News @ M-Media

Author: Ko Lay

  • မိုအီမဲလ် အလ်-မိုဟာမက်ဒီ (သို့) အော်တစ်ဇင်ရောဂါကို အန်တုနေသည့် စက်ရုပ်ပညာရှင်လေး

    မိုအီမဲလ် အလ်-မိုဟာမက်ဒီ (သို့) အော်တစ်ဇင်ရောဂါကို အန်တုနေသည့် စက်ရုပ်ပညာရှင်လေး

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    – ဆော်ဒီက အသက် ၁၀ နှစ်အရွယ်ကလေးငယ် မိုအီမဲလ် အလ်-မိုဟာမက်ဒီဟာ အော်တစ်ဇင်လို့ခေါ်တဲ့ ပြောဆိုဆက်ဆံမှု မူမမှန်တဲ့ရောဂါ ဖြစ်နေပေမယ့် သူ့ရဲ့ ဒီချို့တဲ့မှုကို ကျော်လွှားကာ ပါရမီရှင် စက်ရုပ်တီထွင်ဖန်တီးသူတစ်ယောက် ဖြစ်လာပါတယ်။

    သူဟာ ကိုယ်ပိုင် ဒီဇိုင်းတွေနဲ့ မော်ဒယ်တွေကို ဖန်တီးပြီး Instagram စာမျက်နှာပေါ် လွှင့်တင်ခဲ့ကာ ပြည်သူလူထုတွေရဲ့ အာရုံစိုက်မှုကိုလည်း ရရှိထားပါတယ်။

    ပါရမီရှိတဲ့ ဆော်ဒီလူငယ် ဉာဏ်ရည်တုပညာရှင်တွေကို ပြုစုပျိုးထောင်ပေးနေတဲ့ အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ အလ်-မိုဟာမက်ဒီက သူဟာ ငယ်ငယ်ကလေးထဲက အီလက်ထရောနစ် ပစ္စည်းအပျက်တွေကနေ အစိတ်အပိုင်းတွေ၊ ဘတ္ထရီတွေကို ထုတ်ယူကာ စက်ရုပ်တွေ ပြုလုပ်လေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    မိုဟာမက်ဒီ တီထွင်တဲ့ စက်ရုပ်ငယ်လေးတွေဟာ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကျဉ်းမြောင်းတဲ့နေရာတွေကို ၀င်ရောက်တာတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်တာတွေလို ခက်ခဲတဲ့အရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို သူ့ကိုလေ့ကျင့်ပေးတဲ့သူတွေက သတိပြုမိခဲ့ပါတယ်။

    ဆရာမဖြစ်သူ ဇိုင်နဘ် အလ်-မာဟာယက်ရှ်က စက်ရုပ်တွေဟာ အော်တစ်ဇင်ရောဂါရှိတဲ့ ကလးငယ်တွေ ဘာသာစကားနဲ့ ဆက်သွယ်ပြောဆိုမှုဆိုင်ရာ တိုးတက်စေဖို့ အထောက်အကူဖြစ်စေပြီး၊ ရောဂါကိုမေ့ပျောက်ကာ တီထွင်စွမ်းရည်ကို တိုးတက်လာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အလ်-မိုဟာမက်ဒီ ပါဝင်နေတဲ့ အဲဒီ စက်ရုပ်တီထွင်မှုအဖွဲ့မှာ ကလေးငယ်ပေါင်း ၁၂၀ ကျော်လောက် ရှိနေပါတယ်။

    အဖွဲ့ဟာ သိပ္ပံဆိုင်ရာ သုတေသနတွေနဲ့ ကလေးတွရဲ့ တီထွင်ဉာဏ်စွမ်းကို မြှင့်တင်ပေးနေပြီး လူငယ်တွေပါဝင်မှုအရေအတွက် မြင့်တက်လာမယ်လို့ မျှော်လင့်နေပါတယ်။

    Ref: Alarabiya

  • အခွန်ရှောင်မှုအတွက် ရော်နယ်ဒိုကို စပိန်အာဏာပိုင်များ ဒဏ်ရိုက်

    အခွန်ရှောင်မှုအတွက် ရော်နယ်ဒိုကို စပိန်အာဏာပိုင်များ ဒဏ်ရိုက်

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    – ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ စပိန်မှာကစားစဉ် အခွန်ရှောင်မှုကိစ္စအတွက် ကန်ဒေါ်လာ ၃.၇ သန်း ဒဏ်ငွေပေးဆောင်ဖို့အတွက် စပိန်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

    အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုဟာ အခွန်ရှောင်မှုကိစ္စနဲ့ပဲ ထောင်ဒဏ် ၂၄ လ ချမှတ်ခံရဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စပိန်ဥပဒေအရ ၂ နှစ်နဲ့အောက် ထောင်ဒဏ်အတွက် ပထမအကြိမ်မှာ ဆိုင်းငံ့ထားလို့ ရတဲ့အတွက် ရော်နယ်ဒိုဟာ ထောင်ဒဏ်ချမှတ်ခံရဖို့တော့ မရှိပါဘူး။

    ရီးယဲလ်မက်ဒရစ်မှာ ကစားစဉ် ရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခှုစ်အထိ အခွန်ပမာဏ ကန်ဒေါ်လာ ၁၆.၅ သန်းကို ရှောင်ရှားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အစိုးရှေ့နေတွေက ရော်နယ်ဒိုဟာ အဲဒီကာလအတွင်း ကန်ဒေါ်လာ ၁၃.၆ သန်းသာ ၀င်ငွေရတယ်လို့ ပြောကြားခဲ့ပေမယ့် အမှန်တကယ် ရရှိခဲ့တဲ့ဝင်ငွေဟာ ၅၀.၈ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

    စပိန်ကုမ္ပဏီတစ်ခုကို ၂၀၁၅ ခုနှစ် ၂၀၂၀ ခုနှစ်အထိ ပုံရိပ်အသုံးပြုခွင့် ရောင်းချမှုအတွက် ရရှိခဲ့တဲ့ ကန်ဒေါ်လာ ၃၃.၆ သန်းကို အခွန်ဆောင်ရမယ့်ဝင်ငွေထဲ ထည့်တွက်ဖို့ ရော်နယ်ဒိုက ငြင်းဆိုခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

    ရော်နယ်ဒိုကတော့ အဲဒီစွပ်စွဲချက်တွေအားလုံးကို အရင်က ငြင်းဆိုခဲ့တာပါ။

    စပိန်အာဏာပိုင်တွေဟာ ၂၀၁၆ ခုနှစ်ကလည်း ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ဒေါ်လာ ၅ သန်း အခွန်ရှောင်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

    ရော်နယ်ဒိုဟာ အခုလစောပိုင်းမှာ ရီးယဲလ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကြေား ဒေါ်လာ ၁၂၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အခွန်မပါ အသားတင်လခ တစ်နှစ်ကို ဒေါ်လာ ၃၄ သန်း ရရှိမှာဖြစ်ပါတယ်။

    Ref: Aljazeera

  • ကုလရှိ နိုင်ငံ ၁၃၅ နိုင်ငံပါသည့် အဖွဲ့တွင် ပါလက်စတိုင်းက ဥက္ကဌဖြစ်လာ

    ကုလရှိ နိုင်ငံ ၁၃၅ နိုင်ငံပါသည့် အဖွဲ့တွင် ပါလက်စတိုင်းက ဥက္ကဌဖြစ်လာ

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    ကုလဆိုင်ရာ ပါလက်စတိုင်းသံအမတ်

    – ပါလက်စတိုင်းနိုင်ငံဟာ ကုလရဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Group of 77  အဖွဲ့ရဲ့ ဥက္ကဌသစ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပါတယ်။

    ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ အဲဒီ Group of 77 အဖွဲ့ကို ၁၉၆၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးကို မြှင့်တင်ဖို့၊ ကုလအဖွဲ့အတွင်း နိုင်ငံတကာနဲ့ဆိုင်တဲ့ စီးပွားရေးကိစ္စတွေမှာ အဓိက ညှိနှိုင်းဆွေးနိုင်စွမ်းရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    စတင်ဖွဲ့စည်းချိန်မှာ ဖွဲ့ဖြိုးဆဲနိုင်ငံပေါင်း ၇၇ နိုင်ငံသာ ပါဝင်ပေမယ့် အခုအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ ၁၃၅ နိုင်ငံ ရှိလာပြီဖြစ်ပါတယ်။ ဒီအဖွဲ့က အဖွဲ့ဝင်နိုင်ငံတွေဟာ ကုလ အထွေထွေညီလာခံမှာ တစ်သံတည်းထွက်ကြပါတယ်။

    လက်ရှိ ဥက္ကဌနိုင်ငံဟာ အီဂျစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလကစလို့ ပါလက်စတိုင်းက ဥက္ကဌအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။

    ကုလဆိုင်ရာ ပါလက်စတိုင်းသံအမတ် ရီယာ့ဒ် မန်ဆူရ်က အခုလို ခန့်အပ်ခံရမှုကို အတည်ပြုခဲ့ပြီး နိုင်ငံပေါင်း ၁၃၅ နိုင်ငံရဲ့ အကျိုးအတွက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဟာ ကုလသမဂ္ဂအဖွဲ့ဟာ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူနိုင်ငံအဖြစ် ရှိနေပြီး အခုလို Group of 77 အဖွဲ့ဥက္ကဌအဖြစ် တင်မြှောက်ခံလိုက်ရတာက တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးကတော့ ဒီလိုခန့်အပ်မှုကို ကန့်ကွက်ခဲ့ပြီး Group of 77 အဖွဲ့ဟာ မုသားတွေ၊ လှုံ့ဆော်မှုတွေကို ပြန့်နှံစေတဲ့အဖွဲ့ ဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် ကလေး ၃ ဦး ငတ်မွတ်သေဆုံးသည့်သတင်းကြောင့် ပြည်သူများ တုန်လှုပ်

    အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် ကလေး ၃ ဦး ငတ်မွတ်သေဆုံးသည့်သတင်းကြောင့် ပြည်သူများ တုန်လှုပ်

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောကြားလိုက်ပြီး ဒီသတင်းအတွက် အိန္ဒိယပြည်သူတွေက တုန်လှုပ်နေကြပါတယ်။

    သေဆုံးသွားသူတွေဟာ အသက် ၈ နှစ်အရွယ်၊ မန်ဆီ၊ အသက် ၄ နှစ်အရွယ် ရှီခါနဲ့ အသက် ၂ နှစ်အရွယ် ပါရူလို့ဖြစ်ကြပြီး အဟာရမပြည့်ဝမှု၊ ငတ်မွတ်မှုတွေကြောင့် သေဆုံးကြောင်း နယူးဒေလီဆေးရုံက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီသတင်းကို မယုံကြည်တဲ့အတွက် အာဏာပိုင်တွေက အလောင်းတွေကို ဒုတိယအကြိမ် ခွဲစိပ်စစ်ဆေးခဲ့ကာ ထပ်မံအတည်ပြုခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ကလေးငယ်တွေရဲ့ ဖခင်ဟာ ပျောက်ဆုံးနေပြီး၊ အသက်၂၉ နှစ်အရွယ် မိခင်ကလည်း စိတ်ဝေဒနာရှင်ဖြစ်တာကြောင့် ကလေးတွေဟာ ပစ်ထားခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    နယူးဒေလီ Lal Bahadur Shastri ဆေးရုံက ဆရာဝန် ဒေါက်တာ အမီတာရ် ဆာဇီနာက အလောင်းခွဲစိပ်စစ်ဆေးမှုတွေအရ ကလေးတွေရဲ့ အစာအိမ်၊ သည်းခြေနဲ့ အူတွေဟာ ဟောင်းလောင်းဖြစ်နေတာကို တွေ့ရပြီး လွန်ခဲ့တဲ့ ၈ ရက်ကနေ ၉ ရက်အတွင်း ဘာမှ မစားခဲ့ရဘူးလို့ ကောက်ချက်ချလို့ရကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်က အလုပ်သမားအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မဇ်ဒူရ် ကီဆန် ရှက္ကတီ ဆာဂါသမ်က ဒီလို အဟာရပြတ်လပ် သေဆုံးမှုဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းက ရွာတော်တော်များများမှာ အမြဲလိုလို ဖြစ်ပွားနေပြီး အခု ဒေလီအဖြစ်အပျက်မှ လူတွေ အာရုံစိုက်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် အိန္ဒိယအစိုးရရဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝှမ်း လူပေါင်း ၆၅ သန်းလောက်ဟာ ကျူးကျော်ရပ်ကွက်တွေမှာ မီးမရှိ၊ ရေမရှိ ချို့တဲ့စွာနေထိုင်နေရတယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ထဲက တစ်ခုဖြစ်တဲ့ ဂျာ့ခ်ဟန်းမှာလည်း အဟာရပြတ်လပ် သေဆုံးမှု တော်တော်များများဖြစ်ပွားခဲ့တယ်လို့ အခုနှစ်အတွင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

    Ref: Aljazeera