News @ M-Media

Author: Ko Lay

  • တယ်လီနောက ကျောင်းသားတစ်သိန်းကို နည်းပညာသင်တန်းပေးမည်

    တယ်လီနောက ကျောင်းသားတစ်သိန်းကို နည်းပညာသင်တန်းပေးမည်

    ဇူလိုင် ၂၄၊ ၂၀၁၈
    M-Media

    – လာမယ့်နှစ်မှာ နိုင်ငံတစ်ဝှမ်းက ကျောင်းသားပေါင်း ၁ သိန်းလောက်ကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ အင်တာနက်လုံခြုံရေးဆိုင်ရာ သင်တန်းတွေပေးသွားဖို့ စီစဉ်နေတယ်လို့ Telenor အကြီးအကဲ Hans Martin Hoegh Henrichsen က ပြောပါတယ်။

    စနေနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တယ်လီနောမြန်မာနဲ့ နွေရာသီ နည်းပညာနဲ့ အင်တာနက်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

    “နောက်နှစ်မှာ ဒီသင်တန်းကို တိုးချဲ့သွားဖို့ စီစဉ်နေပြီး ကျောင်းသား ၁ သိန်းလောက်ကို လေ့ကျင့်ပေးဖို့ မျှော်မှန်းထားပါတယ်”

    တယ်လီနောဟာ မြန်မာနိုင်ငံတစ်ဝှမ်းက အလယ်တန်းနဲ့ အထက်တန်းကျောင်း ၂၅၀၀ လောက်မှာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ သင်တန်းတွေကို သင်ကြားပေးနေပါတယ်။

    Martin က ဒီလိုသင်ကြားပေးတာဟာ လူငယ်တွေမှာ နည်းပညာဗဟုသုတ တိုးလာဖို့နဲ့ မြို့ပြနဲ့ ကျေးလက်အကြား နည်းပညာတတ်ကျွမ်းမှု ကွာဟချက်ကို လျှော့ခဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပညာရေးဝန်ကြီး ဦးမျိုးသိန်းကြီးက ဒီစီမံကိန်းမှာ တယ်လီနောမြန်မာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “နည်းပညာကို တလွဲအသုံးချနိုင်ပါတယ်။ လွဲမှားတဲ့နည်းလမ်းနဲ့ အသုံးချနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအစီအစဉ်ဟာ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပါ”

    တယ်လီနောရဲ့ ဒီအစီအစဉ်မှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က ကျောင်းသားတွေကို သင်ကြားပေးမှာဖြစ်ပြီး ဆရာတွေကိုလည်း အထောက်အကူဖြစ်စေမယ်လို့ ၀န်ကြီးက ပြောပါတယ်။

    တယ်လီနောဟာ KMD နဲ့ ပူးပေါင်းကာ ဒီလို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

    Ref: mmtimes

  • အမေရိကန်ဓာတ်အားပေးကွန်ယက်ကို ရုရှားဟက်ကာများ ဖောက်ထွင်းဝင်ရောက်

    အမေရိကန်ဓာတ်အားပေးကွန်ယက်ကို ရုရှားဟက်ကာများ ဖောက်ထွင်းဝင်ရောက်

    ဇူလိုင် ၂၄၊ ၂၀၁၈
    M-Media

    – ရုရှားအတွက် အလုပ်လုပ်ပေးနေတဲ့ ဟက်ကာတွေဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစနစ် ကွန်ပျူတာကွန်ယက်အတွင်းကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး မီးဖြတ်တာတွေ လုပ်ခဲ့တယ်လို့ အမေရိကန် အမိမြေလုံခြုံရေးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဟက်ကာတွေဟာ ဓာတ်အားပေးကုမ္ပဏီတွေနဲ့ ဆက်နွယ်နတဲ့ third-party ကွန်ယက်တွေကနေတစ်ဆင့် အမေရိကန်ရဲ့ သီးသန့် ဓာတ်အားပေးကွန်ပျုတာကွန်ယက်ထဲအထိ ၀င်ရောက်ခဲ့ကြတာပါ။

    အမိမြေလုံခြုံရေး ဦးစီးဌာန တာဝန်ရှိသူတွေကတော့ ဖောက်ထွင်းမှုကြောင့် လူရာနဲ့ချီ ထိခိုက်ခဲ့ပြီး နောက်လည်း ဆက်ဖြစ်အုံးမယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။

    “သူတို့ဟာ မိန်းတွေကိုချပြီး မီးဖြတ်လို့ရတဲ့ အခြအနေအထိကို ရောက်သွားတာဗျ” လို့ ဌာနတာဝန်ရှိသူ ဂျိုနသန်ဟိုမာက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ စွမ်းအင်၊ နျူကလီးယားနဲ့ အခြား အရေးပါတဲ့ အခြေခံအဆောက်အဦးတွေကို လည်ပတ်နေတဲ့ ကွန်ပျူတာကွန်ယက်တွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဟက်ကာတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို အမြဲတမ်းလိုလို ခံလာရပါတယ်။

    ဒီစနစ်တွေဟာ များသောအားဖြင့် နည်းပညာပိုင်းမှာ နိမ့်နေပြီး၊ အဆင့်မြှင့်ဖို့အတွက် ကုန်ကျစားရိတ်တွေက အလွန်ကြီးမားပါတယ်။

    အမေရိကန်နဲ့ ရုရှားတို့အကြား ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်လို့ တင်းမာမှုတွေ ရှိနေတဲ့အချိန် အခုကိစ္စ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် အမျိုးသားကော်မတီကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရုရှားဟက်ကာ ၁၂ ယောက်ကို အခုလအစောပိုင်းမှာ အမေရိကန်က တရားစွဲဆိုခဲ့ပါတယ်။

    အစိုးရ ကွန်ပျူတာကွန်ယက်တွေ၊ အရေးပါတဲ့ အခြေခံအဆောက်အဦးတွေရဲ့ ကွန်ပျူတာကွန်ယက်တွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ ပိုမိုကာကွယ်နိုင်ရေး ဆောင်ရွက်စေနိုင်မယ့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကို မေလအတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    Ref: CNet

  • မဘသအသွင်ပြောင်းအဖွဲ့ကို ပိတ်ပင်မှုကြောင့် မတည်မငြိမ်ဖြစ်နိုင်ဟု ကြံ့ဖွံ့ သတိပေး

    မဘသအသွင်ပြောင်းအဖွဲ့ကို ပိတ်ပင်မှုကြောင့် မတည်မငြိမ်ဖြစ်နိုင်ဟု ကြံ့ဖွံ့ သတိပေး

    ဇူလိုင် ၂၄၊ ၂၀၁၈
    M-Media

    – နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မဘသအဖွဲ့ကို အသွင်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို အစိုးရနဲ့ သံဃမဟာနာယကအဖွဲ့က ပိတ်ပင်တာဟာ တိုင်းပြည်ကို မတည်ငြိမ်ဖြစ်စေနိုင်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သတိပေးလိုက်ပါတယ်။

    နိုင်ငံတော် သံဃမဟာနာယက(မဟန)အဖွဲ့ဟာ သောကြာနေ့က မဘသအသွင်ပြောင်းအဖွဲ့နဲ့ပတ်သက်ပြီး အချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ကာ အဲဒီအထဲမှာ ဗုဒ္ဓဓမ္မပအမည် အသုံးပြုမှုကို ပိတ်ပင်တာ၊ ၄၅ ရက်အတွင်း ဆိုင်းဘုတ်တွေဖြုတ်ချဖို့ တောင်းဆိုတာတွေ ပါဝင်ခဲ့ပါတယ်။ မလိုက်နာရင် တရားဥပဒေအရ အရေးယူသွားမယ်လို့လည်း သတိပးခဲ့ပါတယ်။

    ဖောင်ဒေ့ရှင်းကတော့ ဒီတောင်းဆိုချက်တွေကို လက်ခံရမလားဆိုတာ နိုင်ငံတစ်ဝှမ်း အဖွဲ့ဝင်တွေထံကနေ ဆန္ဒတောင်းခံသွားမှာဖြစ်ကြောင်း၊ သူတို့အဖွဲ့ဟာ သံဃာအဖွဲ့အစည်းမျိုးမဟုတ်ဘဲ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့အတွက် ဘုန်းကြီးတွေ၊ လူတွေ ပေါင်းစည်းထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့မျိုးဖြစ်ကြောင်း၊ မတည်မငြိမ်ဖြစ်လာရင် မဟနအဖွဲ့ရဲ့တာဝန်သာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

    ဒီကနေ့မှာတော့ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဖောင်ဒေးရှင်းနဲ့ အစိုးရ၊ မဟနတို့အကြား သဘောထားကွဲလွဲမှုဟာ သံဃာသင်းကွဲမှု၊ ပြည်သူလူထု မကျေနပ်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုအထိ ဦးတည်သွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    မဘသအဖွဲ့ဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရစဉ် ၂၀၁၄ နှစ်က ပေါ်ပါက်လာတာဖြစ်ပြီး မွတ်စလင်တွေအပေါ် မုန်းတီးရေး၊ အကြမ်းဖက်ရေး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

    သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ဖွံ့အစိုးရအဖွဲ့ဟာ မဘသက တင်သွင်းတဲ့ အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေကိုလည်း အတည်ပြု ပြဌာန်းပေးခဲ့ပါတယ်။

    Ref: Irrawaddy

  • လာအိုတွင် ရေကာတာကျိုးပေါက်မှုကြောင့် လူရာချီပျောက်ဆုံး

    လာအိုတွင် ရေကာတာကျိုးပေါက်မှုကြောင့် လူရာချီပျောက်ဆုံး

    ဇူလိုင် ၂၄၊ ၂၀၁၈
    M-Media

    – လာအိုနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရေအားလျှပ်စစ်ထုတ်တဲ့ ရေကာတာတစ်ခု ကျိုးပေါက်မှုကြောင့် ဒေသတစ်ဝှမ်း ရေလွှမ်းကာ သေဆုံးမှုတွေ၊ ပျောက်ဆုံးမှုတွေ ရှိတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    မနေ့ညပိုင်းက အတ္တာပူပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆည်ကျိုးမှုကြောင့် ရေ ကုဗမီတာ ၅ ဘီလီယံလောက် လွှမ်းခဲ့ပြီး ဒါဟာ အိုလံပစ်ရေကူးကန်ပေါင်း ၂ သန်းကျော်လောက်ရှိတဲ့ ရေပမာဏ ဖြစ်ပါတယ်။

    အာဏာပိုင်တွေကတော့ ဆန်ဆိုင်ခရိုင်မှာ လှေတွေနဲ့ ကယ်ဆယ်ရေးတွေ လုပ်နေပြီး ခရိုင်တောင်ပိုင်းက အိမ်ခြေတော်တော်များများဟာ ရေလွှမ်းမှုထဲ ပါဝင်သွားခဲ့ပါတယ်။

    ရေကြီးမှုကြောင့် လူတွေ ရာနဲ့ချီ ပျောက်ဆုံးနေပြီး သေဆုံးမှုအရေအတွက်လည်း မြင့်တက်လာဖွယ် ရှိနေပါတယ်။

    ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေကို ဓာတ်အားရောင်းချနေတဲ့ လာအိုနိုင်ငံဟာ ရေအားလျှပ်စစ်နဲ့ ပတ်သက်လို့ စီမံကိန်းကြီးမားတဲ့ နိုင်ငံဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်နိုင်မယ့် ရေကာတာတွေကို လက်ရှိမှာ တော်တော်များများ ဆောက်လုပ်နေသလို နောက်ထပ်လည်း ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။

    သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက လာအိုရဲ့ ဒီရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက သတိပေးထားပြီး မဲခေါင်မြစ်နဲ့ ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အတွက် စိုးရိမ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA