News @ M-Media

Author: Ko Lay

  • မီဇိုရမ်တွင် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ ကောက်ယူနေ

    မီဇိုရမ်တွင် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ ကောက်ယူနေ

    ဇူလိုင် ၃၀၊ ၂၀၂၃

    M-Media 


    -အိန္ဒိယ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်အရ နိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဇီ၀အချက်အလက်တွေကို ကောက်ယူနေပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ မီဇိုရမ်ဖက်ကို ထွက်ပြေးရသူ ၃ သောင်းကျော် ရှိပါတယ်။

    မြန်မာနိုင်ငံသားတွေရဲ့ ဇီ၀အချက်အလက် ကောက်ယူမှုကို မီဇိုရမ်မှာ ပြီးခဲ့တဲ့တစ်ပတ်က စတင်ပြီး လုပ်ဆောင်ခဲ့တာပါ။ ကပ်နေတဲ့ မဏိပူရ ပြည်နယ်မှာလည်း ဒီလို ကောက်ယူမှုတွေ လုပ်ဆောင်နေပါတယ်။ 

    မီဇိုရမ်မှာ မြန်မာနိုင်ငံသားတွေကို စာရင်းကောက်ယူပြီး သက်သေခံလက်မှတ်ထုတ်ပေးတာမျိုး အရင်က လုပ်ဆောင်ဖူးပါတယ်။

    အာဏာရ ဟိန္ဒူအစွန်းရောက်ပါတီ BJP အစိုးရဟာ မြန်မာနိုင်ငံက ၀င်ရောက်လာသူတွေကို နိုင်ငံရေးအတွက် အသုံးချတာမျိုး ရှိနေပါတယ်။ 

    မဏိပူရက ကသည်းတွေနဲ့ ကူကီးလူမျိုးတွေရဲ့ ပဋိပက္ခမှာ မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ချင်းလူမျိုးတွေက ဆွပေးတယ်လို့ အိန္ဒိယအစိုးရ တာ၀န်ရှိသူတစ်ချို့က စွပ်စွဲထားပါတယ်။ 

    Ref: Deccan Herald 

  • သမ္မတဟောင်းထရမ့် အမှုထပ်တိုးခံရ

    သမ္မတဟောင်းထရမ့် အမှုထပ်တိုးခံရ

    ဇူလိုင် ၂၈၊ ၂၀၂၃

    M-Media 


    -နိုင်ငံတော် လျှို့၀ှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံနေရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ နောက်ထပ် ရာဇတ်မှုစွဲချက် ၃ ခု ထပ်တင်ခံလိုက်ရပါတယ်။

    စစ်ဆေးခံနေရတဲ့ Mar-a-Lago ဇိမ်ခံအိမ်မှာ လုံခြုံရေးကင်မရာ ဗီဒီယိုမှတ်တမ်းတွေကို ထရမ့်က သူ့အလုပ်သမားတွေကို ဖျက်ခိုင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ 

    အစိုးရရှေ့နေတွေက ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ စုံစမ်းစစ်ဆေးရေးကို နှောက်ယှက်မှု မြောက်တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

    နောက်တိုးအမှု ၃ ခုပါရင် ထရမ့် လက်ရှိ ရင်ဆိုင်နေရတဲ့အမှုပေါင်း ၄၀ ရှိသွားပြီဖြစ်ပါတယ်။ 

    တရားရေးအဖွဲ့တွေ မျက်စိလည်သွားစေဖို့အတွက် ထရမ့်ဟာ Mar-a-Lago အိမ်က ဗီဒီယိုမှတ်တမ်း ဇာတ်လမ်းတွေကို ပြောင်းဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ၀န်ထမ်း ၃ ဦးလည်း တရားစွဲဆိုခံခဲ့ရပါတယ်။ 

    စွဲချက် ၄၀ ထဲမှာ အီရန်ကို ၀င်တိုက်ဖို့ အဆိုပြုထားတဲ့ ထိပ်တန်းလျှို့၀ှက်ချက်ကို ၂၀၂၁ ခုနှစ်က ဂေါက်ကလပ်တစ်ခုမှာ တစ်ခြားသူတွေကို ပြန်ပြောပြတဲ့ ကိစ္စလည်း ပါ၀င်ပါတယ်။ 

    ထရမ့်ကတော့ ဒီစွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။ 

    Ref: Reuters

  • အမေရိကန်သမ္မတဟောင်း၏ ထမင်းချက်ကို သေဆုံးလျက်တွေ့

    အမေရိကန်သမ္မတဟောင်း၏ ထမင်းချက်ကို သေဆုံးလျက်တွေ့

    ဇူလိုင် ၂၅၊ ၂၀၂၃

    M-Media


    – အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားရဲ့ ထမင်းချက်ကို မနေ့က ရေကန်တစ်ခုထဲမှာ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။ 

    မက်ဆာချူးဆက်ပြည်နယ် လူကုံထံရပ်ကွက် Martha’s Vineyard က ရေကန်ထဲမှာ ဖြစ်ပါတယ်။ အဲဒီရပ်ကွက်မှာ အိုဘားမားနေအိမ်လည်း ရှိပါတယ်။ 

    အသက် ၄၅ နှစ်အရွယ် တာဖာရီ ကမ်းပဲလ်ဆိုသူဟာ အရင်က အိမ်ဖြူတော်မှာ ထမင်းချက်အဖြစ် အလုပ်လုပ်ကိုင်ပြီး သမ္မတ အိုဘားမား ရာထူးကဆင်းသွားတဲ့အချိန် မိသားစုထမင်းချက်အဖြစ် ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 

    လူတစ်ယောက်သာ ရပ်လို့ရတဲ့ ဘုတ်ပြားကို မတ်တပ်ရပ်ပြီး တက်နဲ့လှော်တဲ့ အားကစား Paddle Boarding ပြုလုပ်နေစဥ် ကမ်းပဲလ်တစ်ယောက် ရေထဲပြုတ်ကျ သေဆုံးသွားတာပါ။ 

    မက်ဆာချူးဆက်စ် ရဲတပ်ဖွဲ့ကတော့ သက်ကယ်အင်္ကျီ မ၀တ်ထားတဲ့ ကမ်းပဲလ်ရဲ့အလောင်းကို ရေအောက် ၂ မီတာခွဲလောက်မှာ တွေ့ရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

    အိုဘားမားက ကမ်းပဲလ်ဟာ ချက်ရေးပြုတ်ရေးကို ၀ါသနာထုံသူဖြစ်ပြီး၊ တီထွင်ဉာဏ်ရှိကာ အပေါင်းအသင်းဆန့်သူဖြစ်ကြောင်း၊ ကမ်းပဲလ်သေဆုံးမှုအတွက် အလွန်၀မ်းနည်းကြေကွဲရကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    အခင်းဖြစ်ပွားချိန်မှာ အိုဘားမားဟာ သူ့နေအိမ်မှာ ရှိမနေပါဘူး။ 

    ကမ်းပဲလ်နဲ့အတူ ရေထဲပြုတ်ကျ ပျောက်ဆုံးနေတဲ့ အခြားသူတစ်ဦးလည်း ရှိပြီး ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေပါတယ်။ 

    Ref: Reuters

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၁)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၁)

    ဇူလိုင် ၂၄၊ ၂၀၂၃


    M-Media 

    အောင့်ထားပါအုံး

    တစ်ချို့ကလေးတွေက ဘောလုံးသမားဖြစ်ဖို့ မွေးဖွားလာကြတယ်လို့ ပြောစမတ်ရှိတယ်။ ကျွန်တော်က အဲဒီလိုလူပါ။ ကျွန်တော့်ကို မွေးမယ့်ရက်က ၂၀၀၀ ခုနှစ် ဒီဇင်ဘာ ၂၅။ ဇာတာအရ ဘောလုံးသမားဖြစ်ဖို့ အလားအလာနည်းတယ်။ အဲဒီမှာ အဖေက ကြံဖန်တော့တာပဲ။ 

    ကလေးကို မမွေးနဲ့အုံး လို့ အမေ့ကိုပြောတယ်

    “ရှင်ဘာတွေပြောနေတာလဲ”

    “(နှစ်ကုန်အောင်) ရက်နည်းနည်းလောက် အောင့်ထားလိုက်ပါ မိန်းမရေ”

    အဲဒီလိုနဲ့ ကျွန်တော်(၂၀၀၁ ခုနှစ်မှာ) လူ့လောကထဲကို ရောက်လာခဲ့ပါတယ်။ 

    စကားလုံးများ၏ အင်အား 

    စကားလုံးတွေမှာ အင်အားရှိတယ်လို့ အဖေက ကျွန်တော့်ကို အမြဲပြောတယ်။ ကလေးဘ၀မှာ စိတ်ကူးတွေ ယဥ်ဖူးတယ်။ စိတ်ကူးယဥ်ရတာကို ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို အမြဲပြောတာရှိတယ် 

    “ဘရာဇီးလ်အသင်းအတွက် ငါ ကစားမယ်” 

    “ရီးယဲလ်မက်ဒရစ်အသင်အတွက် ငါ ကစားမယ်”

    “ချန်ပီယံလိဂ်ဖလား ငါ ယူမယ်” 

    “ကမ္ဘာ့ဖလားမှာ ငါ ကစားမယ်”

    ကျွန်တော့်အသက် ၁၀ နှစ်ပြည့် မွေးနေ့ကို Rodrygo Real Madrid ဆိုတဲ့ အမည်နဲ့ လုပ်ခဲ့ပါတယ်။

    ပြန်ပေးဆွဲခံရတာလား

    ဆာပေါ်လိုမြို့ အိုဆက်စ်ကိုရပ်ကွက် ကျွန်တော့်အိမ်နားက လမ်းပေါ်မှာ ကျွန်တော့်ထက်ကြီးတဲ့ ကလေးတွေနဲ့ ဘောလုံးကစားဖြစ်တယ်။ သူတို့က အကယ်ဒမီထွက်တွေ။ ကျွန်နော်က တော်တော်ငယ်သေးတော့ အကယ်ဒမီကို တက်လို့မရဘူး။ 

    အသက် ၆ နှစ်အရွယ် တစ်ရက်မှာ အကယ်ဒမီနည်းပြက သူ့ကားရပ်ပြီး ကျွန်တော်တို့ကစားတာကို ကြည့်တယ်။ ပြိုင်ပွဲတစ်ခုအတွက် ကလေးတွေကို လိုက်စုနေတဲ့ အချိန် ဖြစ်လိမ့်မယ်။ 

    သူက “ရော်ဒီရီဂို။ သွားကြရအောင်” လို့ပြောတော့ ကျွန်တော် ကောင်းကောင်းကစားရမယ်ဆိုတာ သိလိုက်ပါတယ်။ 

    သူ့ကားထဲကို ကျွန်တော်၀င်ထိုင်လိုက်ပြီး ကားထွက်သွားတယ်။ ပြိုင်ပွဲအကြောင်းကို ကျွန်တော် စဥ်းစားပြီးလိုက်သွားတာ။ ၀မ်းကွဲညီအစ်ကိုနှစ်ယောက်က အနားမှာ ရှိနေတယ်။ ကျွန်တော် ကားတစ်စီးထဲ၀င်ပြီး ပျောက်သွားတော့ ပြန်ပေးဆွဲခံရပြီလို့ သူတို့ ထင်သွားတယ်။ 

    ကျွန်တော့်အိမ်ကိုသွားပြီး အမေရ “ရော်ဒရီဂိုကို ဖမ်းသွားပြီ” လို့ သွားပြောတယ်။ အားလုံးက စိတ်ပူကုန်တာပေါ့။ 

    ကျွန်တော်က နည်းပြနဲ့လိုက်သွားပြီး ဓာတ်ပုံတွေဘာတွေရိုက်၊ ပြိုင်ပွဲအတွက် စာရင်းသွင်းလိုက်တယ်။ အိမ်ပြန်ရောက်တော့ အမေက ဆူပါလေရော 

    “ဟဲ့ကောင်။ နင်ဘယ်သွားတာလဲ။ ရူးနေလား” 

    “မဟုတ်ဘူးအမေ။ ကျွန်တော် နည်းပြနဲ့ လိုက်သွားတာပါ” 

    အဲဒီလိုနဲ့ ကျွန်တော် အကယ်ဒမီ စတက်ခွင့် ရခဲ့ပါတယ် 

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၂)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၂)

    ဇူလိုင် ၂၄၊ ၂၀၂၃

    M-Media 


    ဆော်ပေါ်လိုအသင်းသို့ 

    အိုဆက်စ်ကိုအကယ်ဒမီ နည်းပြက ဆာပေါ်လိုအသင်းအတွက်လည်း နည်းပြလုပ်တယ်။ ကျွန်တော် အသက် ၈ နှစ်ရောက်တော့ ဆော်ပေါ်လိုအသင်းကို ရောက်ပြီး အသင်းသားဖြစ်လာပါတယ်။ 

    ဆော်ပေါ်လိုအသင်းဟာ အသက် ၁၅ နှစ်ရောက်မှ အသင်းသားတွေကို ပြိုင်ပွဲ၀င်ကစားခိုင်းတယ်။ ကိုရင်သီယန်နဲ့ ဆန်းတို့စ်တို့က လူငယ်ခြေတက်တွေဟာ ပေါ်လစ္စတာပြည်နယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားနေကြပြီ။ ကျွန်တော်လည်း ကစားချင်လာတယ်။ 

    ဖခင်ရဲ့ ဖွင့်ဟချက်

    ကျွန်တော့်သား အသက် ၁၅ နှစ်အထိ စောင့်ရမှာလားပေါ့။ ကျွန်တော် တွေးမိတယ်။ တစ်ရက် ဆန်းတို့စ်အသင်းနဲ့ ဖူဆယ်တစ်ပွဲ ကစားရတယ်။ တစ်သင်းလုံးကို သူ သမလိုက်တာ။ 

    ဆန်းတို့စ်နည်းပြတစ်ယောက်က ခင်ဗျားသားကို ကျွန်တော်တို့အသင်း မပို့ချင်ဘူးလား လို့ မေးလာတယ်။ 

    “သိပ်တော့အဆင်မပြေဘူးဗျ အိုဆက်စ်ကိုမှာ သူ့အမေနဲ့ သူနေတာ။ ၂ နာရီလောက် ကားနဲ့လာရမှာ” ကျွန်တော်က ပြန်ပြောလိုက်တယ်။ 

    “တစ်ချိန်လောက်ပဲ ခေါ်လာကြည့်ပါလား” လို့ နည်းပြက ပြောပါတယ်။ 

    ကျွန်တော့်သားက အသက် ၉ နှစ်၊ ပြိုင်ဘက်တွေက ၁၁ နှစ် ဒါပေမယ့် သူအားလုံးကို လိမ်ခေါက်သွားတယ်။ ခင်ဗျားသားမှာ ဆန်းတို့စ်အသင်းစတိုင် ရှိတယ်လို့ နည်းပြက ပြောလာပါတယ်။ 

    နေးမာ၊ ရော်ဘင်ဟိုနဲ့ ဂန်ဆိုတို့လို ကစားသမားတွေ ထွက်တာကြောင့် ဆန်းတို့စ်ကလည်း တော်တော်နာမည်ကြီးတာ။ 

    ရော်ဒရီဂိုကလည်း အဖေ ကျွန်တော် အဲဒီအသင်းမှာ ကစားချင်တယ်ဗျာ ဆိုပြီး တကျီကျီပဲ 

    ဆန်းတို့စ် ဇာတ်လမ်း 

    ဆန်းတို့စ်ကို ၇ နာရီအရောက်သွားရမှာဆိုတော့ အမေကပဲ အားလုံး လုပ်ပေးတယ်။ 

    မနက် ၄ နာရီဆို အမေနိုးပြီ။ အိပ်နေတဲ့ကျွန်တော့်ကို အင်္ကျီ၊ ဘောင်းဘီ၊ ခြေစွတ် အားလုံး၀တ်ပေးတယ်။ ကျောင်းအင်္ကျီကို ခေါက်ထည့်ပေးလိုက်တယ်။ ကားထဲကို ချီပြီးထည့်ပေးတယ်။ ကျွန်တော့်ခေါင်းအောက်မှာ ခေါင်းအုံးထည့်ပေးတယ်။ 

    ကျွန်တော့်ဦးလေးက ဆန်းတို့စ်ကို ကားမောင်းပို့ပေးတယ်။ လမ်းမှာ ကျွန်တော်နိုးလာပြီး မုန့်စားတတ်တယ်။ လေ့ကျင့်ရေးပြီးရင် အိုဆက်စ်ကိုပြန်ပြီး ကျောင်းတက်ရတယ်။ ပြီးရင် ဆော်ပေါ်လိုမှာ ဖူဆယ်သွားကစားတယ်။ 

    အမှန်ပြောရင် တော်တော်ကို ခက်ခဲခဲ့ပါတယ်။ 

    ပြင်းပြသူ

    ရည်မှန်းချက်တွေက ကျွန်တော့်ကို တွန်းအားပေးနေတယ်။ ကျွန်တော်စိတ်မပျက်ဘူး။ လေ့ကျင့်ရေးမသွားရရင် ကျွန်တော် စိတ်ဆိုးတယ်။ ဘောလုံးကို ထိလိုက်တာနဲ့ အခက်အခဲတွေအားလုံး လွင့်ပါးသွားပါတယ်။ 

    ဆန်းတို့စ်မှာ အရွေးခံရတဲ့ အခြားကလေးတွေလည်း ရှိတယ်။ ဒါပေမယ့် လေ့ကျင့်ရေးလာဖို့ သူတို့မှာကားမရှိဘူး၊ ပိုက်ဆံမရှိဘူး။ အသင်းမှာလည်း လာမနေနိုင်ကြပါဘူး။ 

    ကျွန်တော်ကြတော့ စားဖို့ရှိတယ်၊ စောင့်ရှောက်မယ့် မိသားစုလည်း ရှိပါတယ်။ ပြီးပြည့်စုံတာမျိုး မဟုတ်ရင်တောင် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုံလောက်ခဲ့ပါတယ်။ 

    (ဆက်ရန်—–)