News @ M-Media

Author: Ko Lay

  • မဏိပူရမှာ လူမျိုးရေး တိုက်ပွဲများ ပြင်းထန်နေပြီ

    မဏိပူရမှာ လူမျိုးရေး တိုက်ပွဲများ ပြင်းထန်နေပြီ

    ဇူလိုင် ၁၇၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ မေလအတွင်းက စတင်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းဟာ အခုအချိန်မှာတော့ လူမျိုးစုနှစ်ဖက် လက်နက်ကိုင် တိုက်ခိုက်တဲ့အဆင့်ကို ရောက်လာခဲ့ပါတယ်။ 

    လူများစု ဟိန္ဒူဘာသာ၀င်တွေဖြစ်တဲ့ ကသည်းလူမျိုးတွေက ပြည်နယ်အတွင်း ခရစ်ယာန်ဘာသာ၀င် တိုင်းရင်းသားလူနည်းစုတွေ ရရှိထားတဲ့ အထူးအခွင့်အရေးတွေကို ထပ်တောင်းရာကနေတစ်ဆင့် လူမျိုးရေး တင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ 

    ကသည်းတွေဟာ ပြည်နယ်က မြေပြန့်ဒေသတွေမှာ နေထိုင်ပြီး ကူကီးလို လူမျိုးစုတွေက တောင်ပေါ်ဒေသတွေမှာ နေထိုင်ပါတယ်။ 

    မိမိတို့နယ်မြေတွေ၊ ယဥ်ကျေးမှုအမှတ်သညာတွေ ပျောက်ဆုံးသွားနိုင်တဲ့ ကသည်းတို့ရဲ့ တောင်းဆိုမှုကို ကူကီးတွေက အပြင်းအထန် ဆန္ဒပြကန့်ကွက်ခဲ့ကြတာပါ။ ကသည်းတွေကလည်း တန်ပြန်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး မေလမှာတော့ သတ်ဖြတ်မှု၊ မီးရှို့မှုတွေအထိ ဦးတည်ခဲ့ပါတယ်။ 

    လက်ရှိအချိန်မှာ ကသည်းတွေ နေထိုင်တဲ့ နေရာနဲ့ ကူကီးလူမျိုးတွေနေထိုင်တဲ့နေရာ သီးခြားစီဖြစ်သွားခဲ့ပြီး လက်နက်တွေကိုင်ကာ တစ်ဖက်နဲ့တစ်ဖက် အလစ်အငိုက် တိုက်ခိုက် သတ်ဖြတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။ 

    တစ်ချို့တိုက်ခိုက်မှုတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့၀င်တွေရဲ့ အရှေ့မှာတင် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

    ပဋိပက္ခ စဖြစ်ကတည်းက သေဆုံးသူ အနည်းဆုံး ၁၂၀ လောက် ရှိလာပြီလို့ အိန္ဒိယအစိုးရက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ ဒီထက်ပိုမို များပြားနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ 

    နေအိမ်အဆောက်အဦးတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေလည်း အများအပြား ဖျက်ဆီးခံထားရပါတယ်။ 

    နိုင်ငံရေးသုတေသီတွေကတော့ အိန္ဒိယဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်နိုင်တဲ့အခြေအနေကို ပထမဆုံး ကြုံတွေ့နေရပြီလို့ သတိပေးထားပါတယ်။ 

    Ref: Aljazeera 

  • စားပြီးအိပ်လို့ရမယ့် ဂျော်ဒန်က စားသောက်ဆိုင်

    စားပြီးအိပ်လို့ရမယ့် ဂျော်ဒန်က စားသောက်ဆိုင်

    ဇူလိုင် ၁၇၊ ၂၀၂၃

    M-Media 


    -ဂျော်ဒန်နိုင်ငံ အမ်မန်မြို့က စားသောက်ဆိုင်တစ်ခုဟာ လာစားသောက်တဲ့ ဖောက်သည်တွေ အိပ်စက်နိုင်ဖို့အတွက်ပါ စီစဥ်ပေးထားပါတယ်။ 

    မန်ဆက်ဖ် (mansaf) လို့ခေါ်တဲ့ နာမည်ကျော် ဂျော်ဒန်ရိုးရာထမင်း ရောင်းချတဲ့ဆိုင် ဖြစ်ပါတယ်။ မန်ဆက်ဖ်ဟာ အဆီအနှစ် အလွန်များတဲ့ အစားအသောက်ဖြစ်ပြီး စားပြီးတဲ့အချိန် အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။

    ဒါ့ကြောင့် စားသုံးသူတွေဟာ အများအားဖြင့် အိမ်ကိုသာ မှာယူစားသုံးကြပါတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် အမ်မန်မြို့က Moab ဆိုတဲ့ စားသောက်ဆိုင်တစ်ခုဟာ စားသုံးသူတွေအတွက် အိပ်ဖို့နေရာပါ စီစဥ်ပေးထားပါတယ်။ 

    “အိပ်ယာထားပေးဖို့ အိုက်ဒီယာက နောက်ရင်းပြောင်ရင်းနဲ့ ဖြစ်လာတာ။ မန်ဆက်ဖ်က အဆီများတော့ စားပြီး အိပ်ချင်လာတဲ့သူတွေ အိပ်လို့ရအောင် ဖန်တီးပေးထားပါတယ်” လို့ ဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူ မူဆက်ဘ် မူဘိုင်ဒင်းက ပြောပါတယ်။ 

    မန်ဆက်ဖ်ကို ဆန်အကောင်းစား၊ သိုးသား၊ ထောပတ်တွေနဲ့ စီမံချက်ပြုတ်တာဖြစ်ပါတယ်။ 

    “စားပြီးရင် အိပ်ချင်လာတဲ့ စားသုံးသူတွေက ခင်ဗျားတို့ အိပ်ယာ ဘာလို့မထားပေးတာလဲ ဆိုပြီး ခဏခဏပြောကြတယ်။ ဒါ့ကြောင့် ဆိုင်မှာ သီးသန့်နေရာလုပ်ပြီး အိပ်ယာတွေ ထားပေးလိုက်တယ်။ အခုဆိုရင် မန်ဆက်ဖ် လာစားတဲ့သူတွေ ခနတစ်ဖြုတ် ၀င်၀င်နှပ်ကြပါတယ်”

    Moab ဆိုင်ဟာ အိပ်ဖို့နေရာကို လေအေးပေးစက်တွေနဲ့ ကျကျနန ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ 

    Ref: Arab News

  • လ၏ တောင်၀င်ရိုးစွန်းကို ဆင်းသက်မည့် အိန္ဒိယ၏ တတိယမြောက် အာကသယာဥ်

    လ၏ တောင်၀င်ရိုးစွန်းကို ဆင်းသက်မည့် အိန္ဒိယ၏ တတိယမြောက် အာကသယာဥ်

    ဇူလိုင် ၁၆၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံဟာ တတိယမြောက် လစူးစမ်းလေ့လာရေးယာဥ်ကို သောကြောနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ 

    အာကာသယာဥ်ကို Chandrayaan-3 လို့ အမည်ပေးထားပြီး သြဂုတ်လ ၂၃-၂၄ ရက်နေ့မှာ လပေါ်ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 

    အာကာသယာဥ်ဟာ လူသားတွေ စူးစမ်းလေ့လာမှုနည်းပါးတဲ့ လရဲ့ တောင်ဖက်၀င်ရိုးစွန်းပေါ်ကို ဆင်းသက်မှာပါ။ အောင်မြင်ရင် အမေရိကန်၊ ဆိုဗီယက်နဲ့ တရုတ်တို့နောက်ပိုင်း လတောင်၀င်ရိုးစွန်းကို ရောက်ရှိတဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ 

    အိန္ဒိယရဲ့ လစူးစမ်းလေ့လာရေး စီမံကိန်းဟာ ၂၀၀၈ ခုနှစ်မှာ စတင်တာပါ။ Chandrayaan-1 လို့ အမည်ပေးထားတဲ့ အာကာသယာဥ်ကို လွှတ်တင်ကာ လပေါ်မှာ ရေ ရှိ၊ မရှိကို လေ့လာခဲ့ပါတယ်။  

    နေ့ဖက်တွေမှာ လပေါ် လေထုရှိကြောင်းကို Chandrayaan-1 ရဲ့ စူးစမ်းလေ့လာမှုကနေတစ်ဆင့် တွေ့ရှိခဲ့ပါတယ်။ 

    Chandrayaan-2 အာကာသယာဥ်ကို ၂၀၁၉ ခုနှစ်မှာ လွှတ်တင်ခဲ့ပြီး လဆင်းယာဥ်ငယ် လပေါ်ကိုဆင်းသက်ရာမှာ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် အာကာသယာဥ်ကတော့ လပတ်လမ်းကြောင်းမှာ လှည့်ပတ်ကာ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

    Chandrayaan-2 လဆင်းယာဥ်ငယ် ပျက်ကျမှုကို ပုံတူဖန်တီး လေ့လာမှုတွေ ပြုလုပ်ကာ အခုတစ်ခေါက်ခရီးစဥ်မှာ ထပ်မဖြစ်အောင် ကြိုးစားထားတယ်လို့ အိန္ဒိယ အာကာသ အေဂျင်စီက ထုတ်ပြန်ပါတယ်။ 

    Chandrayaan-3 အာကာယာဥ်အတွင် ရူပီး ၆ ဒဿမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၇၅ သန်း) ကုန်ကျခဲ့ပါတယ်။ 

    Ref: BBC

  • ရေနစ်သေမလို ဖြစ်ခဲ့သည့် ရစ်ချာလီဆန်

    ရေနစ်သေမလို ဖြစ်ခဲ့သည့် ရစ်ချာလီဆန်

    ၂၀၀၆ ကမ္ဘာ့ဖလားက ရော်နယ်ဒို၊ ကာကာ၊ အက်ဒရီယာနိုနဲ့ ရော်နယ်ဒင်ဟိုတို့ရဲ့နှစ်ပါ။ အဲဒီအချိန် ကျွန်တော်က အဖိုးရဲ့ကော်ဖီခြံမှာ အလုပ်လုပ်နေတုန်း။ အလုပ်သမားတွေကို ရေခဲချောင်းရောင်းတယ်။ သူငယ်ချင်းတွေနဲ့ ဂေါ်လီရိုက်တယ်။ မြစ်ထဲမှာ ရေဆင်းကူးတယ်။ မိုးရွာရင် မြစ်က ရေစီးသန်တော့ အဲဒီအချိန်ကို ကျွန်တော်တို့သူငယ်ချင်းတွေက ကြိုက်တယ်။ ထရပ်ကားတာယာယူသွားပြီး မျှောစီးကြတယ်။

    တစ်ခေါက် ကျွန်တော့်ညီ ရေနစ်နေလို့ သွားကယ်ရသေးတယ်။ အနားလည်းရောက်ရော သူက ကျွန်တော့်ကို ရေထဲနှစ်ပြီး ရေပေါ်တက် အသက်ရှူ၊ ကျွန်တော်ကလည်း သူ့ပြန်နှစ်၊ အသက်ပြန်ရှူ လုံးထွေးပြီး နှစ်ယောက်လုံး နစ်နေကြတာ။ နောက်ဆုံး ခြေထောက်နဲ့ ကျွန်တော် ကန်လိုက်တဲ့အချိန် သူက ကျောက်တုံးတစ်ခုနားရောက်ပြီး လှမ်းကိုင်လိုက်နိုင်တယ်။ ကျွန်တော့်ဘ၀မှာ ခြေထောက်နဲ့ ကောင်းတာတစ်ခုကို ပထမဆုံး လုပ်ဖြစ်ခဲ့တာပါ။ ညင်ညင်သာသာတော့မဟုတ်ဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ပါတယ်။ 

    Ref: The Players Tribune 

  • မြန်မာ့အရေး အာဆီယံ၀န်ကြီးများအစည်းအ၀ေးမှာ ဘာထူးလဲ

    မြန်မာ့အရေး အာဆီယံ၀န်ကြီးများအစည်းအ၀ေးမှာ ဘာထူးလဲ

    ဇူလိုင် ၁၃၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေ မနေ့က အစည်းအ၀ေး ပြုလုပ်ခဲ့ပါတယ်။ 

    အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက အာဆီယံက လက်ခံသဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ 

    အကြမ်းဖက်မှုတွေကို မရပ်တန့်နိုင်ရင် တွေ့ဆုံဆွေးနွေးရေးနဲ့ အကူအညီပေးရေး ဆောင်ရွက်နိုင်မယ့် အခြေအနေမျိုး ပေါ်ပေါက်လာမှာမဟုတ်ဘူးလို့ မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့လမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး မြန်မာ့အရေးဆွေးနွေးပွဲတစ်ခု လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ 

    ဒီအတွက် အာဆီယံအဖွဲ့၀င်နိုင်ငံတွေက ၀ေဖန်ခဲ့ပါတယ်။ 

    ထိုင်နိုင်ငံခြားရေး၀န်ကြီး ဒွန် ပရာမွဒ်၀ီနိုင်းက မြန်မာပြဿနာကြောင့် ထိုင်းနိုင်ငံက ကြုံတွေ့နေရတဲ့ နယ်စပ်ကိစ္စ၊ ကုန်သွယ်ရေးနဲ့ ဒုက္ခသည်ကိစ္စတွေ ပြေလည်စေရေး ကျင်းပရခြင်းဖြစ်တယ်လို့ မနေ့ကအစည်းအ၀ေးမှာ ကာကွယ်ပြောကြားခဲ့ပါတယ်။ 

    ဒေါ်စုနဲ့တွေ့ 

    ပရာမွဒ်၀ီနိုင်းက မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်စဥ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သီးခြားပြောကြားခဲ့ပါတယ်။ 

    ထိုင်းနိုင်ငံခြားရေး၀န်ကြီးဟာ မြန်မာနိုင်ငံကို ဧပြီလမှာတစ်ကြိမ်၊ ဇွန်လမှာတစ်ကြိမ် သွားရောက်ခဲ့တာဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နောက်ထပ်တစ်ကြိမ် သွားရောက်မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁ နာရီကြာ တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်လို့ သူက ဆိုပါတယ်။ 

    ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး၊ လက်ရှိ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ပရာမွဒ်၀ီနိုင်းက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

    ဒီပြောကြားမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ 

    အာဆီယံမူ မပြောင်း 

    အင်ဒိုနီးရှားနိုင်ငံခြားရေး မာဆူဒီက မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်စွဲကိုင်သွားမှာဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

    “အခြားကြိုးပမ်းမှုတွေဟာ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုကို ထောက်ခံအားပေးတာမျိုးသာ ဖြစ်ရပါမယ်”

    Ref: AFP