News @ M-Media

Author: Ko Lay

  • ခြစားမှုဖြင့် ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကို ဆော်ဒီဖမ်းဆီး

    ခြစားမှုဖြင့် ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကို ဆော်ဒီဖမ်းဆီး

    ဇူလိုင် ၁၁၊ ၂၀၁၈
    M-Media

    ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦး

    – ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကို ခြစားမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီ ရှေ့နေချုပ် ရှိခ် ဆာအွဒ် ဘင် အဘ်ဒူလာဟ် အလ်-မူအာဂျဘ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီတာဝန်ရှိသူဟာ ကုမ္ပဏီတစ်ခုထံကနေ မသမာတဲ့နည်းလမ်းနဲ့ ငွေကြေးတွေကို ရယူခဲ့တယ်ဆိုတာ တွေ့ရကြောင်း ရှေ့နေချုပ်က ဆိုပါတယ်။ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ခြင်း မပြုပါဘူး။

    ရှေ့နေချုပ်က အာဏာကို အလွဲသုံးစားလုပ်ပြီး ကန်ဒေါ်လာ ၂၆၀၀၀၀ လာဘ်စားခဲ့တဲ့ အဲဒီသူဟာ ‘ယုံကြည်မှုကို ဖောက်ဖျက်ခဲ့တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ တာဝန်ရှိသူနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၂ ဦးကိုလည်း ဆော်ဒီအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ဟာ ဆော်ဒီ တော်ဝင်မင်းသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခြစားမှုစွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

    တစ်ချို့တွေက သူတို့တွေ မသမာတဲ့နည်းလမ်းနဲ့ ရယူထားတဲ့ ငွေကြေးတွေကို နိုင်ငံတော်ကို ပြန်ပေးဖို့ သဘောတူချက်နဲ့ လွတ်မြောက်လာကြပြီး၊ တစ်ချို့တွေကတော့ တရားစွဲဆို ခံခဲ့ရပါတယ်။

    Ref: Alarabiya

  • ဥရောပကို ရုရှားရန်မှ ကာကွယ်ပေးရမှု မထိုက်တန်ဟု ထရမ့် ထုတ်ပြော

    ဥရောပကို ရုရှားရန်မှ ကာကွယ်ပေးရမှု မထိုက်တန်ဟု ထရမ့် ထုတ်ပြော

    ဇူလိုင် ၁၁၊ ၂၀၁၈
    M-Media

    နေတိုးအတွင်းရေးမှူးနှင့် ထရမ့်တို့ တွေ့ဆုံမှု

    – ရုရှားထံကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ၀ယ်ယူထားတာကြောင့် ဂျာမနီဟာ ရုရှားရဲ့ ထောင်ချောက်ထဲ မိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပါတယ်။

    ဒီကနေ့မှာ စတင်မယ့် နေတိုးအဖွဲ့ အစည်းအဝေးမတိုင်ခင် အဖွဲ့အတွင်းရေးမှူး ဂျန်စ် တိုလ်တန်ဘာ့ဂ်နဲ့ တွေ့ဆုံစဉ်မှာ ထရမ့်က ဒီလိုပြောကြားလိုက်တာပါ။

    ဂျာမနီဟာ ရုရှားဆီကနေ ဒီလို စွမ်းအင်တွေ ၀ယ်နေတဲ့အချိန် ဥရောပကို ရုရှားရန်ကနေ ကာကွယ်ရေးအတွက် အမေရိကန်က အကုန်အကျခံနေရတာ မသင့်လျော်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

    “သူတို့က ရုရှားကို ဒေါ်လာ ဘီလီယံချီ ပေးနေပြီး ကျွန်တော်တို့က သူတို့ကို ရုရှားရန်ကနေ ကာကွယ်ပေးနေရတယ်။ ကျွန်တော်သိသလောက်ဆိုရင် သူတို့ရဲ့ စွမ်းအင်အများစုကို ရုရှားဆီကနေ ရနေတာကြောင့် ဂျာမနီဟာ ရုရှားရဲ့ ထောင်ချောက်ထဲ ကျရောက်နေပါတယ်”

    ဂျာမနီနဲ့ ရုရှားအကြား သဘာဝဓာတ်ငွေ့ပိုင်လိုင်း သွယ်တန်းမှု ကိစ္စအတွက် နေတိုအဖွဲ့ဝင်တွေအကြေား သဘောထားမတိုက်ဆိုင်မှု ဖြစ်နေတယ်ဆိုတာ စတိုလ်တန်ဘာ့ဂ်က ၀န်ခံခဲ့ပါတယ်။

    ရုရှားက ဓာတ်ငွေ့ကို ဘော့လ်တစ်ပင်လယ်ကိုဖြတ်ပြီး သယ်ယူမယ့် ဒုတိယမြောက်ပိုက်လိုင်း တည်ဆောက်ရေးအတွက် ဂျာမနီက စီစဉ်နေပြီး ဒီအတွက် ဥရောပမှာရှိတဲ့ အခြားနိုင်ငံတွေက ကန့်ကွက်ထားပါတယ်။

    ဒီစံကိန်းကိုသာ ဆက်လုပ်မယ်ဆိုရင် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ အမေရိကန်ကလည်း သတိပေးထားပါတယ်။

    Ref: Aljazeera

  • ဂူတွင်း ပိတ်မိနေသည့် ထိုင်းကလေးများ အကုန်လွတ်မြောက်ပြီ

    ဂူတွင်း ပိတ်မိနေသည့် ထိုင်းကလေးများ အကုန်လွတ်မြောက်ပြီ

    ဇူလိုင် ၁၀၊ ၂၀၁၈
    M-Media

    – ထိုင်းနိုင်ငံမြောက်ပိုင်း ထန်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်အဖွဲ့က နောက်ဆုံးအသုတ်ကို ဒီကနေ့မှာ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    တနင်္ဂနွေနေ့က ကလေး ၄ ဦး၊ တနင်္လာနေ့က ကလေး ၄ ဦး ကယ်ထုတ်ပြီးတဲ့နောက်ပိုင်း ဂူထဲမှာ နောက်ထပ် ကလေးငယ် ၄ ဦးနဲ့ နည်းပြတစ်ဦး စုစုပေါင်း ၅ ဦးသာ ကျန်ရှိတော့တာပါ။

    ကယ်ဆယ်ရေးကို အဓိကတာဝန်ယူနေတဲ့ ထိုင်း Navy Seal တပ်ဖွဲ့က ကျန်ရှိနေတဲ့ ၅ ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး၊ ၁၃ ယောက်စလုံး ဘေးအန္တရာယ်ကင်းကြောင်း၊ တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ကလေးတွေကို စောင့်ရှောက်ပေးခဲ့တဲ့ ဆရာဝန်သာ ဂူထဲမှာကျန်ရှိတော့ကြောင်း ဒီနေ့ညနေ သူတို့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အာဏာပိုင်တွေကတော့ ကလေးတွေရဲ့အခြေအနေကို တရားဝင် ထုတ်ပြန်ခြင်း မပြုသေးပါဘူး။

    Wild Boars လို့ အမည်ပေးထားတဲ့ ဘောလုံးအသင်းနဲ့ သူတို့ရဲ့ နည်းပြဟာ ဇွန်လ ၂၃ ရက်နေ့မှာ ထန်လွန်ဂူထဲ ဘောလုံဝင်ကန်ရင်း မိုးကြီးကာ ဂူထဲ ရေတွေဝင်လာမှုကြောင့် ပြန်ထွက်မရ ဖြစ်ခဲ့ပါတယ်။

    ထိုင်းအာဏာပိုင်တွေနဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပူးပေါင်းကာ အပြင်းအထန် ရှာဖွေပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

    Ref: CNA

  • ဂူထဲမှ ထိုင်းကလေး စုစုပေါင်း ၈ ဦးကို ကယ်ထုတ်နိုင်ကာ ၅ ဦးသာ ကျန်ရှိ

    ဂူထဲမှ ထိုင်းကလေး စုစုပေါင်း ၈ ဦးကို ကယ်ထုတ်နိုင်ကာ ၅ ဦးသာ ကျန်ရှိ

    ဇူလိုင် ၉၊ ၂၀၁၈
    M-Media

    – ထန်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေထဲက ၄ ဦးကို ဒီကနေ့မှာ ထပ်မံ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအကြီးအကဲ Narongsak Osottanakorn က သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

    ဒီကနေ့ ကယ်ဆယ်ရေးလုပ်ငန်းဟာ ၉ နာရီ ကြာမြင့်ခဲ့ပြီး မနေ့က ကယ်ဆယ်ရေးလုပ်ငန်းထက် ၂ နာရီ ပိုမြန်ခဲ့ပါတယ်။ ကလေးတစ်ဦးချင်းစီကို အောက်ဆီဂျင်မျက်နှာဖုံးတပ်ပြီး ရေငုပ်သမားနှစ်ဦးက အရှေ့အနောက် ခြံရံကာ ဂူတစ်လျှောက် လမ်းပြကြိုးအတိုင်း ခေါ်ဆောင်လာတာဖြစ်ပြီး ဂူအ၀က အခြေစိုက်စခန်းကို ရောက်ဖို့အတွက် ရွှံ့ရေအောက်မှာ ၃ နာရီကြာ ငုပ်သွားရတာ ဖြစ်ပါတယ်။

    Narongsak Osottanakorn က ကယ်ဆယ်ရေးမှာ လူများလာတာ၊ မနေ့က ကယ်ဆယ်ရေးလုပ်ငန်းကနေ အတွေ့အကြုံတွေ ရခဲ့တာကြောင့် ဒီလို ပိုမြန်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကနေ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ ရေငုပ်သမား ၁၈ ဦး အပါအ၀င် လူ ၁၀၀ ကျော်လောက် ပါဝင်ခဲ့ပါတယ်။

    “ဒီနေ့ ကျွန်တော်တို့ ယုံကြည်မှု ပိုရှိလာတယ်။ ပိုလည်း မြန်လာပါတယ်။ အဲဒီအတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ကို ကူညီပေးခဲ့တဲ့ သူတွေအားလုံးကို တိုင်းပြည်ကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ Narongsak Osottanakorn က ပြောကြားခဲ့ပါတယ်။

    ဒီနေ့ကယ်ဆယ်ထားတဲ့ ၄ ဦးဟာ မနေ့က လေးယောက်ထက် အခြေအနေပိုကောင်းပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သူက ဆိုပါတယ်။

    “သူတို့အားလုံး သတိရနေကြပါပြီ။ ကျန်တဲ့ ၅ ယောက်ရဲ့ အခြေအနေလည်း ကောင်းတယ်လို့ ဆရာဝန်က ပြောပါတယ်”

    ကျန်တဲ့ ကလေးငယ် ၄ ဦးနဲ့ နည်းပြတို့ကို မနက်ဖြန်မှာ ကယ်ထုတ်နိုင်ရေး တာဝန်ရှိသူတွေဟာ ဒီကနေ့ညပိုင်းမှာ အစီအစဉ်တွေ ရေးဆွဲနေကြပါတယ်။

    ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ဒီကနေ့ ကယ်ဆယ်ရေးလုပ်ငန်းကို လာရောက်ကြည့်ရှုခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။

    တိုင်း Navy Seal တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ကို တွေ့ဆုံစဉ်အတွင်း ၀န်ကြီးချုပ်က ဒီအဖြစ်အပျက်ကနေ သင်ခန်းစာတွေ ကောင်းကောင်း ရခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှာ နောက်ထပ် ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • နိုင်ငံဖြတ် တရုတ်ရေနံပိုင်လိုင်းကြောင့် ရခိုင်ပြည်သူများ နစ်နာမှု မြင့်တက်

    နိုင်ငံဖြတ် တရုတ်ရေနံပိုင်လိုင်းကြောင့် ရခိုင်ပြည်သူများ နစ်နာမှု မြင့်တက်

    ဇူလိုင် ၉၊ ၂၀၁၈
    M-Media

    မြန်မာစစ်တပ်၏ ကာကွယ်မှုကို အပြည့်အ၀ ရထားသည့် နိုင်ငံဖြတ် တရုတ်ပိုက်လိုင်း

    – လက်ရှိ ဆောက်လုပ်ဆဲ တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေယာဆုံးရှုံးမှုတွေ ရှိတဲ့အတွက် ရခိုင်ပြည်သူတွေဟာ ပြီးခဲ့တဲ့လတွေမှာ မကြာခဏဆိုသလို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်အထိ သွယ်တန်းထားတဲ့ အဲဒီ ပိုက်လိုင်းဟာ မြန်မာနိုင်ငံကို ကန့်လန်ဖြတ်သွားပြီး ရခိုင်ပြည်နယ်ကထွက်တဲ့ ဓာတ်ငွေ့နဲ့ အရှေ့အလယ်ပိုင်းက တင်သွင်းတဲ့ ရေနံတွေကို တရုတ်နိုင်ငံကို တင်ပို့ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ဧပြီလ ၂၆ ရက်နေ့မှာ အမ်းမြို့နယ်က လယ်သမားတွေဟာ ပိုက်လိုင်းကို အဓိက ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံပိုင်လုပ်ငန်း China National Petroleum Corporation (CNPC) ကို ဆန္ဒပြခဲ့ကြပြီး ပိုက်လိုင်းကြောင့် လယ်ယာတွေ ဆုံးရှုံးမှု၊ သီးနှံတွေ ပျက်ဆီးမှုတွေကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ CNPC ကို Petro-China လို့လည်း ခေါ်ဆိုပါတယ်။

    စီမံကိန်းကြောင့် ရခိုင်ပြည်သူတွေရဲ့ လယ်ယာမြေတွေ တော်တော်များများ အသိမ်းခံခဲ့ရပြီး အဲဒီမြေအတွက် လျော်ကြေးမရမှုကို မကျေနပ်တာကြောင့် မတ်လ ၂၂ ရက်နေ့မှာ ရခိုင်လယ်သမား ၁၀၀၀ လောက်ဟာ Petro-China ကို ဆန္ဒပြခဲ့ကြပါတယ်။

    ပိုက်လိုင်းစီမံကိန်းမှာ အရာရှိနဲ့ ကျွမ်းကျင်လုပ်သားတွေကို တရုတ်နိုင်ငံကနေ ခေါ်ယူအသုံးပြုပြီး ဒေသခံတွေကို ကာယလုပ်သားအဖြစ်သာ ခန့်အပ်မှုအပေါ် ရခိုင်ပြည်သူတွေက ဝေဖန်နေကြပါတယ်။

    ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန်တစ်ခုနဲ့ ရေနက်ဆိပ်ကမ်းတစ်ခု ဆောက်လုပ်နေပြီး တရုတ်နိုင်ငံပိုင် လုပ်ငန်းက ရှယ်ယာအများစုကို ရယူထားကာ၊ မြန်မာအစိုးရကတော့ အနည်းငယ်ပဲ ပါဝင်ပါတယ်။ မြန်မာအစိုးရဟာ တရုတ်ထံကနေ အတိုးနဲ့ ငွေချေးကာ ဒီစီမံကိန်းမှာ ထည့်ဝင်ထားရပြီး ကျွမ်းကျင်သူတွေက မြန်မာနိုင်ငံဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျဆင်းမယ့်အန္တရာယ် ရှိနေတယ်လို့ သတိပေးထားပါတယ်။

    Ref : Economic Times