News @ M-Media

Author: Ko Lay

  • နှစ်ပေါင်း ၆၀၀ ကျော် တည်တံ့နေသည့် ဖိလစ်ပိုင်မှ သမိုင်း၀င် ဗလီ

    နှစ်ပေါင်း ၆၀၀ ကျော် တည်တံ့နေသည့် ဖိလစ်ပိုင်မှ သမိုင်း၀င် ဗလီ

    သြဂုတ် ၁၃၊ ၂၀၂၃

    M-Media 

    -ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက တာ၀ီ-တာ၀ီဆိုတဲ့ မြို့လေးမှာ ရှေးဟောင်း သမိုင်း၀င် အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဗလီ၀တ်ကျောင်းတော်တစ်လုံး ရှိနေပါတယ်။ 

    ရှိခ် ကာရီမွလ် မက််ခ်ဒွမ် ဗလီလို့ အမည်ရပြီး ၁၃၈၀ ခုနှစ်က တည်ဆောက်ခဲ့တာလို့ ဒေသတွင်း မှတ်တမ်းတွေက ဆိုပါတယ်။ အာရပ်လူမျိုး ကုန်သည်နဲ့ သာသနာပြု မက်ခ်ဒွမ် ကရင်မ်က တည်ဆောက်ခဲ့တာဖြစ်ပြီး သူ့အမည်ကို အစွဲပြု မှည့်ခေါ်ထားတာပါ။ 

    အရှေ့တောင်အာရှဒေသအတွင်း ရှေးအကျဆုံး ဗလီ၀တ်ကျောင်းတော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ 

    “၁၄ ရာစုမှာ တည်ဆောက်ခဲ့တဲ့ ရှိခ် မက်ခ်ဒွမ် ဗလီ၀တ်ကျောင်းတော်ဟာ ဖိလစ်ပိုင်မှာ အစ္စလာမ်သာသနာ စတင်ပြန့်ပွားမှုကို ဖော်ကျူးနေတာ ဖြစ်ပါတယ်” လို့ ဖိလစ်ပိုင်တက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဌာနက ပရော်ဖက်ဆာ ဂျူကီပလီ ၀ါဒီက ပြောပါတယ်။ 

    အရှေ့တောင်အာရှ တစ်စိတ်တစ်ပိုင်းကို စပိန်တွေက ကျူးကျော်သိမ်းပိုက်ပြီး အနောက်တိုင်း ခရစ်ယာန်ပုံစံ မသွတ်သွင်းခင် နှစ် ၂၀၀ လောက်စောပြီး ဖိလစ်ပိုင်မှာ အစ္စလာမ်သာသနာ ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ် 

    မင်နာရာ၏ ထူးခြားမှု 

    —————

    ဗလီ၀တ်ကျောင်းတော်ရဲ့ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းအတွင်း ဖျက်ဆီးခံရမှုနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ 

    ဗလီ၀တ်ကျောင်းတော်ရဲ့ အဓိက အဆောက်အဦး ပြာပုံအတိ ဖြစ်ခဲ့ပေမယ့် မင်နာရာ မျှော်စင်ကတော့ မပျက်မဆီး အကောင်းအတိုင်း ကျန်ရစ်နေခဲ့ပါတယ်။ 

    ၁၉၄၁ ခုနှစ် ဂျပန်တွေ ကျူးကျော်သိမ်းပိုက်မှုမှာ ဒီဗလီ၀တ်ကျောင်းတော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေမှာ ဗလီကို ပြန်ဆောက်ခဲ့ပြီး သိပ်မကြာခင်ကပဲ မွမ်းမံပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

    ဗလီရဲ့မင်နာရာဟာ ကံကောင်းစေတယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ 

    “ဒီဗလီကို ဖျက်ဆီးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်လို့ သမိုင်းတွေမှာ ရေးပါတယ်။ မင်နာရာကိုတော့ ဖျက်ဆီးလို့ မရခဲ့ဘူး။ ဒါ့ကြောင့် ဒီမျှော်စင်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးတွေရှိတယ်လို့ ဒေသခံတစ်ချို့က ယုံကြည်ကြပြီး မျှော်စင်အစိတ်အပိုင်းတွေကို ကံကောင်းစေမယ့် အဆောင်အဖြစ် ယူဆောင်ကြတာတွေ ရှိပါတယ်” လို့ ပရော်ဖက်ဆာ ၀ါဒီက ပြောပါတယ်။ 

    “ဒါ့ကြောင့် အစိုးရက မျှော်စင်ကို ပလက်စတစ်အကြည် သွန်းလောင်းခဲ့ပြီး လူတွေ ဖဲ့ယူလို့မရအောင် လုပ်ခဲ့ရပါတယ်”

    သမိုင်းအမွေအနှစ် 

    ——————

    ၂၀၁၃ ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတ အကွီနိုက ရှိခ် ကာရီမွလ် မက််ခ်ဒွမ် ဗလီ၀တ်ကျောင်းတော်ကို အမျိုးသား သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြေငြာခဲ့ပါတယ်။ 

    မင်ဒါနာအိုနဲ့ ဆူးလူးကျွန်းတို့ကို ရေလမ်းကနေ ရောက်လာပြီး အစ္စလာမ်သာသနာ ပြုခဲ့တဲ့ ထင်ရှားတဲ့ သာသာနာပြု ၇ ဦးထဲမှာ ရှိခ် မက်ခ်ဒွမ်လည်း ပါ၀င်ပါတယ်။ 

    ဒီ ၇ ဦးစလုံးဟာ စွန်နီမွတ်စလင် ၀ိပဿနာဂိုဏ်းတစ်ခုဖြစ်တဲ့ နက်ရှ်ဘန်ဒီအဖွဲ့၀င်တွေ ဖြစ်ပါတယ်။ နက်ရှ်ဘန်ဒီ၀ါဒဟာ အလယ်အာရှမှာ ထွန်ကားခဲ့ပြီးနောက်ပိုင်းမှာ အိန္ဒိယတိုက်ငယ်အထိ ပြန့်နှံ့ခဲ့ပါတယ်။ 

    “ဒီဗလီဟာ ဖိလစ်ပိုင်မှာ အစ္စလာမ်သာသနာ ပြန့်နှံ့တည်တံ့မှု အထောက်အထား ဖြစ်ပြီး ဖိလစ်ပိုင်ကို အရှေ့တောင်အာရှ၊  အစ္စလာမ်ကမ္ဘာက မွတ်စလင်တွေနဲ့ ချိတ်ဆက်ပေးထားပါတယ်” လို့ ဖိလစ်ပိုင်တက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဌာန ပရော်ဖက်ဆာ ဒါ၀င် အဘ်ဆာရီက ပြောပါတယ်

    ဗလီ၀တ်ကျောင်းတော် တည်ရှိရာ မင်ဒါနာအိုကျွန်း ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နို၀င်ဘာ ၇ ရက်နေ့ကို ရှိခ် ကာရီမွလ် မက်ခ်ဒွမ်နေ့အဖြစ် ရုံးပိတ်ရက် သတ်မှတ်ထားပါတယ်။ 

    Ref: Arab News 

  • အစ္စရေးသို့ အီရန်က စပိုင်လွှတ်

    အစ္စရေးသို့ အီရန်က စပိုင်လွှတ်

    သြဂုတ် ၁၂၊ ၂၀၂၃

    M-Media 


    -အီရန်က လွှတ်လိုက်တဲ့ သူလျှိုတစ်ဦးကို ပြီးခဲ့တဲ့တစ်ပတ်က ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ အစ္စရေး ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ 

    အီရန်က ဂျူးအမျိုးသားတစ်ယောက်ဖြစ်ပြီး ဘင်ဂူရီယန်လေဆိပ်ကို ရောက်တဲ့အချိန် စစ်မေးရာကနေ အီရန်သူလျှိုဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။ 

    ဒီအမျိုးသားက အီရန်ရဲ့ လုံခြုံရေးစီမံကိန်းမှာ ပါ၀င်တဲ့ အစ္စရေးပစ်မှတ်တွေအကြောင်း ထောက်လှမ်းဖို့ ရောက်လာတာလို့ ထွက်ဆိုခဲ့ကြောင်း အစ္စရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

    ဒါဟာ ဒေသတွင်း ထောက်လှမ်းရေးနဲ့ အကြမ်းဖက်ကွန်ယက် တည်ဆောက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

    အီရန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်း မပြုသေးပါဘူး။ 

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းနယ်မြေတွေကို ရွှေ့ပြောင်းအခြေချ ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်ခဲ့စဥ်ကတည်းက အရှေ့အလယ်ပိုင်း ထောက်လှမ်းရေးနယ်ပယ်ကို အစ္စရေးက စိုးမိုးထားတာပါ။ 

    ပတ်၀န်းကျင် အာရပ်နိုင်ငံတွေမှာ အစ္စရေးသူလျှိုတွေ အများအပြားရှိနေပါတယ်။ 

    အာရပ်နိုင်ငံတွေမှာ အာဏာရှင်စနစ် တည်မြဲနေတာ၊ မတည်မငြိမ်ဖြစ်တာ၊ ပြည်တွင်းစစ်ဖြစ်တာ၊ အကြမ်းဖက်အဖွဲ့အစည်းတွေ ခြေကုပ်ယူတာတွေ အားလုံးဟာ အစ္စရေးသူလျှိုတွေရဲ့လက်ချက် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: Arab News 

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၄)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၄)

    သြဂုတ် ၅၊ ၂၀၂၃
    M-Media

    ပရိုဘ၀

    အသက် ၁၆ နှစ်ရောက်တော့ အပြောင်းအလဲတွေက မြန်မြန်ဆန်ဆန် ဖြစ်လာပါတယ်။ ကျွန်တော် ပရိုကစားသမား ဖြစ်လာပြီ။ အဖေက အလုပ်ကအနားယူကာ ကျွန်တော်နဲ့တွဲပြီး အလုပ်လုပ်ပါတယ်။

    ဆန်းတို့စ် (လူငယ်)အသင်းနဲ့ ရာသီပြီးဆုံးတော့မယ့်အချိန် ၂၀၁၇ ခုနှစ် နို၀င်ဘာမှာ အသင်းကြီးနည်းပြ အီလာနိုက ဖုန်းဆက်လာတယ်။

    “သူရဲကောင်းလေး။ အဆင်ပြေရဲ့လား။ ဒီတစ်ပတ် မင်း ငါတို့ဆီမှာ လေ့ကျင့်ရေးလာလုပ်မလား”

    ကျွန်တော် ကြောင်သွားတယ်

    “တကယ်ကြီးလား”

    ဘုရားကျေးဇူးကြောင့်ပဲ ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အသင်းကြီးရဲ့ နောက်ပွဲအတွက် လူစာရင်းကို အ၀တ်လဲခန်းမှာ တစ်ရက် သူတို့လာကပ်တယ်။ ကျွန်တော့်နာမည် ပါလာပါတယ်။

    လူစာရင်းကို ဓာတ်ပုံရိုက်ပြီး အဖေ့ဆီ ကျွန်တော်ပို့လိုက်တယ်။ အဖေက ငိုတော့တာပဲ။

    ရက်အနည်းငယ်ကြာတော့ ဆန်းတို့စ်နဲ့ အသလက်တီကို မီနီရိုပွဲ ကစားရတယ်။ မီးရှူးမီးပန်းတွေ အကြီးအကျယ် ပစ်လွှတ်နေကြတဲ့ လူအုပ်ကြီးအကြား အသင်းဘတ်စ်ကားက ဖြတ်မောင်းသွားတယ်။

    ပျော်ရွှင်မြူးထူးပြီး သီးချင်းတွေ အော်ဆိုနေကြတဲ့ ဒီလူအုပ်ထဲမှာ ကျွန်တော့်အဖေနဲ့ ဦးလေးတွေကို ကျွန်တော် တွေ့ပါတယ်။

    Belmiro (ဆန်းတို့စ်အသင်း၏ အိမ်ကွင်း) ထဲမှာ အုပ်အော်သောင်းနင်းပဲ။

    ပွဲမှာ ရော်ဘင်ဟိုပါတယ်။ အရံခုံမှာ ထိုင်နေရတာနဲ့တင် ကျွန်တော် ပျော်နေပါတယ်။ ပွဲပြီးကာနီးမှာ အီလာနိုက ကျွန်တော့်ကို ကြည့်လိုက်တယ်။ အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်နေပြီ။

    “သူငါ့ကို ထည့်ကစားတော့မယ်ထင်တယ်”

    ပြောရရင် ကြောက်လည်းကြောက်ပါတယ်။

    ပရိတ်သတ်တွေက ကျွန်တော့်နာမည်ကို သံပြိုင်အော်နေကြတယ်။ ဒီမြင်ကွင်းကိုကြည့်ရတာ အရမ်းကြည်နူးဖို့ ကောင်းပါတယ်။

    “အခုတော့ ဘာမှမတောင်းဆိုကြပါနဲ့အုံး” ကျွန်တော် တွေးလိုက်မိတယ်။

    တစ်မိနစ်လောက်ပဲ ကစားလိုက်ရတယ်။ ဘောလုံးတောင် မထိလိုက်ဘူးထင်တယ်။ အဲဒီလို ၀င်ကစားရတာကိုက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါ။

    နောက်ရာသီအစမှာ Copa Libertadores ဖလားပွဲအဖြစ် နာစီယွန်နယ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရတယ်။ ကျွန်တော့်အသက်က ၁၇ နှစ်ရှိပါပြီ။

    ဒီပွဲကစားဖို့အတွက် ကျွန်တော် ကျောင်းပြေးခဲ့ရပါတယ်။ ပွဲစပြီး သိပ်မကြာခင် ဘယ်တောင်ပံမှာ ကျွန်တော် ဘောလုံးရတယ်။ ကစားသမားနှစ်ယောက်ကို လိမ်ခေါက်ပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ ကျွန်တော် ဂိုးသွင်းလိုက်နိုင်တယ်။ ကျွန်တော်သွင်းခဲ့ အလှဆုံးဂိုးတွေထဲက တစ်ဂိုးပါပဲ။

    ပွဲအပြီးမှာ ကျောင်းက ဆရာတွေကို ကျွန်တော် တောင်းပန်ခဲ့ပါတယ်။

    ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် ကျောင်းပြေးခဲ့တာ မဟုတ်လား။

    (ဆက်ရန်……)

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၆)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၆)

    သြဂုတ် ၁၂၊ ၂၀၂၃

    M-Media 

    ရီးယဲလ်မက်ဒရစ် ကွင်းပြင်ဘ၀

    ကွင်းပြင်ပမှာ ကျွန်တော့်ဘ၀က အေးဆေးပါပဲ။ စပိန်ဘာသာစကားကိုလေ့လာတယ်။ ကက်စမဲရိုး၊ မီလီတို၊ မာဆယ်လိုတို့လို ဘရာဇီးလ်သားတွေလည်း ရှိပါတယ်။ သူတို့က ကျွန်တော့် အဖေလိုပါပဲ။ အသင်းမှာ ဘယ်သူက ဂိုဏ်းချုပ်လဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ 

    လူကာမိုဒရစ်ပါ။ အသက်တော်တော်ကွာတာကြောင့် ကျွန်တော်တို့ သူ့ကို စကြတယ်။ ကျွန်တော်တွဲကစားဖူးသမျှထဲမှာ သူက အကောင်းဆုံးပါပဲ။ ကျွန်တော့်အဖေက ၃၆ နှစ်ပြည့်တော့မယ်လို့ ကက်စမဲရိုးက တစ်ခေါက် ပြောလိုက်တယ်။ လူကာမိုဒရစ်က  

    “ဟုတ်လား။ ဒါဆို မင်းငါ့ကို လေးစားရမယ်။ ငါက မင်းအဖေအရွယ်လောက် ရှိတယ်”

    လူကာက အဲဒီလို လူမျိုး။ ကျွန်တော့်ကို နောက်ပိုင်း “သား” လို့ပဲ ခေါ်တော့တယ်။ တစ်ခါတစ်လေ ကျွန်တော့်က သူ့ကို “ဂိုဏ်းချုပ်” လို့ခေါ်တယ်။ ကျွန်တော့်အဖေအရင်းလိုပါပဲ။ စားလည်းစားတယ်။ တစ်ချိန်လုံး ကျွန်တော်တို့ကို စားနေတယ်။ ဒါက ရီးယဲလ်မက်ဒရစ်ရဲ့ ပုံစံပါပဲ။ မပြတ်တမ်း အလုပ်လုပ်နေရမယ်။ ရပ်လိုက်လို့မရဘူး။

    ဘရာဇီးလ်မှာတော့ “နေ့တိုင်း ခြေင်္သေ့တစ်ကောင်ကို သတ်နိုင်ရမယ်” ဆိုတဲ့ စကားပုံမျိုး ရှိပါတယ်။

    သားက အဖြူထည်ပါ

    ရော်ဒရီဂို ကောင်းကောင်းလုပ်နိုင်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုဟာ သူ့ရဲ့ အဖြူထည်ဆန်မှုကြောင့်လို့ ကျွန်တော့် မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ သူဘယ်အဆင့်ကိုရောက်နေလဲဆိုတာ သေချာမသိဘူး။ အဲဒီတော့ ဖိအားဒဏ်လည်း မခံရဘူးပေါ့။ ကျွန်တော့်လိုမဟုတ်ဘူး။ လူတော်တော်များများက သူ့ပွဲကြည့်ပြီးရင် ကျွန်တော်နဲ့တူတယ်လို့ ပြောကြတယ်။

    မတူပါဘူး။ ကျွန်တော် ဘောလုံးကန်ဖူးတယ်။ ဘယ်လိုမျိုးလဲဆိုတာလည်း ကျွန်တော် သိတယ်။ လူအပြည့်နဲ့ ဘာနေဗျူး (ရီးယဲလ်ကွင်း) ကို ကျွန်တော်သာ အသက် ၁၈ နဲ့ ရောက်သွားရင် လစ်သွားမှာ။ ဘောလုံးတောင် ထိန်းနိုင်မှာမဟုတ်ဘူး။ ရီးယဲလ်မှာ ကစားခွင့်ရရင်တောင် ကစားဖြစ်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်။ 

    ၂၀၁၉ ခုနှစ် တစ်ရက် ချန်ပီယံလိဂ်မှာ ဂါလာတာစာရေးနဲ့ ကစားတဲ့အချိန် ရော်ဒရီဂို ဟက်ထရစ်သွင်းတယ်။ ကျွန်တော် ပွဲကြည့်စင်မှာ ရှိပါတယ်။ ပွဲကဘောလုံးကို ကျွန်တော့်သား ယူသွားတာ တွေ့လိုက်တယ်။ သူ့ကိုကျွန်တော်တွေ့တော့ ပြေးပြီး ခုန်ဖက်လိုက်တယ်။

    “ငါ့သား ဟက်ထရစ်သွင်းနိုင်ပြီကွ” 

    “ဟုတ်အဖေ။ မိုက်တယ်” 

    “ပွဲကဘောလုံး ဘယ်မှာလဲကွ”

    “ကျွန်တော် ထည့်လာခဲ့တယ်” 

    စားသောက်ဆိုင်တစ်ခုသွားပြီး ကျွန်တော်တို့ အောင်ပွဲခံတယ်။ စားနေတုန်း “ဟေ့ကောင် မင်းဘောလုံးရော” လို့ ကျွန်တော်မေးလိုက်တယ်။ ဘောလုံးယူလာပြီး စားပွဲပေါ်တင်ထားမလားပေါ့။ 

    “ကားနောက်ဖုံးထဲ ထည့်ထားတယ် အဖေ” တဲ့ 

    “ဒီကောင် တော်တော်နောက်တဲ့ကောင်” 

    အဲဒီညက သူ့ဘောလုံးကို အိပ်ယာထဲထားပြီး ကျွန်တော် အိပ်တယ်။ သူက ရင့်ကျက်သူကြီး။ ကျွန်တော်ကတော့ ကလေးလေးပေါ့။ သူဘ၀မှာ ဘာတွေဖြစ်နေလဲဆိုတာကို သူ သိမှ သိပါလေစ လို့တောင် တစ်ခါတစ်လေ ကျွန်တော် တွေးမိပါတယ်။ 

    (ဆက်ရန်……) 

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၅)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၅)

    သြဂုတ် ၇၊ ၂၀၂၃

    M-Media 


    ရီးယဲလ်မက်ဒရစ်ဇာတ်လမ်း

    ဆန်းတို့စ်က ရူးလောက်စရာပါ – ဖခင်

    (ဆန်းတို့စ်အသင်းကြီးမှာတုန်းက) ရူးလောက်စရာ အချိန်တွေပဲ။ သူ ပွဲတိုင်း ၀င်ကစားရတယ်။ ဥရောပ အသင်းကြီးတော်တော်များများရဲ့ ကမ်းလှမ်းမှုတွေလည်း ရလာပါတယ်။ ရော်ဒရီဂိုက အခန်းနံရံမှာ ရီးယဲလ်မက်ဒရစ် ပိုစတာကပ်ထားတာကို ကျွန်တော် မှတ်မိတယ်။ 

    နေ့တိုင်း မအိပ်ခင် အဲဒီပိုစတာကို သူ ကြည့်တယ်။ တစ်ခေါက် ဘုရားကျောင်းမှာ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျရင်း တစ်ယောက်က “မင်းသား ရီးယဲလ်မက်ဒရစ်ကို ရောက်လိမ့်မယ်” လို့ ပြောဖူးတယ်။ 

    အဲဒီမတိုင်ခင် နှစ်အတော်ကြာအရင်က ကျွန်တော် သူ့အတွက် ရီးယဲလ်မက်ဒရစ်ဂျာစီ ၀ယ်ပေးထားဖူးတယ်။ အသင်းက သူ့ကိုခေါ်ရင် သုံးလို့ရအောင်ပါ။ 

    အခုတော့ ရီးယဲလ်က သူ့ကိုလိုက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားတယ်။ ဒါပေမယ့် အသင်းဖက်က တရား၀င်ပြောတာမျိုး မဟုတ်ပါဘူး။ 

    ကျွန်တော်တို့က စောင့်နေတာပေါ့။ နောက်ဆုံးတော့ တစ်ခြား ဥရောပ အသင်းကြီးတစ်သင်းနဲ့ အားလုံးပြောဆိုပြီးသွားပြီ။ ရော်ဒီရီဂို လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်။ 

    တခြားရွေးစရာလည်း မရှိပါဘူး။ 

    လက်ခံလုဆဲဆဲ 

    ရီယဲလ်မှာ မကစားရတော့ဘူးဆိုတာ လက်ခံလုဆဲဆဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်အနည်းငယ်တော့ ကျွန်တော့်မှာ ရှိနေသေးတယ်။ အခြားတစ်သင်းနဲ့ စာချုပ်အကြောင်း အဖေ ကျွန်တော့်ကို ပြောတဲ့အချိန်က ဗစ်တိုးရီးယားအသင်းနဲ့ အိမ်ကွင်းမှာ ကစားရတော့မယ့်အချိန်။ 

    “ရီးယဲယ်မက်ဒရစ်ရောအဖေ” ကျွန်တော်မေးလိုက်တယ်။

    “ဘာမှမလာဘူး သား” 

    “နည်းနည်းတော့ စောင့်ပေးပါနော်”

    ဖခင်ရဲ့အမြင် 

    ဒီကောင်လေး ရူးသွားပြီလို့ ကျွန်တော်တွေးလိုက်မိတယ်။ 

    ကျွန်တော့်တို့ရထားတဲ့စာချုပ်က ပစ်ရက်စရာမရှိဘူး။

    “ရထားတဲ့အခွင့်အရေးကို မင်းလက်လွှတ်လို့ မရဘူးနော်” လို့ ကျွန်တော် သူ့ကို ပြောလိုက်သေးတယ်။ 

    ယုံကြည်မှုအပြည့်နဲ့ ရော်ဒရီဂို

    နည်းနည်းပဲစောင့်ပေးလိုက်။ ကျွန်တော် ဒီတစ်ပတ် ၃ ဂိုးသွင်းမယ်။ ရီးယဲလ်က လိုက်လာလိမ့်မယ် လို့ ကျွန်တော် ပြောတယ်။ မိဘတွေကတော့ အဲဒီလိုဖြစ်ပါစေလို့ မျှော်လင့်တယ်ပေါ့။ ယုံကြည်မှုမရှိဘူးဆိုတာ သူတို့ မျက်လုံးမှာ ကျွန်တော် မြင်လိုက်ရပါတယ်။ 

    ပွဲစပြီ ၂၂၊ ၂၆၊ ၃၁ မိနစ်။ ၉ မိနစ်အတွင်း ကျွန်တော် ဟက်ထရစ်သွင်းလိုက်တယ်။ ပထမပိုင်းပြီးသွားပြီ။ 

    မက်ဒရစ်က ကျွန်တော့်အဖေရဲ့ဖုန်းနံပါတ်ကို ရှာနေပြီဆိုတာ ကျွန်တော် သိလိုက်ပါတယ်။ 

    ဖခင်ကို ဆက်သွယ်ပြီ 

    ပွဲပြီးတော့ ကျွန်တော့်ဆီ ဖုန်းတစ်ခု ၀င်လာတယ်။ 

    “ခင်ဗျားသား ရီးယဲလ်မက်ဒရစ်မှာ ကစားဖို့ စိတ်၀င်စားလား” တဲ့

    စပရိုက်အတိုက်ခံရတဲ့ ရော်ဒရီဂို

    “ကျွန်တော်ပြောသလို ရီးယဲလ်က ဆက်သွယ်လားဟင်” 

    အိမ်ပြန်ရောက်တော့ ကျွန်တော်မေးလိုက်တယ်။

    “ဘယ်သူမှ မဆက်သွယ်ဘူး” အဖေက ပြန်ဖြေတယ်။

    ကျွန်တော် စိတ်တော်တော်ပျက်သွားပါတယ်။ နောက်နေ့ လေ့ကျင့်ရေးမရှိဘူး။ ဗီဒီယိုဂိမ်း ကစားနေတဲ့အချိန် အဖေ အပြင်ထွက်သွားတယ်။ 

    ၀တ်စုံအပြည့်နဲ့ဆိုတော့ အဖေဘယ်သွားမှာလဲလို့ အမေ့ကို ကျွန်တော် မေးတယ်။ 

    “မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့မလို့” အမေက ပြန်ဖြေပါတယ်။ 

    ညတော်တော်နက်မှ အဖေပြန်ရောက်လာတယ်။ ကျွန်တော်က ဧည့်ခန်းထဲမှာ ဂိမ်းကစားနေတုန်း။ ကျွန်တော့်ဘေးကဖြတ်ပြီး ကျွန်တော့အခန်းထဲကို ၀င်သွားတယ်။ 

    ပြန်ထွက်လာတော့ ရီးယဲလ်မက်ဒရစ်ဂျာစီပါလာတယ်။ အနောက်မှာ ရော်ဒရီဂို ဆိုတဲ့ နာမည်နဲ့ 

    “မင်းအိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီ ငါ့သား” 

    အဖေ့ကိုတစ်လှည့် အင်္ကျီကိုတစ်လှည့် ကျွန်တော်ကြည့်လိုက်တယ်။ 

    ကျွန်တော် ဘာမှကို နားမလည်တော့ဘူး။

    အဖေက အကြောင်းစုံ ရှင်းပြပါတယ်။ ပွဲပြီးတော့ ဖုန်းတစ်ခုရတယ်။ ပြီးတော့ ဆော်ပေါ်လိုကိုသွားပြီး စာချုပ်ချုပ်တယ်။ အပြောင်းအရွှေ့ မသေချာသေးလို့ ကျွန်တော့်ကို အသိမပေးခဲ့တာ။ 

    ကျွန်တော်တို့ ၀မ်းသာအားရ ဖက်လိုက်ကြတယ်။ 

    ဆန်းကြယ်လိုက်တဲ့ ကံကြမ္မာ 

    ဘုရားသခင်တည်းသာလျှင် လုပ်ဆောင်ပေးနိုင်တဲ့ အရာမျိုးပါ 

    ကံကောင်းမှုဟုဆိုလာသည့် ဖခင် 

    ကံလို့ ပြောလို့ရတယ်။ စာချုပ်ချုပ်တုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ နောက်တစ်နှစ်မှာ ရီးယဲလ်ကို ရောက်သွားတယ်။

    အသက် ၁၈ နှစ်နဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအသင်းကို ရောက်တယ်။ ၅ နှစ်မှာ ချန်ပီယံလိဂ်ဖလား ၄ လုံးရတဲ့အသင်း။ အဲဒီလိုအသင်းကို ရောက်သွားတယ်။ ဇီဒိန်းက အသင်းနည်းပြ။ ဇီဒိန်းနော်။ စဥ်းစားသာကြည့်တော့။     

    (ဆက်ရန်……)