News @ M-Media
Author: Ko Lay
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၂၈၊ ၂၀၁၈
    M-Media
    ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး ကျင်းပမည်
    ==============
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ဟာ တတိယနိုင်ငံတစ်ခုမှာ ထိပ်သီးအစည်းအဝေး ပြုလုပ်ဖို့အတွက် သဘောတူညီချက် ရရှိခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ လုပ်မယ်ဆိုတာကို ဒီကနေ့မှာ တရားဝင်သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ ပူတင်ရဲ့ နိုင်ငံခြားရေးအကြံပေး ယူရီ အူရှာကော့ဗ်က ဒီ ထိပ်သီးအစည်းအဝေးဟာ နိုင်ငံတကာ အခြေအနေတွေအတွက် အလွန်အရေးကြီးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    ပိုက်နက်ကို တစ်လက်မမှ မစွန့်လွှတ်ဟု အမေရိကန်ကို တရုတ်ပြော
    ============
    ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးရဖို့၊ ပြဿနာတွေ မဖြစ်ဖို့ နှစ်မြှုပ်ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် မိမိတို့ရဲ့ ပိုင်နက်ကို တစ်လက်မမှ မစွန့်လွှတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာတစ်ကို ပြောကြားလိုက်ပါတယ်။ မာတစ်ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးပြဿနာကို ဆွေးနွေးဖို့အတွက် ဘေဂျင်းကို ရောက်နေတာပါ။ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ ပုံမှန် ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီကလည်း အပြန်အလှန်လေးစားမှု၊ ထိပ်တိုက်မတွေ့ရေး ရှောင်ရှားမှုနဲ့သာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မာတစ်ကို ပြောကြားခဲ့ပါတယ်။
    စီးပွားရေး ဆိုးရွားအောင်လုပ်သူများကို အီရန်အဓိပတိ သတိပေး
    ============
    တိုင်းပြည်ရဲ့စီးပွားရေး ဆိုးရွားအောင် လုပ်တဲ့သူတွေကို အီရန် အဓိပတိ အယာတိုလာ ခါမေနီက သတိပေးလိုက်ပြီး ရီယဲလ်ငွေကြေးကျဆင်းမှုကြောင့် ဆန္ဒပြသူတွေကို အရေးယူသွားဖို့ တိုင်းပြည်ရဲ့ တရားရေးဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ အီရန်ရီယဲလ်ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း ၅၀ ရာခိုင်နှုန်းနီးပါးအထိ တန်ဖိုးကျဆင်းခဲ့ပြီး အဲဒီအတွက် တနင်္လာနေ့မှာ ပြည်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ပါတယ်။ သမ္မတ ရူဟာနီက အစိုးရ၀င်ငွေဟာ လျှော့သွားခြင်းမရှိဘဲ ရီယဲလ်တန်ဖိုး ကျဆင်းတယ်ဆိုတာ နိုင်ငံခြားမီဒီယာတွေရဲ့ ၀ါဒဖြန့်မှုသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    Ref : Aljazeera, CNA
  • မြောက်ကိုရီးယားက နျူလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဟု စောင့်ကြည့်အဖွဲ့ပြော
    မြောက်ကိုရီးယားက နျူလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဟု စောင့်ကြည့်အဖွဲ့ပြော
    ဇွန် ၂၈၊ ၂၀၁၈
    M-Media
    Punggye-ri နျူစမ်းသပ်စခန်းကို ဖောက်ခွဲဖျက်ဆီးမှု
    – စင်ကာပူထိပ်သီးအစည်းအဝေးမှာ နျူကင်းစင်ရေး ဆောင်ရွက်ဖို့ ကတိပြုခဲ့ပေမယ့် မြောက်ကိုရီးယားဟာ နျူသုတေသန အဆောက်အဦး အဆင့်မြှင့်တင်ဖို့အတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့ မြောက်ကို ရီးယားအရေး လေ့လာနေတဲ့ 38 North အဖွဲ့က ပြောကြားလိုက်ပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ အခုလအစောပိုင်း စင်ကာပူမှာ တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
    ဒါပေမယ့် မြောက်ကိုရီးယား နျူကင်းစင်ရေး၊ နျူလက်နက်တွေ ဖျက်သိမ်းရေး အချိန်အတိအကျကို မသတ်မှတ်နိုင်ခဲ့ဘဲ ထရမ့်က မြောက်ကိုရီးယား နျူကင်းစင်ရေးလုပ်ငန်းဟာ စတင်နေပြီလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
    38 North အဖွဲ့က မြောက်ကိုရီးယားရဲ့ နျူဓာတ်ပေါင်းဖို့ရှိရာ Yongbyon မှာ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေရုံသာ မကဘဲ အဆောက်အဦးတွေအသစ်တွေကိုလည်း ဆောက်လုပ်နေတယ်ဆိုတာ ဇွန်လ ၂၁ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုပုံရိပ်တွေအရ သိရကြောင်း သူတို့ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
    ယူရေနီယံသန့်စင်ရေး အဆောက်အဦးမှာ လုပ်ငန်းတွေ ဆက်လည်ပတ်နေပြီး၊ နျူဓာတ်ပေါင်းဖိုထားတဲ့ အဆောက်အဦးဆီကို ဆက်သွယ်ထားတဲ့ ကားလမ်းတစ်ခုအပြင် အဆောက်အဦးအသစ်တွေ ဆောက်လုပ်နေကြောင်း၊ ဒီလို လုပ်ဆောင်နေတာဟာ နျူကင်းစင်ရေး ဆောင်ရွက်မယ်ဆိုတဲ့ ကတိက၀တ်ကို အလေး
    မထားသလို ဖြစ်နေကြောင်းလည်း ဒီအဖွဲ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    နျူလက်နက်စမ်းသပ်မှု ၆ ကြိမ်အထိလုပ်ခဲ့တဲ့ Punggye-ri နျူစမ်းသပ်စခန်းကို ထရမ့်နဲ့ အစည်းအဝေးမတိုင်ခင် မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဆွေးနွေးပွဲအတွက် ဆန္ဒရှိကြောင်း ပြသခဲ့ပါတယ်။
    Ref: Aljazeera
  • ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဖလားသတင်းများ
    ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဖလားသတင်းများ
    ဇွန် ၂၇၊ ၂၀၁၈
    M-Media
    အာဂျင်တီးနားနိုင်ပွဲအတွက် အောင်ပွဲခံနေသည့် မာရာဒိုနာ
    လက်ရှိချန်ပီယံဂျာမနီ ကမ္ဘာ့ဖလားကို အုပ်စုအဆင့်မှ လက်ပြနှုတ်ဆက်
    ==========
    တောင်ကိုရီးယားကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ လက်ရှိချန်ပီယံ ဂျာမနီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် မထင်မှတ်ဘဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ အသင်းစာရင်းမှာ ပါဝင်သွားခဲ့ပါတယ်။ အုပ်စု F အဖွင့်ပွဲစဉ်မှာ မက္ကဆီကိုကို ရှုံးနိမ့်ခဲ့တဲ့ ဂျာမနီဟာ ဆွီဒင်နဲ့ ဒုတိယပွဲမှာ တိုနီကရုဇ်ရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂျာမနီနိုင်မယ်လို့ ထင်ကြေးပေးကြပေမယ့် တောင်ကိုရီးယားက အကောင်းဆုံး ကစားနိုင်ခဲ့ပြီး နောက်ဆုံးမိနစ် သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဂျာမနီဟာ အုပ်စုအဆင့်က ထွက်ရတဲ့ စတုတ္ထမြောက် ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်ဟာ ၂၀၀၂ ခုနှစ်မှာ အုပ်စုကနေ ထွက်ခဲ့ရပြီး၊ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီဟာ ၂၀၁၀ ခုနှစ်မှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်ကတော့ ၂၀၁၄ ခုနှစ်မှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။
    မက္ကဆီကိုနောက်ခံလူ ကမ္ဘာ့ဖလား စံချိန်သစ်တစ်ခု တင်
    ===========
    အုပ်စု F နောက်ဆုံးပွဲစဉ်အဖြစ် ဒီကနေ့ကစားတဲ့ ဆွီဒင်နဲ့ပွဲမှာ မက္ကဆီကို နောက်ခံလူ ဂျီးဆပ် ဂဲလာဒိုဟာ ပွဲအစ ၁၅ စက္ကန့်မှာပဲ အ၀ါကဒ်ပြခံခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြန်ဆုံး အ၀ါကဒ်ပြ သတိပေးခံရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါဟာ ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားမှာ အီတလီကွင်းလယ်ကစားသမား ဂီယမ်ပီယာရို မာရီနီ၊ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ဆိုဗီယက်နောက်ခံလူ ဆာဂျီ ဂေါ်လူကိုဗစ်ခ်ျတို့နဲ့အတူ ပွဲအစ ၁ မိနစ်မှာပဲ အ၀ါကဒ်ပြခံရတဲ့ တတိယမြောက်ကစားသမား ဖြစ်လာပါတယ်။ ကမ္ဘာ့ဖလားမှာ အမြန်ဆုံး အနီကဒ်ပြခံရတဲ့ ကစားသမားက ဥရုဂွေးတိုက်စစ်မှူး ဘာတစ္စတာဖြစ်ပြီး ၁၉၈၆ ကမ္ဘာ့ဖလား စကော့တလန်နဲ့ကစားစဉ် ပွဲအစ ၅၆ စက္ကန့်မှာတင် အနီကဒ် ပြခံခဲ့ရတာ ဖြစ်ပါတယ်။
    ပုံမှန်စံချိန်ကို နေးမာ ပြန်မရောက်သေးဟု ဘရာဇီးလ်နည်းပြ ပြော
    ===================
    နေးမာဟာ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းအတွင်း ပြန်မရောက်သေးတာကြောင့် ဘရာဇီးလ်ပြည်သူတွေအနေနဲ့ သူ့အပေါ် တာဝန်ပုံမပေးသင့်ဘူးလို့ ဘရာဇီးလ်နည်းပြ တီတီက ပြောကြားလိုက်ပါတယ်။ နေးမာဟာ ခြေထောက်ဒဏ်ရာကြောင့် ၃ လကြာ အနားယူခဲ့ရပြီး မကြာသေးခင်ကမှ ပြန်ကစားနိုင်တာ ဖြစ်ပါတယ်။ အုပ်စုမှာ ၂ ပွဲကစား ၄ မှတ်သာ ရရှိထားသည့် ဘရာဇီးလ်ဟာ ဒီည ဆားဘီးယားနဲ့ ကစားတဲ့ပွဲမှာ အနည်းဆုံး ၁ မှတ်ရမှ နောက်တစ်ဆင့်ကို တက်နိုင်မှာပါ။ တီတီက နေးမာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဆဲ အနေအထားမှာသာ ရှိသေးကြောင်း နောက်တစ်ပွဲလာက်ရောက်မှ ပုံမှန်အနေအထားကို ပြန်ရောက်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ကျန်းမာရေးအတွက် မစိုးရိမ်ကြဖို့ မာရာဒိုနာပြောကြား
    ===============
    နိုက်ဂျီးရီးယားကို အာဂျင်တီးနားက အနိုင်ရခဲ့တဲ့ မနေ့ကပွဲမှာ အလွန်အကျွံအောင်ပွဲခံမှုကြောင့် ကျန်းမာရေး ဆိုးရွားခဲ့ပေမယ့် အခုအချိန်မှာ ပြန်ကောင်းနေပြီးလို့ အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာက ဆိုရှယ်မီဒီယာကနေ ပြောကြားလိုက်ပါတယ်။ နောက်တစ်ဆင့်တက်ရေးအတွက် မဖြစ်မနေ အနိုင်ကစားရမယ့် အဲ ဒီပွဲမှာ အာဂျင်တီးယားဟာ ၈၆ မိနစ်ကျမှာ မားကို့စ် ရိုဂျိုးရဲ့ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မာရာဒိုနာဟာ အဲဒီပွဲကြည့်နေစဉ် ပထမပိုင်းအပြီးမှာပဲ ကျန်းမာရေးမကောင်းတာကြောင့် အိမ်ပြန်နားဖို့ ဆရာဝန်က ပြောခဲ့ပေမယ့် နားမထောင်ခဲ့ပါဘူး။ အာဂျင်တီးနား အနိုင်ဂိုးသွင်းနိုင်တဲ့အခါဟာ မာရာဒိုနာဟာ အော်ဟစ် အောင်ပွဲခံခဲ့ပြီး နောက်ပိုင်း ပွဲကြည့်စင်ကနေ တွဲခေါ်ထုတ်သွားရတဲ့အတွက် ကျန်းမာရေး ဆိုးရွားခဲ့ပါတယ်။ မာရာဒိုနာကတော့ စိတ်ပူပေးတဲ့သူတွေကို ကျေးဇူးပဲလို့ ပြောကြားခဲ့ပါတယ်။
    Ref : Goal, BBC
  • အခမဲ့ အင်တာနက်စီမံကန်းအတွက် ဒရုန်းတီထွင်မှုကို Facebook ရပ်ဆိုင်း
    အခမဲ့ အင်တာနက်စီမံကန်းအတွက် ဒရုန်းတီထွင်မှုကို Facebook ရပ်ဆိုင်း
    ဇွန် ၂၇၊ ၂၀၁၈
    M-Media
    – အင်တာနက်မရတဲ့ ဝေးလံခေါင်ဖျား ဒေသတွေမှာ မြန်နှုန်းမြှင့် ကြိုးမဲ့တင်တာနက် ပေးနိုင်ရေး ဆောင်ရွက်နေတဲ့ Aquila စီမံကိန်းမှာ ဒရုန်းတွေ ဖန်တီးနေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ Facebook က ကြေငြာလိုက်ပါတယ်။
    ကောင်းကင်နေ ဒရုန်းတွေနဲ့ ကြိုးမဲ့အင်တာနက်ပေးနိုင်မယ့် HAPS နည်းပညာကို Facebook ဟာ ၂၀၁၄ ခုနှစ်ကစလို့ ဖန်တီးလာခဲ့တာဖြစ်ပြီး လက်ရှိ အင်တာနက်အသုံးမပြုနိုင်သေးတဲ့ လူပေါင်း ၄ ဘီလီယံအတွက် အင်တာနက်ပေါ်လစီကိုလည်း ချမှတ်ခဲ့ပါတယ်။
    ဒီအတွက် နေစွမ်းအင်အသုံးပြုပြီး ကောင်းကင်ပေါ်မှာ အချိန်ကြာကြာ ပျံသန်းနိုင်မယ့် ဒရုန်တွေကိုလည်း တီထွင်ဖို့ Facebook က ကြိုးစားခဲ့ပါတယ်။
    ဒါပေမယ့် အခုအချိန်မှာတော့ HAPS နဲ့ အခြား ဆက်စပ် နည်းပညာတွေအတွက် Airbus လို ကုမ္ပဏီမျိုးနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဒရုန်းတည်ဆောက်မှုလုပ်ငန်းကိုတော့ ရပ်နားမယ်လို့ Facebook က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    HAPS ပေါ်လစီ တိုးတက်ဖို့အတွက် လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
    Facebook ရဲ့ Aquila စီမံကိန်းဟာ မြေပြင်ကဝေဟင် အင်တာနက် နည်းပညာမှာ စံချိန်တင် အောင်မြင်ပေမယ့် စမ်းသပ်မှုအတွင်း ဒရုန်းတွေ မြေပြင်ကိုဆင်းတဲ့အခါမှာ ပျက်ဆီးမှုတွေရှိတာကြောင့် အကုန်အကျလည်း အရမ်းများနေပါတယ်။
    Ref: Aljazeera
  • မလေးဝန်ကြီးချုပ်ဟောင်းထံမှ သိမ်းဆည်းရမိမှု ကန်ဒေါ်လာ သန်း ၂၇၀ ဖိုးခန့်ရှိ
    မလေးဝန်ကြီးချုပ်ဟောင်းထံမှ သိမ်းဆည်းရမိမှု ကန်ဒေါ်လာ သန်း ၂၇၀ ဖိုးခန့်ရှိ
    ဇွန် ၂၇၊ ၂၀၁၈
    M-Media
    သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ရဲချုပ်ဆင်း
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ ပတ်သက်တဲ့ အဆောက်အဦးတွေကနေ သိမ်းဆည်းရမိတဲ့ ငွေသားနဲ့ ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ရင်းဂစ် ၁.၁ ဘီလီယံဖိုး (ကန်ဒေါ်လာ သန်း ၂၇၀ ဖိုး) ရှိတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
    နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ 1MDB ကနေ ငွေကြေးပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် မလေးရှားရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ ဆက်နွယ်နေတဲ့ အဆောက်အဦး ၆ ခုကို ၀င်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
    မလေးရှားရဲတပ်ဖွဲ့ရဲ့ စီးပွားရေးရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ အေမာရ်ဆင်းက အဆောက်အဦး ၆ ခုကနေ သိမ်းဆည်းရမိခဲ့တဲ့ ငွေသားတန်ဖိုးဟာ စုစုပေါင်း ရင်းဂစ် ၁၁၆ သန်းရှိပြီး၊ ပစ္စည်းတွေရဲ့ အကြမ်းဖျင်း တန်ဖိုးက ၄၄၂ သန်းရှိတယ်လို့ ဆိုပါတယ်။ ပစ္စည်းတွေရဲ့ ပြင်ပပေါက်ဈေးကတော့ ရင်းဂစ် သန်း ၆၆၀ ကနေ သန်း ၈၈၀ အထိ ရှိပါတယ်။
    ငွေသားတွေမှာ ငွေကြးပေါင်း ၂၆ မျိုး ပါဝင်ပြီး မလေးရှားဗဟိုဘဏ်က အရာရှိ ၂၂ ဦး၊ ငွေရေတွက်စက် ၆ ခုတို့ကို အသုံးပြုကာ ရက်နဲ့ချီ ရေတွက်ခဲ့ရပါတယ်။
    ရှာဖွေခဲ့တဲ့နေရာတွေဟာ ၀န်ကြီးချုပ်အိမ်တော်နဲ့ ပူထရာဂျာယာက ၀န်ကြီးချုပ်ရုံး၊ ကွာလာလမ်ပူက အထက်တန်းလွှာ ဈေးဝင်စင်တာ Pavilion မှာရှိတဲ့ အခန်း ၃ ခု၊ ဂျလန် ဘန်ဂက် ဒူတာက နာဂျစ်ရဲ့ ကိုယ်ပိုင်နေအိမ်တွေ ဖြစ်ပါတယ်။
    Pavilion မှာ တန်ဖိုးကြီး ပိုက်ဆံအိတ်တွေ၊ စားပွဲတွေကို တွေ့ခဲ့တဲ့ အခန်းဟာ အခန်းလွတ်ပြီးဖြစ်ပြီး ဘာမှ ပြင်ဆင်ထားတာမရှိဘူးလို့ ဆင်းက ပြောပါတယ်။
    ရှာဖွေမှုအတွင်း လည်ဆွဲ အခု ၁၄၀၀၊ လက်စွပ် အကွင်း ၂၂၀၀၊ နားကပ်အရံ ၂၈၀၀၊ လက်ကောက် အကွင်း ၂၁၀၀၊ ရင်ထိုး ၁၆၀၀၊ သရဖူ ၁၄ ခုတို့ သိမ်းဆည်းရမိခဲ့ပြီး အဲဒီအထဲမှာ တန်ဖိုးအကြီးဆုံးက စိန်တွေတပ်ဆင်ထားတဲ့ လည်ဆွဲဖြစ်ကာ ရင်းဂစ် ၆.၄ သန်း (ကန်ဒေါ်လာ ၁.၅ သန်း) တန်ကြေးရှိပါတယ်။
    ပိုက်ဆံအိတ် ၅၇၆ အိတ်ကို သိမ်းဆည်းရမိခဲ့ပြီး အဲဒီအထဲမှာ Hermes တံဆိပ် ပိုက်ဆံအိတ်က ၂၇၂ အိတ် ပါဝင်ကာ ရင်းဂစ် ၅၁.၃ သန်းရှိတယ်လို့ ဆင်းက ပြောပါတယ်။ ကျန်တဲ့ပိုက်ဆံအိတ်တွေရဲ့ တံဆိပ်ပေါင်းက ၇၂ ခု ဖြစ်ပါတယ်။
    ရဲချုပ်ဆင်းက အတုအစစ် မခွဲရသေးတဲ့ ပိုက်ဆံအိတ်တွေလည်း ကျန်သေးတယ်လို့ ပြောပါတယ်။ အတုတွေရောတွေ့လားလို့ သတင်းထောက်တွေကမေးတဲ့အခါ ဆင်းက အတုမဟုတ်ပေမယ့်၊ နာမည်ကြီးတံဆိပ်တွေကို အစစ်နီးပါးကောင်းအောင် ဖန်တီးထားတဲ့ တန်ဖိုးကြီးအိတ်တွေ ပါဝင်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါ
    တယ်။
    Rolex နဲ့ Chopard အပါအ၀င် နာမည်ကြီး တံဆိပ် ၁၀၀ ကျော် ပါဝင်တဲ့ နာရီပေါင်း ၄၂၃ လုံးကို သိမ်းဆည်းရမိခဲ့ပြီး ရင်းဂစ် ၇၈ သန်းတန်တယ်လို့ ဆင်းက ပြောပါတယ်။ အဲဒီအထဲက ဈေးအကြီးဆုံးဟာ ရင်းဂင် ၃.၅ သန်း တန်ကြေးရှိတဲ့ Rolex Paul Newman Daytona နာရီ ဖြစ်ပါတယ်။
    သိမ်းဆည်းရမိတဲ့ နေကာမျက်မှန်က ၂၃၄ လက်ရှိပြီး တံဆိပ်ပေါင်း ၃၄ ခုပါဝင်ကာ ရင်းဂစ် ၃၇၄၀၀၀ တန်ကြေး ရှိပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် မီဒီယာနဲ့ အင်တာဗျူးမှာ နာဂျစ်က သူ့ထံကနေ သိမ်းဆည်းရမိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေ အများစုဟာ သူ့ဇနီးနဲ့ သမီးတို့ ရရှိထားတဲ့ လက်ဆောင်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆင်းကတော့ ဒါတွေဟာ လက်ဆောင်တွေဆိုရင် ဘယ်သူကပေးတဲ့ လက်ဆောင်တွေလဲဆိုတာ စစ်ဆေးသွားမှာဖြစ်ကြောင်း၊ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေအတွက် ကျွမ်းကျင်သူတွေကို ခေါ်ယူကာ တွက်ချက်နေရတာကြောင့် အချိန်ကြာတာဖြစ်ကြောင်း၊ အခု တွက်ချက်ထားမှုတွေဟာ အကြမ်းတွက်ချက်မှုသာဖြစ်ကြောင်း၊ ဒါဟာ မလေးရှားသမိုင်းတစ်လျှောက် အကြီးမားဆုံး သိမ်းဆည်းရမိမှုဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA