News @ M-Media

Author: Ko Lay

  • မြန်မာ့အရေး မဖြေရှင်းနိုင်လျှင် အာဆီယံအဖွဲ့၀င်ဖြစ်ရေး တီမောလက်စ်တေက ပြန်စဥ်းစားမည်

    မြန်မာ့အရေး မဖြေရှင်းနိုင်လျှင် အာဆီယံအဖွဲ့၀င်ဖြစ်ရေး တီမောလက်စ်တေက ပြန်စဥ်းစားမည်

    သြဂုတ် ၇၊ ၂၀၂၃
    M-Media 

    -မြန်မာနိုင်ငံက ပြဿနာကို အာဆီယံအဖွဲ့က ဖြေရှင်းမပေးနိုင်ဘူးဆိုရင် အဖွဲ့၀င်ဖြစ်ရေး လျှောက်ထားမှုကို ပြန်လည်စဥ်းစားသုံးသပ်သွားမယ်လို့ တီမောလက်စ်တေက ထုတ်ပြန်ပါတယ်။ 

    ၀န်ကြီးချုပ် ဆာနာနာ ဂက်စ်မာအိုက မိမိတို့တိုင်းပြည်ဟာ ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီး ဒေသတွင်း စစ်အာဏာရှင်စနစ်ကို လက်ခံမှာမဟုတ်ကြောင်း၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို လစ်လျူရှုမှာမဟုတ်ကြောင်း ကြာသာပတေးနေ့က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။  

    “(ပဋိပက္ခအဆုံးသတ်ရေး) မြန်မာစစ်အာဏာရှင်ကို အာဆီယံက မစည်းရုံးနိုင်ဘူးဆိုရင် တီမောလက်စ်တေက ဒီအဖွဲ့ကို ၀င်မှာမဟုတ်ပါဘူး” 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာပါ။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘုံသဘောတူညီချက် ၅ ရပ် သဘောတူခဲ့ပေမယ့် စစ်ကောင်စီဖက်က အကောင်အထည်ဖော်မှု မရှိပါဘူး။ 

    လက်ရှိ အာဆီယံ ဥက္ကဌ အင်ဒိုနီးရှားက မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ သက်ဆိုင်သူအားလုံးနဲ့ အကြိမ်တော်တော်များများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

    Ref: Jakarta Post 

  • ခြင်္သေ့မများ သမိုင်းမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ

    ခြင်္သေ့မများ သမိုင်းမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ

    သြဂုတ် ၄၊ ၂၀၂၃

    M-Media 


    -မော်ရိုကို အမျိုးသမီး ဘောလုံးအသင်းဟာ မနေ့က ကိုလံဘီယာအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါပြီ။ 

    ဒါဟာ မော်ရိုကိုအမျိုးသမီးအသင်း ၄ ခုမြောက် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ 

    ကမ္ဘာ့ဖလား၀င်ခွင့်ရတဲ့ ပထမဆုံး မြောက်အာဖရိကနဲ့ အာရပ်အသင်း၊ အုပ်စုဒုတိယပွဲ တောင်ကိုရီးယားကို အနိုင်ကစားကာ ကမ္ဘာ့ဖလား ပထမဆုံးနိုင်ပွဲစံချိန်၊ အခု ရှုံးထွက်အဆင့်ကို ပထမဆုံး တက်ရောက်နိုင်တဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။

    နောက်ခံလူ ဘန်ဇီနာဟာ ဟီဂျဘ်ပု၀ါနဲ့ ကမ္ဘာ့ဖလားမှာ ကစားတဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    နာမည်ကြီး ဂျာမနီအသင်းဟာ တောင်ကိုရီးယားနဲ့ သရေကျပြီး နှစ်သင်းလုံး အုပ်စုနေ လှည့်ပြန်ခဲ့ရပါတယ်။ 

    မော်ရိုကိုအသင်းဟာ ၁၆ သင်းအဆင့်မှာ ပြင်သစ်နဲ့ တွေ့မှာပါ။ 

    အသင်းခေါင်းဆောင် ရိုဆဲလာ အေယာနီက လက်ဖျားခါလောက်တဲ့ အသင်းလိုက်ကစားပုံကြောင့် အခုလိုအောင်ပွဲ ရခဲ့တာလို့ ပြောပါတယ်။ 

    “နောက်တစ်ဆင့်တက်ဖို့ ခက်ခဲမယ်ဆိုတာ ပြိုင်ပွဲစကတည်းက ကျွန်မတို့ သိပါတယ်။ တစ်သင်းလုံး ကြိုးစားခဲ့ကြပြီး အောင်ပွဲလည်း ရခဲ့ပါပြီ။ သမိုင်းသစ်တွေ ဖန်တီးခွင့်ရတဲ့အတွက် အံ့သြ၀မ်းသာမိပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာ့ဖလားခရီး ဆက်လက်ရှင်သန်နေပြီး ပြင်သစ်နဲ့ပွဲကို အာရုံစိုက်သွားမှာပါ”

    အမျိုးသမီးအသင်းရဲ့ အခုအောင်ပွဲအတွက် မော်ရိုကိုပြည်သူတွေကလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ချီးကျူးခဲ့ကြပါတယ်။ 

    Ref: Aljazeera

  • အီသီယိုးပီးယားတွင် ပြည်တွင်းစစ်နောက်တစ်ခု ပြန်စ

    အီသီယိုးပီးယားတွင် ပြည်တွင်းစစ်နောက်တစ်ခု ပြန်စ

    သြဂုတ် ၄၊ ၂၀၂၃

    M-Media 


    -အီသီယိုးပီးယားက လူဦးရေအထူထပ်ဆုံး အမ်ဟာရာပြည်နယ်မှာ အစိုးရတပ်နဲ့ လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေကြောင့် ဒီကနေ့မှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ရပါတယ်။ 

    ဖာနို ပြည်သူ့စစ်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့အကြား အခုသီတင်းပတ် အစောပိုင်းက စတင်ကာ တိုက်ပွဲတွေဖြစ်လာပြီး နောက်ပိုင်းမှာတော့ ပိုမိုကျယ်ပြန့်လာပါတယ်။ 

    ဖာနိုတပ်ဖွဲ့ဟာ အချိန်ပိုင်းတပ်ဖွဲ့တစ်ခုပါ။ တီဂရေးဒေသမှာ ၂ နှစ်ကြာဖြစ်ပွားတဲ့ ပြည်တွင်းစစ်အတွင်း အစိုးရတပ်တွေက ဖာနိုအဖွဲ့ကို လက်နက်ထောက်ပံ့ပေးကာ သူတို့ဖက်က တိုက်ခိုင်းခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် နို၀င်ဘာလ စစ်ပွဲအပြီး အမ်ဟာရာဒေသ လုံခြုံရေးတပ်ဖွဲ့ထဲ ထည့်သွင်းပေးဖို့ ဖာနိုတပ်ဖွဲ့က တောင်းဆိုရာကနေ အစိုးရတပ်နဲ့ တင်းမာမှု မြင့်တက်လာတာ ဖြစ်ပါတယ်။ 

    တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း အမ်ဟာရာ လုံခြုံရေးတပ်ဖွဲ့က ပြည်ထောင်စုအစိုးရထံကနေ စစ်ကူတောင်းခဲ့ရပါတယ်။

    အရေးပေါ်အခြေအနေ ကြေငြာလိုက်တာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်မှာဖြစ်ပြီး၊ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားပါတယ်။ 

    Ref: Aljazeera

  • ဆော်ဒီပရိုလိဂ်ပွဲများကို ကမ္ဘာ့ဒေသအများအပြားတွင် ပြသလာ

    ဆော်ဒီပရိုလိဂ်ပွဲများကို ကမ္ဘာ့ဒေသအများအပြားတွင် ပြသလာ

    သြဂုတ် ၄၊ ၂၀၂၃

    M-Media 


    -ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရောက်ရှိလာပြီးနောက်ပိုင်း ကမ္ဘာတစ်၀ှမ်းက ဒေသပေါင်း ၁၇၀ ကျော်လောက်မှာ မိမိတို့ လိဂ်ပြိုင်ပွဲကို ထုတ်လွှင်ပြသနေပြီလို့ ဆော်ဒီပရိုလိဂ် အကြီးအကဲတစ်ဦးက ပြောကြားလိုက်ပါတယ်။ 

    ဆော်ဒီပရိုလိဂ်က အသင်းတွေဟာ နာမည်ကျော်ကစားသမားတွေကို အပြိုင်အဆိုင် ခေါ်ယူလာကြတာပါ။ အခုနှစ် အပြောင်းအရွှေ့ကာလအတွင်း ဘန်ဇီမာ၊ ဟန်ဒါဆန်၊ မာနေးတို့လို ကစားတွေကို ခေါ်ယူထားနိုင်ပါတယ်။ 

    အလ်-ဟီလာအသင်းဟာ ပြင်သစ်တိုက်စစ်မှူး အမ်ဘက်ပေကိုတောင် ပီအက်စ်ဂျီကနေ ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ 

    ဒီလို ငွေကြေးအမြောက်အများသုံးကာ ထိပ်တန်းကစားသမားတွေ ခေါ်ယူမှုကို လာမယ့်နှစ်တွေမှာလည်း တွေ့လာရနိုင်တယ်လို့ ဆော်ဒီပရိုလိဂ် စီမံရေးအဖွဲ့က အဖွဲ့၀င် ပီတာ ဟက်တန်က ပြောပါတယ်။ 

    “ကျွန်တော် ဒီလောကမှာ ကျင်လည်လာတာ အနှစ် ၄၀ ရှိပါပြီ။ ဒီလောက် ရည်မှန်းချက်ကြီးတဲ့၊ အောင်မြင်ဖို့ ပစ်မှတ်ထားတဲ့ စီမံကိန်းမျိုး မမြင်ဖူးသေးပါဘူး” 

    မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကလည်း ဆော်ဒီလိဂ်ဟာ ဘောလုံးစျေးကွက်ကို ပြောင်းလဲပစ်ခဲ့ပြီး ထိပ်တန်းကစားသမားတွေ ထပ်မံပြောင်းရွှေ့မယ့် အလားအလာမျိုး မြင်နေရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

    ဆော်ဒီအသင်းတွေ ကစားသမား၀ယ်ယူဖို့ ငွေကြးသုံးစွဲမှုဟာ ပရီးမီးယားလိဂ်ရဲ့ ၄ ပုံ ၁ ပုံလောက်သာရှိပြီး ပရီးမီးယားလိဂ်ရဲ့ ကျော်ကြားမှုကလည်း မှေးမှိန်သွားဖို့ မရှိဘူးလို့ ဂွာဒီယိုလာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Arab News 

  • အိန္ဒိယမှ သန့်ရှင်းရေးအမျိုးသမီး ၁၁ ဦး ထီစပ်တူပေါက်ပြီး ဘ၀ပြောင်းလဲ

    အိန္ဒိယမှ သန့်ရှင်းရေးအမျိုးသမီး ၁၁ ဦး ထီစပ်တူပေါက်ပြီး ဘ၀ပြောင်းလဲ

    သြဂုတ် ၂၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က သန့်ရှင်းရေးအလုပ်သမား ၁၁ ဦးဟာ ရူပီး သန်း ၁၀၀ အထူးဆုကြီးကို ဆွတ်ခူးသွားပါတယ်။ 

    ပါရက်ပါနန်ဂါဒီလို့ခေါ်တဲ့ မြို့ငယ်လေးမှာ အမှိုက်လိုက်သိမ်းကြသူတွေပါ။ တစ်ရက်လုပ်ခ ရူပီး ၂၅၀ လောက်သာရပြီး မိသားစု စား၀တ်နေရးအတွက် မလောက်ငှကြပါဘူး။ 

    ဒါပေမယ့် အဲ့ဒီ သန့်ရှင်းရေးအလုပ်သမား ၁၁ ဦးဟာ လစဥ် ထီစပ်တူထိုးလေ့ ရှိကြပါတယ်။ 

    “ရူပီးတစ်ထောင်ပေါက်လည်း ကျွန်မတို့ ၀ေမျှယူကြတယ်” လို့ အမ်ပီ ရဒ်ဟာဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။ 

    ပြီးခဲ့တဲ့လမှာ မိုးရာသီအထူးဆုကြီး ဆွတ်ခူးဖို့အတွက် သူတို့ ၁၁ ဦးဟာ ရူပီး ၂၅၀ တန်ထီကို ထိုးခဲ့ကြပါတယ်။ 

    အသက် ၇၂ နှစ်အရွယ် ကူတီမာလူက သူ့မှာ ပိုက်ဆံမလောက်တဲ့အတွက် ထီထိုးဖို့ ရဒ်ဟာ ပိုက်ဆံလာကောက်တဲ့အချိန် စိတ်မကောင်းဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ 

    “ချယ်ရူမန်နီ ဘေဘီ(အဖွဲ့ထဲမှ တစ်ဦး) က သူ့မှာ ၂၅ ရူပီးရှိတယ်။ ထီဖိုးအတွက် ချေးပေးမယ်လို့ ပြောပါတယ်”

    ချယ်ရူမန်နီနဲ့ ကူတီမာလူတို့ဟာ တစ်ယောက် ၁၂ ရူပီးခွဲစီ ထည့်၀င်ခဲ့ပြီး ကျန်တဲ့ အမျိုးသမီး ၉ ဦးကတော့ ၂၅ ရူပီးစီ ထည့်၀င်ခဲ့ပါတယ်။ 

    “ဘာဆုပဲပေါက်ပေါက် ခွဲယူကြမယ်လို့ ကျွန်မတို့ သဘောတူခဲ့ကြတာပါ။ ဒီလိုဆုကြီး ပေါက်လိမ့်မယ်လို့လည်း မထင်ထားပါဘူး” လို့ ကူတီမာလူက ဆိုပါတယ်။

    ထီထွက်ပြီး နောက်တစ်ရက်အကြာမှ အဖွဲ့ထဲက အမျိုးသမီးတစ်ဦးဟာ သူ့အမျိုးသားကို ထီတိုက်ခိုင်းခဲ့ပြီး ကံထူးတယ်ဆိုတာ သိခဲ့ရတာ ဖြစ်ပါတယ်။ 

    “အထူးဆုကို ကျွန်မတို့ထိုးတာ ၄ ခါရှိပြီ။ ၄ ကြိမ်မြောက်မှာ ကံထူးသွားတာပေါ့” လို့ ရဒ်ဟာက ပြောပါတယ်။

    ဒီလိုအထူးဆု ပေါက်တယ်ဆိုတာ မယုံခဲ့ဘူးလို့ အသက် ၆၂ နှစ်အရွယ် ချယ်ရူမန်နီက ပြောပါတယ်။ 

    “ကျွန်မက သိပ်ကံကောင်းလေ့ မရှိဘူး” 

    ၂၀၁၈ ခုနှစ် ကီရာလာရေကြီးမှုမှာ ချယ်ရူမန်နီတစ်ယောက် နေအိမ်ဆုံးရှုံးခဲ့ရပြီး ထီပေါက်ပြီးနောက် အိမ်အသစ်ပြန်ဆောက်ဖို့ စီစဥ်နေပါတယ်။ 

    သူတို့အဖွဲ့ထဲက လူတိုင်းဟာ အကျပ်အတည်း တစ်ခုမဟုတ် တစ်ခုနဲ့ ရင်ဆိုင်နေရသူတွေပါ။ 

    အသက် ၅၀ အရွယ် ကေဘင်ဒူရဲ့ ခင်ပွန်းဟာ ကျောက်ကပ်ရောဂါနဲ့ ပြီးခဲ့တဲ့နှစ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ ငွေမရှိတဲ့အတွက် ကျောက်ကပ်အစားထိုးဖို့ မတတ်နိုင်ခဲ့ပါဘူး။ 

    “ကျောက်ကပ်ဆေးဖို့ ဖယ်ထားတဲ့ ငွေထဲကနေ ကျွန်မခင်ပွန်းက ထီဖဲ့ထိုးခဲ့သေးတယ်။ အိမ်ကိုလည်း သူ အပြီးသတ် မဆောက်သွားနိုင်ခဲ့ဘူး။ အခု ကျွန်မ အပြီးသတ်ပေးရေတာ့မှာပေါ့” 

    အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူ ပညာတတ်ဖြစ်ကာ အလုပ်ကောင်းကောင်းရဖို့အတွက် ထီပေါက်တဲ့ငွေကို သုံးစွဲသွားမယ်လို့လည်း သူမက ပြောပါတယ်။ 

    မိမိတို့အိမ်ထောင်ရေးကို တွေးပူနေကြောင်း ထီမထွက်ခင် ၁ ရက်အလိုက မိဘတွေ ပြောခဲ့သေးတယ်လို့ အသက် ၄၉ နှစ်အရွယ် လက်ရှမီးက ပြောပါတယ်။ 

    သူမအမျိုးသားဟာ ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး ပြည်နယ်အတွင်း မိုးကြီးနေတဲ့အတွက် လတ်တလောမှာ အလုပ်မရှိပါဘူး။ 

    ထီပေါက်တဲ့ငွေနဲ့ သမီးရဲ့ ပညာရေးကို ပံ့ပိုးပေးနိုင်မယ့်အတွက် လက်ရှမီးတို့ ဇနီးမောင်နှံ စိတ်အေးသွားရပါပြီ။ 

    အဖွဲ့ထဲက အသက် ၅၆ နှစ်အရွယ် လီလာမှာ ခွဲစိပ်ကုသဖို့လိုအပ်နေတဲ့ သမီးတစ်ယောက် ရှိပါတယ်။ 

    “သူ့ကို မင်္ဂလာဆောင်ပေးဖို့ ကျွန်မရဲ့အိမ်ကို ပေါင်ခဲ့ရပါတယ်” 

    အစိုးရက အခွန်နှုတ်ပြီးရင် သူတို့ ၁၁ ဦးဟာ ရူပီး ၆၃ သန်း ရရှိမှာ ဖြစ်ပါတယ်။ 

    ၉ ယောက်က တစ်ဦးကို ၆ ဒဿမ ၃ သန်း ရရှိမှာဖြစ်ပြီး ချယ်ရူမန်နီနဲ့ ကူတီမာလူတို့က ၃ ဒဿမ ၁၅ သန်းစီ ရရှိမှာပါ။ 

    သူတို့ ၁၁ ဦးဟာ အမှိုက်သိမ်းတဲ့အလုပ်နဲ့ မလောက်ငှတာကြောင့် အိမ်သာဆောက်တာလို အခြားအောက်ခြေသိမ်းအလုပ်တွေလည်း လိုက်လုပ်ရပါတယ်။ 

    ထီပေါက်သွားပေမယ့် သူတို့ ဒီအလုပ်ကို ဆက်လုပ်နေကြအုံးမှာပါ။

    “ကျွန်မတို့ ဆုံးဖြတ်ထားတာ တစ်ခုရှိတယ်။ ဒီအလုပ်ကြောင့် ကျွန်မတို့ စုစည်းမိပြီး အခုလို ချမ်းသာလာတဲ့အတွက် ဒီအလုပ်ကို မထွက်ဘူး ဆိုပြီးတော့ပေါ့” လို့ လီလာက ပြောပါတယ်။ 

    Ref: BBC