News @ M-Media

Author: Ko Lay

  • အုပ်စုဖွဲ့အဓမ္မကျင့်သူ ၄ ဦးကို အိန္ဒိယက ကြိုးပေးကွပ်မျက်မည်

    အုပ်စုဖွဲ့အဓမ္မကျင့်သူ ၄ ဦးကို အိန္ဒိယက ကြိုးပေးကွပ်မျက်မည်

    ဇူလိုင် ၉၊ ၂၀၁၈
    M-Media

    – ၂၀၁၂ ခုနှစ် ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်သူ ၄ ဦးအပေါ် လွန်ခဲ့တဲ့တစ်နှစ်က ချမှတ်ထားတဲ့ သေဒဏ်ကို အိန္ဒိယတရားရုံးချုပ်က နောက်ဆုံးအနေနဲ့ အတည်ပြုလိုက်ပါတယ်။

    အသက် ၂၃ နှစ်အရွယ် ကျောင်းသူကို ရက်ရက်စက်စက် အုပ်စုဖွဲ့ အဓမ္မကျင့်တဲ့ အဲဒီအဖြစ်အပျက်ကြောင့် အိန္ဒိယနိုင်ငံမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးကတော့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

    “တရားရုံးက အယူခံကို သုံးသပ်တာ တစ်နှစ်တောင်ကြာပါတယ်။ ဒါပေမယ့် ကျွန်တော့်သမီးဟာ နောက်ဆုံးမှာ တရားမျှတမှုကို ရရှိသွားတဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်” လို့ သေဆုံးသူရဲ့ ဖခင် ဘဒ်ရီနသ်ဆင်းက ပြောကြားခဲ့ပါတယ်။

    အဓမ္မကျင့်မှုအတွက် လူ ၆ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၁ ဦးက ၂၀၁၃ ခုနှစ် ထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ နောက်ထပ်တစ်ဦးက အသက်မပြည့်သေးတဲ့အတွက် လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ထောင်ဒဏ် ၃ နှစ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ လွတ်မြောက်ခဲ့ပါတယ်။ နောက်ဆုံး ၄ ဦးကို ကြိုးပေးကွပ်မျက်ဖို့အတွက် အိန္ဒိယတရားရုံးချုပ်က ၂၀၁၇ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒေလီက အဲဒီအဓမ္မကျင့်မှုနောက်ပိုင်း အိန္ဒိယအစိုးရက ဥပဒေတွေကို ပိုမိုတင်းကျပ်ခဲ့ပေမယ့် အဓမ္မပြုကျင့်မှုဟာ လျော့ကျမသွားပါဘူး။

    ၂၀၁၆ ခုနှစ်မှာ အဓမ္မပြုကျင့်မှုအတွက် တိုင်ကြားမှုပေါင်း ၃၈၉၄၇ ခု ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၃ ထောင်ကျော် ပိုများလားခဲ့ပါတယ်။ မြို့တော်ဒေလီမှာ အဓမ္မကျင့်မှုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ၃ ဆကျော်လောက် တက်လာခဲ့ပါတယ်။

    Ref: Aljazeera

  • ဘေဂျင်းတွင် အာရပ်-တရုတ် ချစ်ကျည်ရေး ဒစ်ဂျစ်တယ်စာကြည့်တိုက် ဖွင့်လှစ်မည်

    ဘေဂျင်းတွင် အာရပ်-တရုတ် ချစ်ကျည်ရေး ဒစ်ဂျစ်တယ်စာကြည့်တိုက် ဖွင့်လှစ်မည်

    ဇူလိုင် ၉၊ ၂၀၁၈
    M-Media

    ဘုရင် အဘ်ဒူလ် အဇစ် စာကြည့်တိုက်

    – ကမ္ဘာ့ ပထမဆုံး အာရပ်-တရုတ်ချစ်ကျည်ရေး ဒစ်ဂျစ်တယ် စာကြည့်တိုက်ကို တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ မနက်ဖြန် စတင်ဖွင့်လှစ်မှာဖြစ်ပြီး တရုတ်-အာရပ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (CASCF) ရဲ့ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    အဲဒီ စာကြည့်တိုက်ကို အာရပ်လိဂ်၊ ဘုရင် အဘ်ဒူလ်အဇစ် စာကြည့်တိုက်နဲ့ တရုတ်အမျိုးသား စာကြည့်တိုက်တို့ ပူးပေါင်းကာ စီစဉ်ဖွင့်လှစ်တာဖြစ်ပြီး အာရပ်ကမ္ဘာနဲ့ တရုတ်နိုင်ငံတို့အကြား ပေါင်းကူးတံတား ဖြစ်လာဖို့၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်မှု တိုးမြှင့်ဖို့နဲ့ အသိပညာ ဖလှယ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    အာရပ်လိဂ် အဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံက စာကြည့်တိုက်တွေအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို ဒီစာကြည့်တိုက်က ခိုင်မာအားကောင်းစေမှာလည်း ဖြစ်ပါတယ်။

    ဘုရင် အဘ်ဒူလ်အဇစ် စာကြည့်တိုက် အကြီးအကဲ အဘ်ဒူလ် ကရင် အလ်-ဇိုက်က ဒီလို ဒစ်ဂျစ်တယ်စာကြည့်တိုက် ထူထောင်တာဟာ တရုတ်နဲ့ အသိပညာ၊ ယဉ်ကျေးမှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ယဉ်ကျေးမှုချင်း ပေါင်းကူးမှု တိုးမြှင့်ရေး ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဒစ်ဂျစ်တယ်စာကြည့်တိုက်ရဲ့ အကြီးအကဲ ဆာလေဟ် အလ်-မစ္စနဒ်က စာကြည့်တိုက်ဖွင့်လှစ်ခြင်းဟာ အာရပ်နဲ့ တရုတ်တို့ရဲ့ ယဉ်ကျေးမှုကို ခေတ်မီပြီး၊ စိတ်ဝင်စားဖွယ်ရာ နည်းလမ်းနဲ့ ဖော်ပြမှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    CASCF ဖိုရမ်ကို ၂၁ ရာစုအစကတည်းက စတင်လာတာဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ တရုတ်နဲ့ အာရပ်လိဂ်တို့က တရားဝင် တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    Ref : Arab News

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    ဇူလိုင် ၉၊ ၂၀၁၈
    M-Media

    မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် သူ့ကို ထောက်ခံသူများ

    နာဂျစ် အာမခံငွေအတွက် ထောက်ခံသူများ စုပေါင်းထည့်ဝင်
    =========
    မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်အတွက် အာမခံငွေ ပေးနိုင်ဖို့ သူ့ကို ထောက်ခံသူတွေက စုပေါင်းထည့်ဝင်ခဲ့ကြပါတယ်။ နာဂျစ်ဟာ နိုင်ငံပိုင်လုပ်ငန်း 1MDB က ငွေကြေး ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းခံခဲ့ရတာပါ။ ဒါပေမယ့် ရင်းဂစ် တစ်သန်းနဲ့ အာမခံရခဲ့ပြီး တစ်ဝက်ကို သူ့ရဲ့ သားသမီးနှစ်ဦးက ပေးချခဲ့ကြပါတယ်။ ဒုတိယတစ်ဝက်ကို ဒီကနေ့မှာ ပေးဆောင်ရမှာပါ။ သူ့ကို ထောက်ခံသူတွေဟာ ရင်းဂစ် ၃ သိန်းကျော် စုပေါင်းထည့်ဝင်ကာ မနေ့က ဂျလန် လန်ဂတ် ဒူတာမှာရှိတဲ့ နာဂျစ်အိမ်မှာ သွားရောက်ပေးအပ်ခဲ့ပါတယ်။

    ဂျပန်ရေကြီးမှု သေဆုံးသူ ၁၀၀ အထိ မြင့်တက်
    =========
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂျပန်နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ အရေတွက်ဟာ ၁၀၀ အထိ ရှိလာပြီလို့ အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံအလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေက ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရပြီး ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိနေပါတယ်။ ပြည်သူတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေး ကြန့်ကြာနေတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ လူပေါင်း ၂ သန်းလောက်ကို ဘေးကင်းရာရွှေ့ပြောင်းပို့ အာဏာပိုင်တွက အမိန့်ထုတ်ထားပေမယ့် တော်တော်များများက သူတို့ရဲ့ အိမ်တွေမှာပဲ ဆက်ရှိနေပါတယ်။

    အင်္ဂလန်တွင် အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှု ထပ်ဖြစ်
    ===================
    အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာ အာရုံကြောအဆိပ်ဓာတ်ငွေ့ Novichok နဲ့ ထိတွေ့မှုကြောင့် ဒေါန်း စတာဂတ်စ်ဆိုတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လန်ဒန်ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ Novichok ဟာ ပြီးခဲ့တဲ့ ၄ လက ရုရှားသူလျှိုဟောင်း ဆာဂျီ စကရီပါလ်နဲ့ သမီးဖြစ်သူတို့ကို လုပ်ကြံမှုမှာ အသုံးပြုခဲ့တဲ့ အဆိပ်ဓာတ်ငွေ့ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ရုရှားက လုပ်တယ်လို့ ဗြိတိန်က စွပ်စွဲထားပါတယ်။ စတာဂတ်စ်နဲ့အတူ အမျိုးသားတစ်ဦးလည်း ဒီဓာတ်ငွေ့ကို ရှူရှိုက်မိခဲ့ပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့ အနေအထား ရှိနေပါတယ်။

    တူရကီတွင် ရထားမှောက်မှုကြောင့် လူ ၁၀ ဦးသေဆုံး
    ==========
    တူရကီနိုင်ငံအနောက်မြောက်ပိုင်းမှာ ရထားတစ်စင်း မနေ့က လမ်းချော်တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ခရီးသည်ပေါင်း ၃၆၂ ဦး သယ်ဆောင်သွားတဲ့ အဲဒီရထားဟာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် လမ်းချော်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ သမ္မတ အာဒိုဂန်ကလည်း ထိခိုက်သေဆုံးသူတွေအတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA, Aljazeera

  • ပိတ်မိထိုင်းကလေးများအား ကယ်ဆယ်မှု ပြန်စ

    ပိတ်မိထိုင်းကလေးများအား ကယ်ဆယ်မှု ပြန်စ

    ဇူလိုင် ၉၊ ၂၀၁၈
    M-Media

    ယမန်နေ့ ကယ်ဆယ်မှု မြင်ကွင်း

    – ချန်ရိုင်းပြည်နယ်က ထန်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေနဲ့ နည်းပြကို ကယ်ဆယ်ရေး ဒုတိယနေ့လုပ်ငန်းကို ဒီနေ့မနက်မှာ ပြန်လည်စတင်ခဲ့ကြပါတယ်။

    မနေ့က ကလေးငယ် ၄ ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး ဂူအတွင်း အောက်ဆီဂျင် နည်းလာတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို ညပိုင်းမှာ ရပ်ဆိုင်းခဲ့ရတာပါ။ ဂူအတွင်းမှာ ကလေး ၈ ဦးနဲ့ သူတို့ရဲ့နည်းပြ စုစုပေါင်း ၉ ဦးကျန်ရှိနေပါသေးတယ်။

    ထိုင်းအာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းစဉ်ဟာ သူတို့ မျှော်လင့်ထားတာထက် ပိုပြီးတော့ အောင်မြင်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ထိုင်း Navy Seal တပ်ဖွဲ့က ဦးစီးပြီး ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေရဲ့ အကူအညီနဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    မနေ့ညက မိုးရွာသွန်းခဲ့ပြီး ဒီကနေ့မှာလည်း မိုးရွာမယ့်အနေအထား ရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းမှာ နှောင်နှေးကြန့်ကြာမှုတွေ ရှိလာနိုင်ပါတယ်။

    Ref: CNA

  • ကျူးကျော် အစ္စရေးအိမ်ယာများမှ ကုန်စည်များကို ပိတ်ပင်ရန် အိုင်ယာလန် ကြိုးပမ်း

    ကျူးကျော် အစ္စရေးအိမ်ယာများမှ ကုန်စည်များကို ပိတ်ပင်ရန် အိုင်ယာလန် ကြိုးပမ်း

    ဇူလိုင် ၈၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်ယာတွေကနေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေ ရယူအသုံးပြုမှုကို တားမြစ်တဲ့ မူကြမ်းတစ်ခုကို အိုင်ယာလန် အထက်လွှတ်တော်က ဇူလိုင်လ ၁၁ ရက်နေ့မှာ မဲခွဲဖို့ ရှိနေပါတယ်။

    Control of Economic Activity (Occupied Territories) Bill 2018 ((ကျူးကျော်ဒေသများမှ) စီးပွားရေး လုပ်ဆောင်မှုကို ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေ – ၂၀၁၈) လို့ အမည်ပေးထားတဲ့ အဲဒီမူကြမ်းကို အထက်လွှတ်တော်မှာ ဇန်န၀ါရီ ၂၄ ရက်နေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် အစ္စရေးရဲ့ကန့်ကွက်မှုကြောင့် ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့ရပြီး ဇန်ဝါရီ ၃၀ ရက်နေ့မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးဆိုင်ရာ အိုင်ယာလန်သံအမတ် အလီဆန် ကီလီ ဆင့်ခေါ်ကာ ဖြေရှင်းချက်တောင်းခဲ့ပါတယ်။ ကီလီက ဒီမူကြမ်းကို အစိုးရက ထောက်ခံမှုမရှိလို့ ပြောကြားခဲ့ပါတယ်။

    မူကြမ်းကို ဦးဆောင်တင်သွင်းခဲ့တဲ့ လွှတ်တော်အမတ် ဖရန့်စ် ဘလက်က ဒီမူကြမ်းကို ဆက်လက်ဆွေးနွေးသွားမယ်လို့ ဇွန်လ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပြီး တစ်ပတ်အကြာမှာပဲ လွှတ်တော်က ဒုတိယအကြီးဆုံး ပါတီဖြစ်တဲ့ Fianna Fail က မူကြမ်းကို မဲခွဲသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    အထက်လွှတ်တော်မှာ မဲခွဲလို့ အတည်ဖြစ်ရင်၊ အောက်လွှတ်တော်မှာ မဲခွဲရမှာဖြစ်ပြီး ဥပဒေအဖြစ် အသက်ဝင်လာဖို့တော့ နောက်တပ် သုံးသပ်မှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ရအုံးမှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနဲ့ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းတို့က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ ရောမသဘောတူညီချက်၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပေဒတွေနဲ့ ညီညွတ်ခြင်း မရှိပါဘူး။

    အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်ဖို့အတွက် နိုင်ငံတကာဥပဒေတွေ၊ သဘောတူညီချက်တွေကို အသုံးချခဲ့ပေမယ့်၊ အဲဒီ ဥပဒေတွေကို ထောက်ပြပြီး ပါလက်စတိုင်းတွေရဲ့ ရပိုင်ခွင့်ကို နိုင်ငံတကာက တောင်းဆိုရာမှာ လက်ခံလေ့ မရှိပါဘူး။

    အိုင်ယာလန်ဟာ လက်ရှိမှာ အစ္စရေးရဲ့ တရားဝမင်အိမ်ယာတွေကနေ ထုတ်ကုန်တော်တော်များများကို တင်သွင်းနေပါတယ်။ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေမှာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေက ကုန်ပစ္စည်းတွေကို တရားမ၀င်အဖြစ် သတ်မှတ်ထားပါတယ်။

    မူကြမ်းတင်သွင်းတဲ့ ဘလက်က ဒီလိုကြေငြာရုံနဲ့ အလုပ်မဖြစ်ဘဲ ဒီထုတ်ကုန်တွေ တင်ပို့မှုကို တားမြစ်ပိတ်ပင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

    ဆန့်ကျင်သူတွေက ဒါဟာ လွတ်လပ်စွာ ကုန်စည်ကူးသန်းမှုကို ချိုးဖောက်တာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပြီး မူကြမ်းတင်သွင်းသူတွေကတော့ နိုင်ငံတကာဥပဒေ၊ အိုင်ယာလန် ဥပဒေတွေနဲ့ ကိုက်ညီအောင် မူကြမ်းကို ပြင်ဆင်ထားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဥရောပက ဂျူးတွေ တရားမ၀င် ၀င်ရောက်လာကာ ပါလက်စတိုင်းပြည်သူတွေကို မောင်းထုတ်ခဲ့ပြီးတဲ့နောက် သမိုင်းဝင် ပါလက်စတိုင်းဒေသကို ဂျူးနိုင်ငံနဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် ၁၉၄၈ ခုနှစ်မှာ ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့ပေမယ့် အစ္စရေးဟာ သူတို့ကိုပေးထားတဲ့ ပိုင်နက်အပြင် ပါလက်စတိုင်းတွေရဲ့ ပိုင်နက်ကိုပါ နည်းလမ်းပေါင်းစုံနဲ့ တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။

    Ref: Aljazeera