ငယ်ငယ်ကတည်းကနေ ၁၀ နှစ်ကျော်လောက် ကစားခဲ့တဲ့ လှပတဲ့ အားကစားနည်းတစ်ရပ်ကို ကိုယ်စားပြုရတာပါ။ ကျွန်မရဲ့ စွဲလမ်းမှု၊ ၀ါသနာကို ကိုယ်စားပြုရတယ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်မနိုင်ငံ၊ ကျွန်မသာသနာ၊ ကျွန်မနဲ့သက်ဆိုင်တဲ့ တန်ဖိုးရှိတဲ့အရာ အများအပြားကို ကိုယ်စားပြုရတာလည်း ဖြစ်ပါတယ်”

    ပညာရှင်နှင့် လုပ်ငန်းရှင်

    ————

    နဟ်ဒီဟာ ပညာတတ််တစ်ယောက်လည်း ဖြစ်ပါတယ်။ Dar Al-Hekma တက္ကသိုလ်ကနေ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး ဒီနယ်ပယ်မှာ ၅ နှစ်လောက် ထဲထဲ၀င်၀င် လုပ်ကိုင်ခဲ့ဖူးပါတယ်။ 

    နောက်ပိုင်းမှာတော့ မိသားစု ဖက်ရှင်လုပ်ငန်းဖြစ်တဲ့ Blooming မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မန်နေဂျာအဖြစ် လုပ်ကိုင်ပါတယ်။ 

    နိုင်ငံတကာ ဘတ်စ်ကတ်ဘောနယ်ပယ်မှာ လိုင်စင်ရထားတဲ့ ဆော်ဒီနိုင်ငံသား နောက်ထပ် ၃ ဦး ရှိနေပါတယ်။ နဟ်ဒီက ပထမဆုံး လမ်းဖောက်ခဲ့သူပါ။ 

    ဆော်ဒီ အားကစား၀န်ကြီးဌာနဟာ နိုင်ငံအတွင်းက အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေးလုပ်ငန်းတွေ စီမံကိန်းချ ဆောင်ရွက်နေပြီး နဟ်ဒီကလည်း အမျိုးသမီးတွေ ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    “လက်ရှိ ကျွန်မတို့ရနေတဲ့ ပံ့ပိုးမှုတွေကြောင့် ဆော်ဒီအားကစားလောကမှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေ အားကစားလိုက်စားတာ အထူးသဖြင့် ဘတ်စ်ကတ်ဘော ကစားတာကို ကျွန်မနှစ်သက်တယ်။ အမျိုးသမီးအာကစားနယ်ပယ်မှာ နံပါတ် ၁ အားကစားနည်းတစ်ခုလို့တောင် ကျွန်မ ယုံကြည်ပါတယ်။ ဆော်ဒီအမျိုးသမီးတွေကလည်း အခြားအားစားနည်းတွေနဲ့စာရင် ဘတ်စ်ကတ်ဘောကို ပိုပြီး စိတ်၀င်စားကြပါတယ်”

    ဘောလုံးလို၊ ဘတ်စ်ကတ်ဘောလို အားကစားနည်းတွေမှာ မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသကာ အလုပ်အကိုင်အခွင့်အလမ်းတွေ အရယူဖို့လည်း ဆော်ဒီအမျိုးသမီးတွေကို နဟ်ဒီက တိုက်တွန်းခဲ့ပါတယ်။ 

    “ကျွန်မ ဘတ်စ်ကတ်ဘောကစားတဲ့ အစောပိုင်း ကာလတုန်းကဆိုရင် လူတွေ သိပ်မသိကြဘူး။ အမျိုးသမီးကစားသမားတွေကို လေ့ကျင်ပေးမယ့် နည်းပြတွေလို ပံ့ပိုးမှုလည်း သိပ်မရပါဘူး။ အခုတော့ အချိန်အခါကောင်း ရောက်လာပြီ။ ပံ့ပိုးမှုကောင်းကောင်း ရှိနေပါပြီ။ ကိုယ့်အစွမ်းအစကို ယုံကြည်ပြီး ရည်မှန်းချက် အကောင်အထည်ပေါ်အောင် ကြိုးကြိုးစားစား လုပ်ဖို့ပဲ လိုပါတယ်”

    မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က ပထမဖြစ်ပြီး ပံ့ပိုးမှုကောင်းကောင်းရဖို့က ဒုတိယဖြစ်တယ်လို့လည်း နဟ်ဒီက ပြောပါတယ်။ 

    Ref: Arab News 

  • အာဏာသိမ်းစစ်ခေါင်းဆောင်အား ၀င်တိုက်မည့်နေ့ကို ပတ်၀န်းကျင်နိုင်ငံများ သတ်မှတ်ထားနိုင်ပြီ

    အာဏာသိမ်းစစ်ခေါင်းဆောင်အား ၀င်တိုက်မည့်နေ့ကို ပတ်၀န်းကျင်နိုင်ငံများ သတ်မှတ်ထားနိုင်ပြီ

    သြဂုတ် ၁၉၊ ၂၀၂၃

    M-Media 


    -နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချရေး စစ်၀င်တိုက်မည့်နေ့ရက်ကို အဖွဲ့၀င်နိုင်ငံတွေ သဘောတူထားပြီလို့ အနောက်အာဖရိက နိုင်ငံများအဖွဲ့ (ECOWAS) က ထုတ်ပြန်ပါတယ်။ 

    အဖွဲ့၀င်စစ်တပ်တွေ အဆင့်သင်ဖြစ်ရေး ဆွေးနွေးကြတဲ့ မနေ့က အစည်းအ၀ေးမှာ စစ်ပွဲစမယ့်နေ့ရက်ကို ဆုံးဖြတ် အတည်ပြုလိုက်တာပါ။ 

    အရပ်သားအစိုးရကို အာဏာပြန်အပ်ရေး သံတမန်နည်းလမ်းတွေနဲ့ ဆောင်ရွက်မှုအားလုံး အဆင်မပြေတော့ရင် စစ်ခေါင်းဆောင်ကို အင်အားသုံးဖြုတ်ချမယ်လို့ အဖွဲ့ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အကြီးအကဲ အဘ်ဒဲလ် ဖာတူ မူဆာက ပြောပါတယ်။ 

    “အမိန့်ရောက်လာတာနဲ့ ၀င်တိုက်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ၀င်တိုက်မယ့်ရက်ကိုလည်း ဆုံးဖြတ်ပြီးပါပြီ။ စစ်ရေးနဲ့ ၀င်ရောက်ဟန့်တားမယ့်ကိစ္စအတွက် လိုအပ်တာတွေကို သဘောတူ စီစဥ်ဆောင်ရွက်ထားပြီးပါပြီ။ ကြား၀င်စေ့စပ်ဖို့ ကိစ္စအတွက်လည်း ကျွန်တော်တို့ အဆင်သင့် လုပ်ထားပါတယ်။ တံခါးအားလုံး ဖွင့်ထားဆဲပါ”

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီမိုကရေစီ အခြေချလာတဲ့ နိုင်ဂျာနိုင်ငံမှာ ဇူလိုင်လနှောင်းပိုင်းက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး သမ္မတအစောင့်တပ်ခေါင်းဆောင် ဗိုလ်ချုပ် ချီယာနီက ဦးဆောင်တာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဗြိတိန်ရှိ မြန်မာသံအမတ်ဟောင်း ပိုင်နက်ကျူးလွန်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

    ဗြိတိန်ရှိ မြန်မာသံအမတ်ဟောင်း ပိုင်နက်ကျူးလွန်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

    သြဂုတ် ၁၉၊ ၂၀၂၃

    M-Media 


    -ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းဟာ လန်ဒန်မှာ ပိုင်နက်ကျူးလွန်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လန်ဒန်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ဦးကျော်စွာမင်းတစ်ယောက် မျက်နှာ ၀င်ပြခဲ့တာပါ။ 

    အဲဒီအတွက် စစ်ကောင်စီက ဒေါသထွက်ကာ သံအမတ်သစ်တစ်ဦး ချက်ခြင်း စေလွှတ်ခဲ့ပါတယ်။ 

    လက်ရှိအချိန်မှာ ဦးကျော်စွာမင်းဟာ လန်ဒန်က မြန်မာသံရုံးထဲ ၀င်ရောက်လို့ မရတော့ပေမယ့် သံအမတ်နေအိမ်မှာ ဆက်လက်နေထိုင်နေပြီး ထွက်ခွာပေးဖို့ ငြင်းဆိုနေပါတယ်။ 

    ဥပဒေအရ သံအမတ်အိမ်ဟာ မြန်မာနိုင်ငံရဲ့ တရား၀င်ပိုင်ဆိုင်မှုဖြစ်ပြီး စစ်ကောင်စီက ဦးကျော်စွာမင်းကို မောင်းထုတ်ဖို့ ဗြိတိန်အစိုးရကို ဖိအားပေးထားပါတယ်။ 

    သြဂုတ်လ ၁၅ ရက်နေ့မှာ လန်ဒန်ရဲတပ်ဖွဲ့က ဦးကျော်စွာမင်းကို ပိုင်နက်ကျူးလွန်မှုကိစ္စအတွက် မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တရားစွဲမှုတော့ မလုပ်သေးပါဘူး။ 

    ဦးကျော်စွာမင်းရဲ့ ရှေ့နေကတော့ သူ့ရဲ့အမှုသည်ဟာ ဒီမိုကရေစီအစိုးရက ခန့်အပ်တဲ့ သံအမတ် ရောက်လာမှ ဒီနေအိမ်ကို ပြန်အပ်မယ်လို့ ပြောဆိုကြောင်း ထုတ်ပြန်ထားပါတယ်။ 

    ဗြိတိန်ရဲ့ အခုလိုလုပ်ဆောင်မှုကို အံ့အားသင့်မိတယ်လို့ Myanmar Accountability Project အဖွဲ့က တာ၀န်ရှိသူ ခရစ် ဂန်းနက်စ်က ပြောပါတယ်။ 

    “စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး၊ မြန်မာဗိုလ်ချုပ်တွေကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ ဗြိတိန်အစိုးရက တရားမ၀င် စစ်အာဏာရှင်ရဲ့ ဒီလုပ်ရပ်ကို ခွင့်ပြုတယ်ဆိုတာဟာ မယုံနိုင်စရာပါပဲ” 

    ဗြိတိန်ဖက်ကတော့ အခုကိစ္စအတွက် တိတိကျကျ ထုတ်ပြန်မှု မလုပ်သေးပါဘူး။ 

    Ref: The Star

  • လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဖြစ်တဲ့ ဆော်ဒီ-အီရန် ဆက်ဆံရေး

    လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဖြစ်တဲ့ ဆော်ဒီ-အီရန် ဆက်ဆံရေး

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -အရင်က ရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ ခေတ်သစ်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ်အဘ်ဒိုလာဟင် မနေ့က ဆော်ဒီအာရေဗျကို ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

    “အီရန်နဲ့ ဆော်ဒီတို့ရဲ့ ဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာခဲ့ပြီး တိုးတက်မှုတွေကိုလည်း တွေ့လာရပါပြီ” လို့ ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟိုစိန်က ပြောကြားခဲ့ပါတယ်။ 

    မင်းသား ဖိုက်ဆဲလ်ဟာ ဇွန်လအတွင်းက အီရန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ 

    မနေ့က နိုင်ငံခြားရေး၀န်ကြီးနှစ်ဦးရဲ့ တွေ့ဆုံမှုမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ ဟိုစိန်က ဆိုပါတယ်။ 

    မင်းသား ဖိုက်ဆဲလ်ကလည်း ဘုရင် ဆလ်မန်ရဲ့ ဖိတ်ကြားထားမှုနဲ့အတူ အီရန်သမ္မတ အီဘရာဟင် ရိုင်စီ လာရောက်လည်ပတ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဆော်ဒီနဲ့ အီရန်တို့ဟာ ၂၀၁၆ ခုနှစ်က စတင်ကာ သံအဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး တရုတ်ရဲ့ ကြား၀င်ဆောင်ရွက်ပေးမှုနဲ့အတူ အခုနှစ်အစောပိုင်းမှာ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။ 

    ဇွန်လတွင်းမှာတော့ နှစ်ဖက်သံရုံးတွေ အပြန်အလှန် ဖွင့်လှစ်ခဲ့ကြပါတယ်။ 

    “အစ္စလာမ့် ညီအစ်ကိုစိတ်ဓာတ်၊ ဘုံအကျိုးစီးပွား ပူးပေါင်းဆောင်ရွက်မှုတို့နဲ့အတူ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ကဏ္ဍသစ်တစ်ခု ရောက်ရှိလာဖို့ မျှော်လင့်ထားပါတယ်” လို့ မင်းသား ဖိုက်ဆဲလ်က ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်အင်အားဖြင့် ဖြုတ်ချရန် ပတ်၀န်းကျင်နိုင်ငံများ အသင့်ဖြစ်နေ

    နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်အင်အားဖြင့် ဖြုတ်ချရန် ပတ်၀န်းကျင်နိုင်ငံများ အသင့်ဖြစ်နေ

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -အာဏာသိမ်းထားတဲ့ နိုင်ဂျာနိုင်ငံကို စစ်ရေးအရ အရေးယူရင် ပါ၀င်ဖို့အတွက် အဖွဲ့နိုင်ငံအများစုက အဆင်သင့်ဖြစ်နေပြီလို့ အနောက်အာဖရိကနိုင်ငံများအဖွဲ့ (ECOWAS) က ပြောပါတယ်။ 

    သမ္မတအစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် အဘ်ဒူရဟ်မာနီ ချီယာနီဟာ ဇူလိုင် ၂၆ ရက်နေ့မှာ သမ္မတ မိုဟာမက် ဘာဇွမ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာပါ။

    ECOWAS အဖွဲ့ကတော့ ချီယာနီအနေနဲ့ အရပ်သားအစိုးရကို သြဂုတ်လ ၆ ရက်နေ့ နောက်ဆုံးထားပြီ အာဏာမလွှဲပြောင်းပေးရင် စစ်ရေးအရ ၀င်ရောက်အရေးယူမယ့်အထိ ဖြစ်သွားနိုင်တယ်လို့ ရာဇသံပေးထားပါတယ်။ နောက်ဆုံးရက် ကျော်သွားပေမယ့် လက်ရှိအချိန်အထိ အရေးယူမှု မလုပ်သေးပါဘူး။ 

    အဖွဲ့ရဲ့ ကော်မရှင်နာ အဘ်ဒဲလ် ဖာတူ မူဆာက စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ နိုင်ငံတစ်ချို့နဲ့ ကိပ်ဗာဒီနိုင်ငံတို့ကလွဲရင် အဖွဲ့၀င်နိုင်ငံအားလုံးဟာ နိုင်ဂျာကို စစ်အရေးအရ ၀င်ရောက်အရေးယူမယ့်ကိစ္စမှာ ပူးပေါင်းပါ၀င်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ မနေ့က ပြောကြားခဲ့ပါတယ်။ 

    ECOWAS အဖွဲ့၀င်နိုင်ငံဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ထားတဲ့ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေက နိုင်ဂျာကို စစ်တပ်၀င်ရင် ဒါဟာ စစ်ကြေငြာတာမျိုးဖြစ်ပြီး ဒေသတွင်း အခြေအနေ ပိုဆိုးသွားမယ်လို့ သတိပေးထားပါတယ်။ 

    စစ်အာဏာရှင် အုပ်စိုးနေတဲ့ ဂီနီနိုင်ငံကလည်း စစ်ရေးနဲ့ ၀င်ရောက်ဖြေရှင်းမှုကို လက်မခံဘူးလို့ ပြောထားပါတယ်။ 

    နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရောက်အရေးယူမယ်ဆိုတာကိုတော့ ECOWAS 

    အဖွဲ့က တိတိကျကျ မထုတ်ပြန်ပါဘူး။ 

    Ref: Aljazeera