News @ M-Media

Author: YinYin

  • နည်းပြကိုယ်တိုင်၏ ဝေဖန်မှု ခံနေရသော်လည်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သက်သေပြသွားမည့် တောရက်စ်

    နည်းပြကိုယ်တိုင်၏ ဝေဖန်မှု ခံနေရသော်လည်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သက်သေပြသွားမည့် တောရက်စ်

    ဧပြီ ၅၊ ၂၀၁၄
    M-Media

    386506_heroa

    – ချယ်ဆီးအသင်းတွင် ရုန်းကန်နေရသည့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က အသင်းရှိ တိုက်စစ်မှူးများတွင်  မော်ရင်ဟိုရွေးချယ်ရမည့် အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သက်သေပြသွားမည်ဟု ပြောဆိုလိုက်သည်။

    တောရက်စ်မှာ ၂၀၁၁ ခုနှစ်က လီဗာပူးလ်အသင်းမှာ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းများ မပြနိုင်ဘဲ ချယ်ဆီးအသင်းတွင် ရုန်းကန်နေရပြီး၊ ယခုနှစ်ဘောလုံးရာသီတွင်လည်း အသင်းအတွက် ၄ ဂိုးသာ သွင်းယူပေးထားနိုင်သည်။ နည်းပြမော်ရင်ဟိုကလည်း အသင်း၏ တိုက်စစ်အတွက် စိတ်ပျက်နေပြီး ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အပြီးတွင် တိုက်စစ်မှူးများအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    မော်ရင်ဟိုမှာ အက်သလက်တီကို အသင်း တိုက်စစ်မှူး ဒီယေဂိုကော်စတာအား လာမည့်နွေရာသီတွင်  ခေါ်ယူရန်ပစ်မှတ်ထားနေပြီး၊ တောရက်စ်ကမူ ၎င်းအနေဖြင့် မော်ရင်ဟို၏ အပြောင်းအရွှေ့အစီအစဉ်အား ပျက်သွားအောင် တွန်းအားပေးနိုင်မည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်ဟာ အသင်းတိုက်စစ်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ သူထင်လာအောင် ကြိုးစားလုပ်ဆောင်ဖို့ပါပဲ” ဟု  Independent သတင်းစာသို့ တောရက်စ်ကပြောကြားခဲ့သည်။

    ချယ်ဆီးအသင်းက ပေါင်သန်း ၅၀ ပေးကာ လီဗာပူးလ်အသင်းမှ ၂၀၁၁ ခုနှစ်တွင် ခေါ်ယူခဲ့သောကြောင့် တောရက်စ်မှာ၊  ဗြိတိန်ဘောလုံးသမိုင်းတွင် ဈေးအကြီးဆုံးကစားသမားလည်းဖြစ်သည်။ တောရက်စ်အား အသင်းဟောင်း အက်သလက်တီကို အသင်းက ယခုနှစ်နွေရာသီတွင် ပြန်လည်ခေါ်ယူရန် ရှိနေသော်လည်း မော်ရင်ဟိုကမူ တောရက်စ်မှာ စတမ်းဖို့ဘရစ်တွင်သာ ရှိနေမည်ဟု တုံ့ပြန်ထားသည်။

    Ref : Goal

  • မိမိနှင့် ဆွာရက်ဇ်တို့မှာ ပရီးမီယားလိဂ်၏ မက်ဆီများဖြစ်ကြသည်ဟု အဂူရိုပြော

    မိမိနှင့် ဆွာရက်ဇ်တို့မှာ ပရီးမီယားလိဂ်၏ မက်ဆီများဖြစ်ကြသည်ဟု အဂူရိုပြော

    ဧပြီ ၅၊ ၂၀၁၄
    M-Media

    -အာဂျင်တိုင်းဖြစ်သည့် မိမိနှင့် လိမ်ခေါက်မွှေနှောက်မှုကို နှစ်သက်ကြသည့်ဆွာရက်ဇ်တို့မှာ ပရီးမီးယားလိဂ်၏ မက်ဆီများ  ဖြစ်ကြသည်ဟု  မန်ချက်စတာစီးတီး  တိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းနှင့် လီဗာပူလ်းအသင်းတို့မှာ ပရီးမီးယားလိဂ်ဖလားအား ရယူရန် ကြိုးစားနေကြသော ပြိုင်ဘက်များဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ၂ ဦးအား လာလီဂါပြိုင်ဘက်များ ဖြစ်သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာကာတိုက်စစ်မှူး မက်ဆီတို့နှင့် နှိုင်းယှဉ်ပြောဆိုကြသော်လည်း အဂူရိုကမူ ၎င်းတို့ ၂ ဦးစလုံးမှာ မက်ဆီနှင့်သာ ပိုတူသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ၂ ဦစလုံးဟာ မက်ဆီတွေပါ။ ပြောချင်တာက ကျွန်တော်ဟာ အာဂျင်တီးနားသားဖြစ်တဲ့အတွက် သူ(မက်ဆီ) နဲ့ တူပါတယ်။ ဆွာရက်ဇ်ကတော့ တောင်အမေရိကသားဖြစ်ပြီး လိမ်ခေါက်တာကို နှစ်သက်ပါတယ်။ ဒါဆို ဘာ့ကြောင့် ကျွန်တော်တို့ နှစ်ယောက်ဟာ မက်ဆီတွေမဖြစ်ရမလဲ” ဟု FourFurTwo မဂ္ဂဇင်းသို့ အဂူရိုကပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီမှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားအောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မည်ဟုလည်း အဂူရိုက ထည့်သွင်း ပြောကြားခဲ့သည်။ အဂူရိုနှင့် ဆွာရက်ဇ်တို့မှာ မန်စီးတီးနှင့် လီဗာပူးလ်တို့အတွက် အရေးပါသော တိုက်စစ်မှူးများ ဖြစ်ကြသည်။

    Ref : Goal

  • သင်္ကြန်ကာလအတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲမည့် ကူးတို့ လျော့၍ပြေးဆွဲမည်

    သင်္ကြန်ကာလအတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲမည့် ကူးတို့ လျော့၍ပြေးဆွဲမည်

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    လမင်း

    DSC00414

    ရန်ကုန် ။       ။ သင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၃ ရက်မှ ဧပြီလ ၁၇ ရက်အတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲမည့်ကူးတို့သည် ယခင်ပြေးဆွဲသည့် ခေါက်ရေထက် ၁၀-ခေါက် လျော့၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါသည်။

    “ကျွန်တော်တို့ နှစ်တိုင်းလည်း ယခုလိုပဲလျော့ပြီးအခေါက်အရေကို ပြေးဆွဲနေကြပါ။ သင်္ကြန်အတွင်းဆိုတော့ လူတွေကလည်း သိပ်အသွားအလာ မလုပ်ကြပါဘူး။ နေ့လည်ပိုင်းတွေ ဆိုရင် သဘောင်္ပေါ်တွေမှာလူတွေတောင်သိပ်မပါပါဘူး။ အလုပ်တွေကလည်း ပိတ်ကြတော့ သွားတဲ့လာတဲ့ လူတွေလည်း သိပ်မရှိကြပါဘူး။ ဒါကြောင့် အခေါက်အရေကို လျော့ပြီးပြေးဆွဲခြင်းသာ ဖြစ်ပါတယ်”ဟု ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာ ဦးအေးမြင့်မောင်က ပြောသည်။

    ယခင်အခေါက်အရေ ၃၆ ခေါက်ပြေးဆွဲလျက်ရှိနေပြီး ယခု ၂၆ ခေါက်သာ ပြေးဆွဲမည်ဖြစ်သည်။ ကူးတို့ပြေးဆွဲသည့်အချိန်ကိုလည်း နံနက် ၆-နာရီမှ ည ၈-နာရီ နောက်ဆုံးထား၍ ပြေးဆွဲမည် ဖြစ်ကြောင်းကိုလည်း သိရသည်။ ယခုကဲ့သို့ ပြောင်းလဲပြေးဆွဲမည့်အကြောင်းကို ခရီးသည်များကိုလည်း အသိပေးထားပြီးပြီဖြစ်ကြောင်း သိရသည်။

    သင်္ကြန်ကာလအတွင်း ကူးတို့ကဲ့သို့ ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်လိုင်းအချို့နှင့် မြန်မာပြည်အနှံ့သို့ ပြေးဆွဲနေသည့် မီးရထားလိုင်းများတချို့လည်း ရပ်နားထားမည်ဖြစ်သည်။

  • DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များ အခဲ့မဲ့ ဆက်လက်ဖြန့်ဝေသွားမည်

    DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များ အခဲ့မဲ့ ဆက်လက်ဖြန့်ဝေသွားမည်

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    လမင်း

    DSC00601

    ရန်ကုန်  ။     ။     မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှ DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များအခဲ့မဲ့ဆက်လက်ဖြန့်ဝေသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဦးဝင်းကြည်က ယနေ့ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ မြို့ရွာတွေကကျောင်းတွေ၊ မိဘမဲ့ကလေးကျောင်းတွေ၊ ဂေဟာတွေ လိုအပ်နေတဲ့ နေရာတွေကို အဓိကထားပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မရောက်သေးတဲ့ မြို့တွေကိုလည်း ရောက်ရှိနိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တကယ်လိုအပ်မယ့် ဒေသတွေကို ရောက်အောင်အရင် ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    Analogue စနစ်မှ Digital စနစ်သို့ကူးပြောင်း၍ စက်ရုံများတည်ဆောက်ပြီး စစ်တွေ၊မော်လမြိုင်၊ ဘားအံ၊ မိတ္တီလာ၊ တောင်ငူ၊ တောင်ကြီး၊ ပုသိမ်၊ ကျောင်းကုန်း၊ မင်းဘူး၊ ပြည် အစရှိသည့်မြို့များတွင် စမ်းသပ်တပ်ဆင်ပြီး ထုတ်လွှင့်လျက်ရှိသည်။ ယနေ့အထိစက်ရုံပေါင်း ၁၃ ရုံကို ဒီဂျစ်တယ်စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်မှုဆောင်ရွက်ပြီးဖြစ်သည်။

    ထိုကဲ့သို့ Analogue စနစ်မှ Digital စနစ်သို့ဖြင့် စတင်ပြောင်းလဲ ထုတ်လွှင့်နေသည့် ဒေသများတွင် ကြည့်ရှုသူများမှ DVBT-2 Set Top Box များကို သုံးစွဲ၍ဖမ်းယူကြည့်ရှုရမည်ဖြစ်ရာ DVBT-2 Set Top Box များကိုနိုင်ငံတောအနေနှင့်လိုအပ်သည့်နေရာများကို အခဲ့မဲ့ဖြန့်ဖြူးသွာရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

  • မြစ်ဆုံ လမ်းလျှောက်ခြင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် သက်ဆိုင်မှု မရှိကြောင်းပြော

    မြစ်ဆုံ လမ်းလျှောက်ခြင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် သက်ဆိုင်မှု မရှိကြောင်းပြော

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း

    political

    ရန်ကုန် ။         ။    မြစ်ဆုံလမ်းလျောက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ၎င်းတို့ အဖွဲ့အနေနှင့် မည်သို့မှ သက်ဆိုင်မှု မရှိကြောင်း ကြေငြာချက်တစ်စောင်ကို မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    “ကျွန်တော်တို့အဖွဲ့ကနေ လမ်းလျှောက်ဦးဆောင်မယ့် ကျွန်တော်တို့အဖွဲ့ဝင်ဖြစ်သူ ကိုရဲထွဋ်ခေါင်ကို အကြိမ်ကြိမ်တားပါတယ်။ အခုလည်း ကျွန်တော် တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က ဦးဆောင်လုပ်တယ်ဆိုပြီး လမ်းမှာအဆင်မပြေမှုတွေဖြစ်ကြတော့ ကျွန်တော်တို့ကို ဖုန်းဆက် အကြောင်းကြားကြတယ်။ မြစ်ဆုံဟာ ကျွန်တော်တို့တွေရဲ့ အသည်းနှလုံးပါ။ ဒါပေမဲ့ အခုချိန်မှာ မြန်မာတစ်ပြည်လုံးကလူတွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဆန္ဒတွေဖော်ထုတ်နေချိန်မှာ ကိုရဲထွဋ်ခေါင်က ဒီလိုလုပ်နေတာဟာ နိုင်ငံရေး လှည့်ကွက်ဖြစ်ပြီး အာရုံပြောင်းနေတာ ဖြစ်တယ်လို့ ကျွန်တော်တို့ အဖွဲ့ကသုံးသပ်မိတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ကိုညိုထွန်းကပြောကြားခဲ့သည်။

    ၎င်းတို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်အနေနှင့် ကိုရဲထွဋ်ခေါင်အား ၎င်းတို့အဖွဲ့မှထုတ်ပယ်ရန် တိုင်ပင်နေကြပြီး မကြာခင် ထုတ်ပြန်ချက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဧရာဝတီ မြစ်ဆုံစီမံကိန်းကိုအပြီးတိုင်ဖြတ်သိမ်းပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက်ကြွ လှုပ်ရှားသူတစ်စုက မတ်လ၂၃ ရက် နံနက် ၆ နာရီမှ စတင်ကာ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှ စတင် ထွက်ခွာ လာခဲ့ကြရာ ယနေ့ဧပြီလ ၄ ရက်နေ့တွင် မကွေးတိုင်းဒသကြီး ဧကရာဇ်ပန်း ရွာ သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်း တစ်လျောက်တွင် မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ၂၀၁၁ စက်တင်ဘာလက အမိန့်ထုတ်ပြန်ခဲ့သော်လည်း ယခုမြစ်ဆုံဆောက်လုပ်ရေး စီမံကိန်းတွေ ပြန်စတင်မည့်ဆိုသည့် သတင်းများကြောင့် ဆန့်ကျင်မှုတွေ၊ ကန့်ကွက်မှုတွေ ပြန်လည် စတင်လာရခြင်း ဖြစ်သည်။