News @ M-Media

Author: Ko Lay

  • ခြစားမှုကြောင့် တောင်ကိုရီးယားသမ္မတဟောင်း ထောင် နှစ် ၂၀ ကျော်ကျ

    ခြစားမှုကြောင့် တောင်ကိုရီးယားသမ္မတဟောင်း ထောင် နှစ် ၂၀ ကျော်ကျ

    ဧပြီ ၆၊ ၂၀၁၈
    M-Media

    တရားရုံးသို့ ရောက်ရှိလာမှု မြင်ကွင်း

    – ရာထူးရှိစဉ်က ခြစားမှုများအတွက် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေးမှာ ယနေ့တွင် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံလိုက်ရသည်ဟု သိရသည်။

    ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကြပ်ကိုင်မှု စသည့် စွဲချက်များစွာဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဒဏ်ငွေ ကန်ဒေါ်လာ ၁၆ သန်း ပေးဆောင်ရန်လည်း တရားရုံးက အမိန့်ချခဲ့သည်။

    အသက် ၆၆ နှစ်အရွယ်ရှိ ပက်ဂျုံဟေးမှာ ၎င်း၏ အကြံပေးဟောင်းဖြစ်သူ ချိုဆွန်ဆီလ်နှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများကို ဖိအားပေးပြီး ၎င်းတို့တည်ထောင်ထားသော ဖောင်ဒေးရှင်းများသို့ ငွေကြေးထည့်ဝင်ခိုင်းသည်ဟု စွပ်စွဲခံခဲ့ရသည်။

    ထို့ပြင် အစိုးရ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် Samsung Group ထံမှ လာဘ်ငွေများ ရယူမှုဖြင့်လည်း တရားစွဲခံခဲ့ရသည်။

    မိတ်ဆွေဖြစ်သူ ချိုဆွန်ဆီလ် ပိုင်ဆိုင်သည့် ကုမ္ပဏီအတွက် ကြော်ငြာပေးရန် ဟွန်ဒိုင်းကားကုမ္ပဏီအား အကြပ်ကိုင်မှုနှင့် ပတ်သက်သည့် စွဲချက်အတွက် ပတ်ဂျုံဟေးမှာ တရားသေ လွတ်မြောက်ခဲ့သည်။

    အမိန့်ချမှုအတွင်း ပက်ဂျုံဟေးမှာ တရားရုံးသို့ လာရောက်ခဲ့ခြင်းမရှိချေ။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် တောင်ကိုရီးယားလွှတ်တော်က သူမအား သမ္မတအဖြစ်မှ ဖြုတ်ခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသော်လည်း သူမမှာ ရုံးချိန်းအများစုကို လာရောက်ခြင်း မရှိပေ။

    ပက်ဂျုံဟေးမှာ ခြစားမှုဖြင့် စွဲချက်တင်ခံရသည့် တတိယမြောက် တောင်ကိုရီးယားသမ္မတလည်း ဖြစ်သည်။

    Ref: Aljazeera

  • အမုန်းစကားများကို Facebook က ထိထိရောက်ရောက် ဟန့်တားမပေးဟု မြန်မာအရပ်ဖက်အဖွဲ့အစည်းများ ဝေဖန်

    အမုန်းစကားများကို Facebook က ထိထိရောက်ရောက် ဟန့်တားမပေးဟု မြန်မာအရပ်ဖက်အဖွဲ့အစည်းများ ဝေဖန်

    ဧပြီ ၆၊ ၂၀၁၈
    M-Media

    Facebook တည်ထောင်သူ မာ့ခ် ဇူကာဘတ်

    – မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားထဲမှာ အမုန်းစကားတွေ ပြန့်နှံ့မှုနဲ့ပတ်သက်လို့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘက်ရဲ့ တုန့်ပြန်မှုအတွက် မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ စောင့်ကြည့်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် စက်တင်ဘာလောက်မှာ Facebook ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နှစ်ဖက်လူ့အဖွဲ့အစည်းကြားမှာ တိုက်ခိုက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့ ၀ါဒဖြန့်စာတွေ ပြန့်နှံ့တာကို သိရှိခဲ့ပြီး ဒါတွေ ထပ်မပြန့်အောင် လုပ်နိုင်ခဲ့တယ်လို့ အခုတစ်ပတ်အစောပိုင်း အင်တာဗျူးတစ်ခုမှာ ဇူကာဘက်က ဖြေကြားခဲ့တာပါ။

    ဒါပေမယ့် မြန်မာနိုင်ငံက အဖွဲ့ ၆ ဖွဲ့ပေါင်းပြီး ဇူကာဘတ်ကို လိပ်မူတဲ့ အိပ်ဖွင့်ပေးစာမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တဲ့ အန္တရာယ်ရှိတဲ့ ဒီဝါဒဖြန့်မှုတွေကို Facebook က ၄ ရက်ကြာမှ တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ ၆ ဖွဲ့ဟာ အန္တရာယ်ရှိတဲ့ ရေးသားမှုတွေကို တားဆီးဖို့အတွက် Facebook နဲ့အတူ လက်တွဲလုပ်နေတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

    “ကျွန်တော်တို့ဟာ ဒီစာတွေကို တွေ့ရှိပြီး မြန်မာစံတော်ချိန် စက်တင်ဘာ ၉ ရက် စနေနေ့မှာ ခင်ဗျားတို့အဖွဲ့ကို အီးမေးလ်နဲ့ အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို အကြောင်းကြားပြီးနောက်ပိုင်း ဒီစာဟာ နောက်ထပ် ၃ ရက်အထိ ဆက်လက်ပြန့်နှံ့နေတုန်းပါ” လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

    ပြန့်နှံတဲ့ဝါဒဖြန့်မှုက နှစ်ခုဖြစ်ပြီး မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့စာမှာ မဘသနဲ့ အမျိုးသားရေးအစွန်းရောက်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတာကြောင့် သတိထားဖို့ ရေးသားထားပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေကို ရည်ရွယ်တဲ့စာမှာတော့ မွတ်စလင်တွေဟာ အဲဒီနေ့မှာ ဂျီဟတ်လုပ်ဖို့ရှိနေတာကြောင့် သွေးစည်းကြဖို့၊ ဒီစာကို တစ်ဆင့်ပြန်လည်ဖြန့်ဝေပေးဖို့ တိုက်တွန်းထားပါတယ်။

    အိတ်ဖွင့်ပေးစာပေးတဲ့ အဖွဲ့တွေကတော့ Facebook ဟာ ဒီစာတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

    “ရပ်တန့်အောင် မလုပ်ယုံသာမက ဒီစာဟာ မကြုံစဖူးနည်းလမ်းနဲ့ နိုင်ငံတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့ပြီး ကြောက်ရွံ့စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ခဲ့ကာ အနည်းဆုံး ရုန်းရင်းဆန်ခတ်မှု ၃ ခုလောက် ဒီကိစ္စမှာ ဖြစ်ခဲ့ပါတယ်”

    Myanmar ICT for Development အဖွဲ့က ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အင်တာနက် လွတ်လပ်ခွင့်ရရေး တက်ကြွလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ မထိုက်ထိုက်က တိုက်ခိုက်မှုတွေဖြစ်မယ်ဆိုတဲ့ ဒီဝါဒဖြန့်မှုကြောင့် နိုင်ငံတစ်ဝှမ်း စိုးရိမ်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

    “ဒီကိစ္စရဲ့ နောက်ဆက်တွဲတွေကို လမ်းတွေပေါ်မှာ တွေ့ခဲ့ရပါတယ်။ လူတွေဟာ အချင်းချင်း စကားစမြည်ပြောတာတွေ သိပ်မလုပ်တော့ဘူး။ မိဘတွေကလည်း ကလေးတွေကို ကျောင်းမတက်ခိုင်းကြတော့ဘူး”

    ဇူကာဘက်က Facebook ရဲ့ ထိထိရောက်ရောက်ဟန့်တားမှုကို ချီးကျူးတယ်လို့ ပြောဆိုမှုကို အံ့အားသင့်ရကြောင်းလည်း ဒီအဖွဲ့ ၆ ဖွဲ့က ပြောကြားခဲ့ပါတယ်။

    “ခင်ဗျားတို့အဖွဲ့ဟာ ဒီကိစ္စကို အလေးထားပုံ မရပါဘူး။ ခင်ဗျားတို့အချက်အလက်တွေကိုကြည့်ရင် ခင်ဗျားတို့အဖွဲ့က အကြီးတန်းအဖွဲ့ဝင်တွေကို ဒီကိစ္စအကြောင်း ကျွန်တော်တို့ကပြောမှ ဒါကို ဆောင်ရွက်ခဲ့တဲ့ ပုံစံမျိုးပါ” လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

    အဓိကပြဿနာက ဗမာစကားပြောဆိုတဲ့ ၀န်ထမ်းမျိုး Facebook မှာ မရှိတာလို့လည်း ဒီအဖွဲ့တွေက ပြောပါတယ်။

    “ယုံကြည်ရပြီး ဒီကိစ္စကို ကောင်းကောင်း သတင်းပို့နိုင်ခဲ့တဲ့ အင်္ဂလိပ်စကားပြော နိုင်ငံခြားသားတစ်ဦး ရှိတာ ကျွန်တော်တို့ ကံကောင်းသွားတာပါ။ ဒီလိုစနစ်မျိုးဟာ အားကိုလောက်တဲ့ ခိုင်မာတဲ့စနစ်မျိုး မဟုတ်ပါဘူး။ အစကတည်းကကို နှောင့်နှေးကြံ့ကြာတဲ့ စနစ်မျိုးပါ”

    Facebook ဟာ မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ နောက်တွန့်နေကြောင်း၊ မြန်မာနိုင်ငံကို Facebook ကိုယ်စားလှယ်တွေ လာရောက်ခဲ့ပေမယ့် အခုအချိန်အထိ ပြဿနာတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တုန့်ပြန်ဖြေရှင်းဖို့ ဆန္ဒမရှိသေးကြောင်း အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    “ခင်ဗျားတို့ နည်းပညာအဖွဲ့ဟာ ပို့စ်တွေပွားနေတာကို သိရှိသင့်ပြီး အမုန်းစကားတွေလို့ ဖော်ထုတ်ထားတဲ့ဟာတွေကို လုံးဝ ဖယ်ရှားပစ်သင့်ပါတယ်။ ဒီလို မြန်မြန်ဆန်ဆန် လုပ်ဆောင်တာကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး”

    Facebook က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Facebook ကို အမုန်းတရားပြန့်နှံ့ဖို့၊ အကြမ်းဖက်အောင် လှုံ့ဆော်ဖို့ အသုံးပြုတာမျိုး မိမိတို့က မလိုချင်ကြောင်း၊ ဒီကိစ္စအတွက် မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အကူအညီပေးခဲ့တဲ့အတွက် အလွန် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီဝါဒဖြန့်မှုကို ပထမဆုံး သတင်းပေးတာက မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတဲ့အကြောင့် မာ့ခ်က ရှင်းရှင်းလင်းလင်း မပြောသွားတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ သူတို့ရဲ့ သတင်းပို့မှုကို ကျွ န်တော်တို့ သေသေချချာ ဂရုတစ်စိုက် လက်ခံကာ ဒီသတင်းတွေ ပြန့်နှံ့မှုကို တားဆီးရေး အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လျင်လျင်မြန် ဆောင်ရွက်သင့်ပြီး၊ စော်ကားတဲ့၊ အမုန်းဆောင်တဲ့ မှားယွင်းတဲ့ ရေးသားချက်တွေကို ဖော်ထုတ်တားဆီးရေးအတွက် နည်းပညာတွေနဲ့ နည်းလမ်းတွေ တိုးတက်အောင် ကျွန်တော်တို့ ကြိုးစားအားထုတ်နေပါတယ်”

    Ref: The Guardian

  • ရှားပါးတောဆိတ်ကို အမဲလိုက်မှုအတွက် ဘောလီးဝုဒ်မင်းသား ထောင် ၅ နှစ်ချ

    ရှားပါးတောဆိတ်ကို အမဲလိုက်မှုအတွက် ဘောလီးဝုဒ်မင်းသား ထောင် ၅ နှစ်ချ

    ဧပြီ ၆၊ ၂၀၁၈
    M-Media

    တရားရုံးမှထွက်လာသည့် ဆလ်မန်းခန်း

    – ရှားပါးသော တောဆိတ်တစ်မျိုးအား ၁၉၉၈ ခုနှစ်တွင် အမဲလိုက်ခဲ့မှုဖြင့် ဘောလီးဝုဒ် နာမည်ကြီးမင်းသား ဆလ်မန်းခန်းကို အိန္ဒိယတရားရုံးတစ်ခုက ယမန်နေ့တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

    ရာဂျာစတန်ပြည်နယ်တွင် ရုပ်ရှင်ရိုက်ကူးစဉ် ဆလ်မန်းခန်းမှာ နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက်ထားသည့် တောဆိတ် ၂ ကောင်အား အမဲလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထောင်ဒဏ်အပြင် ဒဏ်ငွေ ရူပီး တစ်သောင်း (ကန် ၁၅၄ ဒေါ်လာ) လည်း ပေးဆောင်ရမည်။

    ထိုအမှုအတွက် ဆလ်မန်းခန်းနှင့်အတူ တရားစွဲဆိုခံခဲ့ရသည့် အခြား သရုပ်ဆောင် ၄ ဦးမှာ တရားသေ လွတ်မြောက်သွားခဲ့သည်။

    အသက် ၅၂ အရွယ် ခန်းမှာ ယခုပြစ်ဒဏ်အတွက် အယူခံလျှောက်ထားနိုင်မည်ဖြစ်သည်။

    ယခုအမှုမှာ သားကောင်များအား အမဲလိုက်မှုအတွက် ဆလ်မန်းခန်း၏ ၄ ခုမြောက်အမှုဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အမဲလိုက်မှုနှစ်ခုအတွက် ထောင်ဒဏ် ၁ နှစ်နှင့် ၅ နှစ် သီးခြားစီ ချမှတ်ခံခဲ့ရသည်။ သို့သော်လည်း ၂၀၀၇ ခုနှစ်တွင် ရာဂျာစတန် တရားရုံးချုပ်က ပြစ်ဒဏ်ကို ဆိုင်းငံ့ခဲ့ပြီး နောက်ပိုင်းတွင် ပယ်ဖျက်ပေးခဲ့သည်။

    ၁၉၉၈ ခုနှစ်က အမဲလိုက်မှုတစ်ခုတွင် လိုင်စင်မရှိသော လက်နက်များ ကိုင်ဆောင်မှုအတွက်လည်း ဆလ်မန်းခန်းမှာ တရားစွဲဆိုခံခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် တရားသေ လွတ်မြောက်ခဲ့သည်။

    Ref: BBC

  • နိုင်ငံခြားတရားဟာဆရာများ ဖိတ်ကြားလျှင် သတိထားရန် စင်ကာပူဘုရားကျောင်းကောင်စီက သတိပေးထား

    နိုင်ငံခြားတရားဟာဆရာများ ဖိတ်ကြားလျှင် သတိထားရန် စင်ကာပူဘုရားကျောင်းကောင်စီက သတိပေးထား

    ဧပြီ ၆၊ ၂၀၁၈
    M-Media

    Cornerstone Community အသင်းတော်ကို တည်ထောင်သူဖြစ်ပြီး ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာလည်းဖြစ်တဲ့ ယန်တက်ယုံက မနေ့မှာ မွတ်စလင်ခေါင်းဆောင်တွေကို ပြန်လည်တောင်းပန်လိုက်ပြီး မစ္စတာလူကို နောက်ထပ် စင်ကာပူကို ဖိတ်ခေါ်မှာမဟုတ်တော့ဘူးလို့ ကတိပြုခဲ့ပါတယ်။

    – နိုင်ငံရပ်ခြားက တရားဟောဆရာတွေကို ဖိတ်ကြားတဲ့အခါ ဂရုတစ်စိုက်ရှိကြဖို့ စင်ကာပူ နိုင်ငံလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီ (NCCS) က ခရစ်ယာန်ဘုရားကျောင်းတွေကို မနေ့မှာ သတိပေးလိုက်ပြီး အမေရိကန် တရားဟောဆရာတစ်ဦး စင်ကာပူကို လာရောက်ကာ အငြင်းပွားဖွယ် တရားဟောမှုနောက်ပိုင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လက Cornerstone Community အသင်းတော်က စီစဉ်ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ အမေရိကန်တရားဟောဆရာ မစ္စတာ လူအိန်ဂျယ်ဟာ အစ္စလာမ်ဆန့်ကျင်ရေးစကားတွေ ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းထွက်ခဲ့တာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် စင်ကာပူရဲတပ်ဖွဲ့က မစ္စတာလူကို စင်ကာပူပြန်လာဖို့ ပန်ကြားထားပါတယ်။

    Cornerstone Community အသင်းတော်ကို တည်ထောင်သူဖြစ်ပြီး ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာလည်းဖြစ်တဲ့ ယန်တက်ယုံက မနေ့မှာ မွတ်စလင်ခေါင်းဆောင်တွေကို ပြန်လည်တောင်းပန်လိုက်ပြီး မစ္စတာလူကို နောက်ထပ် စင်ကာပူကို ဖိတ်ခေါ်မှာမဟုတ်တော့ဘူးလို့ ကတိပြုခဲ့ပါတယ်။

    NCCS ရဲ့ ဥက္ကဌ Rennis Ponniah နဲ့ အထွေထွေအတွင်းရေးမှူး Ngoei Foong Nghian တို့က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေငြာချက်မှာ မစ္စတာ အိန်ဂျယ်ကြောင့် ဖြစ်ခဲ့တဲ့ အငြင်းပွားဖွယ်ကိစ္စကို အလေးအနက်ထားဖို့ ဖော်ပြထားပါတယ်။

    မစ္စတာယန်ရဲ့ တောင်းပန်မှုကို ကြားရတဲ့အတွက် ၀မ်းသာမိတယ်လို့ NCCS က ဆိုပါတယ်။

    “အခမ်းအနားတွေမှာ နိုင်ငံရပ်ခြားက တရားဟောဆရာတွေကို ဖိတ်ခေါ်တဲ့အခါ တော်တော်သတိထားသွားမယ်လို့ သူ့အသင်းတော်ကပေးတဲ့ ကတိက၀တ်ကို ကျွန်တော်တို့ ကြိုဆိုပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မွတ်စလင်ခေါင်းဆောင်တွေ၊ စင်ကာပူ အစ္စလာမ်သာသနာရေးရာကောင်စီ (MUIS) တို့က အကြီးအကဲတွေရဲ့ သတိထားတုန့်ပြန်မှုအတွက် ကျေးဇူးတင်တယ်လို့လည်း NCCS က ပြောကြားခဲ့ပါတယ်။

    “ဆရာတော်ယန်ရဲ့ တောင်းပန်မှုကို သူတို့ရဲ့လက်ခံမှုဟာ သဘောထားကြီးမှုကို ပြသလိုက်တာ ဖြစ်ပြီး ကျွန်တော်တို့တိုင်းပြည်က ဘာသာစုံလူမျိုစုံ သဟဇာတဖြစ်မှုအတွက် နမိတ်ကောင်းတစ်ခုပါ။ မရည်ရွယ်ဘဲနဲ့ ထိခိုက်နာကျင်စရာ ဖြစ်သွားပေမယ့် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေဟာ သဘောထားကြီးကြီးထားကာ ရင့်ကျက်စွာနဲ့ ဒီကိစ္စကို ကိုင်တွယ်ပြီး စိတ်မကောင်းစရာတွေ နက်ရှိုင်းလာတာမျိုး၊ ပြန့်နှံ့တာမျိုးမဖြစ်အောင် လုပ်နိုင်တာဟာ တကယ့်ကို အံ့သြစရာပါပဲ”

    နိုင်ငံအတွင်းက ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဂရုစိုက်မှု၊ သတိထားမှုတွေ လိုအပ်တယ်လို့လည်း နိုင်ငံလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီက ထည့်သွင်းသတိပေးခဲ့ပါတယ်။

    Ref: CNA

  • ဆော်ဒီတွင် နှစ် ၄၀ အတွင်း ပထမဆုံးရုပ်ရှင်ရုံကို ယခုလအတွင်း ဖွင့်လှစ်မည်

    ဆော်ဒီတွင် နှစ် ၄၀ အတွင်း ပထမဆုံးရုပ်ရှင်ရုံကို ယခုလအတွင်း ဖွင့်လှစ်မည်

    ဧပြီ ၅၊ ၂၀၁၈
    M-Media

    – ဆယ်စုနှစ်တွေအတွင်း ပထမဆုံးရုပ်ရှင်ရုံကို အခုလနှောင်းပိုင်းမှာ ဖွင့်လှစ်မယ်လို့ ဆော်ဒီက ကြေငြာလိုက်ပြီး ၂၀၂၃ ခုနှစ်မှာ ရုံ ၁၀၀ လောက်အထိ ဖွင့်လှစ်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

    ဆော်ဒီနိုင်ငံပိုင် ရန်ပုံငွေအဖွဲ့ဖြစ်တဲ့ PIF ဟာ AMC Entertainment Holdings နဲ့ နိုင်ငံအတွင်းမှာ ရုပ်ရှင်ရုံတွေ ဖွင့်လှစ်ဖို့အတွက် သဘောတူညီချက်တစ်ခုကို မနေ့မှာ လက်မှတ်ထိုးလိုက်တာပါ။ ၅ နှစ်အတွင်း ဆော်ဒီနိုင်ငံက အဓိကမြို့ကြီး ၁၅ မြို့မှာ ရုပ်ရှင်ရုံပေါင်း ၄၀ လောက်အထိ တည်ဆောက်ဖို့ ရှိပါတယ်။

    ၂၀၃၀ ရောက်ရင်တော့ မြို့ ၂၅ မြို့မှာ ရုပ်ရှင်ရုံ ၅၀ ကနေ ၁၀၀ ကြားဖွင့်လှစ်ဖို့လည်း စီစဉ်ထားပါတယ်။

    မြို့တော်ရီယာ့ဒ်ရဲ့ ကင်းအဘ်ဒူလာဘဏ္ဍာရေးမြို့က သံစုံတီဝိုင်းခန်းမနေရာမှာ ပထမဆုံး ရုပ်ရှင်ရုံကို ဧပြီလ ၁၈ ရက်နေ့ကျရင် ဖွင့်လှစ်မှာဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆော်ဒီမှာ ရုပ်ရှင်ရုံတွေဖွင့်လှစ်ခွင့် ပိတ်ပင်ထားမှုဟာ နှစ်ပေါင်း ၃၅ နှစ် ကြာမြင့်ခဲ့ပြီး အခုနှစ်အစောပိုင်းမှာ ဖွင့်လှစ်ခွင့်ပေးမယ်လို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဆော်ဒီအစိုးရက ကြေငြာခဲ့ပါတယ်။

    ရုပ်ရှင်ရုံတွေမှာ ဘယ်ဇာတ်ကားတွေတင်မယ်၊ အမျိုးသား၊ အမျိုးသမီးတွေကို ဘယ်လိုသီးသန့်စီထားမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

    ဆော်ဒီမှာ ရုပ်ရှင်ရုံတွေ မရှိသေးပေမယ့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ Netflix လို အွန်လိုင်းဝန်ဆောင်မှုတွေကနေ ရုပ်ရှင်တွေကို ကြည့်နေကြတာ ဖြစ်ပါတယ်။

    Ref: Aljazeera