News @ M-Media

Author: Ko Lay

  • ဂါဇာတည်ငြိမ်ရေး အစ္စရေးနှင့် ဟားမက်စ်တို့ သဘောတူညီမှုရ

    ဂါဇာတည်ငြိမ်ရေး အစ္စရေးနှင့် ဟားမက်စ်တို့ သဘောတူညီမှုရ

    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသမှာ ပြန်လည် တည်ငြိမ်အေးချမ်းရေးအတွက် အစ္စရေးနဲ့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က ပြောကြားလိုက်ပါတယ်။

    သောကြာနေ့က အစ္စရေးဟာ ဂါဇာမှာ လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဟားမက်စ်အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နယ်စပ်အနီး ဆန္ဒပြ ပါလက်စတိုင်းလူအုပ်ကို အစ္စရေးစစ်သားတွေက ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၄ ဦး သေဆုံးခဲ့ပါတယ်။

    အစ္စရေးကတော့ ဂါဇာက ပါလက်စတိုင်းသေနတ်သမားတစ်ယောက်ဟာ သူတို့စစ်သားတစ်ဦးကို ပစ်ခတ်ခဲ့တဲ့အတွက် တိုက်ခိုက်မှုတွေ ပြုလုပ်တာလို့ ပြောကြားခဲ့ပါတယ်။ အဲဒီ အစ္စရေးစစ်သားဟာ နောက်ပိုင်းမှာ ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။

    ဟားမက်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖောင်ဇီ ဘာရ်ဟွမ်က အီဂျစ်၊ ကုလတာဝန်ရှိသူတွေရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ အပစ်ရပ်ရေး သဘောတူညီချက်ရရှိခဲ့ပြီး သောကြာနေ့ ည သန်းခေါင်ယံမှာ စတင်အသက်ဝင်မယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးကတော့ ဒီသဘောတူညီချက်အတွက် ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် စနေနေ့ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဂါဇာက လူ့အဖွဲ့အစည်းတွေဟာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်ပြီလို့ ဖော်ပြထားပါတယ်။

    ၁၉၄၇ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်ကာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ခွင့်ရရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကနေ စတင်ဆန္ဒပြခဲ့ကြပါတယ်။

    အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးရဲ့လက်ချက်ကြောင့် ပါလက်စတိုင်းပြည်သူ ၁၄၀ ကျော် သေဆုံးခဲ့ပြီး ၁၆၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • အထောက်အထားမဲ့ နိုင်ငံခြားသားများအား ဖမ်းဆီးမှု မလေးရှား တိုးမြှင့်ဆောင်ရွက်မည်

    အထောက်အထားမဲ့ နိုင်ငံခြားသားများအား ဖမ်းဆီးမှု မလေးရှား တိုးမြှင့်ဆောင်ရွက်မည်

    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသူတွေ ဖမ်းဆီးထိန်းသိမ်းမှုကို သြဂုတ်လ ၃၁ ရက်နေ့ကနေစပြီး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မူစတာဖာ အလီက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရားမ၀င် အလုပ်သမားတွေကို ခန့်ထားတဲ့ အလုပ်ရှင်တွေ၊ ဖွက်ထားပေးတဲ့သူတွေကိုပါ ဖမ်းဆီးသွားမယ်လို့ သူက ဆိုပါတယ်။

    “3+1 အစီအစဉ်လို့ခေါ်တဲ့ ကိုယ်တိုင် လာအဖမ်းခံတဲ့ အစီအစဉ်တစ်ခုကို ကျွန်တော်တို့ စတင်ဆောင်ရွက်ထားပါတယ်။ ဒီအစီအစဉ်ဟာ တရားမ၀င်နိုင်ငံခြားသားတွေအားလုံး သူတို့ရဲ့ မူရင်းနိုင်ငံတွေကို ကိုယ့်သဘောဆန္ဒနဲ့ ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သြဂုတ်လ ၃၀ ရက်နေ့အထိ သူတို့ ဒီလို လာရောက်အဖမ်းခံဖို့ အခွင့်အရေးရမှာဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ ပိုမိုတင်းကြပ်သွားမှာပါ”

    ဇူလိုင်လ ၁ ရက်နေ့က စတင်ခဲ့တဲ့ Op Mega စစ်ဆင်ရေးအတွင်း နိုင်ငံတစ်ဝှမ်း တရားမ၀င် ၀င်ရောက်သူ ၃၀၀၀ ကျော်လောက်ကို မလေးရှားက ဖမ်းဆီးထားပါတယ်။

    တရားမ၀င် အလုပ်သမားတွေအနေနဲ့ ဖမ်းဆီးခံရပြီဆိုရင် အမည်ပျက်စာရင်းသွင်းကာ၊ ပြည်နှင်ဒဏ် ပေးခံရမှာဖြစ်ပြီး၊ တရားမ၀င် နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ အလုပ်ရှင်တွေဟာလည်း ထောင်ဒဏ်၊ ငွေဒဏ်၊ ကြိမ်ဒဏ်တွေ ခံရမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ကြေငြာထားပါတယ်။

    Ref: CNA

  • ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီ ကမ္ဘာ့ဖလားဆုကြေးကို ဗလီဆောက်ရန် လှူဒါန်းမည်

    ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီ ကမ္ဘာ့ဖလားဆုကြေးကို ဗလီဆောက်ရန် လှူဒါန်းမည်

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ဖလားရ ပြင်သစ်အသင်းက အလယ်တန်းကစားသမား အူစမာနီ ဒမ်ဘီလီဟာ ရရှိတဲ့ ဆုကြေးတွေကို သူ့ရဲ့ဇာတိ မော်ရီတေးနီးယားနိုင်ငံက မြို့တစ်ခုမှာ ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ဖို့ လှူဒါန်းမယ်လို့ သိရပါတယ်။

    မော်ရီးတေးနီးယားနိုင်ငံ ဗာနွန်မြို့မှာ မွေးဖွားပြီး ပြင်သစ်မှာ ကြီးပြင်းခဲ့တဲ့ ဒမ်ဘီလီဟာ ကမ္ဘာ့ဖလားရ ပြင်သစ်အသင်းက အာဖရိကနွယ်ဖွား ၁၅ ဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။

    ဒမ်ဘီလီရဲ့မိခင်ဟာ မော်ရီတေးနီးယားနဲ့ ဆီနီဂေါလ်အနွယ်က ဆင်းသက်လာပြီး ဖခင်က မာလီက ဖြစ်ပါတယ်။ မော်ရီတေးနီးယားဟာ တစ်ချိန်က ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးပြီး ၁၉၆၀ ပြည့်နှစ်မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

    ကမ္ဘာ့ဖလားဆုကြေးကို ဒမ်ဘီလီက မော်ရီတေးနီးယားနိုင်ငံ ဒီအာဂူလီမြို့မှာ ဗလီဝတ်ကျောင်းတော်တစ်လုံးဆောက်လုပ်ဖို့ လှူဒါန်းမှာဖြစ်ပြီး သူ့ရဲ့ ဒီဆုံးဖြတ်ချက်အတွက် ချီးကျူးမှုတွေလည်း ရရှိနေပါတယ်။

    အသက် ၂၁ နှစ်အရွယ် ဒမ်ဘီလီဟာ လက်ရှိ ဘာစီလိုနာမှာ ကစားနေသူဖြစ်ပါတယ်။

    သူ့ရဲ့ ပြင်သစ်အသင်းဖော် အမ်ဘက်ပေဟာလည်း ကမ္ဘာ့ဖလားဆုကြေးကို ပြင်သစ်က ပရဟိတအဖွဲ့ကို လှူဒါန်းမှုကြောင့် ချီးကျူးခံခဲ့ရပါတယ်။

    Ref: Times Now

  • စီးပွားရေးလုပ်လို့ကောင်းသည့်နိုင်ငံအဖြစ် ဆက်ရှိမည်ဟု မလေးရှားပြော

    စီးပွားရေးလုပ်လို့ကောင်းသည့်နိုင်ငံအဖြစ် ဆက်ရှိမည်ဟု မလေးရှားပြော

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – မလေးရှားနိုင်ငံဟာ စီးပွားရေးလုပ်လို့ကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ဆက်ရှိသွားမှာဖြစ်ပြီး၊ နိုင်ငံခြားနဲ့ ပြည်တွင်းက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတယ်လို့ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့မှာကျင်းပတဲ့ တရုတ် စီးပွားရေးနဲ့ စက်မှုလက်မှု ကုန်သည်ကြီးများအသင်း ACCCIM ရဲ့ ၇၂ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာပါ။

    သူတို့အစိုးရသစ်ဟာ စီးပွားရေးမှာ သန့်ရှင်းပြီး မျှတတဲ့ ၀န်းကျင်တစ်ခု ဖြစ်လာဖို့အတွက် ခြစားမှု တိုက်ဖျက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    “အစိုးရသစ်ဖြစ်တဲ့ ကျွန်တော်တို့ဟာ စီးပွားရေးလုပ်လို့ကောင်းတဲ့အစိုးရ ဖြစ်မှာပါ။ လာဘ်စားမှာ မဟုတ်ပါဘူး။ စီးပွားရေးသမားတွေဟာ လာဘ်စားတဲ့သူနဲ့ စီးပွားရေးမလုပ်ချင်ဘူးဆိုတာကို ကျွန်တော်သိပါတယ်။ အဲဒီသူ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက မစားရတဲ့အမဲ သဲနဲ့ပက်တာတွေ ဖြစ်လာနိုင်တယ်လေ”

    မလေးရှားဟာ လက်ရှိမှာ နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေတွေ ပျောက်ဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ၀န်ကြီးချုပ်ဟောင်း နာဂျစ်ကိုလည်း ခြစားမှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒါ့ကြောင့် နိုင်ငံအတွင်း စီးပွားရေးလုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေက တွန့်ဆုတ်နေကြပါတယ်။

    မဟာသီကတော့ သူတို့အနေနဲ့ နိုင်ငံခြားက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်တော့မှ ငြင်းပယ်သွားမှာ မဟုတ်ကြောင်း၊ စက်ရုံတော်တော်များများကို မလေးရှားနိုင်ငံသားတွေက လုပ်ကိုင်နေကြပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထပ်လိုသေးကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံရေးစီးပွားရေးဟာ နလန်ထဆဲ အခြေအနေမှာသာ ရှိနေပြီး အစိုးရဟောင်းရဲ့ မှားယွင်းမှုတွေကြောင့် ဖြစ်ခဲ့တဲ့အနေအထားကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် အချိန်ယူရမယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။

    Ref: CNA