News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၃)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၃)

    စက်တင်ဘာ ၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အနောက်ဖက်ကမ်းက တူလ်ကရင်မြို့မြင်ကွင်း)

    ပေါင်မု့န်တန်းစီနေသူတွေ အသတ်ခံရ
    ——————
    ဂါဇာကမ်းမြှောင် ဂျာဘာလီယာ ဒုက္ခသည်စခန်း စစ်ရှောင်တွေ ခိုလှုံနေတဲ့ ကုလစာသင်ကျောင်းရှေ့က ပေါင်မုန့်ဆိုင်တစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။

    ပါလက်စတိုင်း ကလေးတစ်ဦး စနိုက်ပါဖြင့် ပစ်ခံရ
    ——————
    အနောက်ဖက်ကမ်း တူလ်ကရင်မြို့မှာ အစ္စရေးစနိုက်ပါသမား လက်ချက်ကြောင့် ဒုက္ခသည်စခန်းက မိုဟာမက် ကာနန်ဆိုတဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူက ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စတင်တဲ့ အနောက်ဖက်ကမ်းက အစ္စရေးရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၀ ထက် မနည်း ရှိလာပြီ ဖြစ်ပါတယ်။

    အစ္စရေးပြည်သူများ ဆန္ဒပြမှု ပိုမိုအားကောင်းလာ
    —————
    ဂါဇာမှာအပစ်ရပ်ပြီး ဟားမက်စ်က ဖမ်းသွားတဲ့ သူတွေကို ကယ်တင်ဖို့ အစ္စရေးပြည်သူတွေရဲ့ ဆန္ဒပြမှုဟာ ပိုမိုအားကောင်းလာခဲ့ပြီး အစ္စရေးအစိုးရကလည်း ဆန္ဒပြသူတွေကို ပိုမိုဖမ်းဆီးမှုတွေ လုပ်ဆောင်လာပါတယ်။

    ဂျော်ဒန်ဘုရင်က အစ္စရေးကို ရှုတ်ချ
    —————
    အနောက်ဖက်ကမ်းမှာ အစ္စရေးက စီးနင်းတိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာတာကို ဂျော်ဒန်ဘုရင် အဘ်ဒူလာက ထပ်မံရှုတ်ချလိုက်ပါတယ်။ ဒီလုပ်ရပ်တွေဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera


  • စက်တင်ဘာ ၂ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂၊ ၂၀၂၄
    M-Media

    ထွက်ပြေး၀န်ကြီးချုပ် လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

    သြဂုတ်လ ၅ ရက်နေ့က နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာကို ပြန်လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုမှုတွေ ရှိလာပါတယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး အခုလိုတောင်းဆိုမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ထိုင်းအစိုးရသစ် ယခုတစ်ပတ်အတွင်း ပေါ်လာမည်

    အစိုးရဖွဲ့ဖို့ လူရွေးထားပြီး အခုတစ်ပတ်အတွင်း ဘုရင်ရဲ့ သဘောတူညီချက် ရယူသွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပေထုံတန် ရှင်နာ၀ပ်ထရာက ပြောပါတယ်။ လက်ရှိအိမ်စောင့်အစိုးရက နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး၀န်ကြီးတွေ ပြန်ပါလာဖို့ ရှိပေမယ့် မျက်နှာသစ် ၀န်ကြီးနဲ့ ဒု၀န်ကြီး အနည်းဆုံး ၁၁ ဦး ပါလာမယ်လို့ ထိုင်းပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ပေထုံတန်ဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံးနဲ့ ဒုတိယမြောက် အမျိုးသမီး၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။

    ဖိလစ်ပိုင်မုန်တိုင်း ၁၀ ဦးကျော်သေဆုံး

    ဖိလစ်ပိုင်နိုင်ငံမှာ ၂ ရက်တာ ကြာမြင့်နေပြီဖြစ်တဲ့ မုန်တိုင်းရဲ့ နောက်ဆက်တွဲ မိုးကြီးပြီး၊ ရေလျှံမှုကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားနေရပါတယ်။

    ပုပ်ရဟန်းမင်းကြီး၏ အာရှခရီးစဥ် စတင်

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အာရှဒေသ ၁၂ ရက်တာ ခရီးစဥ်ဟာ စက်တင်ဘာ ၂ ရက်နေ့မှာ စတင်ပါတယ်။ အင်ဒိုနီးရှား၊ ပါပူအာနယူးဂီနီ၊ တီမောလက်စ်တေနဲ့ စင်ကာပူတို့ကို လာရောက်မှာပါ။ ရဟန်းမင်းဖြစ်ပြီးနောက် အကြာဆုံး ပြည်ပခရီးစဥ် ဖြစ်လာမှာဖြစ်ပြီး မတူညီတဲ့ ဘာသာရေး၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

    Ref: CNA

  • စက်တင်ဘာ ၁ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၁ ရက်နေ့ သတင်းတို

    M-Media

    ဂါဇာတွင် ပိုလီယိုကာကွယ်ဆေးစီမံကိန်း ပြန်စ
    —————–
    အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ၁၁ လကြာ ခံနေရတဲ့ ဂါဇာကမ်းမြှောင်မှာ စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး ပိုလီယိုကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်နေပါတယ်။ တိုက်ခိုက်မှုကြောင့် ကျန်းမာရေးစနစ် ချို့ယွင်းပြီး ပိုလီယိုရောဂါ ပြန်လည်ဖြစ်ပွားလာတာကြောင့် ကုလသမဂ္ဂ၊ အာရပ်နိုင်ငံတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေ ပူးပေါင်းပြီး ကာကွယ်ဆေးစီမံကိန်းကို ပြန်လည်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

    အထောက်အထားမဲ့များအတွက် ၂ လတာ ကင်းလွတ်ခွင့်ပေးထားတဲ့ ယူအေအီး
    ————-
    အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို အထောက်အထားပြန်လုပ်ဖို့၊ ဒါမှမဟုတ် တိုင်းပြည်က ထွက်ခွာချင်ရင် ထွက်ခွာဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးက) ကင်းလွတ်ခွင့် ၂ လတာ သတ်မှတ်ပေးလိုက်ပါတယ်။ စက်တင်တာ ၁ ရက်ကနေ အောက်တိုဘာလကုန်အထိ ကြာမြင့်မှာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း ယူအေအီး လူ၀င်မှုကြီးကြပ်ရေးဌာနနဲ့ သက်ဆိုင်ရာသံရုံးတွေကို ဆက်သွယ်ကာ အထောက်အထားတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ယူအေအီးမှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားသားတွေ အများဆုံး ရှိနေပါတယ်။

    စွမ်းအင်လုပ်ငန်းအတွက် အမေရိကန်ကို အီရတ် စွဲဆောင်မည်
    ————
    ရေနံ၀န်ကြီးရဲ့ မကြာခင်သွားမယ့် အမေရိကန်ခရီးစဥ်မှာ ဓာတ်ငွေ့လုပ်ကွက် အနည်းဆုံး ၁၀ ခုလောက်ကို ကန်ရင်းနှီးမြှုပ်နှံသူတွေကိုပေးဖို့ အီရတ်က စီစဥ်ထားပါတယ်။ အီရတ်ဟာ အခုနှစ်အကုန်မှာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာအောင်လုပ်ဖို့ စီစဥ်နေပြီး ပြီးခဲ့တဲ့ လိုင်စင်ဖွင့်လှစ်မှုတွေမှာ တရုတ်ကုမ္ပဏီတွေက အများဆုံး ရရှိခဲ့ပါတယ်။ ဓာတ်ငွေ့မှာ အီရန်ကိုမှီခိုနေရတဲ့ အီရတ်ဟာ ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းကို ပိုမို တိုးတက်အောင် စီစဥ်နေပါတယ်။

    Ref: Arab News, Khaleej Times

  • အနောက်ဖက်ကမ်းက အစ္စရေး၏ ပိတ်ဆို့လူသတ်ပွဲ ၅ ရက်ရှိပြီ

    အနောက်ဖက်ကမ်းက အစ္စရေး၏ ပိတ်ဆို့လူသတ်ပွဲ ၅ ရက်ရှိပြီ

    စက်တင်ဘာ ၁၊ ၂၀၂၄
    M-Media

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသ ဂျီနင်မြို့က အစ္စရေးရဲ့ ပိတ်ဆို့လူသတ်ပွဲဟာ ၅ ရက်တာ ကြာမြင့်လာပြီဖြစ်ပြီး အသတ်ခံရသူ ၁၄ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

    ဂျီနင်မြို့နဲ့ မြို့ထဲက ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးက စစ်တပ်အလုံးအရင်းနဲ့ ပိတ်ဆို့ အကြမ်းဖက် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ နေအိမ်တွေ၊ အခြေခံအဆောက်အဦးတွေလည်း ဖျက်ဆီးခံထားရပြီး၊ တစ်မြို့လုံးရဲ့ ရေလိုင်းနဲ့ ဓာတ်အားလိုင်းတွေကိုလည်း အစ္စရေးက ဖြတ်တောက်ထားပါတယ်။

    ၁၁ လကြာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ ပါလက်စတိုင်း ၅ သောင်းနီးပါး အသတ်ခံထားရပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ဂါဇာက လူသတ်ပွဲစတဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစတင်ပြီး အနောက်ဖက်ကမ်းမှာလည်း အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ မြင့်တက်လာတာပါ။

    လက်ရှိအချိန်မှာတော့ တပ်ဖွဲ့တွေနဲ့ ပိတ်ဆို့ပြီး ဂါဇာကလို လူအဖွဲ့အစည်းတစ်ခုလုံး ရှင်းလင်းသတ်ဖြတ်မှုမျိုး လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

    (ဓာတ်ပုံ- ဂျီနင်မြို့က သစ်သီးစျေးတစ်ခုကို အစ္စရေးက မီးရှို့ဖျက်ဆီးထားမှု)

  • ဆေးရုံယာဥ်တန်းကို အစ္စရေးက ဒုံးကျည်ဖြင့် တိုက်ခိုက်

    ဆေးရုံယာဥ်တန်းကို အစ္စရေးက ဒုံးကျည်ဖြင့် တိုက်ခိုက်

    သြဂုတ် ၃၁၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – World Central Kitchen ယာဥ်တန်း တိုက်ခိုက်ခံရမှု)

    -ဂါဇာကမ်းမြှောင်က Emirati ဆေးရုံဆီ ဆေး၀ါးနဲ့ ကိရိယာ သွားရောက်ပို့ဆောင်တဲ့ ယာဥ်တန်းကို သြဂုတ်လ ၂၉ ရက်နေ့မှာ အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အကူအညီပေးရေး၀န်ထမ်း ၂၈၀ ကျော် သတ်ဖြတ်ခံထားရပါတယ်။

    Emirati ဆေးရုံယာဥ်တန်း တိုက်ခိုက်ခံရမှုကို အမေရိကန် အကူအညီပေးရေးအဖွဲ့ American Near East Refugee Aid (Anera) ကလည်း အတည်ပြု ပြောဆိုပါတယ်။ ဒီယာဥ်တန်းဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို ခံယူပြီးမှ ထွက်ခွာခွင့် ရခဲ့တာဖြစ်ပါတယ်။

    အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်သွေးကြွတွေက ယာဥ်တန်းကို စီးနင်းသိမ်းပိုက်တဲ့အတွက် တိုက်ခိုက်ရတာလို့ ဖော်ပြပါတယ်။ ခိုင်မာတဲ့ သက်သေအထောက်အထား ပြတာမျိုး မရှိပါဘူး။

    သြဂုတ်လ ၂၈ ရက်နေ့ကလည်း World Food Programme ယာဥ်တန်းကို အစ္စရေးက ပစ်ခတ်ခဲ့ပါတယ်။ ဂါဇာမှာ လခြမ်းနီအဖွဲ့ အပါအ၀င် အကူအညီပေးရေး အဖွဲ့တွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ရာမှာ ဧပြီလအတွင်းက World Central Kitchen ယာဥ်တန်း တိုက်ခိုက်ခံရမှုကို ကမ္ဘာတစ်၀ှမ်းက ၀ေဖန် ရှုတ်ချခဲ့ကြပါတယ်။

    Ref: Aljazeera