News @ M-Media

Author: Ko Lay

  • နယူးယောက်ရဲတပ်ဖွဲ့၏ တရားမ၀င်လုပ်ရပ်အတွက် တရားစွဲမှုတွင် အမေရိကန်မွတ်စလင်များ အနိုင်ရရှိ

    နယူးယောက်ရဲတပ်ဖွဲ့၏ တရားမ၀င်လုပ်ရပ်အတွက် တရားစွဲမှုတွင် အမေရိကန်မွတ်စလင်များ အနိုင်ရရှိ

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    – ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးကတည်းက နယူးယောက်ရဲတပ်ဖွဲ့ဟာ မွတ်စလင်တွေကို တရားမ၀င် လျှို့ဝှက်စောင့်ကြည့်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် တရားစွဲဆိုမှုမှာ ဒေသတွင်း မွတ်စလင်တွေက အနိုင်ရရှိသွားပြီး ရဲတပ်ဖွဲ့က ဒီလို စောင့်ကြည့်မှုတွေ မလုပ်တော့ဘူးလို့ ကတိပြုခဲ့ပါတယ်။

    “ကျွန်တော်တို့ အမှုနိုင်သွားတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် စစ်သားတစ်ယောက်အနေနဲ့ အမေရိကန်လည်း ဒီကိစ္စမှာ အနိုင်ရသွားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ အမေရိကန် စစ်သားတစ်ဦးဖြစ်တဲ့ ဖာရ်ဟဂ်ျ ဟာဆန်က ပြောကြားခဲ့ပါတယ်။

    ဟာဆန်ဟာ ဒီကိစ္စနဲ့ပတ်သက် ၂၀၁၂ ခုနှစ်က နယူးဂျာစီပြည်နယ် နီဝက်မြို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

    “ဘယ်သူမှ ရဲတွေနဲ့ ရန်ဖက်မဖြစ်ချင်ပါဘူး။ ရဲတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ရဲတွေ မကောင်းတာလုပ်တဲ့ ဒီကိစ္စမှာတော့ လုပ်သင့်တာ လုပ်ရမှာပါ”

    ဥပဒေဆိုင်ရာ အကြံပေးရေးနဲ့ ပညာရေးဆိုင်ရာအဖွဲ့ Muslim Advocates ရဲ့ အမှုဆောင်ဒါရိုက်တာ ဖာရ်ဟာနာ ခီရာက မွတ်စလင်ဖြစ်တာကြောင့် စောင့်ကြည့်ရမယ်ဆိုတဲ့ကိစ္စဟာ မှားယွင်းတယ်ဆိုတဲ့အကြောင်း ဥပဒေစိုးမိုးရေး အဖွဲ့တွေကို အခုကိစ္စက သတင်းစကားတစ်ခု ပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နယူးယောက်ရဲတပ်ဖွဲ့ဟာ မွတ်စလင်ကျောင်းသားအဖွဲ့တွေထဲ ထိုးဖောက်ဝင်ရောက်တာ၊ ဗလီတွေမှာ သတင်းပေးထားတာ လုပ်ခဲ့ပြီး၊ ဗလီ၊ စားသောက်ဆိုင်တွေနဲ့ ကျောင်းတွေက သာမန်လူတွေကို ၂၀၀၂ ခုနှစ်ကတည်းကစလို့ ထောက်လှမ်းတာတွေ လုပ်ခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြခဲ့ပြီးတဲ့နောက် ရဲဌာနကို တရားစွဲဆိုမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    သတင်းစာရှင်းလင်းပွဲမှာ တရားလိုတွေက နယူးဂျာဆီပြည်နယ်မှာ ဗလီ ၂၀၊ စားသောက်ဆိုင် ၁၄ ခု၊ ကုန်စုံဆိုင် ၁၁ ခု၊ စာသင်ကျောင်း ၂ ခုနဲ့ မွတ်စလင်ကျောင်းသားအဖွဲ့ ၂ ခုတို့မှာ ရဲတပ်ဖွဲ့က လျှို့ဝှက်ထောက်လှမ်းမှုတွေ လုပ်ခဲ့ပေမယ့် အကြမ်းဖက်ဝါဒနဲ့ ပတ်သက်တဲ့ ဘာသတင်းအချက်အလက်မှ ရခဲ့တာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    တရားရုံးက ရဲတပ်ဖွဲ့အနေနဲ့ လူတစ်ယောက် ဘာသံသဖြစ်စရာမှ မရှိဘဲနဲ့ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး စောင့်ကြည့်တာမျိုး မလုပ်ရဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးဗျူရိုကို ထိန်းချုပ်နိုင်ရေး ရည်ရွယ်တဲ့ ပေါ်လစီအသစ်တစ်ခုအတွက် အချက်အလက်တွေ ပေးအပ်ဖို့လည်း တရားလိုမွတ်စလင်တွေကို တိုက်တွန်းဆော်သြခဲ့ပါတယ်။

    ဒီလို တရားမ၀င် စောင့်ကြည့်အစီအစဉ်ကြောင့် နစ်နာခဲ့ရတဲ့ ဗလီဝတ်ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုတွေအတွက် နစ်နာကြေး ကန်ဒေါ်လာ ၇၅၀၀၀ နဲ့ တရားရင်ဆိုင်မှုစားရိတ် ဒေါ်လာ ၁ သန်းကို နယူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့က ပေးရမှာ ဖြစ်ပါတယ်။

    နယူးဂျာဆီက စောင့်ကြည့်ရေးအစီအစဉ်တွေကို နိုင်ငံသားအခွင့်အရေးဆိုင်ရာ အခြားသော တရားစွဲဆိုမှုတွေမှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သဘောတူခဲ့ပါတယ်။

    Ref : Aljazeera

  • ဆော်ဒီအိမ်ရှေ့မင်းသား ပြင်သစ်သို့ ချစ်ကျည်ရေးခရီး ရောက်ရှိလာ

    ဆော်ဒီအိမ်ရှေ့မင်းသား ပြင်သစ်သို့ ချစ်ကျည်ရေးခရီး ရောက်ရှိလာ

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    ပြင်သစ်သို့ ဆော်ဒီအိမ်ရှေ့မင်းသား ရောက်ရှိလာစဉ်

    – အမေရိကန်သို့ ၃ ပတ်ကြာ သွားရောက်ခဲ့ပြီးနောက် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ ယနေ့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ပြင်သစ်အစိုးရ၏ တရားဝင်ဖိတ်ကြားမှုဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဘင် ဆလ်မန်မှာ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်၊ အခြား တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကျိုးစီးပွားရေးရာ ကိစ္စများကို ဆွေးနွေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

    ၂ ရက်တာကြာမြင့်မည့် ထိုခရီးစဉ်အတွင်း အိမ်ရှေ့မင်းသားမှာ ယီမင်၊ ဆီးရီးယားအရေးနှင့် အီရန်၏ နျူသဘောတူညီချက် ကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်ကာ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများနှင့် စီးပွားရေးဖိုရမ်တို့ကိုလည်း တက်ရောက်မည်ဖြစ်သည်။

    ပြင်သစ်နှင့် ဆော်ဒီတို့အကြား ခရီးသွားလာရေး စီမံကိန်းတစ်ခုကို ၎င်း၏ ယခုခရီးစဉ်အတွင်း ကြေငြာဖွယ် ရှိနေသည်။

    အမေရိကန်မှ ထွက်ခွာခြင်းမပြုမီ ဆလ်မန်က သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဆော်ဒီနှင့် အမေရိကန်အကြား သမိုင်းနှင့်ချီသည့် မဟာဗျူဟာမြောက် ဆက်ဆံရေးအတွက်လည်း ချီးကျူးခဲ့သည်။

    Ref: Alarabiya

  • ရိုဟင်ဂျာများ ပြန်လက်ခံရေး မြန်မာဖက်က အဆင်သင့်မဖြစ်သေးဟု ကုလအကြီးအကဲပြော

    ရိုဟင်ဂျာများ ပြန်လက်ခံရေး မြန်မာဖက်က အဆင်သင့်မဖြစ်သေးဟု ကုလအကြီးအကဲပြော

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုနေသည့် မူလာ

    – ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် မြန်မာနိုင်ငံဟာ အဆင်သင့်မဖြစ်သေးဘူးလို့ ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး အူရ်ဆူလာ မူလာက ပြောကြားလိုက်ပါတယ်။

    “လူတွေထံကနေ ကျွန်မ မြင်ရတာ၊ ကြားရတွေကိုပြောရရင် ကျန်းမာရေးစောင့်ရှောက်မှု မရဘူး၊ ကာကွယ်ပေးပါ့ မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။ ဆက်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်။ လူတွေပြန်လာလို့ရမယ့် အခြေအနေမျိုး မဟုတ်ပါဘူး” လို့ သူမက ဆိုပါတယ်။

    မူလာဟာ မြန်မာနိုင်ငံကိုလာရောက်ကာ ရခိုင်ဒေသအပါအ၀င် နိုင်ငံတစ်ဝှမ်း ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြသူတွေရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့တာပါ။

    မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မူလာရဲ့ ဒီမှတ်ချက်ကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။

    နိုဝင်ဘာလအတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာ နေရပ်ပြန်လာနိုင်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာအစိုးရက အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

    ဇန်န၀ါရီလမှာလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ၂ နှစ်အတွင်း ပြီးဆုံးအောင် ဆောင်ရွက်ဖို့ ထပ်မံသဘောတူခဲ့ကြပါတယ်။

    မြန်မာတာဝန်ရှိသူတစ်ဦးက သူတို့အနေနဲ့ အခုအထိ ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေကို အတည်ပြုထားပြီး ပထမဆုံးအသုတ် နေရပ်ပြန်လာသူတွေ ဖြစ်လိမ့်မယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    မူလာဟာ ရခိုင်ပြည်နယ်က ထိခိုက်ခံစားရဆုံး ဒေသတွေကို သွားရောက်ခွင့်ရခဲ့ပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေက ၀န်ကြီးတွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    “အကြမ်းဖက်မှုကို အဆုံးသတ်ဖို့၊ ကော့ဇ်ဘဇားက ဒုက္ခသည်တွေ နေရပ်ပြန်လာမှုဟာ သူတို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒ၊ ဂုဏ်သိက္ခာရှိစွာဖြစ်ဖို့နဲ့ ဖြေရှင်းမှုတွေ ရေရှည်တည်တံ့ဖို့ (မြန်မာအာဏာပိုင်တွေကို) ကျွန်မ တောင်းဆိုခဲ့ပါတယ်” လို့ မူလာက ရန်ကုန်မြို့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • တူရကီတွင် ဆီတင်သင်္ဘောက သမိုင်းဝင်အဆောက်အဦးတစ်ခုကို ၀င်တိုက်

    တူရကီတွင် ဆီတင်သင်္ဘောက သမိုင်းဝင်အဆောက်အဦးတစ်ခုကို ၀င်တိုက်

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    သင်္ဘောတိုက်မှုမြင်ကွင်း

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဘော့စ်ဖရက်စ်ရေလက်ကြားမှာ မော်လ်တာအလံ လွှင့်တင်ထားတဲ့ ဆီတင်သင်္ဘောတစ်စင်းဟာ ကမ်းခြေကို ၀င်တိုက်မှု ဖြစ်ပွားခဲ့ပြီး သမိုင်းဝင် အိမ်ဂေဟာတစ်ခု ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့ပါတယ်။

    မနေ့က နေ့လည်ပိုင်းမှာ Vitaspirit ဆိုတဲ့ အဲဒီသင်္ဘောဟာ ပဲ့ထိန်းစတီယာတိုင် လော့ကျသွားပြီး ထိန်းလို့မရတော့တဲ့အတွက် ကျောက်ချရပ်နားခဲ့ပေမယ့် အရှိန်ကြောင့် ဒီလို ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။

    ဖာတီဆူလ်တန် မဟ်မတ်တံတားအောက်မှာ တည်ဆောက်ထားတဲ့ ဟီကင်ဘာဆီ ဆာလီဟ် အီဖန်ဒီ အိမ်ဂေဟာကြီးဟာ သင်္ဘောတိုက်မိမှုကြောင့် ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။

    တူရကီ နိုင်ငံပိုင်သတင်းဌာန Anadolu က သင်္ဘောကို အခင်းဖြစ်ရာနေရာကနေ ကမ်းခြေကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဟီကင်ဘာဆီ ဆာလီဟ် အီဖန်ဒီ အိမ်ဂေဟာ ဟာ ၁၈ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် အဆောက်အဦးဖြစ်ပြီး မင်္ဂလာပွဲတွေ၊ ဂီတပွဲတွေ ကျင်းပရာနေရာ ဖြစ်ပါတယ်။ ဘော့စ်ဖရက်ရေလက်ကြားမှာ ကမ်းခြေက အဆောက်အဦးတွေဟာ တော်တော်လေး တန်ဖိုးရှိတဲ့ အရာတွေ ဖြစ်ပါတယ်။

    ဒီရေလက်ကြားဟာ အစ္စတန်ဘူလ်ရဲ့ ဥရောပနဲ့ အာရှဖက်ခြမ်းကို ခြားထားတဲ့ မြစ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ ရေနံကုန်သွယ်မှုအတွက် အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားအစိုးရတပ်များ ဓာတုလက်နက်အသုံးပြုသည်ဟု သတင်းထပ်ထွက်

    ဆီးရီးယားအစိုးရတပ်များ ဓာတုလက်နက်အသုံးပြုသည်ဟု သတင်းထပ်ထွက်

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    တိုက်ခိုက်ခံခဲ့ရသည့် ကလေးငယ်တစ်ဦး

    – ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်အနီး ဒူးမားမြို့မှာ ဆီးရီးယားအစိုးရတပ်ရဲ့ မနေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ပြီး ဓာတုလက်နက်တွေ အသုံးပြုတယ်လို့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    ဒူးမားမြို့ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး White Helmets အဖွဲ့က သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။

    “လူ ၇၀ လောက်ဟာ အသက်ရှူကြပ်သေဆုံးခဲ့ပြီး၊ ရာနဲ့ချီတဲ့လူတွေဟာလည်း အသက်ရှူကြပ်နေကြပါတယ်” လို့ White Helmets အဖွဲ့ခေါင်းဆောင် ရာအဒ် အလ်-ဆာလေဟ်က ဆိုပြီး သေဆုံးသူတွေ မြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒူးမားမှာ ကလိုရင်းဓာတ်ငွေ့နဲ့ အခြား အားပြင်းတဲ့ ဓာတ်ငွေ့တစ်မျိုးကို ကြဲချခဲ့တာဖြစ်တယ်လို့လည်း ဆာလေဟ်က ပြောပါတယ်။

    “White Helmet အဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ကူညီဖို့ ကြိုးစားနေပေမယ့် လုပ်နိုင်တာက အခြားနေရာတွေကို ခြေလျင် ပြောင်းရွှေ့ပေးနေရတာ ဖြစ်ပါတယ်။ ကားတွေအများစုနဲ့ စင်တာတွေအများစုက သုံးလို့မရပါဘူး”

    ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကတော့ အစိုးရတပ်တွေဟာ ဓာတုလက်နက် အသုံပြုတာမျိုး မရှိဘူးလို့ ကြေငြာခဲ့ပါတယ်။

    ဒူမားဟာ အရှေ့ဂူတာဒေသမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးမြို့ဖြစ်ပြီး ဆီးရီးယားအစိုးရတပ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ သောကြာနေ့ကတည်းကစပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

    သူပုန်တွေထိန်းချုပ်ထားတဲ့ဒေသမှာ ဆီးရီးယားအစိုးရတပ်တွေဟာ ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ သတင်းတွေဟာ ယခင်ကလည်း ထွက်ခဲ့ဖူးပါတယ်။

    Ref: Aljazeera