News @ M-Media

Author: Ko Lay

  • မွတ်စလင်များအား အကြမ်းဖက်ရန်ကြံစည်သည့် အစွန်းရောက်အုပ်စုကို ပြင်သစ် ဖမ်းဆီး

    မွတ်စလင်များအား အကြမ်းဖက်ရန်ကြံစည်သည့် အစွန်းရောက်အုပ်စုကို ပြင်သစ် ဖမ်းဆီး

    ဇွန် ၂၇၊ ၂၀၁၈
    M-Media

    ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များ

    – အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတဲ့ လယ်ယာစွန်းရောက် အုပ်စုတစ်စုကို ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

    ဇွန်လ ၂၄ ရက်နေ့ညပိုင်း ပဲရစ်နဲ့ ကော်စီကာတို့မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးမှာ ဒီလို ဖမ်းဆီးလိုက်တာ ဖြစ်ပြီး အဲဒီအစွန်းရောက်တွေဆီက လက်နက်တွေ၊ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ခဲ့တယ်လို့ ပြင်သစ် သတင်းဌာနတွေက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဖမ်းဆီးခံရသူ ၁၀ ယောက်ဟာ အသက် ၃၂ နှစ်ကနေ ၆၉ နှစ်အတွင်း ရှိသူတွေဖြစ်ပြီး ပြင်သစ်အခြေစိုက် လက်ယာအစွန်းရောက်အဖွဲ့ Operational Forces movement (AFO) နဲ့ ဆက်နွယ်ပတ်သက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတစ်ဦးက ဒီလူတွေဟာ “အစ္စလာမ်ဘာဝင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်” လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီအုပ်စုဟာ လက်နက်တွေကို စုဆောင်းနေကြပြီး သူတို့ရဲ့အိမ်တွေမှာ လက်ပစ်ဗုံးတွေ၊ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၆၅ နှစ်အရွယ် အငြိမ်းစား ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်ပါတယ်။

    AFO အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ့်မစ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကို လက်တုန့်ပြန်သွားမယ်လို့ ကျုံးဝါးထားပြီး၊ ကလပ်တွေမှာ အဖွဲ့ဝင်တွေကို သေနတ်ပစ် လေ့ကျင့်ပေးတာ၊ လက်နက်ခဲယမ်းတွေ စုဆောင်းတာ၊ ပြဿနာကြီးကြီးမားမား ဖြစ်လာရင် ရင်ဆိုင်ဖို့အတွက် ရိက္ခာတွေ ကြိုစုဆောင်းတာတွေကို လုပ်ဆောင်နေပါတယ်။

    ၂၀၁၇ ခုနှစ် အောက်တိုဘာလကလည်း ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဟာ ပဲရစ်နဲ့ မာဆေးလ်မြို့တွေမှာ ဗလီတွေ၊ ပြောင်းရွှေ့အခြေချသူတွေနဲ့ သမ္မတလောင်း Jeahn-Luc Melenchon တို့ကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ လက်ယာစွန်းရောက် ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတ
    ယ်။

    Ref: AFP

  • ဘုရားသခင်ကို “ဉာဏ်မရှိသူ” ဟု ပြောကြားသည့် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံနေရ

    ဘုရားသခင်ကို “ဉာဏ်မရှိသူ” ဟု ပြောကြားသည့် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံနေရ

    ဇွန် ၂၇၊ ၂၀၁၈
    M-Media

    – ဘုရားသခင်ကို ‘ဉာဏ်မရှိသူ’ လို့ စော်ကားပြောဆိုမှုအတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြည်သူတွေရဲ့ ဝေဖန်ပြစ်တင်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။

    တစ်ချိန်က မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒါဗာအိုမြို့က အခမ်းအနားတစ်ခုမှာ ဒူတာတေးက သမ္မာကျမ်းစာထဲမှာပါဝင်တဲ့ အာဒမ်နဲ့ ဧ၀တို့ရဲ့ ဇာတ်လမ်းနဲ့ လူသားဟာ မူလထဲက အပြစ်ရှိသူဆိုတဲ့ ခရစ်ယာန်တွေရဲ့ အယူအဆကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

    “တော်တော်ဉာဏ်မရှိတဲ့ ဘုရားသခင်ပဲ။ ခင်ဗျားရဲ့ ဖန်တီးမှုကို ဖျက်ဆီးပစ်မယ့် အဖြစ်အပျက်တစ်ခု ဖြစ်လာမယ်ဆိုတာကို သိနေရင်၊ ခင်ဗျားအနေနဲ့ ပိုပြီး ပြည့်စုံကောင်းမွန်တာကို ဖန်ဆင်းခဲ့ပေါ့” လို့ ဒူတာတေးက ပြောကြားခဲ့ပါတယ်။

    အာဒမ်နဲ့ ဧ၀တို့ဟာ ‘တားမြစ်ထားတဲ့အသီး’ ကို စားသုံးမှုကြောင့် ကောင်းကင်နိုင်ငံတော်ကနေ နှင်ထုတ်ခံရတယ်ဆိုတဲ့ သမ္မာကျမ်းစာပါ အကြောင်းအရာကို ရည်ညွှန်းကာ ဒူတာတေးက အထက်ပါအတိုင်း ဝေဖန်ခဲ့တာပါ။

    လူသားတိုင်းဟာ အပြစ်ရှိသူအဖြစ် မွေးဖွားလာတယ်ဆိုတဲ့ ယူဆချက်ကိုလည်း ဒူတာတေးက “ခင်ဗျား မွေးတောင်မမွေးရသေးဘူး။ ခင်ဗျားမှာ အပြစ်ရှိနေပြီ။ ဘယ်လိုဘာသာတရားလဲဗျ။ ကျွန်တော် ဒါကို လက်မခံနိုင်ဘူး” လို့ ဆိုပါတယ်။

    ဒူတာတေးရဲ့ ဒီမှတ်ချက်အတွက် နိုင်ငံအတွင်းက ခရစ်ယာန် ကက်သလစ်အသင်းတော် ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ရှုတ်ချခဲ့ကြပါတယ်။

    ဒေသခံ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး အာတူရို ဘက်စ်တက်စ်က ဒူတာတေးဟာ “စိတ်မနှံ့သူ” ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပြီး သူ့ရဲ့ “ဘာသာတရားကို စော်ကားပြောဆိုမှု၊ အာဏာရှင်ဆန်ဆန် ပြုမူမှုတွေ” အဆုံးသတ်စေဖို့အတွက် ဘုရားသခင်ထံပါးမှာ ဆုတောင်းကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး အဲဒီအထဲက အများစုဟာ ကက်သလစ်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ဒူတာတေးရဲ့ အခုလို စော်ကားပြောဆိုမှုအတွက် ဖိလစ်ပိုင် ပြည်သူတွေဟာ အွန်လိုင်းစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။

    ဒူတာတေးဟာ အရင်ကလည်း ခရစ်ယာန်ကက်သလစ်အသင်းတော်ကို ဝေဖန်ခဲ့ဖူးပါတယ်။

    သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီ ရိုကူက ဒါဟာ သမ္မတရဲ့ ကိုယ်ပိုင်အမြင်သာဖြစ်ကြောင်း၊ ကလေးဘ၀က ကက်သလစ် သာသနာပြုကျောင်းမှာ ခရစ်ယာန်ဘုန်းကြီးရဲ့ စော်ကားအနိုင်ကျင့်မှုကို ခံခဲ့ရတာကြောင့် ဒီလိုပြောကြားမှုတွေ ဖြစ်လာတာဖြစ်ကြောင်း ကာကွယ်ခဲ့ပါတယ်။

    Ref: BBC

  • တနင်္လာနေ့ ကမ္ဘာ့ဖလားသတင်းများ

    တနင်္လာနေ့ ကမ္ဘာ့ဖလားသတင်းများ

    ဇွန် ၂၅၊ ၂၀၁၈
    M-Media

    အီဂျစ်ဂိုးသမား ကမ္ဘာ့ဖလားတွင် အသက်အကြီးဆုံးကစားသမား ဖြစ်လာ
    ==============
    ဒီကနေ့ ဆော်ဒီအာရေဗျနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပါဝင်သူ အီဂျစ်ဂိုးသမား အက်ဆမ် အလ်-ဟာဒါရီဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမား ဖြစ်လာပါတယ်။ အလ်-ဟာဒါရီဟာ အသက် ၄၅ နှစ်နဲ့ ၁၆၁ ရက်ရှိပြီး ၂၀၁၄ ခုနှစ်မှာ ကိုလံဘီယာဂိုးသမား ဖာယဒ် မွန်ဒရာဂွန် တင်ထားတဲ့ ၄၃ နှစ်နဲ့ ၃ ရက်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁ ဂိုးစီသရေကျခဲ့တဲ့ဒီပွဲမျာ အလ်-ဟာဒါရီဟာ ပင်နယ်တီတစ်လုံးကို ကာကွယ်နိုင်ခဲ့ပါတယ်။

    ဆံပင်ပုံစံ ဝေဖန်သူများကို ပေါ့ဘာ တုန့်ပြန်
    ============
    ဆံပင်ပုံစံကို ဝေဖန်သူတွေကို ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ပြန်လည်တုန့်ပြန်ခဲ့ပြီး ဆံပင်ထက် ခြေစွမ်းကိုသာ ပိုမိုအာရုံစိုက်ဖို့ ဒိန်းမတ်အသင်းနဲ့ကစားမယ့် ကမ္ဘာ့ဖလားပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ပေါ့ဘာဟာ ဆံပင်ပုံစံ မကြာခဏ ပြောင်းလဲလေ့ရှိပြီး အဲဒီအတွက်လည်း အမြဲတမ်း ဝေဖန်ခံခဲ့ရပါတယ်။ သူကတော့ သူ့ကို ရှိုးထုတ်သူလို့ ပြောတာကို ဂရုမစိုက်ကြောင်၊ ဝေဖန်တာပဲဖြစ်ဖြစ်၊ ချီးကျူးတာပဲဖြစ်ဖြစ် ပရိတ်သတ်ရှေ့မှာ အမြဲတမ်း ပြုံးရွှင်နေမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုပါတယ်။

    ကိုလံဘီယာကွင်းလယ်လူ အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
    ==============
    ပိုလန်ကို ၃ ဂိုးပြန်နဲ့ အနိုင်ရခဲ့တဲ့ မနေ့ကပွဲဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ ကွင်းလယ်လူ ကားလို့စ်ဆန်းချက်ဇ်အတွက် ဖြစ်တယ်လို့ ကိုလံဘီယာနည်းပြ ဟိုဆေး ပီကာမန်က ပြောကြားလိုက်ပါတယ်။ အုပ်စုအဖွင့်ပွဲ ဂျပန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဆန်းချက်ဇ်ဟာ ပွဲအစ ၃ မိနစ်မှာတင် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး အဲဒီအတွက် နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ခြိမ်းခြောက်ခံခဲ့ရပါတယ်။ ပီကာမန်ကတော့ ဆန်းချက်ဇ်ဟာ ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်နေရပြီး ဒီကိစ္စကို ပေါ့ဆလို့မရဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အမေရိကန်နဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ကိုလံဘီယာနောက်ခံလူ အန်ဒရီယက် အက်စ်ကိုဘာဟာ ၁၀ ရက်အကြာမှာ လုပ်ကြံခံခဲ့ရပါတယ်။

    Ref: ESPN, Goal

  • တိုက်စစ်မှူးဆာလာဟ် အီဂျစ်လက်ရွေးစင်အသင်းမှ အနားယူမည်ဟု သတင်းထွက်

    တိုက်စစ်မှူးဆာလာဟ် အီဂျစ်လက်ရွေးစင်အသင်းမှ အနားယူမည်ဟု သတင်းထွက်

    ဇွန် ၂၅၊ ၂၀၁၈
    M-Media

    ချေချင်းညာခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ် (ယာ) နှင့်အတူ တွေ့ရသည့် ဆာလာဟ်

    – ချေချင်းညာခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ်နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံကို နိုင်ငံရေးအရ အသုံးချပြီး ဝေဖန်မှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ အီဂျစ်လက်ရွေးစင်အသင်းက အနားယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

    ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အီဂျစ်အသင်းဟာ ရုရှားနိုင်ငံအနောက်ပိုင်းက ချေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဂရို့ဇ်နီကို လေ့ကျင့်ရာနေရာအဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။

    ချေချင်းညာခေါင်းဆောင်ဟာ လေ့ကျင့်ကွင်းကိုလာရောက်ပြီး ဆာလာဟ်အပါအ၀င် အီဂျစ်ကစားသမားတွေနဲ့ တွဲကာ ဓာတ်ပုံတွေရိုက်ခဲ့သလို အီဂျစ်အသင်းကို တည့်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲမှာလည်း မိုဟာမက် ဆာလာဟ်ကို ချေချင်းညာရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ၂၀၀၄ ခုနှစ်ကတည်းက ချေချင်းညာရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ ကာဒီရော့ဗ်ဟာ ရုရှားဖက်ကိုယိမ်းတဲ့ သဘောထားတင်းမာသူဖြစ်ပြီး သူ့ဒေသအပေါ် တင်းတင်းကျပ်ကျပ်အုပ်ချုပ်မှု၊ လိင်တူချစ်သူ အသိုင်းအ၀ိုင်းအပေါ် ရန်လိုတဲ့မှတ်ချက်တွေ ပေးမှုကြောင့် ဝေဖန်ခံရသူ ဖြစ်ပါတယ်။

    ကာဒီရော့ဗ်နဲ့ ဆာလာဟ် အတူတွဲရိုက်တဲ့ဓာတ်ပုံ ပေါ်ထွက်လာပြီးနောက်ပိုင်း သူပါ ဝေဖန်ခံခဲ့ရတာကြောင့် ဆာလာဟ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အီဂျစ်လက်ရွေးစင်အသင်းကနေ အနားယူဖို့ စဉ်းစားနေကြောင်း အီဂျစ်ဘောလုံးအသင်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တွေက အတည်ပြုပါတယ်။

    ဒါပေမယ့် အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဒီသတင်းကို ပယ်ချခဲ့ပြီး ဆာလာဟ်ဟာ အသင်းမှာပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

    ဆာလာဟ်ရဲ့ ပုံရိပ်တွေကို အသုံးပြုမှုနဲ့ပတ်သက်ပြီး ဧပြီလကလည်း ဆာလာဟ်နဲ့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်အကြား ပြဿနာ တက်ခဲ့ဖူးပါတယ်။

    အီဂျစ်ပြည်သူတွေကတော့ ဆာလာဟ် လက်ရွေးစင်အသင်းကနေ နှုတ်မထွက်ရေး ဆိုရှယ်မီဒီယာကနေတစ်ဆင့် လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

    Ref: ESPN

  • ငှက်နှင့် ခွဲမရအောင်တူသည့် ထောက်လှမ်းရေးဒရုန်းကို တရုတ် ထုတ်ပြ

    ငှက်နှင့် ခွဲမရအောင်တူသည့် ထောက်လှမ်းရေးဒရုန်းကို တရုတ် ထုတ်ပြ

    ဇွန် ၂၅၊ ၂၀၁၈
    M-Media

    – ငှက်တစ်ကောင်လို လှုပ်ရှားသွားလာနိုင်ပြီး ခွဲခြားဖို့ခက်တဲ့ နည်းပညာမြင့် ထောက်လှမ်းရေး ဒရုန်းတစ်ခုအကြောင်းကို တရုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ South China Morning Post က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဒရုန်းစီမံကိန်းကို Dove လို့ အမည်ပေးထားပြီး နိုင်ငံတစ်ဝှမ်း အစိုးရနဲ့ စစ်ဖက်ဌာန ၃၀ ကျော်မှာ အဲဒီ ဒရုန်းတွေကို အသုံးပြုနေသလို၊ အနည်းဆုံး ပြည်နယ် ၅ ခုမှာ ဒီပရိုဂမ်နဲ့ ဆက်နွယ်တဲ့ ကိရိယာတွေကို ဖြန့် ကျက်ထားပါတယ်။

    ငှက်တစ်ကောင်ရဲ့ အလေးချိန်သာသာလောက်သာရှိတဲ့ ဒီဒရုန်းဟာ နည်းပညာမြင့် ကင်မရာ၊ ဂျီပီအက်စ် အင်တာနာတို့ကို တပ်ဆင်ထားပြီး တကယ့်ငှက်တွေလို တောင်ပံခတ်ကာ သွားချင်တဲ့နေရာကို အတိအကျ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ငှက်အုပ်ကြားထဲမှာ ပျံသန်းသွားမယ်ဆိုရင် ခွဲခြားလို့မရဘူးလို့လည်း South China
    Morning Post က ဆိုပါတယ်။

    ဒါပေမယ့် အားနည်းချက်က အချိန်ကြာကြာ သုံးလို့မရတာဖြစ်ပြီး တစ်နာရီကို ၂၅ မိုင်နှုန်နဲ့ အများဆုံး မိနစ် ၃၀ သာ ပျံသန်းနိုင်ပါတယ်။

    ဒီဒရုန်းကို နိုင်ငံအနောက်မြောက်ပိုင်း ရှန်းမြို့မှာရှိတဲ့ Polytechnical တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့တစ်ခုက တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး စမ်းသပ်ပျံသန်းမှု အကြိမ်နှစ်ထောင်ကျော် ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းမှာပါဝင်တဲ့ ပညာရှင်တစ်ဦးက လက်ရှိမှာ အသုံးနည်းသေးပေမယ့် နောက်ပိုင်း တွင်ကျယ်လာနိုင်တယ်လို့ South China Morning Post ကို ပြောကြားခဲ့ပါတယ်။

    အဲဒီ ငှက်ပုံသဏ္ဍာန် စောင့်ကြည့်ရေးဒရုန်းကို နောက်ဆုံးပေါ် အဆင့်မြင့် ရေဒါတွေတောင် မဖမ်းနိုင်ဘူးလို့ ရှန်းမြို့မှာရှိတဲ့ ကာကွယ်ရေးနည်းပညာ သုတေသနစင်တာက ရေဒါဆိုင်ရာ သုတေသနပညာရှင် လီယာချောင်က ပြောကြားခဲ့ပါတယ်။

    ငှက်ပုံသဏ္ဍာန် စောင့်ကြည့်ရေး ဒရုန်းတွေကို တီထွင်မှုမှာ တရုတ်နိုင်ငံက ပထမဆုံးမဟုတ်ဘဲ ၂၀၁၁ ခုနှစ်က ဂျာမနီအခြေစိုက် Festo Corporation ကုမ္ပဏီဟာ Smart Bird လို့ခေါ်တဲ့ ဒရုန်းတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြင်သစ်ပညာရှင်တွေက မွမ်းမံခဲ့ပြီး ဈေးကွက်မှာ ထုတ်ရောင်းခဲ့ပါတယ်။ ဒါပေမယ့် တရုတ်လို စစ်ဖက်မှာ အသုံးပြုတာမျိုး မရှိပါဘူး။

    Ref: RT