News @ M-Media
Author: Ko Lay
  • နိုင်ငံ ၂၀ ကျော်မှ သံတမန် ၆၀ နီးပါးကို ရုရှားနှင်ထုတ်
    နိုင်ငံ ၂၀ ကျော်မှ သံတမန် ၆၀ နီးပါးကို ရုရှားနှင်ထုတ်
    မတ် ၃၁၊ ၂၀၁၈
    M-Media
    – ရုရှားမှာ ယမန်နေ့က နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံသတမန် ၅၉ ဦးကို တိုင်းပြည်မှ နှင်ထုတ်ခဲ့ပြီး ဗြိတိန်တွင် ရုရှားသူလျှိုဟောင်းနှင့် ၎င်း၏ သမီးဖြစ်သူတို့ အဆိပ်ဖြင့် လုပ်ကြံခံရမှုကြောင့် မြင့်တက်လာသည့် တင်းမာမှု နောက်ဆက်တွဲရလဒ်ဖြစ်သည်။
    ရုရှား၏ ယခုနှင်ထုတ်မှုမှာ ဥရောပနိုင်ငံများက ယူကေဘက်မှ ရပ်တည်ကာ ရုရှားသံတမန်များအား နှင်ထုတ်မှုကို တုန့်ပြန်ခြင်းဖြစ်သည်။
    ကြာသာပတေးနေ့က ရုရှားမှာ အမေရိကန်သံတမန် ၆၀ ကို တိုင်းပြည်မှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။ ထို့ပြင် စိန့် ပီတာစဘတ်ရှိ အမေရိကန် ကောင်စစ်ရုံး ဖွင့်လှစ်ခွင့်ပါမစ်ကိုလည်း ရုပ်သိမ်းခဲ့သည်။
    ရုရှားလူမျိုး ဗြိတိန်သူလျှိုဟောင်း စကရီပဲလ်နှင့် သမီးဖြစ်သူတို့မှာ မတ်လအစောပိုင်းမှာ ယူကေတွင် ဓာတုအဆိပ်ဖြင့် လုပ်ကြံခံခဲ့ရပြီး ယူကေက ထိုလုပ်ရပ်မှာ ရုရှား၏လက်ချက်ဖြစ်သည်ဟု စွပ်စွဲကာ ရုရှားသံတမန်များကိုလည်း တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။
    ထို့ပြင် အမေရိကန်၊ ကနေဒါနှင့် သြစတေးလျတို့မှာ ဥရောပ ၂၅ နိုင်ငံနှင့်အတူ ပူးပါင်း​၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရုရှားသံတမန်များကို တိုင်းပြည်မှ နှင်ထုတ်ကာ ယူကေဖက်မှ ရပ်တည်ကြောင်း ပြသခဲ့သည်။
    နေတိုးအဖွဲ့ကလည်း ရုရှားရှိ ၎င်းတို့၏ ကိုယ်စားလှယ်များကို ပြန်ခ်ါခဲ့သည်။
    Ref: Aljazeera
  • အိန္ဒိယတွင် ဟိန္ဒူအစွန်းရောက်များက ဘုရားပွဲလှည့်မှုကို အသုံးချကာ တိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံး
    အိန္ဒိယတွင် ဟိန္ဒူအစွန်းရောက်များက ဘုရားပွဲလှည့်မှုကို အသုံးချကာ တိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံး
    မတ် ၃၁၊ ၂၀၁၈
    M-Media
    ဘုရားပွဲလှည့်မှု မြင်ကွင်း
    – အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်မှာ ဟိန္ဒိုဘာသာရေးပွဲတော် စီတန်းလှည့်လည်မှုအတွင်း ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
    ရာမ နတ်ဘုရားကို ပူဇော်တဲ့ အဲဒီပွဲတော်မှာ ထောင်နဲ့ချီတဲ့လူတွေဟာ ဓားတွေ၊ တုတ်တွေကိုင်ဆောင်ကာ မွတ်စလင်အများစုရှိရာ ရပ်ကွက်တွေနားကနေ ချီတက်ခဲ့ကြပြီး မွတ်စလင်ဆန့်ကျင်ရေး ကျွေးကြော်သံတွေနဲ့ ဟစ်အော် ရန်စခဲ့ကြပါတယ်။
    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဒီစီတန်းလှည့်လည်မှု စတဲ့အချိန် ပူရူလီယာမြို့မှာ လူတစ်ယောက် အသတ်ခံခဲ့ရပြီး တနင်္လာနေ့က ပြည်နယ်မြို့တော် ကိုလ်ကတားအနီး ကန်ကီနာရာမြို့မှာ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုအတွင်း သေနတ်နဲ့ ပစ်ခံရမှုကြောင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။
    အင်္ဂါနေ့မှာလည်း ရာနီဂန်းဂ်ျမြို့မှာ လူတစ်ဦး အသတ်ခံခဲ့ရပြီး အဆာနူလ်မြို့မှာ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးလည်း အဲဒီနေ့မှာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့အလောင်းကို ဗုဒ္ဓဟူးနေ့မှာ ပြန်တွေ့ခဲ့ပါတယ်။
    အဲဒီလူငယ်ရဲ့ ဖခင်ဖြစ်သူ ရှေ့ဆောင်အီမာမ် ဆစ်ဘ်တူလာ ရာရှီဒီက တည်တည်ငြိမ်ငြိမ်နေကြဖို့ မွတ်စလင်လူ့အဖွဲ့အစည်းကို တိုက်တွန်းခဲ့ပြီး သူ့ရဲ့သား အသတ်ခံရမှုအတွက် မွတ်စလင်တွေက လက်တုန့်ပြန်မယ်ဆိုရင် မြို့ကနေ သူထွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    “ငြိမ်းချမ်းမှုကိုပဲ ကျွန်တော် လိုလားပါတယ်။ ကျွန်တော့်သားလေး သေသွားပြီ။ ချစ်ခင်ရသူတွေကို ဆုံးရှုံးတာမျိုး တစ်ခြားမိသားစုတွေမှာ ကျွန်တော် မဖြစ်စေချင်ပါဘူး’ လို့ ရာရှီဒီက နယူးဒေလီအခြေစိုက် သတင်းစာတစ်စောင်ကို ပြောကြားခဲ့ပါတယ်။
    ဘုရားပွဲစီတန်းလှည့်လည်မှုအတွင်း လက်နက်တွေ မကိုင်ဆောင်ဖို့ ရဲတပ်ဖွဲ့ရဲ့သတိပေးမှုကို အာဏာရ BJP ပါတီကို ထောက်ခံသူတွေ၊ ဟိန္ဒူအစွန်းရောက်တွေက ဂရုမစိုက်ခဲ့ပါဘူး။ စီတန်းလှည့်လည်ဖို့ စီစဉ်သူတွေထဲမှာ ဟိန္ဒူအမျိုးရေးအဖွဲ့ Hindutva နဲ့ BJP ပါတီက တာဝန်ရှိသူတွေ ပါဝင်ပါတယ်။
    တီလန်ဂါနာနဲ့ ဘီဟာရ်ပြည်နယ်တွေမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဘုရားပွဲလှည့်သူတွေဟာ ဗလီတွေကို မီးရှို့တာ၊ လိမ္မော်ရောင်အလံတွေကို လွှင့်ထူတာတွေ လုပ်ခဲ့ပါတယ်။
    ရဲတပ်ဖွဲ့ဝင်တွေကတော့ အဲဒီပြည်နယ် ၃ ခုမှာ အကြမ်းဖက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေပြီး BJP နဲ့ နွယ်နေတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမား ၃ ဦးကိုလည်း စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။
    ဟိန္ဒူအမျိုးသားရေးဝါဒကို အခြေခံတဲ့ BJP ပါတီဟာ နိုင်ငံတစ်ဝှမ်း ၂၉ ပြည်နယ် ရှိတဲ့အနက် ၂၁ ပြည်နယ်မှာ အာဏာရထားပြီး အနောက်ဘန်ဂေါလ်မှာတော့ အာဏာရဖို့ ရုန်းကန်နေရပါတယ်။
    ဟိန္ဒူဘာသာက အထွဋ်အမြတ်ထားတဲ့ နွားသတ္တ၀ါကိစ္စနဲ့ပတ်သက်လို့ မွတ်စလင်တွေ၊ ဟိန္ဒူဇာတ်နိမ့်တွေအပေါ် ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကလည်း မြင့်တက်လာခဲ့ပြီး BJP ပါတီတာဝန်ရှိသူတွေက နိုင်ငံအတွင်း လူနည်းစုတွေကို စော်ကားပြောဆိုမှုတွေလည်း ရှိလာပါတယ်။
    Ref: Aljazeera
  • ပြည်သူ ၁၄ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီးနောက် နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ပါလက်စတိုင်းကြေငြာ
    ပြည်သူ ၁၄ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီးနောက် နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ပါလက်စတိုင်းကြေငြာ
    မတ် ၃၁၊ ၂၀၁၈
    M-Media
    ဒဏ်ရာရသူများကို သယ်ဆောင်သွားစဉ်
    – ဂါဇာနယ်စပ်မှာ ချီတက်ဆန္ဒပြကြတဲ့ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက ပစ်သတ်မှုကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းအာဏာပိုင်တွေက ဒီကနေ့ (စနေနေ့) ကို နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေငြာလိုက်ပါတယ်။
    ၄၂ နှစ်မြောက် Land Day အောက်မေ့ဖွယ်အဖြစ် မနေ့က ချီတက်ဆန္ဒပြမှုမှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၄၀၀ ကျော်လောက်ရှိတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
    “အာဇာနည်တွေရဲ့ စွန့်လွှတ်စတေးမှုအတွက် နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေငြာဖို့ သမ္မတ မဟ်မူးဒ်အဘတ်စ်ရဲ့ ဆုံးဖြတ်ချက်အရ နိုင်ငံတစ်ဝှမ်းက စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အစိုးရရုံးတွေအားလုံး စနေနေ့မှာ ပိတ်ထားမှာဖြစ်ပါတယ်” လို့ မနေ့က ထုတ်ပြန်တဲ့ ပါလက်စတိုင်းအစိုးရရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ၁၉၇၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပါလက်စတိုင်းတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ တော်တော်များများကို အစ္စရေးက သိမ်းယူခဲ့မှုအတွက် မကျေမနပ်ဆန္ဒပြရာမှာ လက်နက်မဲ့ ပါလက်စတိုင်း ၆ ဦး အစ္စရေးရဲ့ သတ်ဖြတ်ခြင်းခံရမှုကို အမှတ်ရတဲ့အနေနဲ့ Land Day ကို နှစ်စဉ် ကျင်းပတာ ဖြစ်ပါတယ်။
    မနေ့က ချီတက်မှုကို Great Return March လို့ စီစဉ်သူတွေက အမည်ပေးခဲ့ပြီး ပါလက်စတိုင်းဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရရေး ဆော်သြဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဂါဇာမှာနေထိုင်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ၁၉၄၈ ခုနှစ် အစ္စရေးက ပါလက်စတိုင်းတွေရဲ့ ပိုင်နက်တွေကို အကြမ်းဖက်သိမ်းပိုက်ချိန်မှာ ထွက်ပြေးခဲ့ရတဲ့ မိသားစုတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
    မနေ့က ဆန္ဒပြမှုကို ဂါဇာ-အစ္စရေး နယ်စပ်တစ်လျှောက် နေရာ ၅ နေရာမှာ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရသူအများစုဟာ ကျည်အစည်၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခံရတာ၊ မျက်ရည်ဗုံးအငွေ့ ရှုမိတာတွေကြောင့်ဖြစ်တ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera
  • ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်တစ်မျိုးကို ပါကစ္စတန် စမ်းသပ်အောင်မြင်
    ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်တစ်မျိုးကို ပါကစ္စတန် စမ်းသပ်အောင်မြင်
    မတ် ၃၀၊ ၂၀၁၈
    M-Media
    – ပါကစ္စတန်နိုင်ငံမှာ ကီလိုမီတာ ၄၅၀ အထိ ရောက်ရှိနိုင်ပြီး ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသည့် ခရုဇ်ဒုံးကျည် Babur ကို ယမန်နေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု သိရသည်။
    ပြည်တွင်း၌ထုတ်လုပ်ခဲ့သည့် အဆိုပါ ဒုံးကျည်ကို ရေအောက်တွင် ရွေ့လျားနေသည့် အရာတစ်ခုပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်နှုန်းများအတိုင်း ပျံသန်းသွားကာ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်၏ မီဒီယာတစ်ခုဖြစ်သော ISPR က ဖော်ပြခဲ့သည်။
    “SLCM Babur ဟာ ဘယ်လို ၀န်ချိန်မျိုးကိုမဆို တင်ဆောင်သွားလို့ရပြီး ရေအာက်တွန်းကန်အား ထိန်းချုပ်စနစ်၊ အဆင့်မြင့် ပဲ့ထိန်းစနစ်နဲ့ လမ်းကြောင်းရှာ လုပ်ဆောင်ချက်တွေအပါအ၀င် နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားတဲ့ ဒုံးကျည်ဖြစ်ပါတယ်”
    ထို့ပြင် အဆိုပါဒုံးကျည်မှာ ပါကစ္စတန်၏ တုန့်ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်မှု၊ မိမိကိုယ်ကို အားကိုးမှု ပေါ်လစီဖြင့် ကာကွယ်ရေးစွမ်းအင် မြှင့်တင်ရာတွင် ယခုတိုးတက်မှုက ခြေလှမ်းတစ်ခု ဖြစ်မည်ဟုလည်း ISPR က ထည့်သွင်းဖော်ပြခဲ့သည်။
    ပါကစ္စတန်သမ္မတနှင့် ၀န်ကြီးချုပ်တို့က ဒုံးကျည်တီထွင်မှုတွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် အခြားသူများကို ကျေးဇူးင်ကြောင်း ပြောကြားခဲ့သည်။
    Ref: Arab News
  • အိန္ဒိယက ဂုဏ်သိက္ခာအတွက်သတ်ဖြတ်မှု (သို့) လူလူချင်း ခွဲခြားမှု၏ နောက်ဆက်တွဲဆိုးကျိုး (မြန်မာစာတမ်းထိုး)
    မတ် ၃၀၊ ၂၀၁၈
    M-Media
    သတိပေးချက် – ဤမှတ်တမ်းရုပ်ရှင်တွင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ပုံရိပ်များ ပါဝင်ပါသည်။
    Source – Aljazeera