News @ M-Media

Author: YinYin

  • UK နာမည်ကြီးတက္ကသိုလ်များ ပါဝင်တဲ့ ရန်ကုန်က ပညာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ

    UK နာမည်ကြီးတက္ကသိုလ်များ ပါဝင်တဲ့ ရန်ကုန်က ပညာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ

    အောက်တိုဘာ ၂၈-၂၀၁၃
    M-Media
    A.N.lay

    UK မှ အထင်ကရ တက္ကသိုလ်များ ပါဝင်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီ မြန်မာနှင့်  လန်ဒန်တက္ကသိုလ်တို့မှ ဦးစီး၍ The UK-MYANMAR Higher Education Partnership Turning Policy Into Action ခေါင်းစဉ်ဖြင့် ဆွေးနွေး

    DSC01022

    ရန်ကုန်    ။          ။        UK မှ အထင်ကရ တက္ကသိုလ်များ ပါဝင်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီ မြန်မာနှင့် လန်ဒန်တက္ကသိုလ်တို့မှ ဦးစီး၍ The UK-MYANMAR Higher Education Partnership Turning Policy Into Action ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ Park Royal Hotel, Padamya Room 3 တွင် အောက်တိုဘာ ၂၈-ရက် ညနေ ၅း၃၀ တွင်ပြုလုပ်ခဲ့ပါတယ်။

    ၎င်းဆွေးနွေးပွဲတွင် Mr.Chris Cobb ( Chief Operating Officer and University Secretary) က “ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်စပိုင်း လန်ဒန်တက္ကသိုလ် ကို မြန်မာနိုင်ငံက ပညာရေး အဆင့်မြင့် အဖွဲ့သွားရောက်ပါတယ်။ အဲ့ဒီကနေ ဆွေးနွေးခဲ့တာ တွေဟာ ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဒီမှာ အကောင်အထည်ဖော်ဖို့ ရှိပါ တယ်။ ဘာလို့လဲဆိုတော့ ဒီမြန်မာနိုင်ငံ အစိုးရဟာ အဆင့်မြင့် ပညာရေး အောက်မှာရှိတဲ့ တက္ကသိုလ်များအားလုံးကို ပိုပြီးတော့ စွမ်းဆောင်နိုင်ဖို့ တိုးတက်လာဖို့ ပြန်ပြီး ရှင်သန်လာနိုင်ဖို့ကို အင်မတန်မှ ဆန္ဒပြင်းပြပါတယ်။ ဒါကိုလုပ်ဖို့လည်း ပြည်ပ အကူအညီများလိုပါတယ်။

    UK မှာ မြန်မာ ပညာရေးအဖွဲ့ သွားရောက် ဆွေးနွေးတဲ့ အခါမှာ ဒါတွေပဲပြောပြီးတော့ နောက်ဆက်တွဲကို အကောင်အထည်ဖော်ဖို့ အတွက် ကျွန်တော်တို့ ဒီကိုလာရောက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရကတော့ ပညာရေးစနစ် တစ်ခုလုံးကို တိုးတက်အောင် ကောင်းမွန်အောင် ပြောင်းလဲစေချင်ပါတယ်။ အထူးသဖြင့် အခြေခံပညာရေး၊ အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ တက္ကသိုလ်များ အနုပညာတက္ကသိုလ်များ၊ ဆေးပညာတက္ကသိုလ်များ ၊ စက်မှုဆိုင်ရာတက္ကသိုလ်များ အားလုံးကို တိုးတက်စေချင် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကိုလာတာကလည်း တက္ကသိုလ်များကိုတိုးတက်အောင် လုပ်ဖို့ ဆွေးနွေးတိုင်ပင်ပြီးတော့ ကူညီပံပိုးဖို့အတွက်လာတာဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ဖွံဖြိုးတိုးတက်ဖို့က ပညာရေးအဆင့်ဆင့်တိုင်း ကအရေးကြီးပါတယ်။ လက်ရှိကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုတွေ ၊ သဘာဝဘေး အန္တရယ်တွေ ကို ဖြေရှင်းနိုင်ဖို့က တက္ကသိုလ်အဆင့် ပညာရေးသာလျှင် ဒါကိုဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါကြောင့်ဒီကိုလာရောက်ခြင်းက တက္ကသိုလ်အဆင့် ပညာရေးကို တိုးတက်အောင် ကူညီပံပိုးပေးခြင်း ဖြစ်ပါတယ်။

    ပြသနာတိုင်းဟာ တစ်နိုင်ငံတည်းဖြစ်နေတာမဟုတ်ပါဘူး တစ်ကမ္ဘာတိုင်းမှာဖြစ်နေတဲ့ ပြဿနာဖြစ်တဲ့ အတွက်ကြောင့် တက္ကသိုလ်များမှာ သူတို့ရဲ့ ပညာရေးစနစ်ဖြင့် ဒီပြသနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီကိုလာရောက်ခြင်းအားဖြင့် တက္ကသိုလ်များနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို လာရောက် ကူညီဆောင်ရွှက်ပေးခြင်းဖြစ်ပါတယ်။ UK မှာတော့ ကျွန်တော်တို့ ပညာရေးအဖွဲ့ဟာ UK မှာရှိတဲ့ ပညာရေး ပြသနာ၊ အခက်အခဲပြသနာတွေကို နားလည်တယ်။ ဒါကိုဖြေရှင်းပေးမယ့် အင်အားတွေလည်းရှိတယ်။ အသိပညာတွေ အတတ်ပညာတွေလည်း ရှိပါတယ်။ ဒါပေမယ့် လည်း ကျွန်တော်တို့ အားလုံးဟာ ကမ္ဘာမှာရှိတဲ့ နိုင်ငံများမှာရှိတဲ့ ပြဿနာများကို အသေးစိတ် မသိနိုင်ပါဘူး ဒါကြောင့်နိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ရဲ့ ဗြိတိကောင်စီ ဆိုတဲ့ အဖွဲ့ကိုစေလွတ်ထားပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံရဲ့ပညာရေး စနစ်တွေ အခက်အခဲတွေအားလုံးကိုလေ့လာပြီးတော့ အစီရင်ခံခဲ့ပြီး သိရှိ နားလည်တဲ့အခါမှာ ဒီနိုင်ငံကို လာပြီးတော့ တဖြည်းဖြည်း ညှိနှိုင်းရမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
    ဆက်လက်ပြီး David J .Lock ( Director of International Projects) က “ကျွန်တော်တို့ဒီကိုလာရောက်ခြင်းဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးမှာ အထူးသဖြင့် ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ကူညီပံ့ပိုးပေးဖို့ လက်တွဲဆောင်ရွက်ပေးဖို့ လာရောက်ခြင်းဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကူညီပံပိုးမှုပေးတာက ဘာလဲဆိုတော့ အင်္ဂလိပ်ဘာသာစကား နှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်ပါတယ်။ နောက်တစ်ခြား ပညာရေးကဏ္ဍများကိုလည်း ပံ့ပိုးမှုပေးပါတယ်။ အခုမြန်မာနိုင်ငံမှာ အကောင်အထည်ဖော်တဲ့ CSR လို့ခေါ်တဲ့ပြီး ပြည့်စုံတဲ့ ပညာရေးကဏ္ဍမှာ အများကြီး ကူညီပံပိုးပြီးတော့ လက်တွဲဆောင်ရွက် နေပါတယ်။ အဲ့ဒါတွေမှာ ဒီဟာက အခြေခံပဲ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ အဆင့်မြင့် ပညာရေး ဥပဒေကို ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။ ဒီဟာကိုလည်း လွှတ်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးအဖွဲ့ ဆွေးနွေးနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

    ၎င်းနောက်အဆိုပါ ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက မီဒီယာများကို မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၆း၃၀ တွင် ရုပ်သိမ်းခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်သူ ၅၀-ဦးခန့်ရှိပါတယ်။

  • အောက်တိုဘာ ၂၈၊ အားကစားသတင်းစုစည်းမှု

    အောက်တိုဘာ ၂၈၊ အားကစားသတင်းစုစည်းမှု

    အောက်တိုဘာ ၂၈၊ ၂၀၁၃
    M-Media

     လူမျိုးရေးခွဲခြားမှုများနှင့်ပက်သက်ပြီး ပြင်းထန်သောအပြစ်ပေးမှုကို ဖီဖာဥက္ကဌ အလိုရှိ


    ဘောလုံးအသင်းများ၏ ပရိတ်သတ်များ လူမျိုးရေးခွဲခြားမှုများပြုလုပ်ပါက ထိုအသင်းအား ပြိုင်ပွဲမှထုတ်ပယ်ပစ်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက အလိုရှိနေသည်။

    ထိုကဲ့သို့သောမှတ်ချက်မှာ ရုရှားတွင် မန်စီးတီးအသင်း လူမျိုးရေးခွဲခြားမှု ကြုံခဲ့ရပြီးနောက်ပိုင်းတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။ စီအက်စ်ကေအေမော်စကိုအသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် စီအက်စ်ကေအေ ပရိတ်သတ်များက မန်စီးတီးကစားသမား ယာယာတိုးယေးအား လူမျိုးရေး ခွဲခြားသော ကြွေးကြော်သံများဖြင့် လှောင်ပြောင်ခဲ့ပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ် ယူအီးအက်ဖ်အေက စီအက်စ်ကေအေအသင်း၏ လာမည့်ဥရောပပွဲစဉ်တွင် ပရိသတ် မပါဘဲကစားရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

    သို့သော်လည်း ဆပ်ဘလတ္တာအနေဖြင့် ထိုကဲ့သို့အပြစ်ပေးမှုမှာ လုံလောက်မှုမရှိဟုပြောကြားခဲ့ပြီး လူမျိုးရေးခွဲခြားမှုအတွက် ပိုမိုပြင်းထန်စွာ အပြစ်ပေးရန်အတွက် ဆော်သြခဲ့သည်။ ထို့ပြင် ပရိတ်သတ်မပါဘဲ ကစားစေခြင်း၊ နိုင်ငံများ၏ ဘောလုံးအဖွဲ့ချုပ်များကို ဒဏ်တပ်ခြင်းများမှာ ဘောလုံးလောကမှ လူမျိုးရေးခွဲခြားမှုအား အမြစ် ပြတ် သုတ်သင်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကဲ့သို့ လူမျိုးရေး ခွဲခြားမှုများကို ပြုလုပ်ခဲ့သည့် အသင်းအား အမှတ်များဖြတ်တောက်ခြင်း၊ ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းစသဖြင့် ပြင်းထန်စွာ အရေးယူရမည်ဖြစ်ကြောင်း ဘလတ္တာက ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနှစ် ဇန်န၀ါရီလကလည်း အေစီမီလန်အသင်းနှင့် အီတလီ အသင်းငယ် ပရိုပက်ထရီယာတို့ ကစားသည့်ပွဲတွင် ပက်ထရီယာအသင်း ပရိတ်သတ်များက အေစီမီလန် အသင်း၏ ကစားသမားများကို လူမျိုးရေး ခွဲခြားမှုများပြလုပ်ခဲ့ဖူးသည်။

    လူမျိုးရေးခွဲခြားမှုများနှင့်ပက်သက်ပြီး ပိုမိုပြင်းထန်သည့် အပြစ်ပေးမှုများပြုလုပ်ရန်အတွက် ဖီဖာ၏ လူမျိုးရေးခွဲခြားမှုဥက္ကဌနှင့် ဖီဖာဒုတိယဥက္ကဌတို့ ယမန်နေ့က တွေ့ဆုံခဲ့ကြပြီး အမှတ်ဖျက်တောက်ခြင်း၊ တန်းဆင်းစေခြင်းစသည့် ပြစ်ဒဏ်များပေးရန်အတွက် ဆွေးနွေးခဲ့ကြသည်။
    alarabiya
    ____________________

    Indian Grand Prix ကားမောင်းပြိုင်ပွဲတွင် ဂျာမန်ကားမောင်းသမား စီဘက်စတီယန် ဗက်တဲလ် ဗိုလ်စွဲ


    အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Indian Grand Prix ကားမောင်းပြိုင်ပွဲတွင် ဂျာမန်ကားမောင်းသမား စီဘက်စတီယန် ဗက်တဲလ်က အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    Red Bull အသင်း၏ အသက် ၂၆ နှစ်အရွယ်ကားမောင်းသမား ဗက်တဲလ်မှာ ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းသား မိုက်ကယ် ရှူးမိတ်ကာနှင့် အာဂျင်တိုင်း ကားမောင်းသမား ဂျူအန် မန်နျူယဲလ် ဖန်ဂီယိုတို့နှင့် အဓိက ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    Idiand Gand Prix ချန်ပီယံနှစ်ကြိမ်ဖြစ်ထားသည့် ဖာရာရီအသင်း၏ ကားမောင်းသမား အလွန်ဆိုမှာ အဆင့် ၁၁ နေရာမှသာပန်းဝင်နိုင်ခဲ့သည်။ ယခုပွဲတွင် ဗိုလ်စွဲခဲ့မှု မှာ ဗက်တဲလ်၏ ဂရင်းပရီပြိုင်ပွဲ ခြောက်ခုဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    cnn
    ____________________
    Valencia Open တင်းနစ်ပြိုင်ပွဲတွင် ယူဇနီ ဗိုလ်စွဲ


    စပိန်နိုင်ငံ ဗလင်စီယာမြို့တွင် ကျင်းပခဲ့သည့် Valencia Open တင်းနစ်ပြိုင်ပွဲတွင် ရုရှားတင်းနစ်သမား မီခေးလ်ယူဇနီက အိမ်ရှင်တင်းနစ်သမား ဒေးဗစ်ဖာရာကို အနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့သည်ဟု သိရသည်။

    ဗိုလ်လုပွဲအား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ၁ နာရီနှင့် ၂၃ မိနစ်ကြာမြင့်ခဲ့သော အဆိုပါပွဲစဉ်တွင် ယူဇနီမှာ Valencia Open ချန်ပီယံသုံးကြိမ်ဖြစ်ခဲ့ဖူးသည့် ဖာရာအား ၆-၃၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့ပြီး ယခုနှစ် ဒုတိယမြောက် ATP ဖလားအား ဆွတ်ခူးနိုင်ခဲ့သည်။

    “ကျွန်တော့်ကိုကူညီပေးခဲ့တာတွေနဲ့ ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တာတွေအတွက် ကျွန်တော့်အဖွဲ့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီသီတင်းပတ်ဟာ ကောင်းမွန်တဲ့ သီတင်းပတ်ပါပဲ။” ဟု ယူဇနီက ပွဲအပြီးတွင် ပြောဆိုခဲ့သည်။
    skysports
    ____________________
    ဖက်ဒါရာအား အနိုင်ယူကာ ATP Swiss Indoors ဖလားအား ပေါ်ထရိုဆွတ်ခူး


    ဆွစ်ဇလန်နိုင်ငံ ဘေဆယ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ATP Swiss Indoors တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲတွင် အာဂျင်တိုင်း တစ်နစ်သမား ဒလ်လ်ပေါ်ထရိုက အနိုင်ရဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။

    ဗိုလ်လုပွဲစဉ်ကို ယမန်နေ့က ကစားခဲ့ခြင်းဖြစ်ပြီး နိုင်ခြေအဆင့် ၁ ရှိ ဂျူအန်မာတင် ဒလယ်လ်ပေါ်ထရိုမှာ ကမ္ဘာ့ အဆင့် ၆ ဆွစ်တင်းနစ်သမား ရော်ဂျာဖက်ဒါရာနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ၂ နာရီနှင့် မိနစ် ၂၀ ကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် ပေါ်ထရိုမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး ၇-၆၊ ၂-၆၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ယခုပွဲအနိုင်ရရှိမှုမှာ ပေါ်ထရိုအနေဖြင့် ဖက်ဒါရာအား သုံးကြိမ်မြောက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ရာသီ ၄ ခုမြောက်ဖလားအား ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    skysports
    ____________________
    WTA Championship တင်းနစ်ပြိုင်ပွဲတွင် ဆရီနာ ဗိုလ်စွဲ


    အစ္စတန်ဘူလ်တွင်ကျင်းပပြုလုပ်နေခဲ့သော WTA ရာသီပိတ်ပွဲစဉ်ဖြစ်သည့် WTA Championship တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်နာမည်ကြီးတင်းနစ်မယ် လက်ရှိချန်ပီယံ ဆရီနာဝီလီယံက အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် ၀ီလီယံမှာ တရုတ်တင်းနစ်မယ် လီနာနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ၀ီလီယံမှာ လီနာအား ပထမပွဲငယ်တွင် ၆-၂ ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ၆-၃ ဖြင့်လည်ကောင်း၊ တတိယပွဲငယ်တွင် ၆-၀ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သည်။

    “ဒီနှစ်ဟာ သိပ်ကိုရှည်ကြာတဲ့နှစ်ပါပဲ။ ကျွန်မသိပ်ကို စိတ်လှုပ်ရှားမိပြီး ဒီလိုကျော်ဖြတ်နိုင်လိမ့်မယ်လို့မထင်ထားပါဘူး။ ကျွန်မအနိုင်ရသွားတာကို ကျွန်မ မယုံကြည်နိုင်ပါဘူး။ အရမ်းမောပန်းနေပါပြီ။ ကမ္ဘာ့အဆင့် ၁ အဖြစ် ရာသီကိုဆုံးသတ်ရပြီး WTA ၄၀ ခုမြောက်ဖလားကို ဆွတ်ခူးရတာဟာ ထူးခြားတဲ့ အချိန်ပါပဲ” ဟု ၀ီလီယံက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ယခုပွဲဗိုလ်စွဲနိုင်ခဲ့မှုမှာ ယခုနှစ် တင်းနစ်ရာသီတွင် ၀ီလီယံ၏ ၁၁ ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    skysports
    ____________________

    တောရက်စ်ရဲ့နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာအောင်ပွဲခံခဲ့တဲ့ ချယ်ဆီး၊ အဆင့်လေးသို့ တက်လှမ်းလာနိုင်ခဲ့တဲ့ တော့တင်ဟမ်နဲ့၊ ဆန်းဒါးလန်တို့ အနိုင်ရရှိခဲ့ကြသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၉ ဆူပါဆန်းဒေးပွဲစဉ်များ


    ပရီးမီးယားလိဂ်ပွဲစဉ် ၉ လက်ကျန်ပွဲများအဖြစ် ယမန်နေ့က လေးပွဲကစားခဲ့ရာ မော်ရင်ဟို၏ချယ်ဆီး၊ တန်းဆင်းဇုန်မှ ဆန်းဒါးလန်းအသင်းနှင့် စပါးအသင်းတို့ အနိုင်ရရှိခဲ့ကြသည်။

    ချယ်ဆီး ၂-၁ မန်ချက်စတာစီတီး

    စတမ်းဖို့ဘရစ်ခ်ျတွင်ကစားခဲ့သည့် ယခုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး တိုက်စစ်မှူး တောရက်စ်၏ နောက်ဆုံးမိနစ်နောက်ကျဂိုးဖြင့် အိမ်ရှင်ချယ်ဆီးအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ချယ်ဆီးအသင်းမှာ ရှော်လ်ကာအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ပွဲမှလူစာရင်းအား ၁ နေရာသာအပြောင်းအလဲလုပ်ခဲ့ပြီး မန်စီးတီးအသင်းအား ရင်ဆိုင်ခဲ့သည်။ မန်စီးတီးအသင်းတွင်လည်း အသင်းခေါင်းဆောင် ဗင်ဆင့် ကွန်ပနီ ဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့သောကြောင့် နောက်ခံအတွင်းလူနေရာတွင် ဒီမစ်ချယ်လီက တာဝန်ယူကစားခဲ့သည်။

    ချယ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကို ၃၃ မိနစ်တွင်ရရှိခဲ့ပြီး စကာရယ်လ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ကျန်ရှိနေသာမိနစ်များတွင် ချယ်ဆီးအသင်းကသာ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ချယ်ဆီးက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

    ဒုတိယပိုင်းအစ ၄၉ မိနစ်တွင်ဧည့်သည်မန်စီးတီးအသင်းတို့ ချေပဂိုးရရှိခဲ့ပြီး နာဆရီ၏ ဖြတ်တင်ဘောမှတစ်ဆင့် အဂူရိုက သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်အနည်းငယ်ရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ မိနစ် ၉၀ တွင်မှ ချယ်ဆီတို့ အဖိုးတန်အနိုင်ဂိုး ရရှိခဲ့ပြီး တိုက်စစ်မှူးတောရက်စ်က မန်စီးတီးဂိုးသမား ဂျိုးဟတ်၏ အမှားကို အပိုင်အသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။

    ယခုပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းမှာ ၉ ပွဲကစား ရမှတ် ၂၀ ဖြင့် လီဗာပူးလ်အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် ၂ နေရာတွင်ရှိနေသည်။
    ……………………………………………
    စပါး ၁-၀ ဟားလ်စီးတီး

    ယခုနှစ်ရာသီတွင် ရလဒ်ကောင်းများရရှိနေသည့် စပါးအသင်းမှာ အိမ်ကွင်းတွင် ဟားလ်စီးတီးအသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း အလွယ်တကူ အနိုင်ရရှိခဲ့ခြင်းမဟုတ်ဘဲ ဟားလ်စီးတီးအသင်းမှာ စပါးအသင်းအား ဒုက္ခပေးနိုင်ခဲ့သည်။

    စပါးအသင်းအတွက်တစ်လုံးတည်သောအနိုင်ဂိုးကို မိနစ် ၈၀ တွင် အငြင်းပွားဖွယ်ပင်နယ်တီမှ တစ်ဆင့် စပိန်တိုက်စစ်မှူး ဆိုလ်ဒါဒိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………………………
    ဆန်းဒါးလန် ၂-၁ နယူးကာဆယ်

    ၈ ပွဲကစားပြီး တစ်မှတ်သာရရှိထားသည့် ဆန်းဒါးလန်းအသင်းမှာ ယခုပွဲတွင် နယူးကာဆယ်အသင်းအားအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။

    ဆန်းဒါးလန်း၏ အလင်းရောင်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာပင် ဆန်းဒါးလန်းအသင်းက ရရှိခဲ့ပြီး စတီဗင်ဖလက်ချာက သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်း ၅၇ မိနစ်တွင် ဧည့်သည် နယူးကာဆယ်တို့ ချေပဂိုးရရှိခဲ့ပြီး ဒီဘောက်ချီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ပွဲပြီးကာနီး ၈၄ မိနစ်တွင် အိမ်ရှင်တို့အနိုင်ဂိုးရရှိခဲ့ပြီး ဒုတိယပိုင်းတွင်မှ လူစားဝင်လာသည့် ဖေဘီယို ဘိုရီနီက သွင်းယူပေးခဲ့သည်။
    ……………………………………..
    ဆွမ်ဆီး ၀-၀ ၀က်စ်ဟမ်း

    ဆွမ်ဆီးအသင်း၏ အိမ်ကွင်းလေဘာတီတွင် ကစားခဲ့သည့် ယခုပွဲတွင် မည်သူမျှ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေကျခဲ့သည်။

    ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲအပြီးတွင် အာဆင်နယ်အသင်းက ၂၂ မှတ်ဖြင့် ဇယားအားဦးဆောင်နေပြီး ချယ်ဆီး၊ လီဗာပူးလ်တို့က အမှတ် ၂၀ စီဖြင့် ဒုတိယနှင့် တတိယနေရာတွင်ရှိနေသည်။ တော့တင်ဟမ် ဟော့စပါးအသင်းမှာ ၁၉ မှတ်ဖြင့် အဆင့်လေးနေရာတွင်ရှိနေပြီး လက်ရှိချန်ပီယံမန်ယူအသင်းမှာ ၁၆ မှတ်ဖြင့် အဆင့် ၈ နေရာတွင်ရှိနသည်။

    နော်ဝစ်ခ်ျ၊ ဆန်းဒါးလန်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့မှာ ၈မှတ်၊ ၄မှတ် ၃မှတ်စီဖြင့် တန်းဆင်းဇုံတွင် အသီးသီးရှိနေကြသည်။
    ____________________

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။
    ဆက်သွယ်ရန် [email protected]

     

  • မိုးသီးဇွန် ဦးဆောင်ဆွေးနွေးမည့် နိုင်ငံသားများ အစည်းအဝေးကြီး တစ်ရပ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှပြုလုပ်မည်

    မိုးသီးဇွန် ဦးဆောင်ဆွေးနွေးမည့် နိုင်ငံသားများ အစည်းအဝေးကြီး တစ်ရပ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှပြုလုပ်မည်

    အောက်တိုဘာ ၂၈၊ ၂၀၁၃
    M-Media
    K K

    ရန်ကုန်   ။         ။        Introduction to Alternative Parliament ခေါင်းစဉ်ဖြင့် ဦးမိုးသီးဇွန်မှ ဦးဆောင်ဆွေးနွေးဟောပြောမည့် ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာလ ၄-ရက်နေ့ နေ့လည် ၁-နာရီမှ ၃-နာရီအထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    Alternative Parliament ဆိုသည် နိုင်ငံသားများနှင့် စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့အား ခေါ်ဆိုခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် နိုင်ငံသားများအစည်းအဝေးကြီး (Citizens Assembly)တစ်ခုဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ ဆွေးနွေးပွဲအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နားထောင်နိုင်ကြောင်းလည်း သိရပါတယ်။

     

  • အောက်တိုဘာ ၂၇၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၇၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media

    အာဖဂန်စစ်ဆင်ရေးများအတွင်း တာလီဘန် ၃၆ ဦးသေဆုံး

    ယမန်နေ့နံနက်ပိုင်းက အာဖဂန် နစ္စတန်နိုင်ငံရှိ ပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း တာလီဘန်စစ်သွေးကြွ ၃၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ထိုစစ်ဆင်ရေးအား အာဖဂန်ရဲတပ်ဖွဲ့၊ စစ်တပ်၊ အမျိုးသားလုံခြုံရေးအဖွဲ့၊ နေတိုး ဦးဆောင်သော နိုင်ငံတကာတပ်ဖွဲ့များက ပူးပေါင်းကာ နန်ဂါဟာ၊ ပါဝန်၊ ဇာဘူလ်၊ အူရုဇ်ဂန်၊ ၀ါရ်ဒက်နှင့် ဂါဇ်နီပြည်နယ်များတွင် လွန်ခဲ့သည့် ၂၄ နာရီမှ စ၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၃၆-ဦးသေဆုံးပြီး ၅-ဦးဒဏ်ရာရရှိခဲ့ကာ အချို့ပြည်နယ်များတွင် လက်လုပ်ဗုံးများအား စနက်တံဖြုတ်ခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း စစ်သွေးကြွ ၃၃၀အားသုတ်သင်နိုင်ခဲ့ပြီး၊ ၁၁၃-ဦးဒဏ်ရာရကာ ၁၄၀ နီးပါးဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်ဟု ပြည်ထဲရေး၏ ကြေညာချက်တွင်ဖော်ပြထားသည်။ တာလီဘန်အဖွဲ့ကမူ ထိုကိစ္စနှင့် ပက်သက်ပြီးယခုအချိန်အထိ မည်သည့် မှတ်ချက်မှမပေးသေးပေ။

    Ref : xinhua


    ____________________

    ဒုက္ခသည်အရေအတွက်မှာ ၁၉ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ကုလဆို

    နိုင်ငံရပ်ခြားသို့ထွက်ပြေးခိုလှုံရသည့် ဒုက္ခသည်အရေအတွက်မှာ ၁၉၉၄ ခုနှစ်မှစ၍ ၁၉ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိနေသည်ဟု ကုလမဂ္ဂက ပြောဆိုလိုက်သည်။

    ဒုက္ခသည်အများစုမှာ အာဖဂန်နစ္စတန်နှင့် အရှေ့အလယ်ပိုင်းဒေသများမှဖြစ်ပြီး ပထမ အင်ဒိုနီးရှားသို့သွားရောက်ကာ အင်ဒိုနီးရှားမှတစ်ဆင့် အန္တရာယ်များသော ရေလမ်းခရီးဖြင့် အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ သြစတေးလျသို့ နှစ်စဉ်နှစ်တိုင်း သွားရောက်ကြသည်ဟု ကုလမှထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

    ထို့ကဲ့သို့အစုလိုက်အပြုံလိုက်ရောက်ရှိလာခြင်းမှာ အင်ဒိုနီးရှားနှင့် သြစတေးလျ နိုင်ငံတို့အတွက်အဓိက နိုင်ငံရေးပြဿနာဖြစ်ပြီး အထူးသဖြင့် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များ ညီလာခံတွင် လက်မှတ်ထိုးထားခြင်းမရှိသည့် အင်ဒိုနီးရှားအနေဖြင့် ထိုဒုက္ခသည်များအား လက်ခံရန်တာဝန်မရှိသော်လည်း ညီလာခံတွင် လက်မှတ်ထိုးသားသည့် သြစတေးလျအနေဖြင့် လက်ခံရန် တာဝန်ရှိနေသည်။

    Ref : aljazeera


    ____________________

    ယူကေ၏ ဂက်စ်ဈေးနှုန်းမှာ အခြားသောဥရောပနိုင်ငံများထက် ပိုမိုမြင့်တက်

    ဗြိတိန်ရှိ ဂက်စ်ဈေးနှုန်းမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အခြားသော ဥရောပနိုင်ငံများထက် အဆ ၂၀၀ ပိုမိုမြင့်တက်ခဲ့သည်ဟုသိရသည်။

    ဗြိတိန်၏ ဂက်စ်ဈေးနှုန်းနှင့် လျှပ်စစ်ဓာတ်အားဈေးနှုန်းမှာ ၂၀၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး အထူးသဖြင့် ဒိန်းမတ်နိုင်ငံမှာ ၄၀ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပါတ်အစောပိုင်းက ဗြိတိန်ရှိ RWE Npower စွမ်းအင်ကုမ္ပဏီမှ ယခုနှစ်ဒီဇင်ဘာလမှစတင်ကာ ဂက်စ်ဈေးနှုန်းအား ၁၁.၁ ရာခိုင်နှုန်းနှင့် လျှပ်စစ် ဓာတ်အားဈေးနှုန်းကို ၉.၃ ရာခိုင်နှုန်း အသီးသီး ဈေနှုန်းများတက်မည်ဟု ကြေညာခဲ့သည်။

    အခြားစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သည့် SSE ကုမ္ပဏီကလည်း လာမည့်လမှစတင်ကာ လျှပ်စစ်ဓာတ်အားခနှင့် ဂက်စ်ဈေးနှုန်းများကို ၈.၂ ရာခိုင်နှုန်းအထိတက်မည်ဟု ကြေညာခဲ့ပြီး ပျမ်းမျှနှစ်စဉ်ကြေးမှာ တစ်နှစ်လျှင် ၁၀၆ ပေါင်မှ ပေါင် ၁၃၈၀ အထိဖြစ်လာမည်ဖြစ်သည်။

    ထိုကဲ့သို့ဈေနှုန်းများတက်ခြင်းက ဗြိတိန်နိုင်ငံသား ၅ သန်းဝန်းကျင်ကို ထိခိုက်မည်ဖြစ်ပြီး ဥရောပနိုင်ငံများတွင် အက်စတိုးနီးယားပြီးနောက် အိမ်တွင်းအသုံးစားရိတ် များနှင့်ပက်သက်ပြီး ရုန်းကန်ရမည့် ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့သည်။

    Ref : presstv


    ____________________

    ဘရွတ်ကလင်းမြို့တွင် ဓားထိုးမှုဖြစ်ပွား လူငါးဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘရွတ်ကလင်းမြို့တွင် ယမန်နေ့က ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ် လေးဦးအပါအ၀င် စုစုပေါင်း လူငါးဦးသေဆုံးခဲ့သည်ဟုသိရသည်။

    သေဆုံးသွားသူများမှာ အသက် ၁နှစ်နှင့် ၅ နှစ်အရွယ်ယောက်ျားလေးနှစ်ဦး အသက် ၇နှစ်နှင့် ၉နှစ်အရွယ်ရှိ မိန်းကလေးနှစ်ဦးနှင့် ၃၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု နယူးယောက်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ထို့ပြင် သေဆုံးသွားသူများမှာ မည်သူမည်ဝါဖြစ်သည်ဟု မသိရှိရသေးကြောင်း၊ အခင်းဖြစ်ပွားပြီးနောက် လူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားသော်လည်း တရားစွဲဆိုထားခြင်းမရှိကြောင်း၊ မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ဖြစ်ရသည်ကို ဆက်လက်စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref : cnn

    ____________________

    ဂျာမနီဝန်ကြီးချုပ်၏ ဖုန်းခေါ်ဆိုမှုများအား ၂၀၀၂ ခုကတည်းက အမေရိကန်တို့ စောင့်ကြည့်ခဲ့

    ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်၏ ဖုန်းခေါ်ဆိုမှုများအား အမေရိကန်က ၂၀၀၂ ခုနှစ်ကတည်းက စောင့်ကြည့်နေခဲ့သည်ဟု ဂျာမနီမဂ္ဂဇင်းတစ်စောင် ဖြစ်သည့် Der Spiegel က ရေးသားဖော်ပြလိုက်သည်။

    ယမန်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပြီး မာကယ်လ်၏ မိုဘိုင်းဖုန်းနံပါတ်အား အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ NSA ၏ အထူးစုဆောင်းရေးအဖွဲ့ (SCS) ၏ စာရင်းတွင် ၂၀၀၂ ခုနှစ်ကတည်းက “GE Chancellor Merkel” အမည်ဖြင့် ထည့်သွင်းထားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လက သမ္မတအိုဘာမား ဘာလင်သို့မသွားမီအထိ ထိုစာရင်းတွင်ရှိနေခဲ့ကြောင်း ရေးသားခဲ့သည်။

    Ref : aljazeera


    ____________________

    မက္ကဆီကိုအကျဉ်းထောင်တစ်ခုတွင် ဓားထိုးမှုဖြစ်ပွားသောကြောင့် လူ ၇-ဦးသေဆုံး

    မက္ကဆီကိုနိုင်ငံ တမာအူလီပတ်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားများအချင်းချင်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၇ ဦးသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။

    အမေရိကန်နယ်စပ်မှ မိုင် ၃၀၀ အကွာရှိ Altamira အကျဉ်းထောင်တွင် ယမန်နေ့ည ၆ နာရီကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်လုပ်ဓားများကိုင်ဆောင်ကာ အကျဉ်းသားအချင်းချင်း တိုက်ခိုက်မှုများကြောင့် ၇ ဦးသေဆုံးခဲ့ကာ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး အခြေအနေအား တစ်နာရီအတွင်းတွင် ထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။

    ထိုတိုက်ခိုက်မှုတွင်ပါဝင်သည်ဟု သံသယရှိသူ အခြား ၉ ဦးကိုလည်း ထိန်းသိမ်းထားပြီး ၎င်းတို့အားလုံးမှာ အသက် ၂၀ မှ ၅၉ နှစ်အတွင်းရှိကြသည်ဟု ထောင်အာဏာပိုင်များက ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်ကလည်း အဆိုပါအကျဉ်းထောင်တွင် ထိုကဲ့သို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ၃၁ ဦးသေဆုံးခဲ့ကာ ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။

    Ref : cnn

    ____________________

    အရီဇိုးနားပြည်နယ်တွင် သေနစ်ပစ်ခတ်မှုဖြစ်ပွား

    အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ယမန်နေ့နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    သေဆုံးသူများထဲတွင် သေနတ်ဖြင့်ပစ်ခဲ့သည်ဟု ယူဆရသူ အသက် ၅၀ ၀န်းကျင်ရှိ လူဖြူအမျိုးသားလည်းပါဝင်ပြီး ၎င်း၏အလောင်းအား သေဆုံးသွားသူများ၏ ဘေးတွင်တွေ့ရှိခဲ့ရကာ ကိုယ့်ကိုကိုယ် ပြန်လည်ပစ်သတ်ခဲ့ခြင်းဖြစ်မည်ဟု ဆာဂျင် တော်မီ သွမ်ဆန်က ပြောကြားခဲ့သည်။

    သေဆုံးသွားခဲ့သူများနှင့် သေနတ်ဖြင့်ပစ်ခဲ့သည်ဟု သံသယရှိသူမှာ မည်ကဲ့သို့ ဆက်ဆံရေးရှိသည်ကို အတည်မပြုနိုင်သေးဘဲ အိမ်နီးချင်များဖြစ်မည်ဟု ယူဆရကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ခွေးနှစ်ကောင်သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့မှာ ခွေးဟောင်မှုများနှင့်ပက်သက်ပြီး စကားများခဲ့ဘူးသည်ဟု အိမ်နီးချင်းများက ပြောကြားခဲ့ကြောင်း သွမ်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံတွင် အကြမ်းဖက်ရာဇ၀တ်မှုများမှာ ပြီးခဲသည့်နှစ်က ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့ရှိ မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုကြောင့် ဆရာများနှင့်ကျောင်းသားစုစုပေါင်း ၂၆ ဦးသေဆုံးပြီးနောက်ပိုင်း ယခုအချိန်အထိ သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်မှုကြောင့် လူပေါင်း ၂၈၄၀၀ သေဆုံးခဲ့ပြီးဖြစ်သည်။

    Ref : presstv


    ____________________

  • အောက်တိုဘာ ၂၇၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၇၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media

    နေးမာမှာ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာသည်ဟု မာတီနိုဆို


    ရီးယဲလ်မက်ဒရစ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သည့် ဘရာဇီးတိုက်စစ်မှူးနေးမာထံမှ စွမ်းဆောင်ရည် များကို ပိုမို တွေ့မြင် ရမည်ဟု ဘာစီလိုနာအသင်းနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    အသက် ၂၁ နှစ်အရွယ်ရှိ နေးမာမှာ ရီးယဲလ်မက်ဒရစ်နှင့်ပွဲတွင် ခြေစွမ်ပြခဲ့ပြီး ပထမဂိုးကို သွင်းယူပေးခဲ့ကာ ဆန်းချက်စ်၏ ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

    “အခုပွဲမှာ နေးမာဟာ အကောင်းဆုံးကစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပိုကောင်းတဲ့ပုံစံကို ကျွန်တော်မြင်ဖူးပါတယ်။  ရီးယဲလ်ကို သူသွင်းတဲ့ဂိုးဟာ အရေးပါပါတယ်။ ဒါပေမယ့် သူဒီထက်ပိုကောင်းအောင် ကစားခဲ့တဲ့ပွဲတွေကို ကျွန်တော်မြင်ဖူးပါတယ်” ဟု မာတီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _________________________

    ချမ်းသာသောအသင်းပိုင်ရှင်များက ဘောလုံးလောကအတွက် ကောင်းသည်ဟု မော်ရင်ဟိုဆို


    လာမည့်စနေနေ့တွင် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပိုက်ဆံချမ်းသာသည့် အသင်းပိုင်ရှင်များမှာ ဘောလုံးလောက အတွက် အနှောက်အယှက်မဟုတ်ဘဲ၊ ဘောလုံးလောကအား ကူညီပေးသည်ဟု ပြောကြားလိုက်သည်။

    ၂၀၀၃ ခုနှစ်က ရုရှားသူဌေး အီဗရာဟီမိုဗစ်ခ်ျက ချယ်ဆီးအသင်းအား ၀ယ်ယူပြီး ပေါင် ၁ ဘီလီယံကျော်သုံးစွဲခဲ့ကာ အသင်းအား အားဖြည့်ခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ချယ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်ခဲ့သည်။

    မန်ချက်စတာစီးတီးအသင်းမှာလည်း ယူအေအီးသူဌေး ရှိခ်မန်စူရ် ၀ယ်ယူပြီးနောက်ပိုင်း ထိုကဲ့သို့ အောင်မြင်မှုများရရှိခဲ့သည်။ မော်ရင်ဟိုက ထိုအချက်များကို ဖော်ပြ ခဲ့ပြီး ဘောလုံးလောက တိုးတက်မှုအတွက်သော့ချက်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “ဘောလုံးလောကမှာ ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်ပါတယ်။ ပြီတော့ ဘောလုံးကိုချစ်မြတ်နိုးပြီး အသင်းငယ်လေးတွေကို အသင်းကြီးတွေဖြစ်အောင် လုပ်ချင်တဲ့သူတွေ လည်း လိုပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _________________________

    ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ဖက်ဒါရာတက်ရောက်


    ဆွစ်ဇာလန် နိုင်ငံတွင်ကျင်းပလျက်ရှိသည့် ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာ တက်ရောက်သွားခဲ့ပြီဟု သိရသည်။

    ကမ္ဘာ့အဆင့် ၆ ရှိ ဖက်ဒါရာမှာ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၄၀ ရှိ ကနေဒါနိုင်ငံသား ဗာဆက်က် ပို့စ်ပီဆီလ်အား အကြိတ်အနယ်ကစားကာ ၆-၃၊ ၆-၇၊ ၇-၅ ဖြင့်အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

    “ဒီနေ့ဟာ ပရိတ်သတ်တွေအတွက်ထူးခြားတဲ့နေ့ပါ။ ကျွန်တော် ဒီလိုမျိုးအနိုင်ရအောင် သူတို့က ကူညီခဲ့တာပါ။ ကြိုးကြိုးစားစားနဲ့လေ့ကျင့်ရတာ တန်သွားပါပြီ” ဟု ဖက်ဒါရာက ပြိုင်ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် အာဂျင်တိုင်း တင်းနစ်သမား ဒဲလ်ပေါ်ထရိုနှင့် ပြင်သစ်တင်းနစ်သမား အဒူယာဒ် ရော်ဂျာ ဗက်စ်စီလင်တို့ပွဲတွင် ဒဲလ်ပေါ်ထရိုက ၆-၄၊ ၄-၆၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ၂ နာရီနှင့် ၆ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် ပေါ်ထရိုမှာ ပထမပွဲငယ်တွင်အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲငယ်တွင်ရှုံးနိမ့်ခဲ့သော်လည်း
    တတိယပွဲငယ်တွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့၍ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “ဒုတိယပွဲငယ်အဆုံးပိုင်းမှာ ကျွန်တော် အမှားတော်တော်များများ လုပ်ခဲ့ပါတယ်။ သူ(ဗက်စ်စီလင်)ဟာ ဒီအခွင့်အရေးကို အမိအရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်ကောင်းကောင်းကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်” ဟု ပေါ်ထရိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဒဲလ်ပေါ်ထရိုမှာ ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဖက်ဒါရာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    skysports

    _________________________

    WTA Championships ဗိုလ်လုပွဲတွင် ဆရီနာနှင့် လီနာတို့တွေ့ဆုံမည်

    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင်ကျင်းပပြုလုပ်နေသည့် WTA ရာသီပိတ် တင်းနစ်ပြိုင်ပွဲဖြစ်သည့် WTA Championships နောက်ဆုံးဗိုလ်လုပွဲတွင် အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာ ၀ီလီယံနှင့် တရုတ် တင်းနစ်မယ် လီနာတို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဟုသိရသည်။

    ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ၀ီလီယံမှာ ဂျလီနာ ဂျန်ကိုဗစ်ကိုလည်းကောင်း၊ လီနာက ကဗီတိုဗာကိုလည်းကောင်း အသီးအသီးအနိုင်ရရှိခဲ့သည်။

    လက်ရှိချန်ပီယံ ဆရီနာမှာ ဂျန်ကိုဗစ်ကို ပထမပွဲငယ်တွင်အနိုင်ရရှိခဲ့သော်လည်း ဒုတိယပွဲငယ်တွင် အရှုံးပေးခဲ့ရသည်။ သို့သော်လည်း အဆုံးအဖြတ်ပွဲစဉ်ဖြစ်သည့် တတိယပွဲငယ်တွင် ဆရီနာက အနိုင်ရရှိအောင်ကစားနိုင်ခဲ့ပြီး ၆-၄၊ ၂-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    တရုတ်တင်းနစ်မယ် လီနာမှာ ချက်နာမည်ကြီး တင်းနစ်မယ် ပီထရာ ကဗီတိုဗာအား ၆-၄၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခင်က ကဗီတိုဗာနှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး သုံးကြိမ်စလုံးရှုံးနိမ့်ခဲ့သည့် လီနာမှာ ယခုပွဲတွင်မှအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    skysports
    _________________________

    အာဆင်နယ်၊ လီဗာပူးလ်တို့ အမှားမရှိခဲ့ဘဲ အဲဗာတန်၊ မန်ယူနှင့် ဆောက်သက်တမ်တို့ အနိုင်ရခဲ့ကြသည့် ပရီးမီးယားလိဂ် ပွဲစဉ်-၉ စနေနေ့ည ပွဲစဉ်များ

    ပရီးမီးယားလိဂ်ပွဲစဉ် ၉ အဖြစ် စနေနေ့က ၆ ပွဲကစားခဲ့ရာ ဇယားထိပ်ဆုံးတွင်ရှိ နေသည့် အာဆင်နယ်၊ လီဗာပူးလ်အပါအ၀င် အဲဗာတန်၊ မန်ယူနှင့် ဆောက်သက်တမ်တို့ အသီးသီးအနိုင်ရရှိခဲ့ကြသည်ဟုသိရသည်။

    ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်

    ဇယားထိပ်တွင်ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ ခရစ္စတယ်ပဲလေ့စ် အသင်းအား အဝေးကွင်းတွင်အမှားအယွင်းမရှိအနိုင်ရရှိခဲ့သည်။ သို့ရာတွင် အလွယ်တကူ အနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ခဲ့ပေ။

    ခရစ္စတယ်ပဲလေ့စ်အသင်း၏ နည်းပြ အီယန်ဟော်လိုဝေးမှာ အသင်နှင့်လမ်းခွဲခဲ့ပြီး အသင်းအား လက်ထောက်နည်းပြမှ တာဝန်ယူကိုင်တွယ် ခဲ့သော်လည်း အာဆင်နယ် အသင်းအား ယှဉ်ကစားနိုင်ခဲ့သည်။

    အာဆင်နယ်အသင်းအတွက်ဦးဆောင်ဂိုးကို ပထမပိုင်းနာကျင်အချိန်ပိုတွင်မှ ရရှိခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်လူ အာတီတာက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဒုတိယပိုင်း ၆၄ မိနစ်တွင် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ချာမက်လွတ်ထွက်သွားသည်ကို နောက်မှ ဆွဲလှဲခဲ့သည့်အတွက် အာတီတာမှာ တိုက်ရိုက်အနီကဒ်ဖြင့်ထွက်ခဲ့ရပြီး ကျန်ရှိသည့် ပွဲချိန်ကို အဆင်နယ်အသင်းက တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။

    တစ်ယောက်လျော့သွားပြီးနောက် အာဆင်နယ်အသင်းမှာ ထိန်းကစားနိုင်ခဲ့ပြီး ၈၆ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် အာဆင်နယ်တို့ ဒုတိယဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ရမ်ဆေး၏ ဖန်တီးမှုမှတစ်ဆင့် ဂျရူးက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
    …………………………………………..

    လီဗာပူးလ် ၄-၁ ၀က်စ်ဘရွန်း

    အန်ဖီးလ်တွင်ကစားခဲ့သည့် ယခုပွဲတွင် လီဗာပူးလ်အသင်းက ဆွာရက်ဇ်၏ ဟက်ထရစ်ဂိုးဖြင့် အောင်ပွဲခံနိုင်ခဲ့သည်။

    ဦးဆောင်ဂိုးကို လီဗာပူးလ်အသင်းက ၁၁ မိနစ်တွင် စောစီးစွာရရှိခဲ့ပြီး ကိုလိုတိုးယေး၏ ဖန်တီးမှုမှတစ်ဆင့် ဆွာရက်ဇ်က သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးကိုလည် ၁၆ မိနစ်တွင် ထပ်မံရရှိခဲ့ပြီး ဆွာရက်ဇ်ကပင် ခေါင်းတိုက်သွင်းယူပေးခဲ့ကာ ပထမပိုင်းအပြီးတွင် လီဗာပူးလ်အသင်းက ၂ ဂိုးပြတ်ဖြင့်ဦးဆောင်နေခဲ့သည်။

    ဒုတိယပိုင်းတွင်လည်း လီဗာပူးလ်ကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ၅၅ မိနစ်တွင် တတိယဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဂျာရတ်၏ ဖရီးကစ်ဖြတ်တင်ဘောမှ တစ်ဆင့် ဆွာရက်ဇ် ကပင် ၎င်း၏ ဟက်ထရစ်ဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့သည်။ ၆၆ မိနစ်တွင် ဧည့်သည် ၀က်စ်ဘရွန်းအသင်းတို့ ချေပဂိုးရရှိခဲ့ပြီး ပင်နယ်တီမှတစ်ဆင့် ဂျိမ်းစ်မောရစ်ဆန်မှ သွင်းယူပေးနိုင်ခဲ့သည်။ လီဗာပူးအသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို တိုက်စစ်မှူး စတားရစ်ဂ်ျက ၇၇ မိနစ်တွင်သွင်းယူပေးခဲ့သည်။

    လီဗာပူးလ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ဒုတိယနေရာတွင် ဆက်လက်ရှိနေခဲ့သည်။
    ……………………………………….

    မန်ယူ ၃-၂ စတုတ်

    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံမန်ယူအသင်းမှာ အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ရွန်နီ၊ ဟာနန်ဒက်ဇ်တို့၏ နောက်ကျသွင်းဂိုးများဖြင့် စတုတ်စီးတီးအား အနိုင်ရရှိခဲ့သည်။

    ပရီးမီးယားလိဂ် ၈ ပွဲကစားပြီး ၃ ပွဲသာအနိုင်ရရှိထားသည့် မန်ယူအသင်းမှာ ယခုပွဲတွင်အနိုင်ရရှိရန်ပြင်ဆင်ခဲ့သော်လည်း ဦးဆောင်ဂိုးကို ဧည့်သည့် စတုတ်အသင်းမှ ပွဲအစ ၄ မိနစ်တွင်ရရှိခဲ့သည်။ စတုတ်တိုက်စစ်မှူး ပီတာခရော့ခ်ျက အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက်ရ ပြီးနောက် မန်ယူအသင်းမှာ ချေပဂိုးရရန် ကြိုးစားကစားခဲ့သော်လည်း ၄၂ မိနစ်တွင်မှ ချေပဂိုးရရှိခဲ့ပြီး ဗန်ပါစီက သွင်းယူပေးခဲ့သည်။

    ချက်ချင်းဆိုသလိုပင် စတုတ်အသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ဖရီးကစ်မှ တစ်ဆင့် မာကို အာနူတိုဗစ်က သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင် မန်ယူအသင်းမှာ ချေပဂိုးရရှိရန်တင်ကစားလာခဲ့ပြီး ပွဲမှာအနည်းငယ် ကြမ်းလာခဲ့သည်။ ၇၇ မိနစ်တွင် မန်ယူတို့ချေပဂိုးရခဲ့ပြီး ဗန်ပါစီ၏ ထောင့်ကန်ဘောကို ရူနီက ခေါင်းတိုက်သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအတွက် အနိုင်သေချာစေမည့် အဖိုးတန်ဂိုးကို ၂ မိနစ်အကြာတွင် ဟာနန်ဒက်ဇ်က အီဗရာ၏ ဖန်တီးပေးပို့မှုမှတဆင့် အနီးကပ် ကန်သွင်းယူနိုင်ခဲ့သည်။

    မန်ယူအသင်းမှာ ယခုနိုင်ပွဲကြောင့် အဆင့် ၈ နေရာသို့ ရောက်ရှိလာခဲ့ပြီး နည်းပြမိုယက်စ်မှာလည်း ဖိအားအနည်းငယ်လျော့ကျခဲ့သည်။
    ………………………………………

    အက်စတွန်ဗီလာ ၀-၂ အဲဗာတန်

    ယခုနှစ်ရာသီတွင် ပုံစံကောင်းများပြသနေသည့် အဲဗာတန်အသင်းမှာ ယခုပွဲတွင်လည်း အက်စတွန်ဗီလာအသင်းအား ဝေးကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူနိုင်ခဲ့သည်။

    အဲဗာတန်အသင်းအတွက်ဂိုးများကို ဒုတိယပိုင်းတွင်ရရှိခဲ့ခြင်းဖြစ်ပြီး ၆၈ မိနစ်တွင် ရိုမယ်လို လူကာကူနှင့် ၈၁ မိနစ်တွင် အိုစမန်တို့က အသီးသီးသွင်းယူပေးခဲ့သည်။
    …………………………………….

    ဆောက်သက်တမ် ၂-၀ ဖူလ်ဟမ်

    စိန့်မေရီကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အိမ်ရှင်ဆောက်သက်တမ်အသင်းက ပထမိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

    အိမ်ရှင်အသင်းအတွင်း ဦးဆောင်ဂိုးကို မိနစ် ၂၀ တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဂျေး ရော်ဒရီးဂွက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရစ်ကီလမ် ဘာတ့်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးကာနီး ၄၂ မိနစ်တွင် ဆောက်သက်တမ်တို့ ဒုတိယဂိုးရရှိခဲ့ပြီး လမ်ဘာ့တ်၏ ခေါင်းတိုက်ချပေးမှုက တစ်ဆင့် ဂျေးရော် ဒရီဂွက်ဇက်က သွင်းယူခဲ့ခြင်းဖြစ်သည်။

    ယခုပွဲအနိုင်ကြောင့် ဆောက်သက်တမ်အသင်းမှာ ၉ ပွဲကစား ၁၈ မှတ်ဖြင့် အာဆင်နယ်၊ လီဗာပူးလ်အသင်းတို့၏အောက် တတိယနေရာတွင်ရှိနေသည်။
    …………………………………

    နော်ဝစ်ခ်ျ ၀-၀ ကာဒစ်ဖ်

    အခြားပွဲစဉ်တစ်ခုဖြစ်သည့် နော်ဝစ်ခ်ျအသင်းနှင့် ကာဒစ်ဖ်တို့ ပွဲစဉ်တွင် မည်သူမျှ ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့်ပြီးဆုံးခဲ့သည်။