News @ M-Media

Author: Ko Lay

  • သူတစ်ပါးကို မပုတ်ခတ်ဘဲ မိမိကိုယ်ကို မြှင့်တင်ခြင်းဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် မလေးဘုရင် ပြော

    သူတစ်ပါးကို မပုတ်ခတ်ဘဲ မိမိကိုယ်ကို မြှင့်တင်ခြင်းဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် မလေးဘုရင် ပြော

    သြဂုတ် ၂၇၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ညီလာခံပြီးနောက် တွေ့ရသည့် ဘုရင် မူအီဇူဒင် (လယ်) နှင့် တာ၀န်ရှိသူများ)

    -အကြောက်တရား ရိုက်ထည့်ပေးခြင်းထက်၊ မိမိတို့စွမ်းအားကို ကိုယ်တိုင်မြှင့်တင်ခြင်းနဲ့သာလျင် မွတ်စလင် လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်ရေး ဆောင်ရွက်သွားရမယ်လို့ မလေးရှားက ဘုရင်တစ်ပါးဖြစ်တဲ့ ဆူလ်တန် နဇ်ရင် မူအီဇူဒင်ရှားက ပြောပါတယ်။

    အခုတစ်ပတ် အစောပိုင်းက ပြုလုပ်တဲ့ ၇၂ ကြိမ်မြောက် အစ္စလာမ့်ရေးရာကောင်စီ နှစ်ပတ်လည် ညီလာခံမှာ ဘုရင်ကြီးက ပြောကြားခဲ့တာပါ။ ဘုရင် မူအီဇူဒင်ရှားဟာ ကောင်စီဥက္ကဌဖြစ်ပြီး ညီလာခံကို ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

    အခြားဘာသာ၀င်တွေနဲ့ပတ်သက်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းမှာ အကြောက်တရား ရိုက်ထည့်ပေးခြင်းဟာ ကလေးငယ်တွေကို သရဲပုံပြင်တွေပြောပြီး ခြောက်လှန့်တာနဲ့ ဆင်တူကြောင်း၊ မွတ်စလင်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေကိုလည်း စိတ်အနှောက်အယှက်ဖြစ်စေကြောင်း ဘုရင်ကြီးက ဆိုပါတယ်။

    “အကြောက်တရားရိုက်ထည့်ခြင်းဟာ လူ့အဖွဲ့အစည်းကို အလွန်ထိခိုက်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု လျော့ကျစေတယ်။ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ ပြင်ပ၊ အထူးသဖြင့် ကမ္ဘာနဲ့ချီပြီး ယှဥ်ပြိုင်ရတဲ့ အခါမျိုးမှာ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်”

    လူ့အဖွဲ့အစည်းနဲ့ အစ္စလာမ်သာသနာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ဆီးစေတဲ့ လုပ်ရပ်မျိုးတွေကို မွတ်စလင်လူ့အဖွဲ့အစည်းက လုံး၀ လက်မခံဖို့လည်း ဘုရင် မူအီဇူဒင်က တိုက်တွန်းခဲ့ပါတယ်။

    ညီလာခံကို မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်နဲ့ အစိုးရ၀န်ကြီးတစ်ချို့လည်း တက်ရောက်ခဲ့ပါတယ်။

    Ref: The Straits Times


  • အလုပ်ရှင်များက ၀န်ထမ်းများကို အလုပ်ချိန်ပြင်ပ ဆက်သွယ်ခိုင်းစေမှု တားဆီးရေးဥပဒေတစ်ခု သြစတေးလျ ပြဌာန်းမည်

    အလုပ်ရှင်များက ၀န်ထမ်းများကို အလုပ်ချိန်ပြင်ပ ဆက်သွယ်ခိုင်းစေမှု တားဆီးရေးဥပဒေတစ်ခု သြစတေးလျ ပြဌာန်းမည်

    သြဂုတ် ၂၇၊ ၂၀၂၄
    M-Media

    -အလုပ်ချိန်နောက်ပိုင်း အလုပ်ရှင်က အလုပ်နဲ့ပတ်သက်တဲ့ ဆက်သွယ်ပြောဆိုမှုတွေကို လစ်လျူရှုနိုင်ရေး အာမခံချက်ပေးမယ့် ဥပဒေတစ်ခုကို သြစတေးလျက စက်တင်ဘာ ၂ ရက်နေ့မှာ စတင် အသက်သွင်းတော့မှာ ဖြစ်ပါတယ်။

    “Right To Disconnect” လို့ အမည်ပေးထားတဲ့ အဲဒီဥပဒေအရ အလုပ်ချိန်ပြင်ပ ဆက်သွယ်ခိုင်းစေမှုတွေကို မလုပ်ပေးရင် အရေးယူတတ်တဲ့ အလုပ်ရှင်တွေကို တားဆီးအရေးယူသွားမှာ ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ စတင်ပြီး အိမ်ကနေအလုပ်လုပ်တဲ့ဓလေ့ ကမ္ဘာမှာ ပိုမိုထွန်းကားလာပြီးတဲ့နောက် အလုပ်ချိန်ပြင်ပ ၀န်ထမ်းတွေရဲ့ ကိုယ်ပိုင်အချိန်တွေမှာပါ အလုပ်ရှင်တွေက အီးမေလ်း၊ စာတိုနဲ့ ဖုန်းတွေကနေတစ်ဆင့် ဆက်သွယ် ခိုင်းစေမှု မြင့်တက်လာခဲ့တာဖြစ်ပါတယ။

    ဒီဓလေ့ကြောင့် သြစတေးလျ ၀န်ထမ်းတစ်ဦးဟာ ၂၀၂၃ ခုနှစ်အတွင်း လုပ်ခလစာမရဘဲ အချိန်ပို အနည်းဆုံး ၂၈၁ နာရီ လုပ်ပေးခဲ့ရတယ်ဆိုတာ လေ့လာဆန်းစစ်မှုတွေမှာ တွေ့ရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ယှဥ်ရင် ကန်ဒေါ်လာ ၈၈ ဘီလီယံလောက် ၀န်ထမ်းတွေဖက်က နစ်နာနေတာ ဖြစ်ပါတယ်။

    Right To Disconnect လို ဥပဒေမျိုး ပြဌာန်းထားတာ ကမ္ဘာမှာ သြစတေးလျအပြင် နောက်ထပ် အနည်းဆုံး နိုင်ငံ ၂ ဒါဇင်လောက်ရှိနေပြီး ဥရောပနဲ့ လက်တင်အမေရိက နိုင်ငံတွေ ဖြစ်ပါတယ်။

    Ref: Reuters

  • ဘာသာရေးအကြမ်းဖက်တဲ့ အစ္စရေးစစ်သားများ

    ဘာသာရေးအကြမ်းဖက်တဲ့ အစ္စရေးစစ်သားများ

    သြဂုတ် ၂၈၊ ၂၀၂၄
    M-Media

    -ဂါဇာက ဗလီ၀တ်ကျောင်းတော်တစ်လုံးကို အစ္စရေးတပ်ဖွဲ့တွေက အကြမ်းဖက်ဖျက်ဆီးပြီး ကုရ်အာန်ကျမ်းစာကို ဆုတ်ဖြဲမီးရှို့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာပါတယ်။

    အစ္စရေးစစ်သားတွေရဲ့ လူမဆန်တဲ့ အပြုအမူပေါင်းများစွာထဲက တစ်ခုလည်းဖြစ်ပါတယ်။ ကုန်အာန်ကျမ်းစာကို ဆုတ်ဖြဲခြင်းဟာ ဘာသာရေး စော်ကားအကြမ်းဖက်မှုလို့ အစ္စလာမ်ဘာသာ၀င်တွေက မှတ်ယူပါတယ်။

    အစ္စရေးစစ်သားတွေရဲ့ ဒီလုပ်ရပ်ကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်-အစ္စလာမ်အသင်းတို့က ရှုတ်ချခဲ့ကြပါတယ်။

    ၁၁ လတာ ကြာမြင့်ပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ ပါလက်စတိုင်းပြည်သူ ၄ သောင်းကျော် အသတ်ခံထားရပြီး၊ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၁၀၊ သမိုင်း၀င် ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်း ဖျက်ဆီးခံထားရပါတယ်။


  • လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်

    လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်

    သြဂုတ် ၂၅၊ ၂၀၂၄
    M-Media

    -လက်ဘနွန်တောင်ပိုင်းက နေရာအများအပြားကို အစ္စရေးက ဒီနေ့မနက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

    လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာလို့ အစ္စရေးက ထုတ်ပြန်ခဲ့ပြီး ဟစ်ဇ်ဘိုလာကလည်း ရာနဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အစ္စရေးဖက်ကို ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

    အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့၀င် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ထုတ်ပြန်ပါတယ်။ ဒီအဖွဲ့ဟာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ အကြမ်းဖက်မှုတွေအတွက် လက်တုန့်ပြန် တိုက်ခိုက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

    ယီမင်က အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ကလည်း ဟစ်ဇ်ဘိုလာရဲ့ အင်အားနဲ့ တုန့်ပြန်မှုကို ချီးကျူးခဲ့ပြီး အစ္စရေးကို ရင်ဆိုင်ရာမှာ သူတို့လည်း ပါ၀င်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ- ဟစ်ဇ်ဘိုလာ၏ လက်တုန့်ပြန် တိုက်ခိုက်မှုကြောင့် အစ္စရေးအတွင်း ပျက်ဆီးမှုများ)

  • ဂိမ်းလောကမှာ ၀က်၀က်ကွဲ အောင်မြင်သွားတဲ့ ၀ူခုန်း

    ဂိမ်းလောကမှာ ၀က်၀က်ကွဲ အောင်မြင်သွားတဲ့ ၀ူခုန်း

    သြဂုတ် ၂၄၊ ၂၀၂၄
    M-Media

    -တရုတ်ထုတ် ဂိမ်းတစ်ခုဖြစ်တဲ့ Black Myth: Wukong ဟာ ဂိမ်းလောကမှာ နာမည်ကျော်သွားခဲ့ပြီး ၃ ရက်အတွင်း ဖလက်ဖောင်းပေါင်းစုံမှာ ၁၀ သန်းကျော် ရောင်းရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

    Black Myth: Wukong ဟာ နာမည်ကျော် ၀ူခုန်း၀တ္ထု ‘အနောက်ဖက်သို့ ခရီးသွားခြင်း’ ကို အခြေခံ ဖန်တီးထားတာပါ။ အရင်က ဒီ၀တ္ထုကို အခြေခံကာ ဇာတ်လမ်းတွဲရိုက်ခဲ့ရာမှာ ကမ္ဘာတစ်လွှား အောင်မြင်မှုတွေ ရခဲ့ပါတယ်။

    ဂိမ်းမှာ မျောက်မင်းစွန်း၀ူခွန်းကို ဇာတ်လိုက်အဖြစ် ကစားရမှာဖြစ်ပါတယ်။ ၀ူခုန်းဂိမ်း အောင်မြင်တာကြောင့် ဂိမ်းထဲမှာ ပါ၀င်တဲ့ တရုတ်နိုင်ငံက နေရာတွေကို လူတွေက စိတ်၀င်စားလာကြပြီး သွားရောက် လည်ပတ်မှုတွေ မြင့်တက်လာပါတယ်။

    ၀ူခုန်းဂိမ်းကို ၆ နှစ်ကျော်ကြာ ဖန်တီးခဲ့ရပြီး တရုတ်နိုင်ငံထုတ် ပထမဆုံး AAA အဆင့် ဂိမ်းလည်း ဖြစ်ပါတယ်။ ဂိမ်းကိုထုတ်လုပ်တဲ့ Game Science စတူဒီယိုနဲ့ ပိုင်ရှင် ဖန်းကျီတို့ဟာလည်း ဂိမ်းဖန်တီးမှု လောကမှာ လျင်လျင်မြန်မြန်ပဲ နာမည်ကျော်လာပါတယ်။

    Ref: South China Morning Post