News @ M-Media

Author: YinYin

  • အောက်တိုဘာ ၃၁၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၃၁၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၃၁၊ ၂၀၁၃
    M-Media

    တိုင်းရင်းသားတပ်ပေါင်းစု၏ အပစ်ရပ်ရေး သဘောတူညီချက် ထုတ်ပြန်မည်

    လတ်တလော အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရက ချပြသော အချက် ၁၅-ချက်ပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ်ပြန်ထားသည့် မူကြမ်းအပါအ၀င် ရှိနေသည့် မူကြမ်း ၃-ခုအပေါ် အခြေခံ၍ ဆွေးနွေးလျက်ရှိပြီး တိုင်းရင်းသားအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် မူကြမ်း ၃-ခု၏ ဘုံမူဝါဒသဘောထားတစ်ရပ် ရေးဆွဲမည်ဖြစ်ကြောင်း လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသား ညီလာခံတွင် UNFC အထွေထွေ အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    _______________________

    ထိုင်းအစိုးရနှင့် ညှိနှိုင်းနေသည့် မြန်မာလုပ်သားများ၏ ကလေးများအတွက် ဗီဇာရရှိရေး

    မြန်မာအစိုးရ၏ ညွှန်ကြားချက်ဖြင့် မြန်မာအလုပ်သမားများ၏ ကလေးငယ်များကို ယာယီပတ်စပို့စ် ထုတ်ပေးထားခဲ့ပေမယ့် ထိုင်းအစိုးရက ကလေးများအား နေထိုင်ခွင့် မှီခိုဗီဇာထုတ်မပေးတဲ့အတွက် ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေှ့ပြောင်း အလုပ်သမားများ၏ အသက် ၁၅-နှစ်အောက် သားသမီးများအား နှစ်နိုင်ငံသဘောတူထားပြီးဖြစ်သည့် နေထိုင်ခါင့် ဗီဇာထုတ်ပေးရေး ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ထိုင်းပြည်ထဲရေး ဒု-၀န်ကြီး ၀ီဆန် တီချာတီရာဝပ်နှင့် မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ RFA သတင်း ဖော်ပြချက်မှာ သိရှိရပါတယ်။
    ______________________

    နိုင်ငံတော်တ၀န်းသို့ သမ္မတဦးသိန်းစိန် ရေဒီယိုအစီအစဉ်များမှ မိန့်ခွန်းပြောကြားမည်

    ပြည်ထောင်စု မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှတဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ ပုဂံနှင့် သဇင် အသံလွှင့်ဌာနတို့မှ ၂၀၁၃-ခု နိုဝင်ဘာလ ၁-ရက်နေ့မှ ၃-ရက်နေ့ထိတိုင် နံနက် ၇-နာရီ၊ နေ့လည် ၁၁-နာရီ၊ ညနေ ၆-နာရီနှင့် ည ၈-နာရီတို့တွင် တစ်ရက်လျှင် ၄-ကြိမ်စီ ထုတ်လွှင့်သွားမည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါတယ်။
    ______________________

     

    အိန္ဒိယ-မြန်မာ စစ်တပ် ခေါင်းဆောင် ၂ ဦးတွေ့ဆုံ၊ နယ်စပ်အရေး ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူချက်ရ

    အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်ရှိ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး လိုအပ်ချက်ကို အလေးထားကြောင်း မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်ဟု ပြည်တွင်း မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အိန္ဒိယ တပ်မတော်ကြည်းတပ် ဦးစီးချုပ် ဘစ်ကရမ် ဆင်းအား နေပြည်တော်၌တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်ရန်အတွက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်အေးချမ်းမှုမှာ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် နှစ်နိုင်ငံအကြား ဆယ်စုနှစ်တစ်ခုကြာ အပြန်အလှန်ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုရှိခြင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို ခံစားရသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပြီး၊ ဗိုလ်ချုပ်ဆင်းကလည်း နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးမှု၊ သဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲမှု၊ အခြားသော အရေးပေါ် ကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ အတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ထပ်လောင်းအတည်ပြုကြေားခဲ့သည်။
    Ref: ဆင်ဟွာ
    ဓါတ်ပုံ- မြဝတီ

    Myanmar defense chief stresses border security with India

    ———————————————-

    ယခုနှစ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂၈၆ ဦးအား ကိုလံဘီယာတွင် ဖမ်းဆီးထား

    နှစ်အစမှ ယခုအချိန်အထိ ကိုလံဘီယာနိုင်ငံတစ်ဝှမ်းလုံးရှိ အဓိကလေဆိပ်များမှ မူယစ်ဆေးဝါး မှောင်ခိုရောင်းချသူ ၂၈၆-ဦးအား ဖမ်းဆီးရမိထားသည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

    ထိုဖမ်းဆီးရမိသူများထဲတွင် စပိန်နိုင်ငံမှ ၂၆ယောက်၊ မက္ကဆီကိုမှ ၁၈ ယောက်နှင့် ဗင်နီဇွဲလားမှ ၁၀-ယောက်အပါအ၀င် နိုင်ငံခြားသား ၁၁၃ -ယောက် ပါဝင်သည်ဟု သိရသည်။

    ထို့ပြင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ လေဆိပ် ၁၁ ခုတွင် ကိုးကင်း ၅၈၆ ကီလိုဂရမ်၊ ဆေးခြောက် ၁၂၉-ကီလိုဂရမ်နှင့် ဟီးရိုးအင်း ၄၃-ကီလိုဂရမ် ဖမ်ဆီးရမိ ခဲ့သည်ဟု မူးယစ်ဆန့်ကျင်ရေးအကြီးအကဲ ရီကာဒို ရက်စ်ထရီပိုက ပြောကြားခဲ့သည်။

    မူးယစ်ဆေးဝါး မှောင်ခိုလုပ်ကိုင်ကြသူများမှာ ထိုမူးယစ်ဆေးဝါးများကို အမေရိကန်နှင့် ဥရောပကဲ့သို့ ကမ္ဘာ့အကြီးဆုံးမူးယစ်ဆေးဝါး ဈေးကွက်ရှိရာ နိုင်ငံများသို့ တင်ပို့ခြင်းဖြစ်သည်ဟု ရက်စ်ထရီပိုက ပြောကြားခဲ့သည်။

    Ref : xinhua
    _________________________
    အကြီးဆုံး စစ်ရေးလေ့ကျင့်မှုအတွက် နယူးဇီလန် အဆင်သင့်ဖြစ်နေ

    နိုင်ငံအတွင်း မကြာမီ ပြုလုပ်တော့မည့် အကြီးဆုံးစစ်ရေးလေ့ကျင့်မှုအတွက် နယူးဇီလန် စစ်တပ်မှာ အဆင်သင့်ဖြစ်နေပြီဟုသိရသည်။

    နယူးဇီလန်တောင်ပိုင်း ကာတီပိုဒေသတွင်ပြုလုပ်မည့် အဆိုပါ ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှုတွင် နယူးဇီလန်၏ HMNZS Canterbury နှင့် HMNZS Wellington စစ်သင်္ဘောကြီးများအပါအ၀င် စစ်ဘက်ဆိုင်ရာသုံးယာဉ် ၆၀ ကျော်နှင့် စစ်သားပေါင်း ၂၀၀ ကျော်ပါဝင်မည်ဖြစ်ပြီး အမေရိကန်၊ ဗြိတိန်၊ သြစတေးလျနှင့် ကနေဒါနိုင်ငံမှ စစ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလေ့ကျင့်ကြမည် ဖြစ်သည်။

    ထိုစစ်ရေးလေ့ကျင့်မှုအား နိုဝင်ဘာ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထားပြီး နယူးဇီလန် တောင်ပိုင်းကျွန်း အရှေ့ဘက်ကမ်းခြေတွင်ရှိသည့် တီမာရူ လေဆိပ်နှင့် ဆိပ်ကမ်းတို့အား ဗဟိုပြု၍ ပြုလုပ်သွားမည်ဟု နယူးဇီလန် ကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    နယူးဇီလန်ကာကွယ်ရေးဌာန၏ စွမ်းဆောင်ရေးကို စမ်းသပ်ရန်ရည်ရွယ်၍ အဆိုပါစစ်ရေးလေ့ကျင့်မှုအား ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ နယူးဇီလန်စစ်တပ်၏ စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသည်မည်ဖြစ်သည်။

    ၂၀၁၁ ခုနှစ်ကလည်း ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ခရိုက်စ်ချာ့ခ်ျမြို့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

    Ref : xinhua
    _________________________
    ကုလအား လျှို့ဝှက်ထောက်လှမ်းမှုများ မပြုလုပ်တော့ဟု အမေရိကန်ကတိပေး

    ကုလသမဂ္ဂ၏ ဗီဒီယိုညီလာခံများအား အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီမှ (NSA) လျှို့ဝှက်ထောက်လှမ်းခဲ့သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် နောက်ထပ် ထိုကဲ့သို့သော ထောက်လှမ်းမှုများ မပြုလုပ်တော့ဟု အမေရိကန်က ကတိပေးခဲ့ကြောင်း ကုလသမဂ္ဂက ယမန်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

    “ကုလသမဂ္ဂရဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ထပ်ပြီးထောက်လှမ်းမှုတွေ မလုပ်တော့ပါဘူးလို့ အမေရိကန်က ကုလသမဂ္ဂတာဝန်ရှိသူတွေကို အာမခံချက်ပေးတာကို ကျွန်တော်နားလည်ပါတယ်” ဟု ကုလ၏ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆာရ်ကီက ယမန်နေ့က ပြောကြားခဲ့သည်။ သို့သော်လည်း ယခင်က အမေရိကန်အာဏပိုင် များမှာ ကုလ၏ ဆက်သွယ်မှုများအား လျှို့ဝှက်ထောက်လှမ်းခြင်းရှိ၊ မရှိဟူသော အမေးအား မှတ်ချက်ပေးရန် နီဆာရ်ကီက ငြင်းဆိုခဲ့သည်။

    NSA ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖွင့်ချမှုများကို ကိုးကား၍ အမေရိကန်က ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကို လျှို့ဝှက်ထောက်လှမ်းနေကြောင်း ဂျာမနီမဂ္ဂဇင်း Der Spiegel က သြဂုတ်လတွင် ဖော်ပြခဲ့ပြီးနောက် အမေရိကန်က ကုလသမဂ္ဂသို့ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် ဂျာမန်ဝန်ကြီးချုပ်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှာ ခေါင်းဆောင် ၃၅ဦးနှင့် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူသန်းပေါင်းများစွာ၏ ဖုန်းခေါ်ဆိုမှုများ၊ အင်တာနက်အသုံးပြုမှု များအား လျှို့ဝှက်စောင့်ကြည့်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် အမေရိကန်မှာ ကမ္ဘာ့နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုများကို ကျယ်ကျယ်ပြန့်ပြန် ခံနေရ သည်။

    Ref : aljazeera
    _________________________
    အတိုက်အခံများအား နိုင်ငံခြားတိုင်းပြည်များမှ ထောက်ပံ့နေမှု ရပ်တန့်ရမည်ဟု အာဆတ်ဆို

    ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တံခါးများဖွင့်ထားသော်လည်း၊ အတိုက်အခံများအား ပြည်ပမှ ထောက်ပံ့မှုမရပ်လျှင် ထိုဆွေးနွေးပွဲအား ရှေ့ဆက်ဆောင်ရွက်မည် မဟုတ်ဟု ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုမှတ်ချက်မှာ ယမန်နေ့က ငြိမ်းချမ်းရေးစေ့စပ်သည့်အဖွဲ့ဖြစ်သည့် Lakhdar Brahimi အဖွဲ့နှင့် ဒမတ်စကတ်တွင်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဆီးရီးယားပြည်သူတွေကသာ တိုင်းပြည်ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ အခွင့်အရေးရှိပါတယ်။ ပြီးတော့ ဘယ်လို အဖြေပဲဖြစ်ဖြစ်၊ ဘယ်လိုသဘောတူညီမှုမျိုးပဲဖြစ်ဖြစ် ဆီးရီးယားပြည်သူတွေရဲ့ လက်ခံမှုရှိရပါမယ်။ နောက်ပြီး သူတို့ရဲ့ ဆန္ဒတွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်” ဟု အာဆတ်က Brahimi အဖွဲ့သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဆီးရီးယားပြည်တွင်းစစ်နှစ်ပက်သက်ပြီး အဖြေရှာရန်အတွက် နိုင်ငံခြားတပ်များဝင်ရောက်ရန်မလိုကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ရန်အတွက်
    အရေးကြီးဆုံးအချက်မှာ နိုင်ငံရပ်ခြားတိုင်းပြည်များက အတိုက်အခံများအား ထောက်ပံ့ခြင်းနှင့် အတိုက်အခံများကိုထောက်ခံရန် ပြည်သူများအား ဆွဲဆောင်ခြင်းတို့ကို ရပ်တံ့ရမည်ဖြစ်ကြောင်း အာဆတ်က ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၁ခုနှစ် မတ်လကတည်းကစတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်းစစ်မှာ ၂-နှစ်ကျော်လာပြီဖြစ်ပြီး စစ်ကြောင့် လူပေါင်း ၁-သိန်းနီးပါး သေကြေခဲ့ကာ သန်းပေါင်း များစွာမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

    Ref : aljazeera
    _________________________
    အိန္ဒိယတွင် လူမှုရေးဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပွား ၄ ဦးသေဆုံး

    အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ယမန်နေ့ညမှစ၍ ယနေ့နံနက်အထိဖြစ်ပွားခဲ့သော လူမှုရေးဆိုင်ရာ အကြမ်းဖက်မှုများအတွင်း လူ ၄-ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    နယူးဒေလီမြို့နှင့် ကီလိုမီတာ ၁၀၀ အကွာတွင်ရှိသည့် Muzaffarnagar ခရိုင် Budhana ဒေသတွင်ရှိသည့် ဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီး နောက်ထပ် လူ ၈-ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

    ထိုဒုက္ခသည်စခန်းမှာ ပြီးခဲ့သည့်လကဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၀ သေဆုံးခဲ့သော အကြမ်းဖက်မှုအတွင်း အိုးအိမ်မဲ့သွားသူများ ခိုလှုံရာ စခန်းဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်သူများမှာ ထိုဒုက္ခသည်စန်းအတွင်းသို့ ၀င်ရောက်သွားခဲ့ပြီး ထိုစခန်းရှိလူများအား ရိုက်သတ်ခဲ့ကြခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်တွင် လက်နက်အပြည့်အစုံနှင့် စစ်သားများ စောင့်ကြပ်လျက်ရှိပြီး အခြေအနေကိုထိမ်းသိမ်းလျက်ရှိကြောင်း အိန္ဒိယပြည်တွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

    လူမှုရေးဆိုင်ရာအကြမ်းဖက်မှုများမှာ လာမည့်နှစ်အတွင်း အိန္ဒိယတွင်ပြုလုပ်ရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲအတွက် ခေါင်းခဲစရာ ဖြစ်လာပြီး အတိုက်အခံ Bharatiya Janata Party (BJP) ပါတီက လူ့အဖွဲ့အစည်းအတွင်း အမုန်းတရားများ ပြန်ပွားစေရန် ထိုကဲ့သို့ အကြမ်းဖက်မှု များလုပ်ဆောင်နေသည်ဟုလွှတ်တော်က ပြောကြားခဲ့သည်။

    Ref : xinhua, Photo : newindianexpress
    _________________________
    အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြပွဲများ ဘာရိန်းတွင် ဖြစ်ပွား

    ဘာရိန်းနိုင်ငံတစ်ဝှမ်းရှိ မြို့များနှင့် ရွာများတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည်ဟု သိရသည်။

    ယမန်နေ့က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများက တိုင်းပြည်အား အုပ်စိုးထားသည့် အလ်ခါလီဖာမိသားစုအား ဆန့်ကျင့်သော ကျွေးကြော်သံများကို ကြွေးကြော် ခဲ့ကြပြီး၊ အာဏာရှင်များက ထောင်သွင်းအကျဉ်းချထားသည့် အတိုက်အခံခေါင်းဆောင်များနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့သည်။

    ထိုကဲ့သို့ ဆန္ဒပြမှုမှာ အာဏာရှင်အားဆန်ကျင့်သော အတိုက်အခံခေါင်းဆောင် ၁၀-ဦးကို ထောင်သွင်းအကျင်းချခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။ ထို ၁၀-ဦးမှ ၉-ဦးမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သောကြောင့်ဟုဆိုကာ ထောင် ၃-လမှ တစ်နှစ်အထိ အသီးသီးချမှတ်ခဲ့ပြီး၊ ကျန်ရှိနေသည့်တစ်ယောက်အား ရဲစခန်းကိုတိုက်ခိုက်မှုကြောင့် ထောင်ဒဏ် ၆-လ ချမှတ်ခဲ့သည်။

    ဘာရိန်းနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အာဏရှင်ဆန့်ကျင်မှုများ မကြာခဏဖြစ်ပေါ်နေပြီး ဆန္ဒပြသူများအား ပြင်းထန်းစွာနှိမ်းနင်းမှုကြောင့် ဘာရိန်း အစိုးရမှာ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များ၏ ဝေဖန်ပြစ်တင်မှုများကိုလည်း ခံနေရသည်။

    Ref : Press TV
    _________________________
    ဗာတီကန်ကိုလည်း အမေရိကန်အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ လျိုဝှက် ထောက်လှမ်းခဲ့

    ပုပ်ရဟန်းမင်းအသစ်တင်မြှောက်ရန် ဗာတီကန်ရှိ ဂိုဏ်ချုပ်ဘုန်းတော်ကြီးများ ယခုနှစ်မတ်လတွင် ပြုလုပ်ခဲ့သည့် လျှို့ဝှက်ဆွေးနွေးပွဲကို အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NSA) က လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟု အီတလီ မဂ္ဂဇင်းတစ်စောင်ကဖော်ပြခဲ့သည်။

    အပတ်စဉ်ထုတ်ဝေသော အီတလီ မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Panorama တွင် ယမန်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဗာတီကန်၏ ဖုန်းခေါ်ဆိုမှုများအား NSA မှ ကြားဖြတ် နားထောင်ခဲ့ကာ အသံသွင်းယူထားခဲ့သည်ဟု ထိုမဂ္ဂဇင်းတွင် ရေးသားထားသည်။ ဗာတီကန်ရေးရာ စီမံခန့်ခွဲရေးကို တာဝန်ယူရသော ရဟန်းမင်း ဂျော့ဂ်ျ မာရီယို ဘာဂို ဂလီယိုက ပုပ်ရဟန်းမင်း ဖရန်စစ်ကို မရွေးချယ်ခင်အလျင် ၎င်း၏ ဖုန်းခေါ်ဆိုမှုများကိုလည်း NSA က ကြားဖြတ် နားထောင်ခဲ့သည်။

    ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အီတလီနိုင်ငံ၏ ဖုန်းခေါ်ဆိုမှု ၄၅ သန်းကို အမေရိကန်တို့က လျှို့ဝှက်နားထောင်ခဲ့သည်ဟု စောင့်ကြည့်ရေး ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Cryptome မှ မကြာမီက ဖော်ပြခဲ့ပြီး နောက်ပိုင်း Panorama မဂ္ဂဇင်းက ထိုကဲ့သို့ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

    အာဂျင်တီးနားနိုင်ငံသား ရဟန်းမင်း ဘာဂိုဂလီယိုမှာ ဗာတီကန်ရှိ ပုပ်ရဟန်းမင်းကြီးကို ရွေးကောက်တင် မြှောက်ပေးရသူဖြစ်ပြီး ၂၀၀၅-ခုနှစ်ကတည်းက အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံနေရသူဖြစ်ကြောင်း ၀ိကီလိခ်၏ ဖော်ပြချက်အရသိရသည်။

    Ref : Press TV

    _________________________

  • ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်မှ ကင်ဆာရောဂါကင်းစင်ရေး အသိပညာဖြင့်ကာကွယ်ပေး ခေါင်းစဉ်ဖြင့်  ဟောပြော

    ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်မှ ကင်ဆာရောဂါကင်းစင်ရေး အသိပညာဖြင့်ကာကွယ်ပေး ခေါင်းစဉ်ဖြင့် ဟောပြော

    အောက်တိုဘာ ၃၀-၂၀၁၃
    M-Media
    A.N.Lay

    DSC01098

    ရန်ကုန်   ။       ။       ကင်ဆာရောဂါကင်းစင်ရေး အသိပညာဖြင့်ကာကွယ်ပေး ခေါင်းစဉ်ဖြင့် ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်၏ ကျန်းမာရေး ပညာပေး ဟောပြောပွဲကို Wellmen မှ ကြီးမှူး၍ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း UMFCCI ၌ ယနေ့ မွန်းလွဲ ၂-နာရီ အချိန်တွင်ပြုလုပ်ခဲ့ပါသည်။

    ကင်ဆာရောဂါဖြစ်ပွားမှုမှာ ယခင်က အမျိုးသားအမျိုးသမီး အချိုးညီသော်လည်း ယခုအခါ အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလာကြောင်း၊ ကင်ဆာရောဂါလက္ခဏာများကို သိရှိထားရန်လိုအပ်ပြီး အဆိုပါ လက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် သေချာတိုင်ပင်ပြီး ကုသပြသရန်လိုကြောင်း၊ အပျိုကြီးများတွင် ရင်သားကင်ဆာ အဖြစ်များ တတ်ပြီး ရင်သားကင်ဆာဆိုသည်ကို စောစောသိရရင် စိုးရိမ်ဖွယ်မရှိကြောင်း၊ ဆေးလိပ် အသောက်များသူတွင် အဆုတ်ကင်ဆာ ဖြစ်နိုင်ကြောင်းတို့ကို ဆွေးနွေး ဟောပြောခဲ့ပါသည်။

    “၁၉၉၈ အရေးခင်း မဖြစ်ခင်နဲ့ ဖြစ်ပြီးနောက်ပိုင်းကို ခွဲကြည့်လိုက်ရင် အရေးခင်း မဖြစ်ခင်က ရန်ကုန် ကင်ဆာဌာနကိုလာတဲ့ လူနာတွေထဲမှာ မိန်းကလေးနဲ့ ယောက်ျား လေး အချိုးက မျှတယ်။ ၁၉၉၈ နောက်ပိုင်းကနေ အခုချိန်ထိ လာပြတဲ့ လူနာတွေထဲမှာ နှစ်စဉ်နှစ်တိုင်း မိန်းကလေးက ပိုများနေတယ်။  ရန်ကုန်မှာ တကယ်စစ်တမ်း ကောက်ယူလိုက်တဲ့အခါမှာလည်း အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာတို့ဖြစ်တယ်။ မန္တလေးမှာလည်းဒီလိုပဲ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ ရင်သားကင်ဆာများဖြစ်နေတယ်။ တောင်ကြီးမှာလည်း ဒီသုံးခုပဲ ဖြစ်နေတယ်။ မဖြစ်ခင်ကာကွယ်ရမယ်။ ကင်ဆာအများစုက စောစောသိရင်ပျောက်တယ်။ အနည်းစုပဲ ကုရခက်တာရှိတယ်။ စောစောသိဖို့အရေး ဘာလက္ခဏတွေ တွေ့နိုင်မလဲဆိုတော့ အဆုတ်ကနေ အပေါ်ပိုင်း နှာခေါင်းပိုင်းထိ ကင်ဆာလက္ခဏတွေ
    ကတော့ အသံဝင်လာမယ်၊ နာတာရှည်ချောင်းဆိုးလာမယ် ၊ ချေားဆိုးရင်သွေးပါမယ်၊ အစာမျိုတဲ့အခါ ခက်လာနိုင်တယ်၊ အစာမကြေသလို မစားချင်သလို မကြာခဏ ဖြစ်လာမယ်၊ သွေးအန်မယ်၊ နောက် ဂျိုင်း၊ လည်ပင်းတွေမှာ အကြိတ်အခဲတွေပေါ်လာမယ် အဲ့ဒါတွေ တွေ့ရင် သတိထားရမယ်။

    နောက် မိန်းကလေးတွေမှာ အချိန်အခါမဟုတ်ပဲ သွေးဆင်းမယ်၊ အဖြူဆင်းမယ်၊ ဒါဆိုသတိထားရမယ်။ နောက်ဝမ်းဖြစ်စေ ဆီးဖြစ်စေ သွားလေ့သွားထ ပြောင်းလဲ လာမယ် ဆီးသွားရင်း သွေးပါလာမယ်ဆိုရင် သတိထားရမယ်။ နောက်ပျောက်သင့်တဲ့ အချိန်ထက် မပျောက်တဲ့အနာ ဥပမာ အရေပြားကင်ဆာ အနာလေးလို့ အောက်မေ့ တယ် ဒါပေမယ့် မပျောက်ဘူး အဲ့ဒါဆို သေချာစစ်ရမယ်။ အဲ့ဒါတွေကို သတိထားရမယ်။ ဒီလက္ခဏတွေအကုန်လုံးက ကင်ဆာမဟုတ်တဲ့ ရောဂါတွေလည်းဖြစ်တယ်။ ဒါပေမယ့် အရေးကြီးတာက ဒီလက္ခတွေဖြစ်လာပြီးဆိုရင် နီးရာ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး သေချာပြဖို့လိုတယ်။ နောက်မိန်းကလေးတွေ ရင်သားကင်ဆာက မိန်းကလေး ဟုန်မုန်းဓာတ်များလို့ဖြစ်တယ်။ အဲ့ဒါက အပျိုကြီးတွေမှာ အများဆုံးဖြစ်တက်တယ်။ အသက်ကြီးမှ သားဦးရရင် နောက် စောစောအပျိုဘော်ဝင်ခြင်း၊
    သွေးဆုံးတာ နောက်ကျရင် ၊ ကလေးမွေးပြီး နို့မတိုက်ဘူးဆိုရင်၊ အရက်သောက်ရင် ၊ အဝလွန်ရင် အဲ့ဒါတွေက ရင်သားကင်ဆာ ဖြစ်နိုင်ချေများပါတယ်။ ရင်သား ကင်ဆာဆိုတာ စောစောသိရင် ကြောက်ဖို့ မလိုပါဘူး ပျောက်ကိုပျောက်ပါတယ်။ အဲ့လိုစောစောသိဖို့က ကိုယ့်ကိုယ်ကို ပုံမှန်စမ်းရမယ်လို့ပြောပါတယ်။ ဘယ်အရွယ် က စမ်းရမလဲဆိုတော့ အသက် ၂၀ ကနေ စပြီးတော့ စမ်းရမယ်။ ဘယ်အချိန်စမ်းရမလဲဆိုတော့ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အချိန်ဆိုရင် တင်းနေတယ် အဲ့ဒီအချိန်တော့ စမ်းလို့မရဘူး။ ဓမ္မတာလာပြီး ၄-ရက် ၅ရက် ကြာမှ စမ်းရမယ်၊ အဲ့ဒီအခါမှာ အကြိတ်အခဲတွေရှိရင်ပေါ်လာမယ်၊ နောက်တစ်ခုက ဆပ်ပြာနဲ့ ရေချိုးတဲ့ အချိန်မှာ စမ်းရမယ်။ နောက်တစ်ခုက လက်နှစ်ဖက်စလုံးကို ဘေးမှာချပြီးတော့တစ်ခါ၊ လက်နှစ်ဖက်စလုံးကိုအပေါ်မြောက်ပြီးတော့တစ်ခါ ရင်သားနှစ်ဖက်စလုံးညီလား မညီဘူးလား ကြည့်ရမယ်။ အဲ့ဒါတွေကို တစ်လ တစ်ခါ စမ်းရမယ်လို့ပြောပါတယ်။

    နောက်တစ်ခုက သားအိမ်ခေါင်းကင်ဆာ ဒီကင်ဆာ ဖြစ်ရတဲ့အကြောင်းအရင်းက အဓိကက ရောဂါပိုးကြောင့် အသက် ငယ်ငယ်နဲ့ လိင်ဆက်ဆံမှုပြုတဲ့လူ၊ လိင်နဲ့ ပတ်သက်တဲ့ ရောဂါရှိတဲကလူနဲ့ လိင်ဆက်ဆံသူ၊ သားသမီးများများ၊ မွေးဖွားသူ၊ ဆေးလိပ်သောက်သူ နောက် တစ်ကိုယ်ရည်သန့်ရှင်းမှု မှန်မှန်မလုပ်တဲ့သူ အဲ့ဒီ လူတွေ များများဖြစ်တက်တယ်လို့ပြောပါတယ်။ ဒါပေမယ့် သူ့အတွက် ကာကွယ်ဆေးက ထွက်နေပြီ မြန်မာပြည်မှာ ရှိတာက (Cervarix) အသက် ၉-နှစ် မှ ၂၆-နှစ်အတွင်း လိင်ဆက်ဆံမှုမပြုဖူးသေးတဲ့ သူတွေ ကာကွယ်ဆေး ၃-ကြိမ်ထိုးရမယ်။

    နောက် အဆုတ်ကင်ဆာ အဓိကက ဆေးလိပ်သောက်တဲ့လူတွေ ဆေးလိပ်မှာ စီးကရက်က အဆိုးဆုံး၊ စီးကရက် သောက်တဲ့လူနဲ့ မသောက်တဲ့လူမှာ သောက်တဲ့လူက အဆ ၃၀ လောက်ပိုများတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ သောက်ပြီးတဲ့အတိုင်း တစ်ရက်မှာ ၁-ဗူးလုံး သောက်တဲ့လူ၊ တစ်နှစ်မှာ ၃၆၅-ရက်လုံး သောက်တဲ့လူ၊ ဆေးပြင်း လိပ်၊ ဆေးတံ သောက်သူက ပိုဖြစ်တယ်၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုသူ ပိုဖြစ်တယ်”လို့ ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်မှ ကျန်းမာရေး ပညာပေး ဟောပြောခဲ့ပါ သည်။

    ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်သူ လူများထဲမှ သိရှိလိုသည်များကို မေးကြားခဲ့ပြီး ၎င်းအခမ်းအနားကို ညနေ ၄-နာရီတွင် ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ တက်ရောက်သူ ၅၀၀-ကျော်ရှိကြောင်း သိရပါသည်။

  • အောက်တိုဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၃၀၊ ၂၀၁၃
    M-Media

    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်အား ပစ်မှတ်ထားသည်ဟု အာတီတာဆို


    ပရီးမီးယားလိဂ်ရှိ အသင်းတော်တော်များများမှာ ယခုနှစ်တွင် ချန်ပီယံဖြစ်ရန်အတွက် ပြိုင်ဆိုင်နေကြပြီး အာဆင်နယ် အသင်းမှာလည်း ယခုနှစ်တွင် စတုတ္ထနေရာ ရယူရန်အတွက်သာမဟုတ်ဘဲ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန်အတွက် ယှဉ်ပြိုင်သွားမည်ဟု အာဆင်နယ်အသင်း၏ ကွင်းလယ်လူ အာတီတာက ပြောကြားခဲ့သည်။

    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ၉-ပွဲကစားပြီးချိန်တွင် ချယ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းထက် ၂-မှတ် အကွာဖြင့် ထိပ်ဆုံးနေရာ၌ ရှိနေပြီး အသင်း၏ မျှော်လင့်ချက်မှာ ယခုနှစ်တွင် မြင့်မားလာခဲ့သည်ဟု အာတီတာက ယုံကြည်နေသည်။

    “အဆင့်လေးနေရာထက် ပိုကောင်းတဲ့နေရာရအောင် ကျွန်တော်တို့လုပ်ဖို့ မျှော်လင့်ထားပါတယ်။ ထိပ်ဆုံးမှာ ရှိနေတာဟာ ကျေနပ်စရာဖြစ်ပြီး ဖိအားတစ်ချို့ကိုလည်း ဖယ်ရှားလိုက်ပါတယ်” ဟု talkSPORT ရေဒီယိုသို့ အာတီတာက ပြောကြားခဲ့သည်။

    ထို့ပြင် အာဆင်နယ်အသင်းမှာ ယုံကြည်မှုတိုးပွားလာပြီး တစ်ရာသီလုံးတွင် ၂ ပွဲသာရှုံးနိမ့်မည်ဟုခန့်မှန်းထားကြောင်း၊ သို့သော်လည်း ချန်ပီယံဖြစ်ရန်အတွက် ယှဉ်ပြိုင် ရခြင်းမှာ ပိုမိုကျယ်ပြန့်လာကြောင်း အာတီတာက ၀န်ခံပြောကြားသွား ခဲ့သည်။
    goal
    _______________________

    ရော်နယ်ဒိုအား ဘလတ္တာတောင်းပန် 


    ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုအား ပြောင်ပျက်သည့်သဘောဖြင့်မှတ်ချက်ပေးခဲ့မှုနှင့်ပက်သက်ပြီး ဖီဖာ ဥက္ကဌဖြစ်သူ ဆပ် ဘလတ္တာက ပြန်လည်တောင်းပန် လိုက်သည်။

    အောက်စဖို့ဒ် တက္ကသိုလ်တွင်ပြုလုပ်ခဲ့သည့် မက်ဆီနှင့် ရော်နယ်ဒိုတို့နှင့် ပက်သက်ပြီး အမေးအဖြေတစ်ခုတွင် ဘလတ္တာက ‘တစ်ယောက်မှာ အခြားတစ်ယောက်ထက် ဆံပင်ညှပ်ဆိုင်တွင် ပို၍ အချိန်ဖြုန်းသည်’ ဟု ရော်နယ်ဒိုအား ရည်ညွှန်း၍ အရွှန်းဖောက်ပြောကြား ခဲ့ခြင်းဖြစ်သည်။

    ထိုစကားနှင့် ပတ်သက်ပြီး ရော်နယ်ဒိုကလည်း စိတ်ဆိုးခဲ့ပြီး၊ ထိုကဲ့သို့နောက်ပြောင်မှုမှာ သူနှင့် သူ့အသင်းအား ဖီဖာမှ ဘက်လိုက်မှုကို ပြနေသည်ဟု တုံ့ပြန်ပြောကြား ခဲ့သည်။ သို့သော်လည်း ဘလတ္တာက ထိုကစားနှင့် ပတ်သက်ပြီး တွစ်တာမှ တစ်ဆင့် ရော်နယ်ဒိုအား ပြန်လည်တောင်းပန်ခဲ့သည်။

    “သောကြာနေ့ကပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ ကျွန်တော့်ရဲ့ သဘောရိုးနဲ့ပြောတဲ့ စကားကို ခင်ဗျားအနေနဲ့ မကျေမနပ် ဖြစ်တယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။ ခင်ဗျားကို စိတ်ဆိုးစေဖို့ မရည်ရွယ်ခဲ့ပါဘူး” ဟု ဘလတ္တာက ရေးသားခဲ့သည်။

    ထို့ပြင် ရီးယဲလ်အသင်းပိုင်ရှင် ဖလော်ရန်တီနို ပီရက်ဇ်ထံသို့လည်း အိတ်ဖွင့်ပေးစာတစ်စောင်ပို့၍ တောင်းပန်ခဲ့သည်ဟု သိရသည်။
    goal
    _______________________

    ဘာလော့တယ်လီအား အာရုံစိုက်ခြင်းမပြုရန် မီဒီယာများအား အယ်လီဂရီ တိုက်တွန်း


    မီဒီယာများအနေဖြင့် ဘာလော့တယ်လီ၏ ကိုယ်ပိုင်ဘ၀အား အာရုံစိုက်မှု များလွန်းနေကာ၊ ကွင်းအတွင်း အပြုအမူကိုသာလျှင် ဝေဖန်ဆုံးဖြတ်သင့်ပြီး ဘာလော့တယ်လီ အား အေးချမ်းစွာနေခွင့်ပေးရန် အေစီမီလန် အသင်း၏ နည်းပြဖြစ်သူ အယ်လီဂရီက ပြောကြားခဲ့သည်။

    အသက် ၂၃-နှစ်အရွယ်ရှိ ဘာလော့တယ်လီမှာ ၎င်း၏ ကွင်းတွင်း၊ ကွင်းပြင် အပြုအမူများကြောင့် မီဒီယာများတွင် အသားပေးဖော်ပြခြင်း ခံခဲ့ရပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ က ပါးမားအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသောပွဲတွင် ဘာလော့တယ်လီအား လူစားလဲခဲ့မှုနှင့် နောက်နှစ်ရက်အကြာတွင် ဖြစ်ပွားခဲ့သည့် ကားမတော်တဆမှု အတွက် Assurri သတင်းစာ ခေါင်းကြီးပိုင်းတွင် ဖော်ပြခြင်းခံခဲ့ရသည်။

    အယ်လီဂရီကလည်း ပါးမားအသင်းနှင့်ပွဲတွင် ဘာလော့တယ်လီအား လူစားလဲခဲ့ခြင်းမှာ ကွင်းအတွင်းမှ ထုတ်ပယ် ခံရမည်ကို စိုးရိမ်၍ဖြစ်သည်ဟု ပြန်လည်ပြောကြား ခဲ့သည်။ ထို့ပြင် ကွင်းပြင်ပ၌ပြုလုပ်သည့် ဘာလော့တယ်လီ ၏ လုပ်ရပ်များကို မီဒီယာများက အလွန်ကျွံအာရုံစိုက်မှုများအပေါ် စိတ်ရှုတ်နေသည့် အယ်လီဂရီက “ဘာလော့တယ်လီ ကွင်းအတွင်းမှာ ဘာလုပ်တယ်ဆိုတာကိုပဲ ကျွန်တော်ဆုံးဖြတ်ပါတယ်။ တနင်္ဂနွေနေ့က ပါးမားနဲ့ပွဲမှာ သူကောင်းကောင်း မကစားနိုင်တဲ့အတွက် ကျွန်တော် သူ့ကို လူစားလဲလိုက်တာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _______________________

    ခံစစ်ပိုင်းဆိုင်ရာ အမှားကြောင့် ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ၀င်းဂါးဆို


    ယနေ့နံနက်က ကစားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲတွင် ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့ရမှုမှာ ခံစစ်ပိုင်းဆိုင်ရာ အမှားကြောင့်ဖြစ်သည်ဟု အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    အိမ်ကွင်းအီမရိတ်တွင် ၂ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး၊ မော်ရင်ဟိုကိုင်တွယ် သည့် ချယ်ဆီးအသင်းနှင့် ကိုးကြိမ်မြောက်တွေ့ဆုံမှုလည်း ဖြစ်သည်။ ချယ်ဆီးအသင်း အတွက် ဂိုးများကို ဆီဇာ အက်ဇ်ပီလီကျူတာနှင့် မာတာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    “သိပ်ကိုခက်ခဲတဲ့ပွဲဖြစ်ပြီး ဆုံးဖြတ်ချက်အမှား တစ်ခုနှစ်ခုလောက် လုပ်ခဲ့မိပါတယ်။ တချို့အခြေအေနေမှာ ကျွန်တော်တို့ အနည်းငယ် နုံအခဲ့ပါတယ်။ တစ်ဂိုး ဂိုးမရှိနဲ့ ကျွန်တော်တို့ရှုံးနိမ့်ခဲ့တဲ့အချိန်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် သူတို့ကို တစ်ဂိုးထပ်ပေးလိုက်ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ အခွင့်အရေးတွေ များများစားစား မဖန်တီးနိုင်ခဲ့ပါဘူး” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် လာမည့်စနေနေ့ လီဗာပူးလ်အသင်းနှင့် ကစားမည့်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်မှုများကို ပြသမည်ဖြစ်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    goal
    _______________________

  • အောက်တိုဘာ ၃၀၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၃၀၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၃၀၊ ၂၀၁၃
    M-Media

    ချင်းလူငယ်တွေရဲ့ အသံကို ထဲထဲဝင်ဝင် မဆောင်ရွက်ရင် ကိုယ်တိုင် လော်ဘီလုပ်မည်ဟုပြော

    ချင်းပြည်နယ်တွင် ဖြစ်နေသော အဖြစ်အပျက်များနှင့် လူငယ်တို့၏ မှန်ကန်သည့်အသံများ ထွက်ပေါ်လာစေရန်အတွက် နိုဝင်ဘာ ၆-ရက်နေ့နှင့် ၇-ရက်နေ့တွင် Chin Youth Forum ကို ဟားခါးမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ချင်းလူငယ်တွေ့ဆုံပွဲမှ ထွက်ပေါ်လာသော သဘောထားထုတ်ပြန်ချက်အား သက်ဆိုင်ရာအစိုးရနှင့် ပြည်နယ် အစိုးရများက ဆောင်ရွက်ခြင်းမရှိသည့်အတွက် ကိုယ်တိုင် လော်ဘီလုပ်သွားရန်ရှိကြောင်းနဲ့ လူငယ်များ၏ ကိစ္စဖြစ်သည့်အတွက် လူငယ်အခန်းကဏ္ဍကို စိတ်ဝင်စားမှု နည်းနေသည်ဟု ထင်ကြောင်း Chin Youth Forum မှ ဆလိုင်းဒေးဗစ်က ပြောကြားခဲ့ကြောင်း မြန်မာ့သတင်းမှ သိရှိရပါတယ်။
    _______________________

    လိုင်ဇာတွင် ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ

    ကချင်ပြည်နယ် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်နေပြီဖြစ်သော်လည်း ဗန်းမော်မြို့အခြေစိုက် မြန်မာအစိုးရတပ်
    သည် မန်စီမြို့နယ်အတွင်းရှိ တရားမ၀င်လမ်းများကို ရှင်းလင်းရာမှ KIA နှင့် တိုက်ပွဲငယ်များ ပြန်လည်ဖြစ်ပွားနေသဖြင့် ဒေသခံများမှ ထိတ်လန့်ကာ ဗန်းမော်မြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းကို ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဧရာဝတီသို့ ပြောကြားခဲ့ပါတယ်။
    ______________________

    တိုင်းရင်းသားပါတီနှစ်ခု ပါတီတည်ထောင်ခွင့်ရရှိ

    တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နဲ့ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ – LNDP) တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ပါတီ တည်ထောင်ခွင့် ပြုလိုက်ကြောင်းနှင့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာ က လက်ရှိအစိုးရ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေမှာ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ RFA ကိုပြောခဲ့ပါတယ်။
    ______________________

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း

    သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အသီးသီး၏ သဘောတူညီချက်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အသီးသီးရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန (Ministry of Finance and Revenue)ကို ဘဏ္ဍာရေးဝန်ကြီးဌာန (Ministry of Finance) အဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်းကို ၂၀၁၃-ခု အောက်တိုဘာလ ၃၀-ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သတ်မှတ်လိုက်ကြောင်း သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။
    ______________________


    ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန်အခက်အခဲဆုံးနိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် အခက်အခဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော စာရင်းအရ သိရသည်။

    Doing Business 2014 ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဘဏ်မှ ကဏ္ဍ ၁၀ ခုကိုအခြေခံကာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှုအတွက် အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဇင်ဘာဘွေ (အဆင့် ၁၇၀)၊ ဗင်နီဇွဲလား(အဆင့် ၁၈၁) ၏နောက် မြန်မာနိုင်ငံမှာ အဆင့် ၁၈၂ နေရာတွင်ရှိနေပြီး အဆင့် ၁၈၃ တွင် ကွန်ဂို နိုင်ငံကရှိနေသည်။

    မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှရင်းနှီးမြှုပ်နှံသူများမှ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ရင်းနှီးမြှပ်နှံရေးနှင့် ပက်သက်သော ဥပေဒများအား စတင်ပြုပြင် ခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်၏ စာရင်းတွင် ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။

    Ref : mmtimes

    a1

    ________________________


    နိုင်ငံခြားသား ခရီးသွားတစ်ဦးဆီမှ ငွေလိမ်လည်မှု ဧည့်လမ်းညွှန်တစ်ဦး သီရိလင်္ကာတွင် ဖမ်းဆီးခံရ

    မြို့တော်ဝန်းကျင်တွင် လှည့်ပတ်ပြသမှုအတွင် တရုတ်နိုင်ငံသူ ခရီးသွားတစ်ဦးဆီမှ ကန်ဒေါ်လာ ၉၀၀ လိမ်လည် တောင်းခံမှုကြောင့် သီရိလင်္ကာ ခရီးသွားလမ်းညွှန် တစ်ဦးအား ဖမ်းဆီးလိုက်သည်ဟု သီရိလင်္ကာ မီဒီယာများက ယမန်နေ့တွင် ဖေါ်ပြခဲ့သည်။

    ချူဟုအမည်ရသည့် အဆိုပါခရီးသွားအမျိုးသမီးမှာ အောက်တိုဘာ ၁၄-ရက်နေ့က ကိုလံဘိုမြို့သို့ ရောက်ရှိလာပြီး ကိုလံဘိုမြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင် ခဲ့သည် ဟုဆိုသည်။

    နောက်တစ်နေ့တွင် လူတစ်ယောက်က မိမိကိုယ်ကို ဧည့်လမ်းညွှန်ဟု မိတ်ဆက်ခဲ့ပြီး ကိုလံဘိုမြို့ဝန်းကျင်ကို တုတ်တုတ်ဟုခေါ်သည့် သုံးဘီးယာဉ်ဖြင့် လှည့်လည်ပြသ ခဲ့ကြောင်း၊ ထို့နောက် ၀န်ဆောင်ခအဖြစ် ကန်ဒေါ်လာ ၁၂၀၀ ကိုရယူခဲ့ကြောင်း၊ ငွေများလိမ်လည် သွားပြီဆိုသည်ကို သိသည့်အတွက် အခြားလမ်းညွှန် တစ်ဦးအား ပြောပြခဲ့ပြီးနောက် ပထမဧည့်လမ်းညွှန်မှာ ပြန်လည်ရောက်ရှိလာပြီး ၎င်းအတွက် ၀န်ဆောင်ခမှာ ၁၀၀ ဖြစ်ကာ တုတ်တုတ် ငှားရမ်းခမှာ ၉၀၀ ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ပိုငွေ ဒေါ်လာ ၂၀၀ အား ပြန်လည်ပေးသွားခဲ့ကြောင်း ချူက ထွက်ဆိုခဲ့သည်။

    နောက်ပိုင်းတွင် ငွေလိမ်လည်ခဲ့သည့် ဆန်ဂျီဝါ ၀ီဂျစ်ဆင်ဟီဟု အမည်ရသည့် အဆိုပါလမ်းညွှန်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၃၁-ရက်နေ့တွင် ရုံးထုတ် မည်ဟု သိရသည်။

    သီရိလင်္ကာနိုင်ငံမှာ တရုတ်ခရီးသွားအများစု စိတ်ဝင်စားသည့် နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီး ၂၀၁၃-ခုနှစ် ပထမ ၈-လတွင် လာရောက်လည်ပတ်သည့် တရုတ်ခရီးသွား ဦးရေ မှာ အဌမ အများဆုံးနေရာတွင်ရှိနေသည်။

    Ref : xinhua, Photo : sirlankafoundation

    ________________________

     

    ပါလက်စတိုင်း ပိုင်နက်အတွင်း တရားမ၀င်အိမ်ရာများ အစ္စရေး ထပ်မံဆောက် လုပ်မည်

    မတရားသိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင် တွင် တရားမ၀င် အိမ်ရာ ၁၅၀၀ ကို ဆောက်လုပ်မည် ဟု အစ္စရေးနိုင်ငံက ကြေညာလိုက်သည်။

    အစ္စရေးဝန်ကြီးချုပ် ဘင်ယမင် နေတန်ရာဟုနှင့် ပြည်ထဲရေးဝန်ကြီး ဂစ်ဒီယွန်ဆာရ်တို့၏ ပြောကြားချက်အား ကိုးကား၍ ယနေ့နံနက်တွင် ကြေညာလိုက်ခြင်းဖြစ်ပြီး၊ အမေရိကန်က ကမကထပြုသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသဘောတူညီချက် အဖြစ် ပါလက်စတိုင်းအကျဉ်းသား ၂၆-ယောက်အား ပြန်လွှတ်ခဲ့ပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    ထိုကဲ့သို့ တရားမ၀င်အိမ်ရာများဆောက်လုပ်ခြင်းများက နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အတားအဆီး ဖြစ်သည် ဟု ပါလက်စတိုင်းတို့က ရှုမြင်နေကြသည်။

    ပြီးခဲ့သည့် သြဂုတ်လကလည်း မတရားဖမ်းဆီးထားသည့် ပါလက်စတိုင်းအကျဉ်း သားများကို လွှတ်ပေးပြီးနောက် တရားမ၀င်အိမ်ရာ ၂၀၀၀-ကျော်ကို အစ္စရေးတို့က ဆောက်လုပ်ခဲ့သည်။

    အစ္စရေးမှာ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲပြီး ကတည်းက မတရား သိမ်းပိုက်ထားခြင်း ဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုကိစ္စအား လစ်လျူရှုထားသည်။

    Ref : aljazeera

    ________________________

    ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကို ခံခဲ့ရသည့် မိသားစုတစ်ခုမှ ၎င်းတို့၏ အတွေ့အကြုံများအား အမေရိကန်အစိုးရသို့ ဖွင့်ဟ

    အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကို ခံခဲ့ရသည့် မိသားစုဝင်များမှ ၎င်းတို့၏ အတွေ့အကြုံများအား ပြောပြခဲ့ပြီး အမေရိကန်လွှတ်တော်အဖွဲ့ဝင် ၅-ဦးက နားထောင်ခဲ့သည်ဟု သိရသည်။

    ဒရုန်းဖြင့်တိုက်ခိုက်မှုကို ခံခဲ့ရသည့် မိသားစုမှ အသက် ၉-နှစ်အရွယ် နဘီလာ ရဟ်မန်နှင့် ၁၃-နှစ်အရွယ်ရှိ ဇူဘိုင်းရ်တို့ မောင်နှမနှစ်ဦးမှာ အဖေဖြစ်သူနှင့်တကွ ၀ါရှင်တန် သို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့ အတွေ့အကြုံကို ပြောပြခဲ့ကာ အမေရိကန်လွှတ်တော်မှ ဒီမိုကရစ်တစ်ပါတီဝင် ၅-ဦးက နားထောင်ခဲ့ကြသည်။

    ထိုမိသားစုမှာ ပါကစ္စတန်မြောက်ပိုင်း ၀ါဇီရစ္စတန်ကျေးရွာတွင်နေထိုင်ကြသူများ ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၄-ရက်နေ့က အမေရိကန် ဒရုန်း လေယာဉ် ဖြင့်တိုက်ခိုက်မှုကြောင့် ၎င်းတို့မိသားစုမှ အသက် ၆၇-နှစ်အရွယ် အဖွားဖြစ်သူ သေဆုံးခဲ့ပြီး ၎င်းတို့မောင်နှမနှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

    နောက်ပိုင်းတွင် ရဟ်မန်မှာ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာရရှိ သူများအစာရင်းအား နိုင်ငံတကာသို့ တင်ပြရာတွင် ပါဝင်လာခဲ့သည်။ လန်ဒန်အခြေစိုက် ဂျာနစ်လစ်ဆိုင်ရာ စုံစမ်းရေးဗျူရိုမှ ထုတ်ပြန်ချက်အရ ပါကစ္စတန်နိုင်ငံတွင် အမေရိကန်မှ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုပေါင်း ၃၇၆-ခုရှိခဲ့ပြီး ကလေးငယ် ၂၀၀-ခန့် အပါဝင် သေဆုံးသူ အရပ်သား ၉၂၆-ဦးရှိခဲ့ပြီဟု သိရသည်။

    Ref : aljazeera

    ________________________

    အိန္ဒိယတွင် ဘတ်စ်ကားတစ်စီးမီးလောင်မှုဖြစ်ပွား လူ ၄၄-ဦးသေဆုံး

    အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တွင် ယနေ့နံနက်ပိုင်းကဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၀-ကျော်သေဆုံးခဲ့သည်ဟု သိရသည်။

    ထိုဘတ်စ်ကားမှာ လူ ၅၀ ကျော်တင်ဆောင်လာခဲ့ပြီး ဘန်ဂလေါပြည်နယ်သို့ သွားနေစဉ် အန်ဒရာပရာဒက်ရှ်ပြည်နယ် ဟိုက်ဒီရာဘဒ် အဝေးပြေးလမ်းမပေါ်တွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။ ထိုဘတ်စ်ကားမှာ လမ်းဘေးမြောင်းတစ်ခုကို ၀င်တိုက်ပြီးနောက် ဆီတိုင်ကီကိုထိမိခဲ့ပြီး မီးလောင်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

    ယခုအချိန်အထိ သေဆုံးသူမှာ ၄၄ ဦးရှိနေပြီး ယာဉ်မောင်းအပါအ၀င် လူ ၇-ဦးမှာ ကားမှန်များကိုခွဲထွက်ကာ အပြင်သို့ ထွက်နိုင်ခဲ့သောကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း အခြား ခရီသည်သုံးဦးအခြေအနေအား မသိရ သေးကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ဝေသော ကမ္ဘာပေါ်တွင် ယာဉ်လမ်းကြောင်းမတော်တဆမှုကြောင့် သေဆုံးမှုအများဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သည်ဟုသိရသည်။

    Ref : presstv


    ________________________

  • ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန် အခက်အခဲဆုံး နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန် အခက်အခဲဆုံး နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    အောက်တိုဘာ ၃၀၊ ၂၀၁၃
    M-Media

    a1

    မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် အခက်အခဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော စာရင်းအရသိရသည်။

    Doing Business 2014 ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဘဏ်မှ ကဏ္ဍ ၁၀ ခုကိုအခြေခံကာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှုအတွက် အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဇင်ဘာဘွေ (အဆင့် ၁၇၀)၊ ဗင်နီဇွဲလား(အဆင့် ၁၈၁) ၏နောက် မြန်မာနိုင်ငံမှာ အဆင့် ၁၈၂ နေရာတွင်ရှိနေပြီး အဆင့် ၁၈၃ တွင် ကွန်ဂိုနိုင်ငံကရှိနေသည်။

    မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှရင်းနှီးမြှုပ်နှံသူများမှ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ရင်းနှီးမြှပ်နှံရေးနှင့် ပက်သက်သော ဥပေဒများအား စတင်ပြုပြင်ခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်၏ စာရင်းတွင် ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။

    Ref : mmtimes