News @ M-Media
Author: Ko Lay
  • ဗလီမီးရှို့မည်ဟု ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်သူကို အမေရိကန်က ထောင် ၅ နှစ်ချ
    ဗလီမီးရှို့မည်ဟု ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်သူကို အမေရိကန်က ထောင် ၅ နှစ်ချ
    မတ် ၃၀၊ ၂၀၁၈
    M-Media
    – ဗလီတွေကို မီးရှို့မယ်လို့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ခြိမ်းခြောက်သူကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။
    မြောက်ကယ်ရိုလိုင်းနားပြည်နယ် ၀ီလ်မင်တန်မြို့က ပက်ထရစ် ကီယိုဂန်ဆိုသူဖြစ်ပြီး ဗလီတွေကို မီးရှို့ဖို့ခြိမ်းခြောက်မှု၊ ကလေးညစ်ညမ်းဇာတ်ကားတွေကို လက်ဝယ်ထားရှိမှု၊ လက်နက်ခဲယမ်းတွေ ကိုင်ဆောင်ထားမှုတွေနဲ့ တရားစွဲဆို ထောင်ချခံရတာဖြစ်ပါတယ်။
    ထောင်ကထွက်လာရင် သူ့ကို စောင့်ကြည့်ဖို့ လိင်ကျူးလွန်သူအဖြစ် မှတ်တမ်းတင်ထားဖို့လည်း အမိန့်ချမှတ်မှုမှာ ပါဝင်ပါတယ်။
    ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ကီယိုဂန်ဟာ ဘော်စတွန်မွတ်စလင်အသိုင်းအ၀ိုင်း ယဉ်ကျေးမှုစင်တာရဲ့ Facebook စာမျက်နှာမှာ မီးလောင်နေတဲ့ ဗလီပုံတစ်ခုကို တင်ခဲ့ပြီး ‘ကိုယ့်နေရာက ဗလီတွေကို မီးရှို့ကြ’ လို့ ရေးသားခဲ့ပါတယ်။
    ဒါတင် မကသေးဘဲ ‘ဟယ်လို ကလိမ်ကကျစ်တွေ’ ဆိုတဲ့စာသားကို ရေးသားခဲ့သလို၊ နောက်သ်အီစတန်းတက္ကသိုလ် အစ္စလာမ်အသင်းရဲ့ Facebook စာမျက်နှာမှာလည်း မီးလောင်နေတဲ့ဗလီပုံကို လွှင့်တင်ခဲ့ပါတယ်။
    ပြစ်မှုကျူးလွန်သူ ကီယိုဂန်
    ကီယိုဂန်ရဲ့ Facebook အကောင့်ကို စစ်ဆေးဖို့ ၀ရမ်းအရ ဖက်ဒရယ်တာဝန်ရှိသူတွေက ရှာဖွေရာမှာ ၂၀၁၃ နှစ်ကတည်းက ဗလီတွေကို မီးရှို့ရေး တိုက်တွန်းတဲ့ပို့စ်တွေကို တွေ့ခဲ့ရပါတယ်။
    သူဟာ အရင်က ရာဇ၀တ်မှုကို နှစ်ကြိမ်ကျူးလွန်ခဲ့ဖူးသူပါ။
    ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ကီယိုဂန်ကို ၀ီလ်မင်တန်မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ဘော်စတွန်က ခရိုင်တရားရုံးမှာ သူက အခြားသူတွေကို ထိခိုက်နာကျင်စေဖို့၊ ခြောက်လှန့်ဖို့၊ အဆောက်အဦးတစ်ခုကို မီးနဲ့ ဖျက်ဆီးဖို့ ခြိမ်းခြောက်မှု၊ ကလေးညစ်ညမ်းဇာတ်ကားတွေ၊ လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိမှုနဲ့ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။
    သူ့ကိုဖမ်းဆီးတဲ့အချိန် သူ့အိမ်မှာ စက်သေနတ်တွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ စနိုက်ပါတွေ၊ လက်နက်ခဲယမ်းတွေ တော်တော်များများ တွေ့ခဲ့ရပါတယ်။
    Ref: lowellsun.com
  • ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော
    ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော
    မတ် ၃၀၊ ၂၀၁၈
    M-Media
    ဆော်ဒီစစ်သားများ
    – နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများ ထပ်မံဆောင်ရွက်မှု မပြုလျှင် နောက်ထပ် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အီရန်နှင့် ဆော်ဒီတို့ စစ်ဖြစ်လာနိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။
    အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် ဘင် ဆလ်မန်မှာ ယခုတစ်ပတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်အပေါ် ဖိအားပိုဖြစ်စေမည့် ကန့်သတ်မှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။
    “ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာတွေ မအောင်မြင်ဘူးဆိုရင် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ကျွန်တော်တို့ အီရန်နဲ့ စစ်ဖြစ်မယ့်အလားအလာ ရှိနေပါတယ်”
    အီရန်နှင့် ဆော်ဒီတို့မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကိစ္စရပ် အများအပြားတွင် ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ပြီး အထူးသဖြင့် ဆီးရီးယား ပြည်တွင်းစစ်၊ ယီမင်ပြည်တွင်းစစ် ကိစ္စများတွင် ဖြစ်သည်။
    ဘင် ဆလ်မန်က ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီကို ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ပြီး၊ အီရန်က နျူလက်နက်ပိုင်ဆိုင်လာလျှင် မိမိတို့လည်း ပိုင်ဆိုင်အောင်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
    အီရန်ကမူ မိုဟာမက် ဘင် ဆလ်မန်မှာ နုံအသူ၊ အတွေးလွန်သူဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
    Ref: RT
  • ယူကေသူလျှိုကိစ္စအတွက် အမေရိကန်သံမတ် ၆၀ ကို ရုရှားက နှင်ထုတ်
    ယူကေသူလျှိုကိစ္စအတွက် အမေရိကန်သံမတ် ၆၀ ကို ရုရှားက နှင်ထုတ်
    မတ် ၃၀၊ ၂၀၁၈
    M-Media
    – အမေရိကန်က ရုရှားသံအမတ်များအား နှင်ထုတ်မှုကို တုန့်ပြန်သည့်အနေဖြင့် မော်စကိုရှိ အမေရိကန်သံအမတ် ၆၀ ကို ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထား၍ တိုင်းပြည်မှ ထွက်ခွာရန်အတွက် ရုရှားက အသိပေး အကြောင်းကြားထားသည်ဟု သိရသည်။
    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ မော်စကိုရှိ အမေရိကန်သံရုံးမှ သံတမန် ၅၈ ဦး၊ ယီကာတီရင်ဘာ့ဂ်ရှိ အမေရိကန် ကောင်စစ်ရုံးမှ ၂ ဦးတို့အား နှင်ထုတ်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    စိန့်ပီတာစဘတ်စ်ရှိ အမေရိကန်ကောင်စစ်ရုံး ဖွင့်လှစ်ခွင့်ကိုလည်း ရုရှားက ရုပ်သိမ်းခဲ့ပြီး၊ ရုရှားအပေါ် ‘လက်မခံနိုင်စရာကောင်းသော၊ မမျှတသော’ သံတမန်ဆိုင်ရာ အရေးယူမှုကို တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရုရှားဆိုင်ရာ အမေရိကန်သံအမတ် ဂျွန် ဟန့်စ်မန်းကို ပေးပို့သော ကန့်ကွက်စာတွင် ဖော်ပြထားသည်။
    အမေရိကန်က ထိုကိစ္စအတွက် ချက်ခြင်းတုန့်ပြန်ခဲ့ပြီး ၀ါရှင်တန်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရပြောရေးဆိုခွင့်ရှိသူ ဟီသာ နူအာ့တ်က ရုရှား၏ ထိုလုပ်ရပ်မှာ ဆွေးနွေးမှုကို စိတ်ဝင်စားမှုမရှိကြောင်း ပြသနေသည်ဟု ပြောကြားခဲ့သည်။
    အခုလအစောပိုင်းတွင် ယူကေအတွက် သူလျှိအဖြစ် ဆောင်ရွက်ပေးခဲ့သည့် ရုရှားလူမျိုး ဆာဂျီ စပရီကဲလ်နှင့် သမီးဖြစ်သူတို့ စစ်ဖက်သုံး ဓာတုအဆိပ်ဖြင့် လုပ်ကြံခံရမှုမှာ ရုရှားလက်ချက်ဖြစ်သည်ဟု ယူကေက ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်ခဲ့ပြီး အပြန်အလှန် သံတမန်များ နှင်ထုတ်မှု ဖြစ်ခဲ့သည်။
    အမေရိကန်၊ ကနေဒါ၊ သြစတေးလျနှင့် ဥရောပ ၂၅ နိုင်ငံတို့က ယူကေဖက်မှ ရပ်တည်သည့်အနေဖြင့် ပြီးခဲ့သည့်တစ်ပတ်နှင့် ယခုတစ်ပတ်တွင် ရုရှား သံတမန် စုစုပေါင်း ၁၂၀ ကျော်ကို နှစ်ထုတ်ခဲ့သည်။
    Ref: Aljazeera
  • နိုင်ငံအတွင်း ခရစ်ယာန်နှင့် မွတ်စလင်တို့၏ အမှတ်သညာများကို ဖုံးကွယ်ရန် အစ္စရေး စီစဉ်နေ
    နိုင်ငံအတွင်း ခရစ်ယာန်နှင့် မွတ်စလင်တို့၏ အမှတ်သညာများကို ဖုံးကွယ်ရန် အစ္စရေး စီစဉ်နေ
    မတ် ၃၀၊ ၂၀၁၈
    M-Media
    ဂျေရုစလင်ရှိ Holy Selpulchre ဘုရားကျောင်း
    – နိုင်ငံအတွင်း မွတ်စလင်နဲ့ ခရစ်ယာန်တွေရဲ့ အမှတ်သညာတွေအပေါ် လွှမ်းမိုးဖို့အတွက် အစ္စရေးက စီမံကိန်းတစ်ခု ဖော်ဆောင်ဖို့ စီစဉ်နေပါတယ်။
    အိမ်ယာနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆိုပြုတဲ့ အဲဒီစီမံကိန်းဟာ နိုင်ငံတစ်ဝှမ်း အများပြည်သူနဲ့ သက်ဆိုက်တဲ့ နေရာတွေ၊ လေဆိပ်တွေ၊ အဓိကနေရာတွေမှာ အစ္စရေးအလံဖြစ်တဲ့ ဒေးဗစ်ကြယ်အလံတွေကို များများစားစားလွှင့်ထူထားပြီး ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ အမှတ်သညာတွေကို ဖုံးကွယ်ထားဖို့ ဖြစ်ပါတယ်။
    “မြောက်ဖက် ဂိုလန်တောင်ကုန်းကနေ၊ တောင်ဘက် နီဂျက်ဗ်သဲကန္တာရအထိ နိုင်ငံအတွင်းက အဝေးပြေးလမ်းတွေ၊ လူသွားလမ်းတွေတစ်လျှောက်လုံးမှာ မြင်ကွင်းကိုလွှမ်းမိုးထားတဲ့ မင်နာရတ်မျှော်စင်တွေကို တွေ့မြင်နေရပြီး ဒါဟာ တိုင်းပြည်ကို မွတ်စလင်-ခရစ်ယာန်ပုံစံမျိုး ဖြစ်နေပါတယ်။ အစ္စရေးတိုင်းပြည်ဖြစ်တယ်၊ ဂျူးတိုင်းပြည်ဖြစ်တယ်ဆိုတဲ့ အချက်ကို ဒီမြင်ကွင်းက ရောင်ပြန်မဟပ်ပါဘူး” လို့ အစ္စရေး အိမ်ယာနဲ့ ဆောက်လုပ်ရေးဝန်ကြီး ယိုအက်ဗ် ဂါလန့်က ပြောကြားခဲ့ပါတယ်။
    တိုင်းပြည်မှာ ဂျူးအမှတ်သညာဟာ အဓိကဖြစ်တယ်လို့ လွတ်လပ်ရေးကြေငြာစာတမ်မှာ ဖော်ပြထားပေမယ့် လက်တွေ မြေပြင်မှာတော့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ဂျူးအမှတ်သညာကို ဖော်ပြတဲ့ လက္ခဏာကို မတွေ့ရဘူးလို့လည်း အဆိုပြုချက်မှာ ဖော်ပြထားပါတယ်။
    အစ္စရေးဟာ နိုင်ငံအတွင်း အထူးသဖြင့် ဂျေရုစလင်မှာ ခရစ်ယာန်တွေ၊ မွတ်စလင်တွေ လူဦးရေနည်းကာ ဂျူးလူဦးရေများလာအောင် စနစ်တကျ ဆောင်ရွက်နေပြီး ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေကိုလည်း ကန့်သတ်တာတွေ ရှိနေပါတယ်။
    ခရစ်ယာန်တွေအပေါ် ဖိနှိပ်ချုပ်ခြယ်တဲ့၊ ခရစ်ယာန်တွေပပျောက်အောင် ဆောင်ရွက်တဲ့ အစ္စရေးရဲ့ မူကြမ်းတစ်ခုကို ဆန့်ကျင်တဲ့အနေနဲ့ ခရစ်ယာန်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့လအတွင်းက ဂျေရုစလင်မှာရှိနေတဲ့ Holy Selpulchre ဘုရားကျောင်းကို ပိတ်ပစ်ခဲ့ပါတယ်။
    ဒါ့ကြောင့် အစ္စရေးအစိုးရဟာ ဒီမူကြမ်း အတည်ပြုဖို့ စီစဉ်ထားမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။
    Ref: Haareta
  • ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးအတွက် ထိပ်တန်းလူ့အခွင့်အရေးရှေ့နေတစ်ဦး တာဝန်ယူမည်
    ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးအတွက် ထိပ်တန်းလူ့အခွင့်အရေးရှေ့နေတစ်ဦး တာဝန်ယူမည်
    မတ် ၃၀၊ ၂၀၁၈
    M-Media
    – ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံရမှုကို ဖော်ထုတ်တဲ့အတွက် ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို နာမည်ကြီး လူ့အခွင့်အရေးရှေ့နေ အေမဲလ် ကလူနီက တာဝန်ယူအမှုလိုက်ပေးသွားမယ်လို့ သိရပါတယ်။
    သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ဒီဇင်ဘာလအတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်မယ့် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
    “၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ သတင်းလိုက်တဲ့အတွက်ကြောင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတာပါ။ ကျွန်မအမှုဖိုင်တွဲကို လေ့လာခဲ့ပြီး ဒီဂျာလစ်နှစ်ယောက်ဟာ အပြစ်မရှိဘဲ၊ သူတို့ကို ချက်ခြင်းလွှတ်ပေးရမယ်ဆိုတာ သိပ်ရှင်းတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်” လို့ မနေ့က အေမာလ်ရဲ့ရုံးကနေ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    “ဒီအမှုရဲ့ရလဒ်က မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ကတိက၀တ်နဲ့ပတ်သက်ပြီး တော်တော်စကားပြောပါလိမ့်မယ်”
    ရိုက်တာသတင်းဌာနရဲ့ အကြံပေးအကြီးအကဲ ဂေးလ် ဂိုဗီက အေမဲလ်ကလူနီ တာဝန်ယူခြင်းဟာ ကုမ္ပဏီရဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ နာလည်းသဘောပေါက်မှုကို အားကောင်းစေပြီး၊ သတင်းထောက်တွေ လွတ်မြောက်ရေး အခွင့်အလမ်း များလာမယ်လို့ ပြောကြားခဲ့ပါတယ်။
    ရိုက်တာသတင်းဌာနနှစ်ယောက် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာစောင့်ကြည့်အဖွဲ့တွေက မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။
    မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
    အေမဲလ်ကလူနီဟာ ၀ီကီလိခ် တည်ထောင်သူ ဂျူလီန် အာဆန်းဂ်ျ၊ ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန်ကိုတို့အပါအ၀င် ထိပ်တန်းပုဂ္ဂိုလ်တော်တော်များများရဲ့ အမှုတွေကို တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
    Ref: Aljazeera