News @ M-Media
Author: Ko Lay
  • ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ဧပြီလတွင် ကျင်းပမည်
    ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ဧပြီလတွင် ကျင်းပမည်
    မတ် ၂၉၊ ၂၀၁၈
    M-Media
    ပန်မွန်ဂျွန်းရှိ နှစ်နိုင်ငံအဆင့်မြင့်အစည်းအဝေး မြင်ကွင်း
    – ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နှစ်နိုင်ငံထိပ်သီးအစည်းအဝေးအကို ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူညီခဲ့သည်ဟု တောင်ကိုရီးယားအစိုးရက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်ရှိ ပန်မူဂျွန်းရွာတွင် နှစ်ဖက် အဆင့်မြင့်အစည်းအဝေးအတွင်း ထိုသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။
    အစည်းအဝေးတွင် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂျွန်က ဦးဆောင်ပြီး၊ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ကိုရီးယားနှစ်နိုင်ငံရေးရာ အေဂျင်စီဥက္ကဌ ရီဆွန်ဝွန်က ဦးဆောင်ခဲ့သည်။
    ဧပြီလ ၂၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ အစည်းအဝေးမှာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲပြီးနောက် တတိယမြောက် ထိပ်သီးအစည်းအဝေး ဖြစ်လာမည်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့ တက်ရောက်မည်ဖြစ်သည်။
    ၎င်းတို့နှစ်ဦးမှာ ပန်မွန်ဂျွန်းရွာရှိ ငြိမ်းချမ်းရေးဂေဟာတွင် တွေ့ဆုံမည်ဟု တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြခဲ့သည်။ ထို့ပြင် ကိုရီးယားနှစ်နိုင်ငံမှ အနုပညာရှင်များ ပူးပေါင်းကာ ဧပြီလ ၃ ရက်နေ့တွင် ကပွဲတစ်ခု ကျင်းပရန် စီစဉ်ထားသည်ဟုလည်း Yonhap က ဆိုသည်။
    Ref: Aljazeera
  • နိုဘယ်ဆုရှင်မာလာလာ ၅ နှစ်ကျော်အတွင်း ပါကစ္စတန်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ
    နိုဘယ်ဆုရှင်မာလာလာ ၅ နှစ်ကျော်အတွင်း ပါကစ္စတန်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ
    မတ် ၂၉၊ ၂၀၁၈
    M-Media
    ကြိုဆိုပွဲတွင်တွေ့ရသည့် မာလာလာ
    – ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ ယူစွဖ်ဇိုင်ဟာ ဒီနေ့မှာ ပါကစ္စတန်ကို သွားရောက်ခဲ့ပြီး တာလီဘန်တွေရဲ့ ပစ်ခတ်လုပ်ကြံပြီးနောက် ၅ နှစ်ခွဲအကြာမှာ ဇာတိမြေကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
    ဒီနေ့မနက် အစောပိုင်း အစ္စလာမ်မာဘတ်က ဘီနာဇီယာဘူတို နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပါကစ္စတန်အစိုးရက လုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။
    “ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ပါကစ္စတန်ကိုပြန်လာရေး ကျွန်မ အိပ်မက်မက်ခဲ့တာပါ။ ဒီကနေ့ ကျွန်မ အရမ်းကို ပျော်ရွှင်မိပါတယ်။ တကယ်ရောက်နေပါလားဆိုတာကိုတောင် မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်။ ၅ နှစ်ခွဲကြာပြီးတဲ့နောက် ဒီနေ့ ကျွန်မရဲ့တိုင်းပြည်ကို ကျွန်မ ခြေပြန်ချနိုင်ခဲ့ပါတယ်။ လေယာဉ်နဲ့ဖြစ်ဖြစ်၊ ကားနဲ့ဖြစ်ဖြစ် ခရီးသွားတဲ့အခါတိုင်း ကျွန်မဟာ ပါကစ္စတန်မှာသွားနေတယ်၊ အစ္စလာမ်မာဘတ်မှာ ကားမောင်းနေတယ်၊ ကရာချီရောက်နေတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်မဟုတ်ပါဘူး။ အခုတော့ တကယ်ဖြစ်လာပါပြီ။ အရမ်းပျော်ပါတယ်” လို့ မာလာလာက သူ့ကို ကြိုဆိုတဲ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
    အခမ်းအနားကို အစိုးရထိပ်တန်းအကြီးအကဲတွေ၊ အထင်ကရ တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ၊ သူမရဲ့ဇာတိ ဆွက်တောင်ကြားက ဧည့်သည်တွေ တက်ရောက်ခဲ့ကြပါတယ်။
    “ကမ္ဘာတစ်ခုလုံးက သမီးကို ဂုဏ်ပြုကြတယ်၊ လေးစားကြတယ်။ ပါကစ္စတန်ကလည်း သမီးကို ဂုဏ်ပြုမှာပါ။ ဒါဟာ သမီးရဲ့ အမိမြေလေ။ သမီးဟာ သာမန်နိုင်ငံသားတစ်ယောက် မဟုတ်ပါဘူး။ သမီးရဲ့ လုံခြုံရေးဟာ ဦးတို့ရဲ့ တာဝန်ပါပဲ” လို့ ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ဟာ အကြမ်ဖက်မှုအပေါ် စစ်ဆင်နွှဲနေပါတယ်။ ကမ္ဘာကြီးက ကျွန်တော်တို့နဲ့ပတ်သက်ပြီး ဘာတွေပဲ ပြောနေပါစေ၊ ပါကစ္စတန်ဟာ အကြမ်းဖက်ဝါဒအပေါ် အကြီးအကျယ်ဆုံး စစ်ဆင်နွှဲနေတာပါ။ ကျွန်တော်တို့ရဲ့ စစ်သား ၂ သိန်းကျော်ဟာ ဒီစစ်ပွဲကို တိုက်နေပါတယ်”
    ၄ ရက်တာကြာမြင့်မယ့် မာလာလာရဲ့ ခရီးစဉ်မှာ သူမရဲ့ဇာတိ ဆွက်တောင်ကြားကို သွားရောက်မလားဆိုတာ မသိရပါဘူး။ ခရီးစဉ်မှတ်တမ်းအရ မာလာလာဟာ အစ္စလာမ်မာဘတ်မှာ ပါကစ္စတန်တာဝန်ရှိသူတွေ၊ မီဒီယာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆွေမျိုးတွေနဲ့ တွေ့ဖို့ရှိနေပါတယ်။
    “ကျွန်မတိုင်းပြည်ကို ပြန်လာရပြီး ကျွန်မပြည်သူတွေနဲ့ တွေ့ရတဲ့ ဒီနေ့ဟာ ကျွန်မဘ၀ရဲ့ အပျော်ဆုံးနေ့ပါပဲ။ ဒီမှာထိုင်နေသူတွေအားလုံးကို ကျွန်မ ကြိုဆိုပါတယ်။ ယူကေမှာ ပညာဆက်သင်မှာဖြစ်ပေမယ့် ပါကစ္စတန်မှာ အမြဲတမ်း လွတ်လပ်စွာ သွားချင်ခဲ့တာပါ။ ကလေးတွေရဲ့ ပညာရေးအတွက် ကျွန်မ နှစ်မြုပ်လုပ်ဆောင်ချင်တယ်။ ပါကစ္စတန်အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးရပါမယ်” လို့ မာလာလာက ပြောကြားခဲ့ပါတယ်။
    အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ မာလာလာဟာ ၂၀၁၂ ခုနှစ်မှာ တာလီဘန်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပေမယ့် ယူကေမှာ ဆေးကုသမှုခံယူကာ သေဘေးက လွတ်မြောက်ခဲ့ပါတယ်။
    ဒဏ်ရာက ပြန်လည်သက်သာလာပြီး နောက်ပိုင်းမှာလည်း မာလာလာဟာ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေး ဆက်လက်ဆောင်ရွက်ခဲ့ပြီး ‘မာလာလာရန်ပုံငွေ’ ကို တည်ထောင်ကာ ပါကစ္စတန်၊ နိုက်ဂျီးရီးယားနဲ့ ကင်ညာတို့က ပညာရေးဆိုင်ရာအဖွဲ့တွေကို ပံ့ပိုးကူညီနေပါတယ်။
    အခုလအတွင်းမှာ မာလာလာဟာ နိုဘယ်ဆုက ရရှိတဲ့ငွေနဲ့ သူမရဲ့ဇာတိ ဆွက်တောင်ကြားဒေသနဲ့ သိပ်မဝေးတဲ့ ရှန်ဂလာမှာ စာသင်ကျောင်းသစ်တစ်ခု ဆောက်လုပ်ပေးခဲ့ပါတယ်။
    ပါကစ္စန်ကို မာလာလာ ရောက်လာမှုအတွက် ကြိုဆိုကြောင်း ပါကစ္စတန်ပြည်သူတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။
    ဒါပေမယ့် ပါကစ္စတန်က တစ်ချို့လူတွေ – အထူးသဖြင့် ဘာသာရေး ရှေးရိုးစွဲတွေက မာလာလာဟာ အနောက်နိုင်ငံတွေရဲ့ ကြိုးဆွဲရာကို ကနေသူ၊ နိုင်ငံရပ်ခြားမှာ နာမည်ကျော်ဖို့အတွက် တိုင်းပြည်ကို အပုပ်ချသူအဖြစ် ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
    Ref: Washington Post
  • အမေရိကန်ရောက် ဆော်ဒီအိမ်ရှေ့မင်းသား အစ္စရေးလော်ဘီအုပ်စုနှင့် တွေ့ဆုံ
    အမေရိကန်ရောက် ဆော်ဒီအိမ်ရှေ့မင်းသား အစ္စရေးလော်ဘီအုပ်စုနှင့် တွေ့ဆုံ
    မတ် ၂၉၊ ၂၀၁၈
    M-Media
    နယူးယောက်မြို့တော်ဝန်ဟောင်း ဘလွန်းဘာ့ဂ်နှင့် တွေ့ဆုံနေသည့် ဘင် ဆလ်မန်(၀ဲ)
    – ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အမေရိကန်ခရီးစဉ်အတွင်းမှာ အစ္စရေးလော်ဘီအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတစ်ခု ပေါက်ကြားလာပါတယ်။
    တွေ့ဆုံမှုမှာ ပါလက်စတိုင်းပိုင်နက်တွေအတွင်း တရားမ၀င် အခြေချအိမ်ယာတွေ တည်ဆောက်ရေး ဒေါ်လာသန်းချီ ထောက်ပံ့နေတဲ့ AIPIAC၊ Stand Up for Israel (ADL) နဲ့ Jewish Federations of North America (JFNA) စတဲ့ ဂျူး လယ်ယာစွန်းရောက်အဖွဲ့တွေက တာဝန်ရှိသူတွေ ပါဝင်ပါတယ်။
    ပါလက်စတိုင်းပိုက်နက်တွေကို အစ္စရေးက သိမ်းပိုက်မှု ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု BDS ကို လည်း အဲဒီ ဂျူးလက်ယာစွန်းအဖွဲ့တွေက ဆန့်ကျင်တိုက်ခိုက်နေကြတာပါ။
    အစ္စရေးသတင်းဌာန Haaretz က အိမ်ရှေ့မင်းသားဟာ Conference of Presidents၊ B’nai B’rith၊ the American Jewish Committee (AJC) စတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပေါက်ကြားလာတဲ့ ခရီးသွားမှတ်တမ်းကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
    ဆော်ဒီအာရေဗျဟာ အစ္စရေးကို တရားဝင် အသိအမှတ်ပြုတာမျိုး မရှိပေမယ့် မိုဟာမက် ဘင် ဆလ်မန်ရဲ့ ဒီလိုတွေ့ဆုံမှုဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနွေးထွေးလာမှုကို ဖော်ပြနေတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
    လက်ရှိ အမေရိကန်မှာရှိနေတဲ့ ဘင် ဆလ်မန်ဟာ ကလင်တန် ဇနီးမောင်နှံ၊ သြဇာရှိတဲ့ အထက်လွှတ်တော်အမတ် ချက် ရှူးမား၊ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ နယူးယောက်မြို့တော်ဝင်ဟောင်း မီခေးလ် ဘလွန်းဘာ့ဂ်တို့နဲ့လည်း တွေ့ဆုံထားပါတယ်။
    မီဒီယာဂုရုတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်သူတွေရဲ့ အတွေးအမြင်ကို ပုံဖော်ရာမှာ အရေးပါသူဖြစ်တဲ့ အော်ပရာဝင်းဖရေးနဲ့လည်း လာမယ့်ရက်တွေမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
    Ref: Aljazeera
  • လူမျိုးရေးခွဲခြားစော်ကားသည့် လူဖြူအမျိုးသမီးတစ်ဦးကို တောင်အာဖရိကက ထောင်ချ
    လူမျိုးရေးခွဲခြားစော်ကားသည့် လူဖြူအမျိုးသမီးတစ်ဦးကို တောင်အာဖရိကက ထောင်ချ
    မတ် ၂၉၊ ၂၀၁၈
    M-Media
    ဗစ်ကီ မွမ်ဘာ့ဂ်ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဈေးဝယ်စင်တာတစ်ခုမှာ ညဖက် သူမရဲ့ကားကို သူခိုးတွေက ဖောက်ထွင်းခဲ့ပြီးတဲ့နောက် ကူညီဖို့ရောက်လာတဲ့ လူမည်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို လူမျိုးရေး ခွဲခြားစော်ကားခဲ့တာ ဖြစ်ပါတယ်။
    – လူမည်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို လူမျိုးရေးခွဲခြားစော်ကားတဲ့စကားတွေနဲ့ အော်ဟစ်ပြောဆိုခဲ့တဲ့ လူဖြူအမျိုးသမီးတစ်ဦးကို တောင်အာဖရိကက ထောင်ချလိုက်ပြီး နိုင်ငံအတွင်း နှုတ်နဲ့ လူမျိုးရေးခွဲခြားမှုအတွက် ပထမဆုံး ထောင်ဒဏ်ချမှတ်မှု ဖြစ်ပါတယ်။
    ဗစ်ကီ မွမ်ဘာ့ဂ်ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဈေးဝယ်စင်တာတစ်ခုမှာ ညဖက် သူမရဲ့ကားကို သူခိုးတွေက ဖောက်ထွင်းခဲ့ပြီးတဲ့နောက် ကူညီဖို့ရောက်လာတဲ့ လူမည်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို လူမျိုးရေး ခွဲခြားစော်ကားခဲ့တာ ဖြစ်ပါတယ်။
    ဒီကိစ္စကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပြီး မွမ်ဘာ့ဂ်က လူဖြူ၊ ဒါမှဟုတ် အင်ဒီယန်တိုင်းရင်းသား ရဲကိုသာ အလိုရှိကြောင်း၊ လူမည်းတွေဟာ ‘သုံးစားမရတဲ့ လူနုံလူအတွေ’၊ ‘စာမတတ်ပေမတတ်တွေ’ ဖြစ်ကြောင်း ပြောကြားခဲ့တာကို ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။
    သူမဟာ တောင်အာဖရိမှာ လူမျိုးရေးခွဲခြားမှု အပြင်းထန်ဆုံးအချိန်က လူမည်းတွေကို နှိမ့်ချခေါ်ဝေါ်တဲ့ ‘ကက်ဖီရ်’ ဆိုတဲ့ စကားလုံးကိုလည်း အကြိမ်များစွာ အသုံးပြုခဲ့ပါတယ်။ ဒီအသုံးအနှုန်းဟာ အမုန်းစကားမြောက်တယ်လို့ တောင်အာဖရိကမှာ သတ်မှတ်ထားတာပါ။
    မနေ့က ဂျိုဟန်နစ္စဘတ်တရားရုံးမှာ မွမ်ဘာ့ဂ်ကို စွဲချက် ၄ ခုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ် အပါအ၀င် စုစုပေါင်း ထောင် ၄ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီလို နှုတ်နဲ့ လူမျိုးရေးခွဲခြား စော်ကားမှုအတွက် အရင်က တောင်အာဖရိကမှာ ဒဏ်ရိုက်တာတွေသာ လုပ်ခဲ့ပြီး အခု ပထမဆုံးအကြိမ် ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
    မွမ်ဘာ့ဂ်ရဲ့ ရှေ့နေကတော့ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    တောင်အာဖရိက တရားရေးဝန်ကြီး မီခေးလ် မာဆူသာက ဒီလို ထောင်ချလိုက်ခြင်းဟား အခြားသူတွေ မလုပ်ရဲအောင် တားဆီးတာမျိုးဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: The Guardian
    h