News @ M-Media

Author: YinYin

  • ချယ်ဆီးကွင်းလယ်လူ မာတာ မန်ယူသို့ပြောင်းရွှေ့တော့မည်

    ချယ်ဆီးကွင်းလယ်လူ မာတာ မန်ယူသို့ပြောင်းရွှေ့တော့မည်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – ချယ်ဆီးကွင်းလယ်လူ ဂျူအန်မာတာမှာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သိရသည်။

    ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းဖြင့် ယခုသီတင်းပါတ် အကုန်တွင် စာချုပ်ချုပ်ရန်ရှိနေပြီး မာတာကလည်း မန်ယူအသင်းနှင့် ဆေးစစ်မှုများ ပြုလုပ်တော့မည်ဟု ၀န်ခံခဲ့သည်။ ယခုနှစ်ကုန်လျှင် တိုက်စစ်မှူး ရူနီအား လက်လွှတ်ရဖွယ် ရှိနေသည့် မန်ယူအသင်းမှာ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကတည်းက မာတာအား ခေါ်ယူရန် ဆန္ဒရှိနေခဲ့သော်လည်း ယခုမှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    မာတာမှာ ပြီးခဲ့သည့် ဘောလုံးရာသီက ချယ်ဆီးအသင်းတွင် ခြေစွမ်းကောင်းများကို ပြသခဲ့ပြီ့း အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ် ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း အသင်းသို့ မော်ရင်ဟို ရောက်ရှိလာပြီးနောက် အသင်းတွင်ပုံမှန်နေရာမရရှိတော့ဘဲ ယခုကဲ့သို့ အသင်းမှ ထွက်ခွာရသည်အထိ ဖြစ်လာခဲ့သည်။

    Ref : Daily

  • အိန္ဒိယ၀န်ကြီးတစ်ဦး၏ ဇနီး ဆေးအဆိပ်သင့်မှုကြောင့် သေဆုံး

    အိန္ဒိယ၀န်ကြီးတစ်ဦး၏ ဇနီး ဆေးအဆိပ်သင့်မှုကြောင့် သေဆုံး

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – အိန္ဒိယနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး ၀န်ကြီး Shashi Tharoor ၏ ဇနီးဖြစ်သူမှာ ဆေးဝါးနှင့် ပက်သက်သည့် အဆိပ်သင့် မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

    Sunanda Pushkar အမည်ရသည့် အသက် ၅၂ နှစ်အရွယ် အဆိုပါ အမျိုးသမီးမှာ မြို့တော် နယူးဒေလီရှိ ကြယ်ငါးပွင့် ဟိုတယ်၏ အခန်း တစ်ခန်းမှ ကုတင်ပေါ်တွင် သောကြာနေ့က အိပ်လျက် သေဆုံးနေကြောင်း တွေ့ရှိရခြင်း ဖြစ်ပြီး အလောင်းအား စစ်ဆေးမှုများ အရ ၎င်း၏ လက်နှစ်ဘက်တွင် ဒဏ်ရာ အနည်းငယ်နှင့် ဘယ်ဘက် ပါးတွင် အတွင်းကြေဒဏ်ရာအသေးစားတစ်ခု တွေ့ရှိခဲ့ရသည်။

    သို့သော်လည်း Sunanda Pushkar မှာ ထိုဒဏ်ရာ များကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ၊ ဆေးအဆိပ်သင့် မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု အလောင်းအား ခွဲစိတ်စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည့် ဆရာဝန်များက ပြောကြားခဲ့သည်။

    Pushkar သေဆုံးခြင်းနှင့် ပက်သက်၍ သတင်း မီဒီယာများတွင် ကောလဟာလများ ပျံ့နှံ့နေပြီး၊ အလောင်းအား စစ်ဆေးချက် ယမန်နေ့က ထွက်ပေါ် လာပြီးနောက် သေဆုံးမှုမှာ အသတ်ခံရခြင်း သို့မဟုတ် မိမိကိုယ်မိမိ သတ်သေခြင်း ဟုတ်မဟုတ်ကို စစ်ဆေးရန် တရားရုံးက ရဲတပ်ဖွဲ့အား အမိန့် ပေးခဲ့သည်။

    Ref : Xinhua

  • ဘန်ကောက်တွင် အရေးပေါ်အခြေအနေကြေညာ

    ဘန်ကောက်တွင် အရေးပေါ်အခြေအနေကြေညာ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – မြို့တော်ဘန်ကောက်နှင့် အနီးတစ်ဝိုက်ဧရိယာများအတွင်း ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာအား ဖြုတ်ချရန် ရည်ရွယ်သော ဆန္ဒပြမှု များကို ထိန်းချုပ်နိုင်ရန် အတွက် ဘန်ကောက်မြို့အား ထိုင်းအစိုးရက အရေးပေါ် အခြေအနေကြေညာခဲ့သည်ဟု သိရသည်။

    အရေးပေါ်အခြေအနေကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် စတင် သက်ရောက်ခြင်း ဖြစ်ကာ ရက်ပေါင်း ၆၀ ကြာမြင့်မည်ဟု ထိုင်းအလုပ်သမား ၀န်ကြီး Chalerm Yubumrung က ပြောကြားခဲ့သည်။

    “ဆန္ဒပြသူတွေက အစိုးရအဆောက်အအုံတွေ၊ ဘဏ်တွေကို ပိတ်ဆို့ထားပြီး ဆန္ဒပြမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ကာ ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေ ရှိလာခဲ့တာကြောင့် ဒီလိုအရေးပေါ် အခြေအနေ ကြေညာဖို့ လိုအပ်ခဲ့တာပါ” ဟု Yubumrung က ဆိုသည်။

    ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ညမထွက်ရ အမိန့်ထုတ်ခွင့်၊ သံသယ ရှိသူများအား ပုဒ်မ မတပ်ဘဲ ထိန်းသိမ်းထားနိုင်ခွင့်၊ မီဒီယာများအား ဆင်ဆာဖြတ်ခွင့်၊ လူငါးဦးထက် ပိုမစုရန် တားမြစ်ခွင့်နှင့် နယ်နမိတ် အချို့အား ကန့်သန့်ခြင်း တို့ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။

    လက်ရှိ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်းလပ်ကမူ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းသွားမည် မဟုတ်ကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့်အညီ အတိုက်အခံများနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံအတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ သုံးလနီးပါးသို့ ရောက်ရှိလာခဲ့ပြီး ယခင် ပါလီမန်အား ဖျက်သိမ်းခဲ့ကာ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ယင်းလပ်က ကတိပေးခဲ့သော်လည်း ဆန္ဒပြသူများ အနေဖြင့် ကျေနပ်မှုမရှိဘဲ ဆက်လက် ဆန္ဒပြနေကြသည်။

    Ref : Aljazeera

  • ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်သင့်ကြောင်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ပြောကြား

    ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်သင့်ကြောင်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ပြောကြား

    ဇန်န၀ါရီ ၂၁၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန်    ။     ။     ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ)က ဦးစီးပြီး ဒီမိုကရေစီ ပညာရေး ဟောပြောဆွေးနွေးပွဲ တစ်ခုကို ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး) ၌ ယနေ့ ဒီဇင်ဘာ ၂၁-ရက်နေ့ နေ့လည် တွင် ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း (လက်ထောက် ကထိက) မှ ဟောပြောဆွေးနွေးခဲ့ရာ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

    “ပညာဆိုတာ နေရာတိုင်းမှာ လိုအပ်နေတာပါ၊ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်ရမယ်၊ ကျောင်းသားတွေကို စာသင်ကြားနေတဲ့ ဆရာ/ဆရာမတွေ ဟာလည်း ကျောင်းသူ ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးရမယ်၊ ဆရာတွေ ပြောတာကိုပဲ ကျောင်းသား နားထောင်နေတာမျိုး မဖြစ်စေရဘူး၊ ကျောင်းသူ ကျောင်းသားတွေကို ပညာသင်ခွင့် ရွေးချယ်တဲ့အခါမှာလည်း ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရသင့်တယ်၊ ကျောင်းသားတွေ အားလုံးလည်း တန်းတူ အခွင့်အရေး ရသင့်ပါတယ်” ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်း မှ ပြောကြားခဲ့ပါသည်။

    ထို့နောက် ၎င်းမှ ဆက်လက်ပြီး ကျောင်းသူ ကျောင်းသားများကို တစ်ဦးနှင့် တစ်ဦး စေ့စပ် ဆွေးနွေးခြင်းသည် ဒီမိုကရေစီ၏ စံနှုန်းဖြစ်ကြောင်း၊ ပညာရေးမှာ နောက်ကျနေတယ် ဆိုတာ မရှိသင့်ကြောင်း၊ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အရာရာကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများသည် ဘာသာရပ်များကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိပြီး အသင်းဖွဲ့စည်းများ ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရမည် ဖြစ်ကြောင်း၊ ကျူရှင် ဆိုသည်မှာလည်း ကျောင်းသူ ကျောင်းသားများကို အမြတ်ထုတ်သည့် ကျူရှင်မျိုး မဖြစ်သင့်ကြောင်း၊ ကျောင်းသူ ကျောင်းသားများ ယခုလက်ရှိ အနာဂတ်တွင် ဖြစ်ပေါ် ကြုံတွေ့နေရသည့် ကိစ္စအ၀၀ တို့ကို အလေးပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

    “ယခုလို ဟောပြောပွဲကို လာရောက်တဲ့ ကျောင်းသားတွေရဲ့ ရင်ထဲမှာလည်း အရာတစ်ခုကို စွဲထင် ကျန်သွားမယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။ သူတို့တွေ မသိသေးတာတွေလဲ သိရှိသွားတယ်။ သိနေတာတွေကိုလည်း ဒီမှာ ဖလှယ်လို့ ရနိုင်ခဲ့တယ်။ နောက်ကိုလည်း ဒီပွဲမျိုးတွေကို မကြာခဏ လုပ်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ကျောင်းသားသမဂ္ဂ (တ.က.သ) မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကိုစည်သူမောင်မှလည်း ပြောကြားခဲ့ပါသည်။

  • လူငယ်များဘက်စုံ တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်မည့် ကချင်ပြည်နယ် လူငယ်ကွန်ရက်

    လူငယ်များဘက်စုံ တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်မည့် ကချင်ပြည်နယ် လူငယ်ကွန်ရက်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၄
    M-Media
    K K

    myit-sone-view-1-b305
    ကချင်ပြည်နယ် မြစ်ဆုံမြင်ကွင်း (ဓါတ်ပုံ – အင်တာနက်)

    ကချင် ။     ။         ကချင်ပြည်နယ်အတွင်းနေထိုင်သော ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ လူငယ် ပါဝင်သော လူငယ် ကွန်ရက် တစ်ခုကို ကချင်ပြည်နယ်ရှိ ဘာသာပေါင်းစုံ အဖွဲ့အစည်း (၁၃)ခုက  ဇန်န၀ါရီလ ၁၇-၁၈ ရက်နေ့များက အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

    အဆိုပါ လူငယ်ကွန်ရက်တွင် ကချင်ပြည်နယ်ရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများမှ လူငယ်များ ပါဝင် ကြပြီး ကချင်ပြည်နယ် ဒေသတွင်း သာမက နိုင်ငံနှင့် လူငယ်များ ဘက်စုံ တိုးတက်ရေး အတွက်လည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ကချင်ပြည်နယ် လူငယ်ကွန်ရက်၏ ပထမဆုံး စတင်မည့် လှုပ်ရှားမှုအနေဖြင့် ရှေ့လာမည့် အပတ်တွင် မြစ်ဆုံ စီမံကိန်း လှုပ်ရှားမှု တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး၊ စစ်ဒဏ် ခံစားရသည့် အရေးကိစ္စနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်နိုင်နေရေး အတွက် လူငယ် ညီလာခံ တစ်ရပ်ကိုလည်း ဖေဖော်ဝါရီလတွင် ပြုလုပ်မည်ဟု သိရသည်။