News @ M-Media
Author: Ko Lay
  • မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် လူတစ်သောင်းကျော် ဘေးလွတ်ရာရွှေ့ရ
    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် လူတစ်သောင်းကျော် ဘေးလွတ်ရာရွှေ့ရ
    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media
    – လတ်တလော မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် အိုးအိမ်စွန့်ခွာရသူ အရေအတွက်ဟာ ၁၆၀၀၀ ကျော် ရှိနေပါတယ်။
    ရေကြီးမှုဟာ ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်က အဆိုးဝါးဆုံး ခံစားခဲ့ရပါတယ်။
    ဖားအံဒေသခံတွေက နှစ်စဉ် ရေကြီးမှုကို ကြုံတွေ့ခဲ့ရပေမယ့် ဒီနှစ်ရေကြီးမှုဟာ အရင်ကထက် အများကြီးပိုဆိုးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖားအံမြို့မှာ လူပေါင်း တစ်သောင်းကျော်လောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖိလစ်ပိုင်အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများနဲ့ ဂျပန်တို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။
    လာအိုမှာ ရေကာတာတစ်ခု ကျိုးပေါက်မှုကြောင့် လူတော်များများသေဆုံးပြီး ရာနှင့်ချီ ပျောက်ဆုံးနေပါတယ်။
    Ref: BBC
  • အစ္စလာမ်ဘာသာဝင်များ အလွယ်တကူဝတ်ပြုနိုင်မည့် ဂျပန်က ရွေ့လျားဗလီ 
    အစ္စလာမ်ဘာသာဝင်များ အလွယ်တကူဝတ်ပြုနိုင်မည့် ဂျပန်က ရွေ့လျားဗလီ 
    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media
    – ဂျပန်နိုင်ငံအလယ်ပိုင်းက အားကစားကွင်းတစ်ခု အပြင်ဘက်မှာ ရပ်ထားပြီး အဖြူရောင်နဲ့ အပြာရောင် စပ်ထားတဲ့ ထရပ်ကားကြီးတစ်စီးဟာ တစ်ဖြည်းဖြည်းနဲ့ ၀တ်ပြုရာနေရာတစ်ခု ဖြစ်လာပါတယ်။
    ဒါဟာ ရွေ့လျား ဗလီဝတ်ကျောင်းတော်တစ်လုံး ဖြစ်ပါတယ်။
    ၂၀၂၀ အိုလံပစ် အားကစားပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝှမ်းက ဧည့်သည်တွေကို ကြိုဆိုဖို့ ပြင်ဆင်နေတဲ့အချိန် တိုကျိုအခြေစိုက် အားကစားနဲ့ ယဉ်ကျေးမှုအခမ်းအနား ကျင်းပပေးတဲ့ ကုမ္ပဏီတစ်ခုဟာ မွတ်စလင် ခရီးသွားတွေ အဆင်ပြေစေဖို့အတွက် ထရပ်ကားနဲ့ ရွေ့လျားဗလီကို ဖန်တီးပေးခဲ့ပါတယ်။
    အဲဒီစီမံကိန်းကို Yasu Project လို့ခေါ်ပြီး စီမံကိန်းစီအီးအို ယာဆူဟာရူ အီနိုယူက ၂၀၂၀ မှာ ဧည့်သည်တွေလာတဲ့အချိန် ဗလီတွေမလောက်မယ့်ကိစ္စဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရေး နိုင်ငံအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရွေ့လျားဗလီတွေဟာ လိုအပ်ရင်လိုအပ်သလို တခြား အိုလံပစ်ကွင်းတွေဆီ သွားရောက်နိုင်မယ်လို့လည်း ဆိုပါတယ်။
    “ပွင့်လင်းပြီး ဖော်ရွေတဲ့ ကျွန်တော်တို့နိုင်ငံဟာ ကျွန်တော်တို့ရဲ့ ဖော်ရွေပျူငှာမှုကို မွတ်စလင်တွေကိုလည်း မျှဝေခံစားချင်ပါတယ်” လို့ အီနိုယူက ပြောကြားခဲ့ပါတယ်။
    ရွေ့လျားဗလီတွင် ၀တ်ပြုနေကြစဉ်
    ပထမဆုံးရွေ့လျားဗလီကို အခုတစ်ပတ်အစောပိုင်းက တိုယိုတာမြို့ ‘တိုကျိုအားကစားကွင်း’ ရှေ့မှာ စတင်အသုံးပြုခဲ့ပါတယ်။ တိုယာတာမြို့ဟာ နာမည်ကျော် တိုယိုတာကားကုမ္ပဏီ ဌာနချုပ်တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။
    ၂၅ တန် ထရပ်ကားကို အသွင်ပြောင်းထားတဲ့ အဲဒီ ရွေ့လျားဗလီက ကားတံးခါးကိုဖွင့်ပြီး ဘေးအကာတွေကို ဖြန့်ချလိုက်တဲ့အခါမှာ လူ ၅၀ လောက် ၀တ်ပြုနိုင်တဲ့ ၄၈ စကွဲယားမီတာအကျယ် အခန်းတစ်ခု ဖြစ်သွားပါတယ်။
    ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာက ဆူနာမီဒဏ် ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားကျောင်းသားတွေဟာ ဒီ ရွေ့လျားဗလီဖွင့်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။
    “ဒီရွေ့လျားဗလီဟာ ဂျပန်မွတ်စလင်တွေအတွက်ပဲဖြစ်ဖြစ်၊ ခရီးသွားတွေအတွက်ပဲဖြစ်ဖြစ် အင်မတန်မှ အရေးပါပါတယ်။ ကျွန်မရဲ့သူငယ်ချင်းတွေကို မြင်စေချင်ပါတယ်” လို့ အသက် ၁၄ နှစ်အရွယ် နူရ်အဇီဇာက ပြောကြားခဲ့ပါတယ်။
    ဂျပန်မှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ ၁ သိန်းကနေ ၂ သိန်းလောက်အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။
    ဂျပန်ဧည့်သည်တစ်ယောက်ဖြစ်တဲ့ တာဆူယာ ဆာကာဂူချီက ရွေ့လျားဗလီဟာ ကမ္ဘာ့တစ်ဝှမ်းက လူတွေရဲ့အမြင်ကို ဖွင့်ပေးရာမှာ အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
    “ဗလီထဲကလူတွေကို အပြင်ကနေကြည့်လိုက်ရင် သူတို့ တော်တော်ပျော်ရွှင်နေတယ်ဆိုတာ တွေ့ရမှာပါ” လို့ အိုဆာကာအခြေစိုက် လက်ကားကုမ္ပဏီတစ်ခုက ကိုယ်စားလှယ် ဆာကာဂူချီက ပြောပါတယ်။
    အီနိုယူဟာ လွန်ခဲ့တဲ့ ၄ နှစ် ကာတာကို သွားရောက်စဉ်မှာ ဒီစီမံကိန်းအတွက် စိတ်ကူးရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    အစပိုင်းမှာ သူဟာ ဂျပန်နဲ့ နိုင်ငံခြားက အားကစားပွဲတွအတွက် ဒီစီမံကိန်းကို ရည်ရွယ်ဖန်တီးခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဒီရွေ့လျားဗလီတွေဟာ ဘာသာရေးအဆောက်အဦး လစ်ဟာမှုကို ဖြည့်ဆည်းပေးထာထက် ပိုပြီး အဓိပ္ပါယ်ရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
    “အင်ဒိုနီးရှား၊ မလေးရှား၊ အာဖရိက၊ အရှေ့အလယ်ပိုင်းကလူတွေ၊ ဆီးရီးယားက ဒုက္ခသည်တွေဟာ ဒီလို ရွေ့လျားဗလီတွေကို ကမ္ဘာကြီးငြိမ်းချမ်းမှုကို မြှင့်တင်ဖို့အတွက် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော် တော်တော်လေး ပျော်ရွှင်မိမှာပါ”
    Ref: Aljazeera
  • ကြာသာပတေးနေ့နေ့လည် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့နေ့လည် နိုင်ငံတကာသတင်းများ
    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media
    ဆော်ဒီရေနံတင်သင်္ဘောများ
    ရေနံတင်သင်္ဘောကို ဟူသီတို့ တိုက်ခိုက်မှုကြောင့် ဆော်ဒီက ရေလက်ကြားတစ်ခု ပိတ်ပစ်
    =========
    ယီမင်က ဟူသီသူပုန်တွေဟာ ဆော်ဒီရေနံတင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဘာ့ဘ် အလ်-မန်ဒက်ဘ် ရေလက်ကြားကနေ ရေနံတွေတင်ပို့မှုကို ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ ဆော်ဒီက ကြေငြာပါတယ်။ ဟူသီတွေရဲ့ တိုက်ခိုက်မှုအတွင်း ရေနံစည်ပေါင်း ၂ သန်းလောက် တင်ဆောင်ထားတဲ့ ဆော်ဒီရေနံတင်သင်္ဘောတစ်စီး ထိခိုက်ခဲ့ပေမယ့် ဆော်ဒီက အသေးစိတ် ထုတ်ပြန်ခြင်း မရှိပါဘူး။ တိုက်ခိုက်မှုကို အချိန်မီ ဟန့်တားနိုင်ခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
    လာအိုရေကာတာကြောင့် ကမ္ဘောဒီးယားတွင် ရေကြီး
    ===============
    လာအိုမှာ လျှပ်စစ်ထုတ်တဲ့ ရေကာတာ ကျိုးပေါက်မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ပြည်နယ်တွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး လူသောင်းနဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ လက်ရှိ ရေကြီးနေတဲ့နေရာတွေဟာ ရေဆန်ဖက်ပြီး၊ ရေစုန်ဖက်မှာလည်း ထပ်ပြီး ရေကြီးမယ်လို့ အစိုးရက သတိပေးထားပါတယ်။ လာအိုနိုင်ငံမှာတော့ ရေကြီးမှုကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ တော်တော်များများ ရှိနေပါတယ်။
    ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်မပြုဟု အမေရိကန်ပြော
    ===============
    ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရှားက သူ့ပိုင်နက်ထဲ ထည့်သွင်းမှုကို မိမိတို့ ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘဲ၊ ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုင်မှု ပြန်လည်ရရှိအောင် ဆက်လက် ကူညီသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက မနေ့မှာ ပြောကြားခဲ့ပါတယ်။ ရုရှားစကားပြောသူအများစု နေထိုင်တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်း ၀န်ကြီးချုပ်ရွေးကောက်ပွဲကနေတစ်ဆင့် မတည်မငြိမ် ဖြစ်လာခဲ့ပြီး ရုရှားက သူ့ပိုင်နက်ထဲ သွတ်သွင်း ခဲ့တာ ဖြစ်ပါတယ်။ ရုရှားက ခရိုင်းမီးယားပြည်သူတွေဟာ လူထုဆန္ဒယူပွဲလုပ်ပြီး ရုရှားနဲ့ ပေါင်းလာတာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အမေရိကန်ဟာ ဒီကိစ္စအတွက် ရုရှားအပေါ် ပိတ်ဆို့မှုတွေလည်း လုပ်ခဲ့ပါတယ်။
    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် လူ ၃ ဦး သေဆုံး
    ================
    ဂါဇာကမ်းမြှောင်မှာ မနေ့က အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး လူ တစ်ချို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဂါဇာမှာအားကောင်းတဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်နဲ့ အစ္စရေးတို့ဟာ ကုလရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ရပ်ပိုင်းကပဲ အပစ်ရပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စရေးကတော့ နယ်စပ်မှာ သူတို့စစ်သားတစ်ယောက် သေနတ်ပစ်ခံလိုက်ရတဲ့အတွက် လက်တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ဟားမက်စ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
    Ref: Aljazeera
  • လာအို-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မည်
    လာအို-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မည်
    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media
    လာအိုဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်စဉ်က
    – လျှပ်စစ်ဓာတ်အားကဏ္ဍ အပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် မြန်မာနဲ့ လာအိုနိုင်ငံတို့က သဘောတူညီခဲ့ကြပါတယ်။
    မနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ တွေ့ဆုံမှုအတွင်း ဒီလို သဘောတူညီခဲ့ကြတာပါ။
    ဇန်န၀ါရီလက လာအိုဝန်ကြီးချုပ် Saleumxay Kommasith မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်တွေအကြောင်းကို ၀န်ကြီးနှစ်ဦးက မနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။
    နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေမှာ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ မြန်မာ-လာအို ချစ်ကျည်ရေးတံတား တည်ဆောက်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ခရီးသွားကဏ္ဍတွေ ပါဝင်ပါတယ်။
    ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအကြောင်းကိုလည်း ၀န်ကြီးနှစ်ဦးက ဆွေးနွေးခဲ့ကြပါတယ်။
    လာအို နိုင်ငံခြားရေးဝန်ကြီး Kommasith ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနေ့မှာ တွေ့ဆုံခဲ့ပါတယ်။
    Ref: Xinhua
  • လကမ္ဘာပေါ်လူရောက်မှုကို မယုံကြည်ဟု စပိန်ဂိုးသမားဟောင်း ပြော
    လကမ္ဘာပေါ်လူရောက်မှုကို မယုံကြည်ဟု စပိန်ဂိုးသမားဟောင်း ပြော
    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media
    – လကမ္ဘာကို လူရောက်ခဲ့တယ်ဆိုတာ မယုံဘူးလို့ စပိန်အသင်း ဂိုးသမားဟောင်း အီကာ ကာဆီးလက်စ်က ပြောကြားလိုက်ပါတယ်။
    ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားရ စပိန်အသင်းကို ဦးဆောင်ခဲ့တဲ့ ကာဆီးလက်စ်က သူ့ရဲ့ Twitter စာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က စစ်တမ်းကောက်ယူခဲ့ပါတယ်။
    “လူတစ်ယောက် လပေါ်ကို ခြေချနိုင်တယ်ဆိုတဲ့ကိစ္စက နောက်နှစ်ဆိုရင် နှစ် ၅၀ ပြည့်တော့မှာဗျ။ ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ ညစာစားရင်း ဒီအကြောင်းကို ငြင်းခုံနေမှာပါ။ ပရိသတ်တွေကိုလည်း တစ်ခုလောက်မေးချင်တယ်။ လပေါ်ကို အဲဒီလူ ခြေချခဲ့တယ်ဆိုတာ ယုံသလားဗျ။ ကျွန်တော်ကတော့ မယုံပါဘူး” လို့ ရေးသားခဲ့တာပါ။
    ဒါပေမယ့် ကာဆီးလက်စ်ရဲ့ စစ်တမ်းမှာ မဲပေးသူ ၅၈ ရာခိုင်နှုန်းက လပေါ်ကို လူရောက်ခဲ့တယ်ဆိုတာ ယုံတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကာဆီးလက်စ်၏ Twitter စစ်တမ်းကောက်မှု
    အမေရိကန် အာကာသယဉ်မှူးတွေဖြစ်ကြတဲ့ နီးလ် အမ်းစထရောင်း၊ ဘက်ဇ် အလ်ဒရင်နဲ့ မီခေးလ် ကိုလင်တို့ဟာ Apollo 11 အာကာသယာဉ်နဲ့ လိုက်ပါသွားကာ ၁၉၆၉ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့မှာ အမ်းစထရောင်းနဲ့ အလ်ဒရင်တို့ဟာ လပေါ်ကို ခြေချနိုင်ခဲ့ပါတယ်။
    ဒါပေမယ့် ကမ္ဘာပေါ်က လူတစ်ချို့ကတော့ ဒါဟာ နာဆာနဲ့ လုပ်ကြံမှုဖြစ်တယ်လို့ ဆိုပြီး လပေါ်က ဓာတ်ပုံမှာ ကြယ်တွေကို မတွေ့ရတာ၊ လပေါ်မှာစိုက်ထူထားတဲ့ အမေရိကန်အလံ လေလွင့်နေတာတွေကို ထောက်ပြခဲ့ကြပါတယ်။
    Ref: RT