News @ M-Media
Author: Ko Lay
  • သောကြာနေ့ ဘောလုံးသတင်းများ
    သောကြာနေ့ ဘောလုံးသတင်းများ
    မေ ၁၁၊ ၂၀၁၈
    M-Media
    ရီးယဲလ်နှင့် ဂျူဗင်တပ်စ်ပွဲ မြင်ကွင်းတစ်ခု
    ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ကို ယူအီးအက်ဖ်အေ တရားစွဲ
    =============
    ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ထွက်ခဲ့ရတဲ့ပွဲမှာ ကွင်းလယ်ဒိုင် မီခေးလ် အိုလီဗာကို စော်ကားပြောဆိုမှုအတွက် ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ကို ယူအီးအက်ဖ်အေက အပြုအမူပိုင်းဆိုင်ရာ စည်းကမ်းချိုးဖောက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ နောက်ဆုံးမိနစ် ရီးယဲလ်ကို ပင်နယ်တီပေးမှုကို မကျေနပ်တဲ့အတွက် စောဒကတက်ခဲ့တဲ့ ဘူဖွန်ဟာ အဲဒီပွဲမှာ အနီကဒ်ပြ အထုတ်ခံခဲ့ရပါတယ်။ ဘူဖွန်ဟာ အဲဒီအနီကဒ်အတွက်လည်း တရားစွဲခံထားရပြီး၊ အခု စည်မျဉ်းချိုးဖောက်မှု စွဲချက်အတွက် မေလ ၃၁ ရက်နေ့ ကြားနာမှာ ဖြစ်ပါတယ်။
    နေးမာမှာ ရော်နယ်ဒိုနှင့် တွဲကစားနိုင်သည်ဟု ဇီဒိန်းပြော
    =================
    ပီအက်စ်ဂျီအသင်းက ဘရာဇီးလ်တိုက်စစ်မှူး နေးမာဟာ ရော်နယ်ဒိုနဲ့ တွဲကစားနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူးလို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ အခုနှစ် ဘောလုံးရာသီအစမှာ ပီအက်စ်ဂျီကို ပြောင်းလာတဲ့ နေးမာဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။ ရီးယဲလ်ကိုရောက်မယ်ဆိုတဲ့ ပြောကြားမှုတွေရှိနေပြီး ဇီဒိန်းက လာမယ့်နှစ် အသင်းမှာ ဘာအပြောင်းအလဲတွေ လုပ်မလဲဆိုတာ အသင်းဘုတ်အဖွဲ့နဲ့ ဆွေးနွေးရမှာဖြစ်ကြောင်း လက်ရှိ နေးမာအကြောင်းကို မပြောနိုင်သေးကြောင်း မနေ့က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
    ချန်ပီယံလိဂ်ဗိုလ်လုပွဲ လာကြည့်မည့်သူများကို ယူကရိန်းပြည်သူများ အခမဲ့နေရာပေးမည်
    =================
    မေလ ၂၆ ရက်နေ့ ကိဗ်မြို့မှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ လာရောက်ကြည့်ရှုသူတွေကို အခမဲ့ တည်းခိုစရာ နေရာတွေ ဖန်တီးပေးဖို့အတွက် ယူကရိန်းပြည်သူတွေက ဆိုရှယ်မီဒီယာကနေတစ်ဆင့် လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။ လီဗာပူးလ်နဲ့ ရီးယဲလ်တို့ ကစားကြမယ့် အဲဒီပွဲအတွက် ကိဗ်မြို့က ဟော်တယ်ဈေးတွေ မြှင့်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ယူကရိန်းပြည်သူတွေရဲ့ ဒီအစီအစဉ် ပေါ်ထွက်လာခဲ့တာပါ။ ဟိုတယ်ဈေးတွေ မြှင့်တင်ထားမှုအတွက် သူတို့ ရှက်မိတယ်လို့လည်း အစီအစဉ်ကို ကမကထပြုသူတွေက ပြောကြားခဲ့ပါတယ်။
    ကမ္ဘာ့ဖလား အင်္ဂလန်အသင်းလူစာရင်း ဗုဒ္ဓဟူးနေ့ထွက်မည်
    ================
    ၂၀၁၈ ရုရှားကမ္ဘာ့ဖလားအတွက် လူစာရင်းကို မေလ ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် သွားမယ်လို့ အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်က ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ အုပ်စု G မှာ ဘယ်လ်ဂျီယံ၊ ပါနားမား၊ တူနီးရှားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဇွန်လ ၁၈ ရက်နေ့မှာ တူနီးရှားနဲ့ စတင်ကစားရမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲမှာတော့ အင်္ဂလန်ဟာ ၈ ပွဲနိုင် ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။
    Ref: BBC,Goal
  • မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင် မကြာမီ ပြန်လွတ်မည်
    မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင် မကြာမီ ပြန်လွတ်မည်
    မေ ၁၁၊ ၂၀၁၈
    M-Media
    ဖမ်းဆီးခံထားရသည့် အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင်
    – လက်ရှိ ထောင်ဒဏ်ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် အန်န၀ါရ် အီဘရာဟင်ဟာ မကြာခင်မှာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြန်လည်လွတ်မြောက်လာလိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
    မနေ့က တွေ့ဆုံမှုအတွင်း ဘုရင်က အန်န၀ါရ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ကြောင်း မဟာသီယာက ဆိုပါတယ်။
    “ချွင်းချက်မရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုး ဖြစ်မှာပါ။ ဒါ့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ရပြီးတာနဲ့ သူဟာ ချက်ခြင်း ပြန်လည်လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်ဆောင်ရွက်ခွင့် ရမှာပါ”
    အတိုက်အခံခေါင်းဆောင် အန်ဝါရ်အီဘရာဟင်ဟာ ၀န်ကြီးချုပ် နာဂျစ်လက်ထက်မှာ လိင်တူဆက်ဆံမှုနဲ့ ထောင်ဒဏ် ၅ နှစ် ကျခံနေရတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ လုပ်ကြံမှုလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။
    လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အန်ဝါရ်အီဘရာဟင် လွတ်မြောက်လာရင် အမတ်အဖြစ် ၀င်ရောက်အရွေးခံခိုင်းကာ ၀န်ကြီးချုပ်နေရာ ပေးသွားမယ်လို့ မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အစိုးရအဖွဲ့ကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းကာ ၀န်ကြီး ၁၀ ဦးသာ ထားရှိသွားမှာဖြစ်ပြီး မနက်ဖြန်မှာ ၀န်ကြီးနာမည်တွေ ထုတ်ပြန်သွားမယ်လို့ မဟာသီက ဆိုပါတယ်။
    မဟာသီက အစိုးရသစ်အနေနဲ့ ခြစာမှုတိုက်ဖျက်ရေး၊ နိုင်ငံပိုင် 1MDB လုပ်ငန်းက ပျောက်ဆုံးသွားတဲ့ငွေတွေ ရရှိရေး အဓိကထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မလေးရှားဟာ ကုန်သွယ်ရေးနိုင်ငံတစ်ခုဖြစ်ပြီး ဘယ်လိုအယူအဆရှိတဲ့ နိုင်ငံမျိုးနဲ့မဆို ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: CNA
  • အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း မြန်မာနှင့် သဘောတူညီချက် ၇ ခု လက်မှတ်ထိုး
    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း မြန်မာနှင့် သဘောတူညီချက် ၇ ခု လက်မှတ်ထိုး
    မေ ၁၁၊ ၂၀၁၈
    M-Media
    – အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှမာ ဆွာရက်ဂ်ျရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နယ်စပ် အပြန်အလှန် ဖြတ်ကျော်သွားလာမှု၊ ပုဂံက စေတီပုထိုးတွေ ပြင်ဆင်မှုကိစ္စတွေ အပါအ၀င် သဘောတူညီချက် ၇ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
    အဲဒီလို တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ နယ်နမိတ်၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေ၊ ထွက်ပြေးသွားသူတွေ နေရပ်ပြန်နိုင်ရေး အပါအ၀င် ရခိုင်ပြည်နယ်က အခြေအနေတွေ၊ မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ အကူအညီပေးနေမှုတွေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ၊ နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် ၇ ခုမှာ အရေးပါဆုံးက နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရေးကိစ္စဖြစ်ပြီး ဒီသဘောတူညီချက်ကြောင့် နှစ်နိုင်ငံပြည်သူတွေဟာ နယ်စပ်ကနေ နိုင်ငံကူးလက်မှတ်၊ ဗီဇာတွေနဲ့ ၀င်ထွက်သွားလာနိုင်မှာ ဖြစ်ပါတယ်။
    ပုဂံက ငလျင်ဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ စေတီပုထိုးတွေကို ပြင်ဆင်ရာမှာ အကူအညီပေးနိုင်ရေးအတွက်လည်း အိန္ဒိယဟာ မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
    မုံရွာမှာ စက်မှုလေ့ကျင်ရေးစင်တာ (ITC) တည်ဆောက်ရေးနဲ့ အရင်ကရှိခဲ့တဲ့ ITC တွေကို ကြီးကြပ်ထိန်းသိမ်းနိုင်မယ့် ကာလ တိုးမြှင့်ရေးကိစ္စတွေလည်း သဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။
    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆွာရက်ဂ်ျက ရခိုင်ပြည်နယ်နဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေမှာ မြန်မာအစိုးရကို ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားမှု၊ အဆင်သင့်ရှိမှုတွေကို ထပ်လောင်းအသိပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်းလည်း သူမက ပြောကြားခဲ့
    ပါတယ်။
    Ref: The Hindu
  • အစ္စရေးမှာ အမြဲတမ်း လီဆယ်လုပ်ကြံကာ တိုက်ခိုက်လေ့ရှိသည်ဟု အီရန်ပြော
    အစ္စရေးမှာ အမြဲတမ်း လီဆယ်လုပ်ကြံကာ တိုက်ခိုက်လေ့ရှိသည်ဟု အီရန်ပြော
    မေ ၁၁၊ ၂၀၁၈
    M-Media
    ဂိုလန်တောင်ကုန်းရှိ အစ္စရေးတပ်ဖွဲ့
    – ဆီးရီးယားက အီရန်တပ်ဖွဲ့တွေ ဂိုလန်တောင်ကုန်းကို ဒုံးကျည်နဲ့ပစ်တယ်ဆိုတဲ့ အစ္စရေးရဲ့ စွပ်စွဲချက်ဟာ လုပ်ကြံပြောဆိုမှုသာဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ အီရန်က တုန့်ပြန်လိုက်ပါတယ်။
    ကြာသာပတေးနေ့မှာ အစ္စရေးဟာ ဆီးရီးယားနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ပြီး အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကို တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူတို့တိုက်ခိုက်ခဲ့တာတွေဟာ အီရန်စစ်အခြေစိုက်စခန်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစင်ကာ အစ္စရေးဟာ အမြဲတမ်းလိုလို လီဆယ်ပြောဆိုပြီး ဆီးရီးယားကို ၀င်ရောက်တိုက်ခိုက်လေ့ရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။
    “ဇိုင်ယွန်အစိုးရဟာ လီဆယ်မှုတွေ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေနဲ့ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ၊ ပိုင်နက်ကို ချိုးဖောက်ကာ ဆီးရီးယားကို ၀င်ရောက်တိုက်ခိုက်လေ့ရှိပါတယ်။ ဒါဟာ နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာပါ”
    အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အရှေ့အလယ်ပိုင်းမှာ ကြီးမားတဲ့တိုက်ခိုက်မှုကြီးဖြစ်ပြီး ဆီးရီးယားစစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။
    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက ဒမတ်စကတ်ကိုရောက်လာတဲ့ ဒုံးကျည်အများစုကို ပစ်ချနိုင်ခဲ့ပေမယ့် ရေဒါစခန်းတစ်ခုနဲ့ လက်နက်တိုက်တစ်ခုတို့ ပျက်ဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
    ဆီးရီးယားမှာ အစ္စရေးက ဒီလိုတိုက်ခိုက်မှုတွေ လုပ်နေတဲ့အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ နှုတ်ဆိတ်မှုကို ကာစင်က ရှုတ်ချခဲ့ပါတယ်။
    Ref: Aljazeera
  • တောင်အာဖရိကရှိ ဗလီတစ်ခုအတွင်းသို့ လူ ၃ ဦးက ဓားဖြင့်ဝင်ခုတ်၊ တစ်ဦးသေဆုံး
    တောင်အာဖရိကရှိ ဗလီတစ်ခုအတွင်းသို့ လူ ၃ ဦးက ဓားဖြင့်ဝင်ခုတ်၊ တစ်ဦးသေဆုံး
    မေ ၁၁၊ ၂၀၁၈
    M-Media
    တိုက်ခိုက်မှုအပြီး မြင်ကွင်း
    – တောင်အာဖရိကနိုင်ငံက ရှီအာမွတ်စလင်တွေရဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ မနေ့က ဓားနဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
    ဒါဘန်မြို့မြောက်ဖက်က ဆင်ခြေဖုံးတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃ ဦးက ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်ကာ ရှေ့ဆောင်အီမာမ်ရဲ့ လည်ပင်းကို ဓားဖြင့်လှီးခဲ့ပြီး ကျန်တဲ့လူတွေကို ဓားနဲ့ လိုက်ထိုးခဲ့တာပါ။
    ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရှိရသေးဘဲ တိုက်ခိုက်သူတွေဟာ ထွက်မပြေးခင် ဗလီဝတ်ကျောင်းတော်ကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
    “ဒီလို ရာဇ၀တ်မှုမျိုကို သည်းခံနေလို့ မရပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့နဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို စေလွှတ်ထားပါတယ်” လို့ ပြည်နယ် ရဲတပ်ဖွဲ့ကော်မရှင်နာမင်းကြီး ဘီကီလန်ဂါက ပြောကြားခဲ့ပါတယ်။
    လည်ပင်းကို ဓားနဲ့အလှီးခံရတဲ့ ရှေ့ဆောင်အီမာမ်ဟာ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပြီး ကျန်တဲ့လူနှစ်ဦးကလည်း စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
    ရှုတ်ချ
    ဒီအဖြစ်အပျက်အတွက် တောင်အာဖရိကတစ်ဝှမ်မှာရှိတဲ့ မွတ်စလင်ခေါင်းဆောင်ပိုင်းက ရှုတ်ချခဲ့ပါတယ်။
    တောင်အာဖရိက မွတ်စလင်ကွန်ယက် ဥက္ကဌ ဖိုင်ဆဲလ် ဆူလေမန်က တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရှိရသေးခင် ဘာကိုမှ ခန့်မှန်းမပြောချင်ဘူးလို့ ဆိုပါတယ်။
    “ဒီတိုက်ခိုက်မှုကို ကျွန်တော်တို့ ရှုတ်ချတယ်၊ နောက်ကွယ်ကအကြောင်းအရင်းကို သိနိုင်ဖို့အတွက် ကျူးလွန်သူတွေကို အရှင်ဖမ်းမိရေး အားထုတ်ကြိုးပမ်းသွားကြဖို့ ဥပဒေစိုးမိုးရေးအဖွဲ့တွေကို ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။ အရင်က တောင်အာဖရိကမှာ ဒီလိုတိုက်ခိုက်မှုမျိုး မရှိပါဘူး။ ဒါ့ကြောင့် ကောလဟာလတွေကို ကျွန်တော်တို့ သတိထားရပါမယ်”
    မွတ်စလင်တရားရေးကောင်စီကလည်း အခုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အစ္စလာမ့်ရဲ့ အနှစ်သာရနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ လူသားတိုင်းကို အလေးထားဖို့ သွန်သင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အစ္စလာမ့်ဓမ္မပညာရှင် ရှိခ် ရဖီးက် ဟာဆန်က ဒီအဖြစ်အပျက်အတွက် တုန်လှုပ်ရပြီး ထင်ကြေးမပေးကြဖို့ လူတွေကို တိုက်တွန်းထားကြောင်း ပြောကြားခဲ့ပါတယ်။
    “ငွေကြေးပြဿနာ၊ ဒါမှမဟုတ် တိုက်ခိုက်သူနဲ့ ခံရသူတွေကြားထဲမှာ ပုဂ္ဂိုလ်ရေးရာ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဂိုဏ်းဂန၀ါဒကြောင့်ဆိုပြီး ကျွန်တော်တို့ အလျင်စလို ကောက်ချက်ချလို့ မရပါဘူး”
    တောင်အာဖရိက အိုလမာ အစ္စလာမ့်သာသနာ့ပညာရှင်များကောင်စီကလည်း ဒီတိုက်ခိုက်မှုဟာ ကြမ်းတမ်းတဲ့၊ ဆိုးရွားတဲ့ တိုက်ခိုက်မှုဖြစ်ပြီး ရှုတ်ချတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ကျွန်တော်တို့ ရှုတ်ချပါတယ်။ ဒါတွေဟာ လူအဖွဲ့အစည်းတွေကြားထဲမှာ တင်းမာမှု၊ မယုံကြည်မှု၊ မတည်ငြိမ်မှုတွေပဲ ဖြစ်လာမှာပါ” လို့ အိုလမာကောင်စီရဲ့ အတွင်းရေးမှူး ယူစွဖ် ပတေးလ်က ပြောကြားခဲ့ပါတယ်။
    တောင်အာဖရိကရဲ့ ၅၅ သန်းသော လူဦးရေမှာ အစ္စလာမ်ဘာသာဝင်တွေဟာ ၁.၉ ရာခိုင်နှုန်းရှိပြီး အများစုက စွန်နီမွတ်စလင်တွေ ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော်တွေကို တိုက်ခိုက်တာတွေဟာ တောင်အာဖရိကမှာ မဖြစ်ဖူးပါဘူး။
    လေ့လာစောင့်ကြည်သူတွေကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆိုရှယ်မီဒီယာမှာ ရှီအာဆန့်ကျင်ရေး ပြောကြားမှုတွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
    Ref: Aljazeera