News @ M-Media

Author: Ko Lay

  • ပိုမိုပြင်းထန်သည့် ပဋိပက္ခဆီ ကျရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ

    ပိုမိုပြင်းထန်သည့် ပဋိပက္ခဆီ ကျရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ

    ဇူလိုင် ၉၊ ၂၀၂၃

    M-Media 


    -စစ်အာဏာရှင်တွေရဲ့ စိတ်ထင်တိုင်း လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံဟာ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခဆီ အတားအဆီးမရှိ ကျရောက်နေတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ 

    ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအ၀ေးမှာ ကောင်စီအကြီးအကဲ ဗိုလ်ကာ တာ့က်က မြန်မာနိုင်ငံအကြောင်းကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ 

    နောက်ထပ်ဖြစ်လာမဲ့ ထိခိုက်မှုတွေကို မြန်မာပြည်သူတွေ ကြံ့ကြံ့ခံနိုင်မလားဆိုတာ စဥ်စားလို့ မရနိုင်ဘူးလို့လည်း သူက ပြောပါတယ်။ 

    “တိုင်းပြည်ဟာ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခနဲ့ ၀မ်းနည်းကြေကွဲမှုတွေဆီ အတားအဆီးမရှိ၊  ကျဆင်းနေပါတယ်”

    ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး ပိုမိုကျဆင်းလာတာ၊ ဆင်းရဲမွဲတွေမှု ပိုဆိုးတာ၊ သဘာ၀ သယံဇာတွေ ပိုမိုအမြတ်ထုတ်ခံရတာ၊ တရားလက်လွတ်ဖမ်းဆီးမှုတွေ၊ အရပ်သားပျောက်ဆုံးမှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကိုလည်း ဗိုလ်ကာက ထောက်ပြဆွေးနွေးခဲ့ပါတယ်။ 

    အရပ်သားတွေ အသက်ရှင်ရေး လိုအပ်တဲ့ အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီက စနစ်တကျ တားဆီးပိတ်တာ၊ လိုအပ်နေတဲ့သူတွေ အကူအညီ မရနိုင်အောင် ဥပဒေ၊ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်ရေးစည်းမျဥ်းတွေ အသုံးပြု လုပ်ဆောင်တာတွေကိုလည်း သူက အစည်းအ၀ေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မြန်မာနိုင်ငံမှာ အရပ်သားပြည်သူ ၁၅ ဒဿမ ၂ သန်းလောက်ဟာ စားနပ်ရိက္ခာနဲ့ အာဟာရထောက်ပံ့မှုတွေ ချက်ချင်း လိုအပ်နေတယ်လို့လည်း ဗိုလ်ကာက ပြောကြားခဲ့ပါတယ်။ 

    Ref: The Star

  • စူးစမ်းလေ့လာရေး လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့ OceanGate

    စူးစမ်းလေ့လာရေး လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့ OceanGate

    ဇူလိုင် ၇၊ ၂၀၂၃

    M-Media 


    – တိုက်တန်းနစ် သင်္ဘောပျက်ကို သွားကြည့်ရာမှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ OceanGate ကုမ္ပဏီက မိမိတို့ရဲ့ စူးစမ်းလေ့လာမှု လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေငြာပါတယ်။ 

    OceanGate ရဲ့ Titan ဆိုတဲ့ ရေငုပ်သင်္ဘောငယ်ဟာ ဇွန်လ ၁၈ ရက်နေ့က လူ ၅ ဦးတင်ဆောင်ပြီး တိုက်တန်းနစ် သင်္ဘောပျက်ကို ကြည့်ရှုဖို့အတွက် အတ္တလန်တိတ်သမုဒ္ဒရာထဲကို ဆင်းသွားခဲ့တာပါ။ 

    ဒါပေမယ့် ပြန်တက်လာနိုင်ခြင်း မရှိတော့ပါဘူး။ အမေရိကန်စစ်တပ်က ရှာဖွေမှုတွေ ပြုလုပ်ရာမှာ ရေငုပ်သင်္ဘော အပျက်အစီးနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

    ဒီအဖြစ်အပျက်အတွင်း OceanGate ရဲ့ စီအီးအို စတော့က်တန် ရက်ရှ်ပါ သေဆုံးခဲ့ပါတယ်။ 

    မနေ့က OceanGate ရဲ့ ၀ဘ်ဆိုက်မှာ သူတို့ရဲ့ စူးစမ်းရှာဖွေရေးနဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ရေးသားထားပါတယ်။ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 

    Titan ရေငုပ်သင်္ဘော ဘာ့ကြောင့် ပျက်ဆီးသွားရလဲဆိုတဲ့ အကြောင်းအရင်းကို အမေရိကန်နဲ့ ကနေဒါ အာဏာပိုင်တွေက စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

    Ref: BBC 

  • တရားရုံးတိုက်ပွဲတွေမှာ တွေ့လာရတော့မယ့် အီလွန်မက်စ်နှင့် ဇက်ကာဘဂ်

    တရားရုံးတိုက်ပွဲတွေမှာ တွေ့လာရတော့မယ့် အီလွန်မက်စ်နှင့် ဇက်ကာဘဂ်

    ဇူလိုင် ၇၊ ၂၀၂၃

    M-Media 


    -Threads အက်ပလီကေးရှင်းအသစ် ဖန်တီးမှုအတွက် ဖေ့စ်ဘုတ်ကုမ္ပဏီ Meta ကို တရားစွဲဆိုဖို့ စဥ်းစားနေတယ်လို့ Twitter က ထုတ်ပြန်ပါတယ်။ 

    Threads ဟာ Twitter ကို တုပထားတဲ့ ဆိုရှယ်မီဒီယာတစ်ခုလို့ နာမည်ကြီးနေတာပါ။ Twitter က ၀န်ထမ်းဟောင်းတွေကို Meta က ခေါ်ယူပြီး ဒီအက်ပလီကေးရှင်းကို ဖန်တီးထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ 

    Twitter စီအီးအို အီလွန်မက်စ်က စျေးကွက်ပြိုင်ဆိုင်မှုအတွက် အဆင်ပြေပေမယ့် ခိုးယူတာမျိုးကိုတော့ လက်သင့်မခံနိုင်ဘူးလို့ ထုတ်ပြောလာပါတယ်။ 

    Threads ကို ဗုဒ္ဓဟူးနေ့က စတင်မိတ်ဆက်ခဲ့ရာမှာ ကမ္ဘာတစ်၀ှမ်း သုံးစွဲသူ သန်း ၃၀ လောက် ရှိတယ်လို့ Meta က ထုတ်ပြန်ပါတယ်။ 

    Twitter ကုမ္ပဏီရဲ့ ရှေ့နေ အဲလက်စ် စပီရိုက ဗုဒ္ဓဟူးနေ့မှာ Meta စီအီးကို မက်ခ် ဇက်ကာဘဂ်ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာ Twitter ရဲ့ စီးပွားရေး လျှို့၀ှက်ချက်တွေ၊ ဉာဏရင်းမြစ်တွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

    Twitter က ၀န်ထမ်းတွေကို Meta က ခေါ်ခန့်ခဲ့တာကြောင့် သူတို့ကုမ္ပဏီရဲ့ လျှို့၀ှက် သတင်းအချက်အလက်တွေ ရရှိခဲ့တယ်လို့လည်း စပီရိုရဲ့စာမှာ ဖော်ပြထားပါတယ်။ 

    Twitter ၀န်ထမ်းတွေ ခေါ်ခန့်ခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကို Meta ဖက်က ငြင်းထားပါတယ်။ 

    Ref: BBC

  • မွတ်စလင်လူငယ်အား ရိုက်သတ်ခဲ့သူများကို အိန္ဒိယတရားရုံးက ထောင် ၁၀ နှစ်ချ

    မွတ်စလင်လူငယ်အား ရိုက်သတ်ခဲ့သူများကို အိန္ဒိယတရားရုံးက ထောင် ၁၀ နှစ်ချ

    ဇူလိုင် ၆၊ ၂၀၂၃

    M-Media


    – လွန်ခဲ့တဲ့ ၄ နှစ်က မွတ်စလင်လူငယ် တစ်ဦးကို ၀ိုင်းရိုက်ခဲ့တဲ့ အမျိုးသား ၁၀ ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ 

    ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၂၄ နှစ်အရွယ် တက်ဘ်ရက်ဇ် အန်ဆာရီကို ဆိုင်ကယ်ခိုးတယ်ဆိုပြီး ဟိန္ဒူလူအုပ်က ၀ိုင်းရိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    အန်ဆာရီကို ဓာတ်တိုင်မှာ ကြိုးတုပ်ထားပြီး လူအုပ်က ၀ိုင်း၀န်း ရိုက်နှက်နေတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ လူအုပ်ဟာ အန်ဆာရီကို ဘာသာရေးအကြမ်းဖက်မှုလည်း ပြုလုပ်ခဲ့ပါတယ်။ 

    ဟိန္ဒူဘုရားရှိခိုးစာတွေကို အတင်းအဓမ္မ ဆိုခိုင်းခဲ့တာပါ။ လူအုပ်ဟာ တညလုံး အန်ဆာရီကို နှိပ်စက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က နောက်တစ်နေ့မှ လာရောက်ဟန့်တားပြီး အန်ဆာရီကို ဖမ်းခေါ်သွားခဲ့ပါတယ်။ 

    အန်ဆာရီဟာ ဦးခေါင်းထိခိုက်မိကာ ၃ ရက်ကြာ ၀ေဒနာအပြင်းအထန် ခံစားခဲ့ရပြီး ဇွန်လ ၂၂ ရက်နေ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီး ၀ေဖန်မှုတွေ မြင့်တက်လာတာကြောင့် ဂျာ့ခ်ဟန်း ရဲတပ်ဖွဲ့ဟာ ကျူးလွန်သူတွေကို ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ ပထမပိုင်းမှာ လူသေမှုနဲ့သာ စွဲချက်တင်ခဲ့ပြီး၊ ပြစ်တင်ခံရတဲ့အတွက် နောက်ပိုင်းမှ လူသတ်မှု ထပ်ပေါင်းထည့်ခဲ့တာပါ။ 

    ပြီးခဲ့တဲ့တစ်ပတ် တရားရုံးက စီရင်ချက်ချရာမှာ လူသတ်မှုအတွက် သက်သေမခိုင်လုံဆိုတဲ့အကြောင်းပြချက်ပေးပြီး လူသေမှုနဲ့သာ လူ ၁၀ ဦးကို ထောင်ဒဏ် ၁၀ နှစ်ချီ ချမှတ်ခဲ့ပါတယ်။ 

    Ref: BBC

  • ပါလက်စတိုင်းမှာ စစ်ရာဇ၀တ်မှုတွေ ထပ်ကျူးလိုက်ပြန်တဲ့ အစ္စရေး

    ပါလက်စတိုင်းမှာ စစ်ရာဇ၀တ်မှုတွေ ထပ်ကျူးလိုက်ပြန်တဲ့ အစ္စရေး

    ဇူလိုင် ၃၊ ၂၀၂၃

    M-Media 

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းမှာ ရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးစစ်တပ်က ဒီကနေ့မနက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ 

    ဂျီနင်ဒုက္ခသည်စခန်းဖြစ်ပြီး ရာနဲ့ချီတဲ့ မြေပြင်တပ်တွေနဲ့ ၀င်ရောက်စီးနင်းခဲ့သလို၊ ရဟတ်ယာဥ်တွေနဲ့လည်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း ကလေးငယ် ၃ ဦး အပါအ၀င် အနည်းဆုံး ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့ပါတယ်။ 

    အစ္စရေးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဂျီနင်ဒုက္ခသည်စခန်းကို အကြိမ်ကြိမ် ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ လူငယ် ပါလက်စတိုင်း တော်လှန်ရေးသမားတွေကို ပစ်မှတ်ထား ချေမှုန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။  

    ရှုတ်ချ 

    ———

    ကုလသမဂ္ဂနဲ့ ပတ်၀န်းကျင် အာရပ်နိုင်ငံတွေကတော့ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ကြေငြာချက် အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နဆာရ် ကာနာနီက အစ္စရေးဟာ ရာဇ၀တ်မှု ကျူးလွန်နေတာဖြစ်ပြီး အကြမ်းဖက်နိုင်ငံဆိုတာ ထင်ရှားတယ်လို့ ၀ေဖန်ခဲ့ပါတယ်။ 

    “ဆက်ဆံရေးတည်ဆောက်လိုက်ရုံနဲ့ ဇိုင်ယွန်အဖွဲ့အစည်းရဲ့ လူသတ်၀ါဒကို မတားဆီး၊ မဟန့်တားနိုင်သလို၊ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘဲ ဇိုင်ယွန်အဖွဲ့ဟာ ရာဇ၀တ်မှုတွေ ဆက်လက် ကျူးလွန်နေမယ်ဆိုတာ အခုလုပ်ရပ်က သက်သေပါပဲ”

    အီဂျစ်ကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြား၀င် ဟန့်တားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

    ဂျော်ဒန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေ၊ တာ၀န်၀တ္တရားတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

    အာရပ်လိဂ် အထွေထွေအတွင်းရေးမှူး အဟ်မဒ် အဘူလ် ဂီအစ်က အစ္စရေးရဲ့ ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးကို ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး အခြေအနေကို ပိုမိုတင်းမာစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ 

    Ref: Aljazeera