News @ M-Media

Author: Ko Lay

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    မေ ၁၇၊ ၂၀၁၈

    ရုရှားကမ္ဘာ့ဖလားပွဲအတွက် အင်္ဂလန်အသင်း လူစာရင်း

    ပရီးမီးယားလိဂ်ပြိုင်ပွဲမှဝင်ငွေ မန်ယူအသင်း အများဆုံးရ
    ==============
    ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ မန်ယူအသင်း ရရှိခဲ့တဲ့ဝင်ငွေဟာ ချန်ပီယံ မန်စီးတီးအသင်းထက် ပိုမိုများပြားနေပါတယ်။ မန်ယူဟာ ၀င်ငွေ စတာလင်ပေါင် ၁၄၉.၇၇ သန်း ရရှိခဲ့ပြီး မန်စီးတီးထက် ပေါင် ၃ သိန်းကျော် ပိုများခဲ့တာပါ။ ဒါဟာ မန်ယူအသင်းရဲ့ ယှဉ်ပြိုင်ကစားမှုကို ယူကေမှာ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မန်စီးတီးအသင်းထက် ၂ ပွဲ ပိုများခဲ့လို့ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းအားလုံး ရရှိခဲ့တဲ့ဝင်ငွေဟာ စုစုပေါင်း ပေါင် ၂.၄၂ ဘီလီယံရှိခဲ့ပြီး ခဲ့တဲ့ရာသီကထက် ပေါင် ၂.၁ သန်းပိုများခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့ဖလားလူစာရင်းမှာ လောင်းကြေးထပ်ခြင်းမဟုတ်ဟု အင်္ဂလန်နည်းပြပြော
    ================
    လာမယ့်လ ရုရှားကမ္ဘာ့ဖလားအတွက် ရွေးချယ်ထားတဲ့လူစာရင်းဟာ လောင်းကြေးထပ်တာမျိုးမဟုတ်ဘူးလို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောကြားလိုက်ပါတယ်။ ဆောက်ဂိတ်ရွေးချယ်ထားတဲ့ လက်ရွေစင် ၂၃ ဦးစာရင်းကို မနေ့မှာ ထုတ်ပြန်ခဲ့ပြီး ပျမ်းမျှအသက်ဟာ သမိုင်းတစ်လျှောက် တတိယမြောက် အငယ်ဆုံး ဖြစ်နေတဲ့အတွက် အတွေ့အကြုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဆောက်ဂိတ်က သူ့အသင်းဟာ ဘရာဇီးလ်၊ ဂျမနီ၊ စပိန်၊ ပြင်သစ်တို့နဲ့ယှဉ်ရင် အတွေ့အကြုံနုနယ်တယ်ဆိုတာ မှန်ပေမယ့်၊ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ အင်္ဂလန်ကစားသမား များများစားစားမရှိတဲ့အတွက် ရွေးရခက်ကြောင်း၊ သူတို့အပေါ် ယုံကြည်မှုတစ်ခု ပေးရမှာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အာဆင်နယ်နည်းပြသစ်အဖြစ် အာတီတာကို ၀င်းဂါးထောက်ခံ
    ============
    အာဆင်နယ်အသင်းကို ပဲ့ကိုင်ဖို့အတွက် အရည်အချင်းအားလုံး အာတီတာမှာ ရှိနေတယ်လို့ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ ၀င်းဂါးနောက်ပိုင်း သူ့နေရာကိုဆက်ခံမယ့် လူတွေထဲမှာ အာဆင်နယ် ကွင်းလယ်လူဟောင်း အာတီတာဟာ လက်ရှိအချိန်မှာ ရေပန်းအစားဆုံးဖြစ်ပါတယ်။ ၀င်းဂါးက အာတီတာဟာ ခေါင်းဆောင်တစ်ယောက်၊ ကစားပွဲအပေါ် စိတ်နှစ်တတ်သူတစ်ယောက်၊ အသင်းမှာ ဘာအရေးကြီးဆုံးလည်းဆိုတာ သိသူတစ်ယောက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • မိုဟာမက်ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်ကို ဗြိတိသျှပြတိုက်တွင် ပြသမည်

    မိုဟာမက်ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်ကို ဗြိတိသျှပြတိုက်တွင် ပြသမည်

    မေ ၁၇၊ ၂၀၁၈
    M-Media

    ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်

    – ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်တင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုနှစ်ဘောလုံးရာသီမှာ သူစီးခဲ့တဲ့ဖိနပ်ကို ဗြိတိသျှပြတိုက်မှာ ပြသသွားမယ်လို့ သိရပါတယ်။

    ဆာလာဟ်ဟာ ပရီးမီးယားလိဂ်မှာ ၃၂ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့သလို ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ်မှာ သူ ၀တ်ဆင်ကစားခဲ့တဲ့ဖိနပ်ကို ဗြိတိသျှပြတိုက်က အီဂျစ်ဆိုင်ရာပြခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။

    “ဒီဖိနပ်က ယူကေမှာအစွမ်းပြခဲ့တဲ့ ခေတ်သစ် အီဂျစ်နာမည်ကျော်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို ပြောပြမှာပါ။ ၂၀ ရာစုနဲ့ ၂၁ ရာစု အီဂျစ်နိုင်ငံရဲ့ နေ့စဉ်ဘ၀အကြောင်းကို ဖော်ကျူးနေမယ့်အရာတွေကို စုဆောင်းရေး ကျွန်တော်တို့ရဲ့ လတ်တလော စီမံကိန်းမှာ ဒီဖိနပ်က အားဖြည့်ပါဝင်မှာပါ” လို့ ပြခန်းစီစဉ်သူ နီးလ် စပန်ဆာက ပြောကြားခဲ့ပါတယ်။

    အီဂျစ်အသင်း ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပွဲ အောင်မြင်မှုမှာလည်း မိုဟာမက် ဆာလာဟ်ဟာ အဓိကအကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    Ref: BBC

  • အာဖရိကရှိ ကွန်ဂိုနိုင်ငံတွင် အီဘိုလာပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ

    အာဖရိကရှိ ကွန်ဂိုနိုင်ငံတွင် အီဘိုလာပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ

    မေ ၁၇၊ ၂၀၁၈
    M-Media

    – အာဖရိကအလယ်ပိုင်းက ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ဟာ မြို့ပေါ်တွေအထိ ရောက်လာတဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီနေ့မှာ သတိပေးလိုက်ပါတယ်။

    အီဘိုလာ ပြန်လည်ဖြစ်ပွားနေကြောင်း ကွန်ဂိုက မေလ ၈ ရက်နေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး အခုအချိန်အထိ လူ ၂၃ ဦးလောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

    အရင်က နိုင်ငံအနောက်မြောက်ပိုင်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ဖြစ်တာဖြစ်ပေမယ့် အခုအချိန်မှာတော့ စတင်ဖြစ်ပွားတဲ့ ဘီကိုရိုဒေသနဲ့ ကီလိုမီတာ ၁၅၀ လောက်ဝေးတဲ့ မဘန်ဒါကာမြို့မှာပါ ကူးစက်ဖြစ်ပွားမှု ရှိလာတယ်လို့ WHO က ဒီကနေ့မှာ အတည်ပြုပါတယ်။

    WHO ရဲ့ ညွှန်ကြားရေးမှူး တီဒရို့စ် အဒ်ဟာနွန်က ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ WHO တာဝန်ရှိသူတစ်ဦးက အီဘိုလာဟာ မဘန်ဒါကာကို ရောက်လာမယ်ဆိုရင် ကွန်ဂိုအနေနဲ့ နောက်ထပ် အီဘိုလာ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီမြို့မှာ နေထိုင်သူဟာ ၁ သန်းဝန်းကျင်လောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ဂျပန်တွင် ရထားတစ်စီး ၂၅ စက္ကန့်စောထွက်မိသည့်အတွက် ကုမ္ပဏီက ပြည်သူကို ပြန်တောင်းပန်

    ဂျပန်တွင် ရထားတစ်စီး ၂၅ စက္ကန့်စောထွက်မိသည့်အတွက် ကုမ္ပဏီက ပြည်သူကို ပြန်တောင်းပန်

    မေ ၁၇၊ ၂၀၁၈
    M-Media

    – သတ်မှတ်ချိန်ထက် ၂၅ စက္ကန့်စောပြီး ဘူတာကနေ ရထားထွက်ခွာမိတဲ့အတွက် ဂျပန်က ရထားလိုင်းကုမ္ပဏီတစ်ခုဟာ ပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။

    နိုင်ငံအလယ်ပိုင်း နိုတိုဂါဝါမြို့မှာ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

    မနက် ၇ နာရီ ၁၂ မိနစ်မှာထွက်ဖို့ သတ်မှတ်ထားတဲ့ ရထားကို ကပ္ပတိန်က ၇ နာရီ ၁၁ မိနစ်မှာ တံခါးမှားပိတ်ခဲ့ပြီး သူ့ရဲ့အမှားကို သူသိပေမယ့် ဘူတာမှာ စောင့်နေတဲ့သူ မတွေ့တော့တဲ့အတွက် ၂၅ စက္ကန့်စောကာ ရထားကို ခုတ်မောင်းသွားခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ ရထားလွတ်သွားတဲ့သူတွေ ရှိခဲ့ပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ရထားလွတ်သွားသူတွေနဲ့ ပြည်သူတွေက ကန့်ကွက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ရထားလိုင်းကုမ္ပဏီဟာ သိပ်မကြာခင်မှာပဲ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

    ဂျပန်က ရထားလိုင်းတွေဟာ အလွန်အမင်း အချိန်တိကျမှုအတွက် နာမည်ကျော်ကြားပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း တိုကျိုနဲ့ ဆူကူဘာတို့ကို ပြေးဆွဲတဲ့ Tsukuba Express က ရထားတစ်စီးဟာ စက္ကန့် ၂၀ စောထွက်ခဲ့တဲ့အတွက် ပြည်သူတွေကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

    Ref: BBC

  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်

    မေ ၁၇၊ ၂၀၁၈
    M-Media

    – မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ရမ်ဇာန်ဥပုသ်လအတွင်း မြင့်တက်လာတဲ့ ၀တ်ပြုသူတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့အတွက် ပထမဆုံးအကြိမ် ဒရုန်းလေယာဉ်တွေ အသုံးပြုသွားမယ်လို့ အွမ္မရာဟ်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် မိုဟာမက် အလ်-အဟ်မဒီက ပြောကြားလိုက်ပါတယ်။

    ဒါဟာ ကမ္ဘာတစ်ဝှမ်းက အွမ္မရာဟ်ဘုရားဖူး လာရောက်ကြသူတွေရဲ့ လုံခြုံရေး၊ အဆင်ပြေချောမွေ့စေရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဒရုန်းတွေ၊ လေယာဉ်ငယ်တွေနဲ့ စောင့်ကြည့်မှုအပြင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း လူတွေရဲ့ သွားလာလှုပ်ရှားမှုကို ကြည့်ရှုနိုင်ဖို့ လုံခြုံရေးကင်မရာ ၂၅၀၀ တပ်ဆင်ထားပါတယ်။

    ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ၂၄၀၀၊ လုံခြုံရေးအဖွဲ့ဝင် ၁၃၀၀ တို့ကို ချထားမှာဖြစ်ပြီး ဗလီဝတ်ကျောင်းတော် ပရဝုဏ်အတွင်း အ၀င်အထွက်လုပ်တဲ့ ယာဉ်ငယ်တွေ ရပ်နားရာနေရာ ၆ ခုကိုလည်း ထားပေးထားပါတယ်။

    “ဘုရားဖူးတွေနဲ့ ဗလီဝတ်ကျောင်းတော်ကို လာရောက်ကြသူတွေရဲ့ အ၀င်အထွက်ကို ရဲတပ်ဖွဲ့က စီစဉ် ကြီးကြပ်ပေးသွားမှာပါ” လို့ မက္ကာဟ်ရဲချုပ် ဗိုလ်ချုပ် ဖဟဒ် ဘင် မူတ်လက် အလ်-အိုဆိုင်မီက ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya