News @ M-Media
Author: Ko Lay
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media
    ဂျပန်တွင် ယခုလအစောပိုင်း ရေကြီးမှု
    ရေကြီးခဲ့သည့် ဂျပန်အနောက်ပိုင်းကို တိုင်ဖုန်းမုန်တိုင်း ၀င်မည်
    =============
    အခုလအစောပိုင်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်း ဒေသကို အားကောင်းတဲ့ တိုင်ဖုန်းမုန်တိုင်းတစ်ခု ဦးတည်နေတယ်လို့ ဂျပန်အာဏာပိုင်တွေက ဒီကနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဂျွန်ဒါရီလို့ခေါ်တဲ့ အဲဒီတိုင်ဖုန်းမုန်တိုင်းဟာ စနေနေ့ညမှာ ဂျပန်ကျွန်းမကြီးကို ၀င်ရောက်ဖို့ရှိနေပြီး မိုးသည်ထန်စွာရွာသွန်းမှု၊ မြေပြိုမှု၊ လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်ပြီး ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေပါတယ်။
    အီရန် ထိပ်တန်းဗိုလ်ချုပ်က အမရိကန်ကို ခြိမ်းခြောက်
    =========
    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ Quds Forces အကြီးအကဲ ဗိုလ်ချုပ် ကာစင် ဆူလေမာနီက အမေရိကန်အနေနဲ့ စစ်ပွဲစမယ်ဆိုရင် အီရန်က အဆုံးသတ်ပေးမယ်လို့ မနေ့က ခြိမ်းခြောက်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ အီရန်နဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ အပြန်အလှန် ပုတ်ခတ်နေကြတာပါ။ အီရန်သမ္မတ ရူဟာနီက အမေရိကန်ဟာ အီရန်ကို စစ်တိုက်လာမယ်ဆိုရင် အဆုံးမသတ်နိုင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်လို့ သတိပေးခဲ့ပြီး အမေရိကန်သမ္မတထရမ့်ကလည်း အမေရိကန်အပေါ် ခြိမ်းခြောက်လို့မရဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    ကိုရီးယားနှစ်နိုင်ငံ ဗိုလ်ချုပ်အဆင့် စစ်ရေးဆွေးနွေးမည်
    ================
    တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ လာမယ့်တစ်ပတ် အင်္ဂါနေ့မှာ စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က ဒီကနေ့မှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်အဆင့် အဲဒီဆွေးနွေးမှုကို နှစ်နိုင်ငံနယ်ခြား အပစ်ရပ်ရေးဇုန်မှာရှိတဲ့ ပန်မွန်ဂျွန်းရွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ ဇွန်လကတည်း စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ဟူသီသူပုန်များက ယူအေအီးလေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်
    ===============
    ယီမင်က ဟူသီသူပုန်တွေက သူတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီက နိုင်ငံတကာလေဆိပ်ကို မနေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ထိခိုက်မှုကို အသေးစိတ် မသိရှိရသေးပါဘူး။ အဘူဒါဘီလေဆိပ်ကတော့ ပို့ဆောင်ရေးယာဉ်တစ်ခု ထိခိုက်မှုရှိတယ်လို့ မနေ့က Twitter စာမျက်နှာ ရေးသားခဲ့ပြီး ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဒီလိုဖြစ်လားဆိုတာ တိတိကျကျမသိရှိရသေးပါဘူး။ ဟူသီတို့ဟာ ဆော်ဒီကို ဒုံးကျည်တွေနဲ့ မကြာမကြာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အခုနောက်ပိုင်း ယူအေအီးကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။
    Ref: Aljazeera, CNA
  • ခွဲခြားခံရမှုအတွက် အိန္ဒိယတွင် ဆန္ဒပြမှုဖြစ်ပြီး လူ ၅၀၀ နီးပါး ဖမ်းဆီးခံရ
    ခွဲခြားခံရမှုအတွက် အိန္ဒိယတွင် ဆန္ဒပြမှုဖြစ်ပြီး လူ ၅၀၀ နီးပါး ဖမ်းဆီးခံရ
    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media
    – အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ အလုပ်အကိုင်၊ အစိုးရရာထူးနဲ့ ပညာရေးတွေမှာ ခွဲတမ်းရရေး မာရာသာ လူနည်းစုတွေဟာ အခုတစ်ပတ်အစောပိုင်းမှာ ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။
    ပြည်နယ်လူဦးရေ သန်းပေါင်း ၁၁၀ မှာ မာရာသာလူမျိုးတွေက ၃၀ ရာခိုင်နှုန်းရှိနေပြီး အခြားသော လူမျိုးစုတွေနည်းတူ အလုပ်အကိုင်၊ အစိုးရရာထူးနဲ့ ပညာရေးတွေမှာ ခွဲတမ်းလိုချင်နေတာ ဖြစ်ပါတယ်။
    ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြမှုအတွင်း မီးတုတ်နဲ့ပစ်တာတွေ၊ ခဲနဲ့ပစ်တာတွေ ရှိခဲ့ပြီး ၄၄၇ ဦးကို မနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    ပြည်နယ်မြို့တော် သာနီမှာ တနင်္လာနေ့ကစတင်ခဲ့တဲ့ ဆန္ဒပြမှုဟာ နောက်ပိုင်းမှာ ပြည်နယ်တစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပြီး ဆန္ဒပြသူတွေဟာ ဘတ်စ်ကားတွေ၊ အိမ်စီးကားတွေကို မီးရှို့တာ၊ ရထားတွေကို ခဲနဲ့ပစ်တာ၊ ရထားလမ်းတွေနဲ့ အဓိကလမ်းမကြီးနှစ်ခုကို ပိတ်ပစ်တာတွေ လုပ်ခဲ့ကြပါတယ်။
    ဆန္ဒပြမှုနောက်ဆက်တွဲအဖြစ် မာရာသာ တက်ကြွလှုပ်ရှားသူနှစ်ဦးဟာ တံတားပေါ်က ခုန်ချသတ်သေတာ၊ အဆိပ်သောက်သေတာတွေ လုပ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း အင်္ဂါနေ့မှာ သေဆုံးခဲ့ပါတယ်။
    မဟာရက်ရှ်ထရာပြည်နယ်မှာ မာရာသာလူမျိုးတွေဟာ အလုပ်အကိုင်မှာ ခွဲခြားဆက်ဆံမှုတွေကို နှစ်ချီ ခံစားခဲ့ရပါတယ်။
    ပြီးခဲ့တဲ့နှစ်တုန်းကလည်း မွမ်ဘိုင်းမှာ မရာသာလူမျိုးတွေ ထောင်ချီ ဆန္ဒပြခဲ့ကြပါတယ်။
    Ref: Alarabiya
  • တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို မြန်မာက ဗီဇာကင်းလွတ်ခွင့်ပေးမည်
    တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို မြန်မာက ဗီဇာကင်းလွတ်ခွင့်ပေးမည်
    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media
    – နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးတော့မယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ပြီးခဲ့တဲ့တစ်ပတ် ထိုင်းသံရုံးကလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြာကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်က ကိစ္စကြောင့် အနောက်နိုင်ငံက ခရီးသွားတွေ လာရောက်မှု နည်းသွားပြီး ခရီးသွားလုပ်ငန်း ကျဆင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း အခုလို ဗီဇာကင်းလွတ်ခွင့်သတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေဟာ ရှယ်ယာ ၃၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်မယ့် ကုမ္ပဏီများဥပဒေသစ်ဟာလည်း သြဂုတ်လ ၁ ရက်နေ့မှာ အသက်ဝင်မှာဖြစ်ပြီး ၀န်ကြီးက ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ၀င်လာဖို့ မျှော်လင့်နေပါတယ်။
    “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ (ဗီဇာကင်းလွတ်ခွင့်က) ရင်းနှီးမြှုပ်နှံသူ အသစ်တွေအတွက် ကောင်းမွန်လာမှာဖြစ်ပြီး၊ ဥပဒေသစ်ကြောင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အခွင့်အလမ်း ရလာမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်နိုင်မယ့် သန္တာကျောက်တန်းလို သဘာဝသယံဇာတွေလည်း ရှိနေပါတယ်”
    Grand Lotus ခရီးသွားကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာဖြစ်ဦး ဦးကျော်စွာမင်းက ဘိုကင်လုပ်ထားတဲ့ခရီစဉ်းတွေ ဖျက်သိမ်မှုများလာတာကြောင့် ခရီးသွားလုပ်ငန်းတစ်ချို့ဟာ ၀န်ထမ်းတွေ လခမဲ့ခွင့် ၃ လအထိ ပေးရတာတွေ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ၂၀၁၇ နဲ့ယှဉ်ရင် အခုနှစ်အတွင်း ယူကေက ခရီးသွားတွေ လာရောက်မှုဟာ ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့လည်း သူက ဆိုပါတယ်။
    အခုနှစ်အတွင်း မန္တလေးကို တရုတ်ခရီးသွားတွေ လာရောက်မှုကတော့ မြင့်တက်လာခဲ့တယ်လို့ အစိုးရမှတ်တမ်းတွေက ဆိုပါတယ်။
    Ref: mmtimes
  • ပါကစ္စန်ရွေးကောက်ပွဲတွင် မိမိတို့အနိုင်ရကြောင်း အင်မရန်းခန်း ကြေငြာ
    ပါကစ္စန်ရွေးကောက်ပွဲတွင် မိမိတို့အနိုင်ရကြောင်း အင်မရန်းခန်း ကြေငြာ
    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media
    ခရစ်ကတ်ကစားသမား တစ်ဖြစ်လဲ အင်မရန်းခန်း
    – မနေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့ပါတီ အနိုင်ရခဲ့တယ်လို့ PTI ပါတီအကြီးအကဲ အင်မရန်းခန်းက ကြေငြာလိုက်ပါတယ်။
    မဲရေတွက်မှုဟာ ထက်ဝက်ခန့်သာ ပြီးဆုံးသေးပြီး ခန်းရဲ့ PTI ပါတီက မဲအများဆုံးနဲ့ ဦးဆောင်နေပါတယ်။
    ခရစ်ကက်ကစားသမားဟောင်းလည်းဖြစ်တဲ့ အင်မရန်းခန်းကတော့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ ကာလရှည်မက်ခဲ့ရတဲ့ သူ့ရဲ့အိပ်မက် အကောင်အထည်ပေါ်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
    “လွန်ခဲ့တဲ့ ၂၂ နှစ်ကစလို့ ကျွန်တော်ဟာ ခက်ခက်ခဲခဲ ရုန်းကန်လာခဲ့ရပြီး၊ ဒီနေ့မှာတော့ ကျေးဇူးတော်နဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုမယ့် ကျွန်တော်ရဲ့စိတ်ဆန္ဒ ပြည့်ဝသွားခဲ့ပါပြီး။ အရင်က မရှိခဲ့တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ဟာ ပါကစ္စတန်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်”
    ဆင်းရဲသားတွေ၊ အလုပ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ပေးသွားမှာဖြစ်ပြီး ပါကစ္စတန်မှာ ကင်ဆာလိုအမြစ်တွယ်နေတဲ့ ခြစားမှုကိုလည်း တိုက်ဖျက်သွားမယ်လို့ အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။
    ခန်းက မသမာမှုတွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ တိုင်းပြည်ကို ညီညွတ်စေချင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    အိန္ဒိယနဲ့ ကက်ရှ်မီးယားကိစ္စ ဖြေရှင်းဖို့အတွက်လည်း ခန်းက စိတ်အားထက်သန်နေပြီး၊ အမေရိကန်နဲ အပြန်အလှန်အကျိုးရှိမယ့် မဟာမိတ်မျိုး ဖြစ်လာစေဖို့လည်း ဆန္ဒရှိနေပါတယ်။
    Ref : Aljazeera
  • မျက်နှာပြင် ဖြန့်ခေါက်နိုင်သည့်ဖုန်းများ ဆမ်ဆောင်းက မကြာမီဖြန့်ချီဖွယ် ရှိနေ
    မျက်နှာပြင် ဖြန့်ခေါက်နိုင်သည့်ဖုန်းများ ဆမ်ဆောင်းက မကြာမီဖြန့်ချီဖွယ် ရှိနေ
    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media
    – ဖြန့်နိုင်ခေါက်နိုင်ပြီး လုံးဝမကွဲမယ့် ဖုန်းမျက်နှာပြင် မှန်ပြားကို ဆမ်ဆောင်းက အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး မကြာခင်မှာ အသုံးပြုသူတွေလက်ထဲ ထည့်ပေးနိုင်တော့မယ်လို့ သိရပါတယ်။
    ဆမ်ဆောင်းရဲ့ မနေ့ကထုတ်ပြန်မှုမှာ သူတို့ရဲ့ အဲဒီစခရင်အသစ်ဟာ အမေရိကန်အခြေစိုက် ထုတ်ကုန်ပစ္စည်းတွေ အန္တရာယ်ကင်းမှုကို အမခံချက်ပေးတဲ့ Underwriters Laboratories ကုမ္ပဏီကနေ ထောက်ခံချက်ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    ဒီမှန်ပြားကို ကားတွေ၊ စစ်ဖက်သုံးပစ္စည်းတွေ၊ အိမ်ဆောင်ဂိမ်းစက်နဲ့ အခြားပစ္စည်းကိရိယာတွေမှာလည်း အသုံးပြုနိုင်မယ်လို့ ဆမ်ဆောင်းက မျှော်လင့်နေပါတယ်။
    ကမ္ဘာတစ်ဝှမ်း စမတ်ဖုန်းရောင်းချမှုနှုန်းဟာ အခုနှစ် စတုတ္ထ ၃ လပတ်မှာ သိသိသာသာကို ကျဆင်းသွားခဲ့ပြီး အသုံးပြုသူတွေဟာ ဖုန်းတွေ မကြာမကြာ အဆင့်မြှင့်တင်နေတာကို မနှစ်သက်ဘူးလို့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Gartner က ပြောကြားခဲ့ပါတယ်။
    ဆမ်ဆောင်းဟာ ဖြန့်နိုင်ငံခေါက်နိုင်တဲ့ဖုန်းတွေကို ထုတ်လုပ်တော့မယ်လို့ ကြေငြာထားတဲ့ Huawei နဲ့ ယှဉ်ပြိုင်နေပြီး ဆမ်ဆောင်းမိုဘိုင်းရဲ့ ဥက္ကဌ ဒီဂျေခိုက အစောဆုံး ဒီနှစ်အတွင်း ထုတ်လုပ်ဖြန့်ချီနိုင်မယ်လို့ အရင်က သတင်းထောက်တွေကို ပြောကြားခဲ့ဖူးပါတယ်။
    Ref: Cnet