News @ M-Media
Author: Ko Lay
  • Air Asia လေကြာင်းလိုင်း မြန်မာနိုင်ငံတွင်ပြေးဆွဲရန် ဆွေးနွေးမှု ပျက်ပြယ်
    Air Asia လေကြာင်းလိုင်း မြန်မာနိုင်ငံတွင်ပြေးဆွဲရန် ဆွေးနွေးမှု ပျက်ပြယ်
    မေ ၁၇၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံမှာ ၀င်ရောက်ကာ ၀န်ဆောင်မှုပေးနိုင်ရေး ပြည်တွင်း စီးပွားရေး မိတ်ဖက်တစ်ဦးနဲ့ဆွေးနွေးမှု ရပ်ဆိုင်းသွားပြီလို့ Air Asia လေကြောင်းလိုင်း အကြီးအကဲ တိုနီဖာနန်ဒက်ဇ်က ပြောကြားလိုက်ပါတယ်။
    စားရိတ်နည်းလေကြောင်းလိုင်းဖြစ်တဲ့ Air Asia ဟာ မြန်မာနိုင်ငံမှာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် စီးပွားရေး မိတ်ဖက်တစ်ဦးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဖာနန်ဒက်ဇ်က မတ်လအတွင်းမှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးမှုသာ အကောင်အထည်ပေါ်လာရင် Air Asia ရဲ့ ပို့ဆောင်ရေးလုပ်ငန်းဟာ အာဆီယံရဲ့ ၉၅ ရာခိုင်နှုန်းလောက်အထိ ဖြန့်ကျက်နိုင်မှာ ဖြစ်ပါတယ်။
    ဒါပေမယ့် အင်္ဂါနေ့ ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ဖာနန်ဒက်ဇ်က ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “လတ်တလောမှာ မြန်မာဈေးကွက်ကို ကျွန်တော်တို့ မ၀င်သေးပါဘူး။ နောက်ပိုင်းတော့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မြန်မာနိုင်ငံကို မ၀င်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”
    မြန်မာနိုင်ငံက ဘယ်သူနဲ့ ဆွေးနွေးခဲ့သလဲဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
    ဖာနန်ဒက်ဇ်က ဗီယက်နမ်မှာ ဒီနှစ်ကုန် ဒါမှမဟုတ် ၂၀၁၉ ခုနှစ် အစောပိုင်းမှာ သူတို့လေကြောင်းလိုင်း စတင်ပျံသန်းဖို့ရှိတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    Ref: Ruters
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၁၇၊ ၂၀၁၈
    M-Media
    ကက်ရှ်မီးယား မြင်ကွင်း
    ပါလက်စတိုင်းနှင့်ပတ်သက်လျှင် ကုလက အလုပ်မဖြစ်ဟု အာဒိုဂန်ပြော
    =================
    အခုတစ်ပတ်အတွင်း ဂါဇာကမ်းမြှောင်မှာ အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်း ၆၀ ကျော် သေဆုံးသွားတဲ့ကိစ္စမှာ အရေးယူဖို့ပျက်ကွက်ခဲ့တဲ့ ကုလဟာ အလုပ်မဖြစ်တော့ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဂါဇာက အဲဒီအဖြစ်အပျက်ကို အာဒိုဂန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပြီး အစ္စရေးမှာရှိတဲ့ သူတို့သံအမတ်ကို ပြန်ခေါ်ခဲ့ကာ တူရကီဆိုင်ရာ အစ္စရေးသံမတ်ကိုလည်း နှင်ထုတ်ခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့ကစလို့ ဂါဇာက ဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၉၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
    ကင်ဂျုံအွန်နှင့်တွေ့ဆုံရေး အမေရိကန်က ဆက်လက်စီစဉ်နေ
    ==============
    လာမယ့်လ ထရမ့်နဲ့တွေ့ဆုံဖို့ စီစဉ်ထားမှုကို ရပ်စဲနိုင်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မနေ့မှာ ခြိမ်းခြောက်ခဲ့ပေမယ့် မိမိတို့ထံ ဘယ်လိုအကြောင်းကြားမှုမျိုးမှ မရောက်သေးဘူးလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ ကင်က ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် မနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ နှစ်နိုင်ငံအဆင့်မြင့်အစည်းအဝေးကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ ကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ ကင်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ဆက်လုပ်ဖို့ကို နားလည်ကြောင်း ယခင်က ပြောကြားထားတာ ရှိတဲ့အတွက် ထရမ့်နဲ့တွေ့ဆုံမယ့်ကိစ္စကို ဆက်လက်စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကက်ရှ်မီးယားတွင် အိန္ဒိယက ရမ်ဇာန်တစ်လ အပစ်ရပ်မည်
    =================
    ရမ်ဇာန်ဥပုသ်လမှာ ကက်ရှ်မီးယားပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ဥပုသ်သီလ ဆောက်တည်နိုင်ဖို့အတွက် သူပုန်တွေနဲ့ တိုက်ခိုက်မှုကို တစ်လတာ ရပ်ဆိုင်းလိုက်တယ်လို့ အိန္ဒိယက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အစိုးရတပ်ဖွဲ့တွေနဲ့ ကက်ရှ်မီးယားသူပုန်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြတာပါ။ အိန္ဒိယအစိုးရရဲ့ အခုလို အပစ်ရပ်တာဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူပုန်တွေက တိုက်ခိုက်လာရင် တပ်ဖွဲ့တွေဟာ ပြန်လည် လက်တုန့်ပြန်ခွင့်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    မြို့တစ်မြို့ကိုသိမ်းရန်ကြိုးပမ်းသည့် တာလီဘန်များကို အာဖဂန် မောင်းထုတ်နိုင်
    =================
    တိုင်းပြည်အနောက်ပိုင်းက ဖာရာမြို့ကို ၀င်သိမ်းဖို့ကြိုးစားတဲ့ တာလီဘန်စစ်သွေးကြွတွေကို အာဖဂန်နဲ့ အမေရိကန်တပ်ဖွဲ့တွေက မောင်းထုတ်နိုင်ခဲ့ပါတယ်။ အင်္ဂါနေ့က အဲဒီမြို့မှာ တာလီဘန်တွေရဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦးနဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ရပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုအတွင်း တာလီဘန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၃၀၀ လောက် သေဆုံးခဲ့ပြီး မြို့က အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဖဂန်အစိုးရက ထုတ်ပြန်ပါတယ်။
    Ref: Aljazeera
  • ၀န်ကြီးချုပ်ဟောင်းနာဂျစ်နှင့် ဆက်နွယ်သည့်နေရာ ၅ ခုကို မလေးရဲတပ်ဖွဲ့ ရှာဖွေ
    မေ ၁၇၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ ဆက်နွယ်နေတဲ့ နေရာ ၅ ခုမှာ မလေးရှားရဲတပ်ဖွဲ့ဟာ မနေ့က တစ်ညလုံး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး နာဂျစ်မိသားစု လက်ရှိနေထိုင်ရာအိမ်လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
    နာဂျစ်ရဲ့ ရှေ့နေတစ်ဦးကတော့ ငွေကြေးခ၀ါချမှုကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဟာ အမျိုးသမီးလက်ကိုင်အိပ်တွေနဲ့ အခြား ပစ္စည်းတစ်ချို့ကို သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။
    သူကိုယ်တိုင် တည်ထောင်ထားတဲ့ နိုင်ငံပိုင် 1MDB လုပ်ငန်းကနေ နာဂျစ်ဟာ ဒေါ်လာ ဘီလီယံချီ ခြစားခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ သတင်းထွက်ခဲ့ပြီး အမေရိကန်အပါအ၀င် အနည်းဆုံး ကမ္ဘာ့နိုင်ငံပေါင်း ၆ နိုင်ငံက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နာဂျစ်ကတော့ သူ့အနေနဲ့ ဘာအမှားမှ လုပ်ထားတာမရှိဘူးလို့ ပြောကြားထားပါတယ်။
    ရဲတပ်ဖွဲ့ရဲ့ စီးပွားရေးရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအကြီးအကဲ အေမာရ်ဆင်းက ကွာလာလမ်ပူ အထူးရပ်ကွက်မှာရှိတဲ့ နာဂျစ်ရဲ့ မိသားစုအိမ်အပါအ၀င် သူနဲ့ဆက်စပ်တဲ့ နေရာ ၅ ခုကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    အသေးစိတ်ကို ဆင်းက ပြောကြားခဲ့ခြင်းမရှိပေမယ့် မလေးသတင်းစာ The Star က ၀န်ကြီးချုပ်ရုံး၊ ၀န်ကြီးချုပ်စံအိမ်၊ ကွာလာလမ်ပူက အဆင့်မြင့် ကွန်ဒိုတစ်ခုက နာဂျစ်မိသားစုရဲ့ တိုက်ခန်း ၂ ခု စတဲ့နေရာတွေမှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
    ရမ်ဇာန်ဥပုသ်လ ပထမဆုံးနေ့ ညဥ့်ဦးယံဝတ်ပြုမှုအပြီး ၀န်ကြီးချုပ်ဟောင်းနာဂျစ် အိမ်ပြန်ရောက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ၀င်ရောက်ရှာဖွေခဲ့တာဖြစ်ကာ ၁၂ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
    နာဂျစ်ရဲ့ရှေ့နေ ဟာပါလ်ဆင်းက ငွေကြေးခ၀ါချမှု အက်ဥပဒေနဲ့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရာဇ၀တ်မှုမြောက်တဲ့ပစ္စည်း ဘာမှမတွေ့သွားဘူးလို့ ပြောကြားခဲ့ပါတယ်။
    “သေတ္တာ နှစ်လုံး၊ သုံးလုံးကလွဲလို့ ဘာမှ မပါသွားပါဘူး။ ရဲက တရားစွဲနိုင်တဲ့ပစ္စည်း ဘာမှမရှိပါဘူး”
    နာဂျစ်နဲ့ မိသားစုဟာ ရှာဖွေမှုမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း သူ့ရဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားတာဖြစ်တယ်လို့ ဟာပါလ်ဆင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: CNA
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ
    မေ ၁၆၊ ၂၀၁၈
    M-Media
    ဧပြီလအတွင်း ကိုရီးယားခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု
    ယနေ့လွတ်မြောက်မည့် မလေးအတိုက်အခံခေါင်းဆောင် ဘုရင်နှင့်တွေ့မည်
    ==============
    ဒီကနေ့ ထောင်ဒဏ်ကနေလွတ်မြောက်မယ့် အတိုက်အခံခေါင်းဆောင် အန်ဝါရ်အီဘရာဟင်ကို နန်းတော်လာပြီး တွေ့ဆုံဖို့ မလေးရှားဘုရင်က ဖိတ်ကြားလိုက်ပါတယ်။ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့ဟာ ဒီကနေ့မနက် ၁၁ နာရီမှာ အစည်းအဝေးထိုင်ကာ အန်ဝါရ်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ အန်ဝါရ်နဲ့ ဘုရင်တို့ရဲ့ တွေ့ဆုံမှုအတွင်းမှာ အခြားသူတွေလည်း တက်ရောက်ခွင့်ရမှာပါ။ အတိုက်အခံခေါင်းဆောင် အန်ဝါရ်ဟာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်လက်ထက်မှာ လိင်တူဆက်ဆံမှုနဲ့ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူဖြစ်ပြီး နိုင်ငံရေးလုပ်ကြံမှုလို့ တော်တော်များများက ရှုမြင်ကြပါတယ်။
    ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေးကို မြောက်ကိုရီးယား ရပ်ဆိုင်း
    ================
    အမေရိကန်နဲ့ တောင်ကိုရီးယားက ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဆက်လက်ဆောင်ရွက်မယ့်အတွက် ဗုဒ္ဓဟူးနေ့ ပြုလုပ်ဖို့ရှိနေတဲ့ ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေးကို ရပ်ဆိုင်းလိုက်တယ်လို့ မြောက်ကိုရီးယားက မနေ့မှာ ကြေငြာလိုက်ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်က နွေးထွေးတဲ့ဆက်ဆံရေးကို ခြိမ်းခြောက်နေတာဖြစ်ပြီး လာမယ့်လမှာ သမ္မတထရမ့်နဲ့ တွေ့ဆုံမှုအစီအစဉ်ကို ပြန်စဉ်းစားရတော့မယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ပြောကြားခဲ့ပါတယ်။
    ဒီကနေ့ ကိုရီးယားနှစ်နိုင်ငံ အစည်းအဝေးဟာ ဧပြီ ၂၇ ရက်နေ့က ခေါင်းဆောင်နှစ်ဦးရဲ့ ကြေငြာချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးကြမှာပါ။ KCNA က ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုဟာ ရန်စတာဖြစ်ပြီး ဆွေးနွေးမှုကို ရပ်ဆိုင်းတာကလွဲလို့ ရွေးစရာမရှိဘူးလို့လည်း ဆိုပါတယ်။
    အိန္ဒိယတွင် ခုံးကျော်တံတားတစ်ခု ပြိုကျပြီး လူ ၁၈ ဦး သေဆုံး
    ===============
    အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဗရာနာဆီမြို့မှာ ဆောက်လုပ်ဆဲ ခုံးကျော်တံတားတစ်ခု ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး တော်တော်များများလည်း ကွန်ကရစ်တွေအောက်မှာ ပိတ်မိနေပါတယ်။ တံတားပြိုကျမှုကြောင့် အနည်းဆုံး ကားလေးစီး၊ သုံးဘီးတစ်စီး၊ မီနီဘတ်စ်တစီးတို့ ပိမိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း ကိုလ်ကတားက ခုံးကျော်တံတားတစ်စင်း ပြိုကျမှုကြောင့် ၂၆ ဦး သေဆုံးခဲ့ပါတယ်။
    အင်ဒိုရဲတပ်ဖွဲ့က စစ်သွေးကြွများကို ပိတ်ဆို့ဖမ်းဆီး
    =================
    တနင်္ဂနွေနေ့က ခရစ်ယာန်ဘုရားကျောင်းတွေကို ဗုံးခွဲမှုနဲ့ ဆက်စပ်တဲ့ စစ်သွေးကြွတွေကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ မနေ့က ဖမ်းဆီးမှုအတွင်း အနည်းဆုံး တစ်ဦးကို အသေပစ်သတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဘော်ဒါဆောင်တစ်ခုကို ၀င်ရောက်စီးနင်းမှုအတွင်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ တနင်္ဂနွေနေ့က လူ ၆ ဦးပါတဲ့ မိသားစုတစ်စုဟာ ဆူရာဘာယာမြို့က ခရစ်ယာန်ဘုရားကျောင်း ၃ ခုမှာ အသေခံဗုံးခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးပြီး တနင်္လာနေ့မှာ နောက်ထပ်မိသားစုတစ်စုက မြို့တွင်းမှာရှိတဲ့ ရဲဌာနချုပ်ကို တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    Ref: CNA, Aljazeera
  • အင်္ဂါနေ့ ဘောလုံးသတင်းများ
    အင်္ဂါနေ့ ဘောလုံးသတင်းများ
    မေ ၁၅၊ ၂၀၁၈
    M-Media
    အီတလီကို အောင်မြင်အောင် ဆောင်ရွက်မည်ဟု နည်းပြသစ်ပြော
    ==========
    ဒီကနေ့မှာ အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ မန်စီနီက အသင်းကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အီတလီဟာ လာမယ့်လမှာ ကျင်းပပြုလုပ်မယ့် ရုရှားကမ္ဘာဖလားအတွက် ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘဲ ဒါဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့လားနဲ့ လွဲချော်ခဲ့ရတာပါ။ ဖီဖာရဲ့ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာလည်း အနိမ့်ဆုံးအဖြစ် အဆင့် ၂၀ ကို ရောက်သွားပါတယ်။ မန်စီနီဟာ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဘာလော့တယ်လီကို အသင်းမှာ ပြန်လည်အသုံးပြုဖို့ ရှိနေပါတယ်။
    ကွင်းလယ်လူဟောင်းအာတီတာ အာဆင်နယ်နည်းပြဖြစ်ရန် ရေပန်းစားလာ
    ==============
    အာဆင်နယ်ကွင်းလယ်လူဟောင်း မီကဲလ် အာတီတာဟာ အသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေပါတယ်။ အာတီတာဟာ လက်ရှိမှာ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတာပါ။ ၀င်းဂါးနေရာမှာ အစားထိုးဖို့အတွက် အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်နည်းပြ အလ်လီဂရီနဲ့ အာတီတာတို့ကို ပစ်မှတ်ထားနေပေမယ့် အယ်လီဂရီဟာ ဂျူဗင်တပ်စ်ကနေ ထွက်ဖို့ အလားအလာ မရှိပါဘူး။ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အန်ရီကေးကိုလည်း အာဆင်နယ်က စတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။ အာတီတာကိုတော့ အသင်းက ၀န်ထမ်းတွေနဲ့ တာဝန်ရှိသူတစ်ချို့က ထောက်ခံအားပေးမှုတွေ ရှိနေပါတယ်။
    ကမ္ဘာ့ဖလား ဂျာမနီလူစာရင်းတွင် တိုက်စစ်မှူး ဂေါ့ဇီ ချန်လှပ်ခံရ
    =================
    ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့တဲ့ တိုက်စစ်မှူး မာရီယို ဂေါ့ဇီဟာ လာမယ့်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲအတွက် ဂျာမနီလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲ အချိန်ပိုမှာ ဂေါ့ဇီဟာ အနိုင်ဂိုးသွင်းကာ အသင်းကို ကမ္ဘာ့ဖလား ကိုင်မြှောက်စေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၇ ဦးပါဝင်တဲ့ ဂျာမနီရဲ့ ဇကာတင်လူစာရင်းမှာ အာဆင်နယ်က အိုဇေးလ်၊ ချယ်ဆီးက ရူဒီဂါ၊ မန်စီးတီးက လူရွိုင်းဆာနေးနဲ့ အီလ်ကီ ဂွန်ဒိုဂန်၊ ခြေထောက်ကျိုးတဲ့ဒဏ်ရာကြောင့် စက်တင်ဘာကတည်းက နားနေရတဲ့ ဘိုင်ယန် ဂိုးသမား နျူအာလည်း ပါဝင်လာပါတယ်။ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ဂျာမနီဟာ ဇွန်လ ၁၇ ရက်နေ့မှာ ပွဲဦးထွက် ကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ဇကာတင်စာရင်းကနေ ၄ ယောက် ထပ်နှုတ်မှာ ဖြစ်ပါတယ်။
    ချယ်ဆီးတိုက်စစ်မှူးနှင့် စပါးနောက်ခံလူတို့ကို မော်ရင်ဟို ပစ်မှတ်ထား
    ==========
    ချယ်ဆီးတိုက်စစ်မှူး ၀ီလီယံနဲ့ စပါးနောက်ခံလူ တိုဘီ အလ်ဒါဝီရဲလ်တို့ကို ခေါ်ယူဖို့ မန်ယူက ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။ မော်ရင်ဟိုဟာ ချယ်ဆီးမှာကတည်းက ၀ီလီယံကို နှစ်သက်သူ တစ်ဦးပါ။ စပါးနောက်ခံလူကလည်း သက်တမ်းတိုးရေး အသင်းနဲ့ အဆင်မပြေဖြစ်တကြောင့် လာမယ့်နွေရာသီမှာ ရောင်းထုတ်ခံရမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
    Ref: BBC, Goal