News @ M-Media

Author: Ko Lay

  • နာမည်ပျက်ရှိသည့် ကင်မရွန်းစစ်တပ်ကို တရုတ်က ဒေါ်လာသန်းချီ လှူဒါန်း

    နာမည်ပျက်ရှိသည့် ကင်မရွန်းစစ်တပ်ကို တရုတ်က ဒေါ်လာသန်းချီ လှူဒါန်း

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – ကင်မရွန်းနိုင်ငံက စစ်တပ်အတွက် တရုတ်ဟာ ကန်ဒ်ါလာ ၇.၉၅ သန်း လှူဒါန်းခဲ့ပြီး နိုင်ငံရဲ့ ‘ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေကို’ အားကောင်းစေဖို့ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ရေဒီယိုက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ကင်မရွန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ၀မ်ရင်ဝူက ဗုဒ္ဓဟူးနေ့ ကာကွယ်ရေးဝန်ကြီး ဂျိုးဆက်ပ် ဘီတီ အက်ဆိုမိုနဲ့တွေ့ဆုံစဉ်မှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

    သံအမတ်က ဒီလိုလှူဒါန်းတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေမျာ ကင်မရွန်းစစ်တပ်ရဲ့ အားဖြည့်ပါဝင်မှုကို အထောက်အကူဖြစ်စေဖို့ဖြစ်တယ်လို့ CRTV ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

    ကင်မရွန်းဟာ နိုင်ငံ မြောက်ဖက်စွန်းစွန်းမှာ အိမ်နီးချင်း နိုက်ဂျီးရီးယားနိုင်ငံက ဘိုကိုဟရမ်အဖွဲ့ကို ရင်ဆိုင်နေရပြီး အနောက်မြောက်ဖက်နဲ့ အနောက်တောင်ဖက်တွေမှာ နိုင်ငံက ခွဲထွက်လိုတဲ့ အင်္ဂလိပ်စကားပြော လူနည်းစုတိုင်းရင်းသားတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

    ကင်မရွန်းစစ်တပ်ဟာ သူတို့အခြေစိုက်ရာ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။ ကင်မရွန်းစစ်သားတွေက အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်ဖြတ်တဲ့ ဗီဒီယိုတွေလည်း အင်တာနက်စာမျက်နှာပေါ်မှာ ပြန့်နှံ့ခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။

    ဒီဗီဒီယိုဟာ အတုလို့ ကင်မရွန်းအစိုးရက အစောပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့အတွက် အမိန့်ပေးခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယအကြမ်းဖက်မှုကြောင့် WhatsApp က မက်ဆေ့ခ်ျဖြန့်ဝေမှုကို ထိန်းချုပ်မည်

    အိန္ဒိယအကြမ်းဖက်မှုကြောင့် WhatsApp က မက်ဆေ့ခ်ျဖြန့်ဝေမှုကို ထိန်းချုပ်မည်

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မက်ဆေ့ခ်ျ ဖြန်ဝေမှုကို ထိန်းချုပ်သွားမယ်လို့ WhatsApp က ကြေငြာလိုက်ပါတယ်။

    WhatsApp ဟာ Facebook က ပိုင်ဆိုင်တဲ့ မက်ဆေ့ခ်ျ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကလေးသူခိုး ကောလဟာလတွေ WhatsApp ကနေ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ လူစိမ်းတွေ၊ ဧည့်သည်တွေကို သေခံတွေက အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    WhatsApp က သူတို့အနေနဲ့ အသုံးပြုသူတွေရဲ့ မက်ဆေ့ခ်ျဖြန့်ဝေနိုင်မှု ပမာဏကို ကန့်သတ်သွားမှာဖြစ်ပြီး၊ ကောလဟာလတွေ၊ သတင်းမှားတွေ ပြန့်နှံ့ဖို့ ခက်ခဲသွားလိမ့်မယ်လို့ ကြာသာပတေးနေ့က သူတို့ရဲ့ ဘလော့စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    အခုအစီအစဉ်သစ်ကြောင့် ကမ္ဘာတစ်ဝှမ်းက WhatsApp အသုံးပြုသူတွေဟာ မက်ဆေ့ခ်ျကို အများဆုံး လူ ၂၀ ထံသာ ဖြန့်ဝေနိုင်တော့မှာဖြစ်ပြီး အိန္ဒိယမှာတော့ ၅ ဦးအထိသာ ဖြန့်ဝေနိုင်မှာ ဖြစ်ပါတယ်။ အရင်က ၂၅၀ အထိ ဖြန့်ဝေနိုင်ခဲ့တာပါ။

    ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လျင်လျင်မြန်မြန် ဖြန့်ဝေနိုင်တဲ့ quick forward လုပ်ဆောင်ချက်ကိုလည်း WhatsApp က အိန္ဒိယမှာ ပိတ်ပင်သွားမှာဖြစ်ပါတယ်။

    ဒီလိုအပြောင်းအလဲတွေဟာ စမ်းသပ်မှုဖြစ်တယ်လို့လည်း WhatsApp က ပြောပါတယ်။

    “အိန္ဒိယမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွက် ကျွန်တော်တို့ တုန်လှုပ်ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ထုတ်ကုန်မှာ အပြောင်းအလဲ တော်တော်များများ လုပ်ခဲ့ကြောင်း ကျွန်တော်တို့ ကြေငြာခဲ့ပါတယ်။ ဒါဟာ လူထုအခြေပြုအဖွဲ့၊ အစိုးရနဲ့ နည်းပညာကုမ္ပဏီတွေက လုပ်ဆောင်ဖို့ လိုအပ်တဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်” လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

    WhatsApp ရဲ့ မိခင်ကုမ္ပဏီ Facebook ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်စေခဲ့တဲ့ သတင်းမှားတွေ၊ အမုန်းစကားတွေကို မထိန်းချုပ်မှုအတွက် အပြစ်တင်ခံရဖူးပါတယ်။

    အဲဒီနောက်ပိုင်းမှာ Facebook ဟာ မြန်မာနိုင်ငံက အစွန်းရောက်ဘုန်းကြီးတွေ၊ အစွန်းရောက်နိုင်ငံရေးသမားတွေရဲ့ အကောင့်တွေကို ပိတ်ပစ်တာ၊ အမုန်းစကားနဲ့ သတင်းမှားတွေ ဖျက်ပစ်တာကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Recode

  • တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၈ နှစ် ထပ်ချခံရ၊ စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ရှိလာ

    တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၈ နှစ် ထပ်ချခံရ၊ စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ရှိလာ

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီ NIS က ငွေတွေ ပျောက်ဆုံးမှု၊ ၂၀၁၆ ခုနှစ် လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် သမ္မတဟောင်း ပက်ဂျုံဟေးကို တောင်ကိုရီးယားက ဒီကနေ့မှာ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ထပ်မံ ချမှတ်လိုက်ပါတယ်။

    ပက်ဂျုံဟေးဟာ ဧပြီလတုန်းက ခြစားမှုစွဲချက်တွေနဲ့ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

    ဆိုးလ်ခရိုင်တရားရုံး တရားသူကြီး ဆွန်ချန်ဟိုက ပက်ဂျုံဟေးဟာ NIS အကြီးအကဲ ၃ ယောက်စီက ၃ နှစ်အတွင်း ၀မ် ၃ ဘီလီယံကို ရယူခဲ့ပြီး တိုင်းပြည်ဘဏ္ဍာတွေကို အများအပြား ဆုံးရှုံးစေခဲ့တယ်လို့ အမိန့်ချမှတ်မှုမှာ ပြောကြားခဲ့ပါတယ်။

    ထောက်လှမ်းရေးအကြီးအကဲ ၃ ဦးကလည်း သူတို့ဟာ ပက်ဂျုံဟေးရဲ့ အမိန့်နဲ့ ငွေတွေ ပေးခဲ့ရတယ်လို့ တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ပါတယ်။

    ပက်ဂျုံဟေးကတော့ စွဲဆိုချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ် အာဏာရ Saenuri ပါတီက လွှတ်တော်ရွေးကောက်ပွဲဝင်မယ့်သူတွေကို ရွေးချယ်ရာမှာ ၀င်ရောက်စွက်ဖက်မှုနဲ့လည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

    ဒီကနေ့ ထောင်ဒဏ် ၈ နှစ် ထပ်မံချမှတ်ခံခဲ့ရတာကြောင့် ပက်ဂျုံဟေးရဲ့ ထောင်ဒဏ်ဟာ စုစုပေါင်း ၃၂ နှစ် ရှိလာပြီဖြစ်ပါတယ်။

    သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းကာ ခြစားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပက်ဂျုံဟေးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ လွှတ်တော်မှာ အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချခံလိုက်ရပြီး ၃ လအကြာ အခြေခံဥပဒေ ခုံရုံးကို သူမကို တရားဝင် ရာထူးက ဖယ်ရှားခဲ့ပါတယ်။

    သူမဟာ ခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုခံရတဲ့ ၃ ဦးမြောက် တောင်ကိုရီးယား သမ္မတဟောင်းလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • လူသတ်စက်ရုပ်များကို ပိတ်ပင်ရန် ပညာရှင် ၂ ထောင်ကျော် တောင်းဆို

    လူသတ်စက်ရုပ်များကို ပိတ်ပင်ရန် ပညာရှင် ၂ ထောင်ကျော် တောင်းဆို

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – လူသေစေနိုင်တဲ့ အလိုအလျောက်လက်နက်တွေ ထုတ်လုပ်မှုကို ကမ္ဘာနဲ့ချီ တားမြစ်ပိတ်ပင်ဖို့အတွက် ထိပ်တန်း နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက တိုက်တွန်းဆော်သြလိုက်ပြီး အဲဒီ လက်နက်တွေဟာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုကိရိယာတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။

    နိုင်ငံပေါင်း ၉၀၊ ကုမ္ပဏီက ၁၅၀ က ကျွမ်းကျင်သူနဲ့ လုပ်ငန်းရှင်ပေါင်း ၂၄၀၀ ကျော်ဟာ ဗုဒ္ဓဟူးနေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ ကျင်းပပြုလုပ်တဲ့ 2018 International Joint Conference on Artificial Intelligence (ဉာဏ်ရည်တုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးညီလာခံ-၂၀၁၈) မှာ အလိုအလျောက် လက်နက်ထုတ်လုပ်မှု၊ ရောင်းချမှုနဲ့ အသုံးပြုမှုတွေမှာ မပါဝင်ဖို့အတွက် ကတိပြုလွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    လက်မှတ်ရေးထိုးခဲ့သူတွေထဲမှာ Space X နဲ့ Tesla ရဲ့ စီအီးအို အေလွန် မက်စ်၊ ဂူးဂဲလ်ရဲ့ Deep Mind လုပ်ငန်းက ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

    လူသတ်စက်ရုပ် (killer robot) လို့ သိကြတဲ့ အလိုအလျောက်လက်နက်တွေဟာ လူသားတွေရဲ့ ၀င်ရောက်စွက်ဖက်မှုမပါဘဲနဲ့ ပစ်မှတ်တွေကို ရှာဖွေ၊ ဖော်ထုတ်၊ ဖျက်ဆီးပစ်နိုင်ပါတယ်။

    အမေရိကန်၊ ရုရှား၊ တရုတ်၊ အစ္စရေး၊ တောင်ကိုရီးယားနဲ့ ယူကေတို့ဟာ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်လေယာဉ်လိုမျိုး အလိုအလျောက်စနစ် တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ လက်နက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ဦးဆောင်တည်ထောင်ထားတဲ့ အလိုအလျောက်လက်နက်များ တားဆီးရေးလှုပ်ရှားမှု Campaign to Stop Killer Robots က လူသတ်စက်ရုပ်လို လက်နက်မျိုးတွေကို တင်ကြိုပိတ်ပင်ထားဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းထားပါတယ်။

    အဲဒီလို ပိတ်ပင်ဖို့ တိုက်တွန်းမှုကို ဘရာဇီးလ်၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အီရတ်၊ ပါကစ္စတန်၊ ဗင်နီဇွဲလားနဲ့ ဇင်ဘာဘွေအပါအ၀င် နိုင်ငံပါင်း ၂၆ နိုင်ငံက လူသိရှင်ကြား ထောက်ခံထားပါတယ်။

    Ref: Aljazeera

  • စပိန်နှင့်ပေါင်းကာ ဆော်ဒီက စစ်သင်္ဘောသစ်များ တည်ဆောက်မည်

    စပိန်နှင့်ပေါင်းကာ ဆော်ဒီက စစ်သင်္ဘောသစ်များ တည်ဆောက်မည်

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းမှာ စစ်ရေယာဉ် ၅ စီး တည်ဆောက်ဖို့အတွက် ဆော်ဒီ စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ SMAI ဟာ စပိန်က သင်္ဘောထုတ်လုပ်ရေးလုပ်ငန်း Navantia နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။

    ဒါဟာ Navantia က ဆော်ဒီကို ကန်ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိမယ့် စစ်ရေယာဉ်တွေ ထောက်ပံ့ပေးရေး ဧပြီလက ဆော်ဒီနဲ့ စပိန်တို့အကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

    SMAI နဲ့ Navantia တို့ဟာ Avante 2200 Corvettes စစ်သင်္ဘော ၅ စီးကို အခုနှစ် နွေဦးရာသီမှာ ဆောက်လုပ်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ဆော်ဒီကို လွှဲအပ်နိုင်ဖို့ လျာထားပါတယ်။

    သင်္ဘောတည်ဆောက်ရေးလုပ်ငန်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဆော်ဒီနိုင်ငံအတွင်း ပြုလုပ်မှာဖြစ်ပြီး ၂၀၃၀ ခုနှစ်ရောက်ရင် နိုင်ငံရဲ့ စစ်အသုံးစားရိတ် ၅၀ ရာခိုင်းနှုန်းကို ပြည်တွင်းမှာ သုံးစွဲနိုင်ရမယ်ဆိုတဲ့ ဆော်ဒီရဲ့ ‘၂၀၃၀ စီမံကိန်း’ နဲ့အညီ ဖြစ်ပါတယ်။

    ဆော်ဒီ နိုင်ငံပိုင်ရန်ပုံငွေ Public Investment Fund (PIF) ဟာ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကို ပြီးခဲ့တဲ့နှစ်မှာ စတင် တည်ထောင်ခဲ့ပြီး နိုင်ငံ့စီးပွားရေး ရေနံအပေါ် မှီခိုနေရမှုကို လျော့ချဖို့နဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့ အစိုးရရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ၂၀၃၀ ရောက်ရင် SAMI ဟာ နိုင်ငံရဲ့ ဂျီဒီပီကို ကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ အထောက်အကူပြုပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

    Ref: Arabnews