News @ M-Media

Author: Ko Lay

  • ဟဂ်ျရာသီအတွက် အဆင်သင့်ပြင်ထားသည်ဟု ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန ကြေငြာ

    ဟဂ်ျရာသီအတွက် အဆင်သင့်ပြင်ထားသည်ဟု ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန ကြေငြာ

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media


    – မကြာခင်မှာ ကျရောက်တော့မယ့် ဟဂ်ျဘုရားဖူးကာလမှာ လာရောက်ကြမယ့်သူတွေကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

    ကာကွယ်မှု၊ ကုသမှုနဲ့ အရေးအပေါ်အခြေအနေမှာ တုန့်ပြန်ဆောင်ရွက်မှုတွေအတွက် ပစ္စည်းကိရိယာပိုင်း၊ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ အရည်အသွေးပိုင်းတွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    ဂျစ်ဒါက ကင်းအဘ်ဒူလ်အဇစ် နိုင်ငံတကာလေဆိပ်က ဆရာဝန်တွေ၊ နည်းပညာသမားတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအပါအ၀င် ၀န်ထမ်းအားလုံးကိုလည်း ဟဂ်ျပြုဖို့ လာရောက်သူတွေရဲ့ ကျန်းမာရေးကို စောင့်ကြည့်ဖို့၊ ကူးစက်ရောဂါတွေကနေ ကာကွယ်ဖို့အတွက် လေ့ကျင့်သင်ကြားပေးထားတယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။

    ဆော်ဒီ လခြမ်းနီအဖွဲ့ကလည်း လာမယ့် ဟဂ်ျရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်၊ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်နဲ့ အခြား မြင့်မြတ်ရာနေရာတွေ၊ မက္ကာကိုဦးတည်တဲ့လမ်းတွေမှာ ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

    မက္ကာနဲ့ မဒီနာမှာ ဘုရားဖူးတွေကို ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် ဆရာဝန်တွေ၊ အထူးကုတွေ၊ နည်းပညာရှင်တွေ စုစုပေါင်း ၂၆၃၁ ဦးက အလှည့်ကျ တာဝန်ယူမှာ ဖြစ်ပါတယ်။

    Ref: Arabnews

  • ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး လူ ၃၀ နီးပါး သေဆုံးဖွယ်ရှိ

    ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး လူ ၃၀ နီးပါး သေဆုံးဖွယ်ရှိ

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမြောက်ပိုင်း ဖားကန့်က ကျောက်မြတ်တူးဖော်ရာ နေရာတစ်ခုမှာ မနေ့က မြေစာပုံ ပြိုကျမှုကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံးဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောကြားလိုက်ပြီး တစ်လအတွင်း နှစ်ကြိမ်မြောက် မြေစာပုံပြိုကျမှုလည်း ဖြစ်ပါတယ်။

    မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက် မနေ့ကမနက်အစောပိုင်းမှာ ပြိုကျခဲ့တာဖြစ်ပြီး ထိခိုက်ခံစားရသူ အများစုဟာ ရ၀မ်လူမျိုးတွေဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူ အောင်ဇင်ကျော်က ပြောကြားခဲ့ပါတယ်။

    “အလောင်းတွေတော့ မတွေ့သေးပါဘူး။ ကြက်ခြေနီ၊ မီးသတ်တို့နဲ့အတူ ကျွန်တော်တို့ ဒီနေ့ ရှာဖွေမှုတွေ လုပ်သွားပါမယ်”

    ဖားကန့်အပါအ၀င် မြန်မာနိုင်ငံက ကျောက်မြတ်တူးဖော်ရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှု၊ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းပိုင်း အားနည်းမှုတွေကြောင့် မကြာခဏဆိုသလို ထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

    ဇူလိုင် ၁၄ ရက်နေ့ကလည်း လုံးခင်းမှာ မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး၁၅ ဦး သေဆုံးခဲ့ပါတယ်။

    အခုနှစ်တွေအတွင်း ဖားကန့်မှာ မြေစာပုံပြိုကျမှု မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး၊ အဆိုးဝါးဆုံးက ၂၀၁၅ ခုနှစ် နိုဝင်ဘာက ပြိုကျမှုဖြစ်ကာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref : South China Morning Post

  • မက္ကဆီကိုတွင် လူဆိုးဂိုးဏ်နှင့် ရဲများ ပေါင်းစားနေသည်ဟု ဖော်ပြသည့်သတင်းထောက် အသတ်ခံရ

    မက္ကဆီကိုတွင် လူဆိုးဂိုးဏ်နှင့် ရဲများ ပေါင်းစားနေသည်ဟု ဖော်ပြသည့်သတင်းထောက် အသတ်ခံရ

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    – မက္ကဆီကိုနိုင်ငံမှာ တစ်ပတ်အတွင်း သတင်းထောက်နှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အခုနှစ်အတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၈ ဦးအထိ ရှိလာပါတယ်။

    အင်္ဂါနေ့က ရူဘန် ပတ် ကော်အစ်ခ်ျဆိုတဲ့ သတင်းထောက်ဟာ နိုင်ငံအရှေ့တောင်ပိုင်းက အဖန်းဖြေမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ကင်တားနားရူပြည်နယ်က သတင်းတွေကို ဖော်ပြနေတဲ့ Facebook အခြေစိုက် သတင်းဌာန Playa News Aqui y Ahora ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

    သူရဲ့ လုပ်ဖော်ကိုင်ဖက် ဂျိုဆေး ဂူဒါလူပီ ချန် ဒီဇစ်ဘ်ဆိုသူလည်း ဇွန်လ ၂၉ ရက်နေ့မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

    အခုသေဆုံးသွားတဲ့ ကော်အစ်ခ်ျဟာ ဇွန်လအတွင်း မက္ကဆီကိုရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး၊ ရိုက်နှက်၊ ခြိမ်းခြောက်မှုကို ခံခဲ့ရတယ်လို့ နယူးယောက်အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ (CPJ) က ဖော်ပြခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ဟာ လူဆိုးဂိုဏ်းတွေနဲ့ ပေါင်းစားနေတယ်လို့ ကော်အစ်ခ်ျက ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ကော်အစ်ခ်ျဟာ လူဆိုးဂိုးဏ်တွေရဲ့ရန်ကြောင့် ရဲတပ်ဖွဲ့က ကာကွယ်ပေးရေး စာရင်းသွင်းထားသူလည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း အသက် ၈၀ အရွယ် ဂျာနယ်လစ်နဲ့ တီဗီအစီအစဉ်တင်ဆက်သူ လူအစ်ဖ် ပီရက်ဇ် ဂါဇီယာရဲ့အိမ် မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်ပြီးတဲ့နောက် ဂါစီယာရဲ့အလောင်းကို တွေ့ခဲ့ရပါတယ်။

    ဒေသတွင်းမီဒီယာတွေကတော့ လူသတ်သမားတွေက ဂါစီယာကို ရိုက်နှက်ကာ နှာခေါင်းပိတ် သတ်ဖြတ်ခဲ့ပြီး၊ အိမ်ကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်ကတည်းကစလို့ မက္ကဆီကိုနိုင်ငံမှာ ဂျာနယ်လစ် ၄၂ ဦး အသတ်ခံခဲ့ရပြီး၊ ဂျာနယ်လစ်တွေအပေါ် တိုက်ခိုက်မှုကလည်း အကြိမ် ၂၀၀၀ လောက် ရှိလာပါတယ်။

    သမ္မတသစ် အန်ဒရေ မန်နျူယဲလ် လိုပက်ဇ် အိုဘရာဒေါရ်ကတော့ ဂျာနယ်လစ်တွေကို ပိုမို ကာကွယ်ပေးသွားမယ်လို့ မေလမှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljzeera

  • ကာကွယ်ဆေးအတုကိစ္စ တရုတ်က လူ ၁၅ ဦးဖမ်းထား

    ကာကွယ်ဆေးအတုကိစ္စ တရုတ်က လူ ၁၅ ဦးဖမ်းထား

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    – ဆေးဝါးကုမ္ပဏီတစ်ခုက ကာကွယ်ဆေးအတုတွေ ထုတ်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက လူ ၁၅ ဦးကို ဖမ်းဆီးထားပါတယ်။

    နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အခြေစိုက်တဲ့ Changchun Changsheng Biotechnology ကုမ္ပဏီဟာ ခွေးရူးရောဂါ ကာကွယ်ဆေးအတုတွေ ထုတ်လုပ်တယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူတွေကလည်း ၀န်ခံခဲ့ပါတယ်။

    အာဏာပိုင်တွေကတော့ ကုမ္ပဏီရဲ့ ဥက္ကဌ အမျိုးသမီးအပါအ၀င် လူ ၁၅ ဦးကို ဖမ်းဆီးထားတယ်လို့ မနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဖမ်းဆီးထားသူတွေရဲ့ အမည်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    တရုတ်ဆေးဝါးလုပ်ငန်းဟာ အရင်ကလည်း နာမည်ပျက်ရှိခဲ့ဖူးပြီး အခုကိစ္စကြောင့် အာဏာပိုင်တွေရဲ့ ပေါ့လျော့မှုအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

    အဲဒီကုမ္ပဏီက ထုတ်လုပ်နေတဲ့ ဆုံဆို့နာ၊ ကြက်ညှာနဲ့ မေးခိုင်ကာကွယ်ဆေးတွေကို အာဏာပိုင်တွေက တိတိကျကျ စစ်ဆေးတာတွေ မလုပ်ဘူးလို့လည်း သတင်းထွက်လာပါတယ်။

    လက်ရှိမှာ တရုတ်အစိုးရက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်သွားမယ်လို့ ပြောကြားထားပါတယ်။

    Ref: CNA

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    လာအိုရေကြီးမှုမြင်ကွင်း

    လာအိုရေကာတာကျိုးမှု သေဆုံးသူ ၁၉ ဦးရှိလာ
    =============
    လာအိုနိုင်ငံမှာ တနင်္လာနေ့က ရေအားလျှပ်စစ်ထုတ်တဲ့ ရေကာတာ ကျိုးပေါက်မှုကြောင့် ရေလွှမ်းပြီး သေဆုံးမှုအရေအတွက်ဟာ ၁၉ ဦးရှိလာပြီလို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။ လူပေါင်း ၂၄၅၁ ဦးကို ကယ်ဆယ်ထားနိုင်ခဲ့ပြီး လူ ၃ ထောင်ကျော်လောက် ကယ်ဆယ်ဖို့ လိုအပ်နေကာ ပျောက်ဆုံးနေသူတွေလည်း တော်တော်များများရှိတယ်လို့ ဆိုပါတယ်။ ရေကာတာ ကျိုးပေါင်းမှုကြောင့် နိုင်ငံတောင်ပိုင်းက ရွာပေါင်း ၈ ရွာလောက် ရေမြုပ်ခဲ့ပါတယ်။

    ပါကစ္စတန်တွင် ရွေးကောက်ပွဲ စတင်
    ================
    နိုင်ငံရေးပါတီတွေအကြား တင်းမာမှုတွေ မြင့်တက်နေပြီး၊ ဗုံးခွဲတိုက်ခိုက်မှုလည်း ဖြစ်နေတဲ့အချိန် ပါကစ္စတန်မှာ ဒီနေ့မနက်က လွှတ်တော်အမတ်ရွေးကောက်ပွဲ မဲပေးမှုတွေ စတင်နေပါတယ်။ အမတ်နေရာ ၂၇၂ နေရာအတွက် နိုင်ငံရေးပါတီ ၃၀ ကျော်က ကိုယ်စားလှယ်လောင်း ၁၂၅၇၀ ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မယ်ဆိုရင် နိုင်ငံသမိုင်းတစ်လျှောက် အရပ်အသားအစိုးရကနေ အရပ်သားအစိုးရထံ ဒုတိယအကြိမ် အာဏာလွှဲပြောင်းပေးမှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အာဏာရပါတီ PML-N နဲ့ အဓိကယှဉ်ပြိုင်ရမှာက နာမည်ကျော် ခရစ်ကတ်ကစားသမားဟောင်း အင်မရန်းခန်းဦးဆောင်တဲ့ PTI ပါတီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကြောင့် နိုင်ငံတစ်ဝှမ်း လုံခြုံရေး အထူးတင်းကြပ်ထားပါတယ်။

    အီဘိုလာကင်းစင်ကြောင်း ကွန်ဂိုကြေငြာ
    =============
    အာဖရိက အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂိုက သူတို့နိုင်ငံမှာ အီဘိုလာရောဂါ ကင်းရှင်းကြောင်း မနေ့က ကြေငြာလိုက်ပါတယ်။ ကွန်ဂိုမှာ လွန်ခဲ့တဲ့ ၁၀ ပတ်လောက်ကစပြီး အီဘိုလာရောဂါ ပြန်လည်ပေါ်ပေါက်လာခဲ့ကာ ၃၃ ယောက် သေဆုံးခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် အီဘိုလာရောဂါ စတင်ပေါ်ပေါက်လာပြီးနောက်ပိုင်း ကွန်ဂိုမှာဖြစ်ပွားတာဟာ ၉ ကြိမ်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့တွေက ကွန်ဂိုကို ဆက်လက်စောင့်ကြည့်ဖို့ တိုက်တွန်းခဲ့ပြီး WHO ကတော့ ကွန်ဂိုရဲ့ကြိုးပမ်းမှုတွေအတွက် ချီးကျူးခဲ့ပါတယ်။

    ဖီဖာအကောင်းဆုံးကစားသမား ဇကာတင် ၁၀ ဦးစာရင်း ထွက်ပေါ်လာ
    ===================
    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွက် အကောင်းဆုံး ကစားသမားဆု ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ပြင်သစ်လူငယ်ကစားသမား အမ်ဘက်ပေနဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟ်တို့ ပါဝင်လာပါတယ်။ ကျန်တဲ့ ၈ ဦးက ခရစ္စတီယာနို ရော်နယ်ဒို၊ မက်ဆီ၊ ဒီဘရူနီ၊ အန်တိုနီယို ဂရီဇ်မန်း၊ အေဒင် ဟဇာ့ဒ်၊ ဟယ်ရီကိန်း လူကာမိုဒရစ်နဲ့ ရာဖေးလ် ဗာရိန်းတို့ ဖြစ်ပါတယ်။

    Ref: Aljazeera, NCA